သံဆူးကြိုးများနောက်က နိုင်ငံရေးအကျဉ်းသူတစ်ဦးပုံကို ရေးဆွဲထားသည့် ခဲခြစ်ပန်းချီ

အကျဉ်းထောင်တွေထဲက အမျိုးသမီးဖြစ်တည်မှု

ခင်ဘုန်းမို့

မြန်မာပြည်က အကျဉ်းထောင်ထဲမှာ အတွင်းခံတထည်ပြဲသွားရင် အသစ်တထည်ရဖို့ မလွယ်ပါဘူး။

လုံလောက်တဲ့ရေမရှိတဲ့အတွက် အကျဉ်းသူတွေဟာ အမျိုးသမီးဖြစ်တည်မှုသဘာဝအရ ရာသီလာချိန် မှာ သန့်ရှင်းရေးလုပ်ဖို့ခက်သလို လစဉ်သုံးပစ္စည်း မလုံလောက်တဲ့အခါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်း ကြရပါတယ်။

“အတွင်းခံပြဲပြီဆို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖာပြီးသုံးခဲ့ရတယ်” လို့ ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်မှာ ၁နှစ်ကျော် အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသူဟောင်း မဆူးငယ်က ပြောပါတယ်။

မြန်မာပြည်တဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ အမျိုးသမီးတွေဟာ ရေမလုံ လောက်တာ၊  သန့်ရှင်းမှုမရှိတာ၊ လစဉ်သုံးပစ္စည်းနဲ့ အတွင်းခံမလုံလောက်တာ၊ နေရာထိုင်ခင်း မသန့်ရှင်းတာ၊ အချိန်မီဆေးဝါးကုသမှု မရရှိတာစတဲ့ ထောင်စနစ်မကောင်းမှုတွေကြောင့် အကျဉ်းထောင်ထဲရောက်တဲ့ အခါမှာသာမက လွတ်မြောက်သွားပြီးနောက်ပိုင်းကာလတွေမှာပါ  မျိုးဆက်ပွားကျန်းမာရေးနဲ့ဆိုင်တဲ့ ရောဂါဘယတွေကို ဆက်လက်ရင်ဆိုင်နေကြရပါတယ်။

အဖြူဆင်းတာ၊ ရာသီသွေးဆင်းများတာ၊ ရာသီမမှန်တာ၊ ရာသီထိန်တာ၊ မိန်းမကိုယ်တဝိုက်မှာ ယားနာတွေပေါက်တာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ သားအိမ်ရောဂါ စတဲ့ဝေဒနာတွေကို ထောင်ကျနေစဉ်သာမက တချို့အမျိုးသမီးတွေဟာ လွတ်မြောက်ပြီး အပြင်လောကကို ပြန်လည်ရောက်ရှိပြီး နောက်ပိုင်းနှစ် တွေမှာပါ ကာလတာရှည် ခံစားကြရတယ်လို့ နိုင်ငံရေးအကျဉ်းသူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့  လေ့လာစောင့်ကြည့်မှုတွေ အရလည်း ထောင်ထဲမှာ  အာဟာရပြည့်ဝတဲ့အစားအသောက်တွေ မစားရတာတွေကြောင့် ဒီလို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဆက်တိုက်ခံစားနေကြရတာဖြစ်ပြီး  အချို့နိုင်ငံရေး အကျဉ်းသူတွေဟာ ထောင်ကလွတ်မြောက်ပြီး အပြင်ရောက်တဲ့အခါ ကျန်းမာရေးစစ်ဆေးမှုခံယူရကာ အမျိုးသမီးရောဂါတွေကြောင့် ခွဲစိတ်ကုသကြရတာတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုကြုံတွေ့ခဲ့ကြရသူတွေထဲမှာ ပြည်အကျဉ်းထောင်မှာ နေခဲ့ရတဲ့  မဆူးငယ်၊ လွိုင်ကော် အကျဉ်း ထောင်ထဲမှာ နေထိုင်ခဲ့ရတဲ့ မနန်းဆုနဲ့ မအူပင်အကျဉ်းထောင်မှာ နေခဲ့ရတဲ့ ဒေါ်ယုမိစံတို့လည်း ပါဝင်ကြ ပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာပါဝင်လို့ စစ်တပ်က ဖမ်းဆီးခဲ့တဲ့ အသက် ၂၂နှစ် အရွယ် မဆူးငယ်ဟာ ဓမ္မတာဖြစ်ပြီး ရေချိုးခွင့်၊ ခြေလက် ဆေးခွင့်တောင် မရှိတဲ့အပြင် လစဉ်သုံး ပစ္စည်းလည်းမရှိဘဲ စစ်ကြောရေးကာလကို ဖြတ်သန်းခဲ့ရတယ် လို့ သူ့အတွေ့အကြုံကို ပြောပြပါ တယ်။ 

ဖမ်းဆီးမခံရခင်တုန်းက လစဉ် ဓမ္မတာလာရင် နာကျင်ခြင်းမရှိပဲ ပေါ့ပေါ့ပါးပါးနဲ့ဖြတ်သန်းခဲ့ရသူ မဆူးငယ်ဟာ စစ်ကြောရေးကာလကနေ အကျဉ်းထောင်ထဲရောက်ပြီး ၁လကြာတဲ့အထိ ရာသီ သွေးဆင်း မရပ်တဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ရေချိုးတာရော၊ အဝတ်လျှော်တာရောကို ထောင်အာဏာပိုင်တွေရဲ့ ခွက်အရေအတွက် သတ်မှတ်ချက် အတိုင်း  အသုံးပြုကြရတာ ဖြစ်တယ်လို့ HI – Honest Information က ဆက်သွယ်မေးမြန်းခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူတွေရဲ့ ပြောပြချက်အရသိရပါတယ်။

လွိုင်ကော်အကျဉ်းထောင်မှာ ၂ နှစ်နဲ့ ၅လကျော် နေထိုင်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် မနန်းဆုက အုတ်ရေကန် ၁ကန်ကို အကျဉ်းသူအမျိုးသမီး ၅၀၊ ၆၀ ဝန်းကျင်အပါအဝင် ထောင်ဝန်ထမ်းတွေကပါ အသုံးပြုကြတာဖြစ်ပြီး ရေချိုးတဲ့အခါမှာလည်း တရက်ကို ရေဖလားခွက် ၅ခွက်နဲ့ ၁ရက်ခြား တကြိမ်သာ သုံးခွင့်ပြုတယ်လို့  ပြောပြပါတယ်။

ပြည်အကျဉ်းထောင်မှာ ၁နှစ်ကျော်နေခဲ့ရတဲ့  မဆူးငယ်ကလည်း  “တယောက် ကို ရေ ၁၀ ခွက်ပဲချိုးခဲ့ရတယ်”လို့ ပြောပါတယ်။

အကျဉ်းထောင်မှာ လစဉ်သုံးပစ္စည်းကို တလတခါဝေတာမျိုးရှိပြီး အိမ်ကပို့တဲ့အခါမှာလည်း တလ ၁ထုပ်သာ ပို့ခွင့်ရှိပါတယ်။  ဓမ္မတာလာတဲ့ရက် ပုံမှန်ထက်များတဲ့ အမျိုးသမီးတွေအဖို့ လစဉ်သုံးပစ္စည်း ၁ ထုပ်နဲ့က ဘယ်လိုမှမလောက်ငှပါဘူး။

တချို့လတွေမှာလည်း ထောင်ကဝေတဲ့  စာရင်းထဲမပါရင် ဝေစုမရလို့  အိမ်ကမှာကြရပေမယ့် ပါကင် ထုတ်တွေကို ထောင်အာဏာပိုင်တွေအဆင့်ဆင့် ဖောက်စစ်ခံရတဲ့အတွက် လက်ထဲရောက်တဲ့ အချိန်မှာ သန့်ရှင်းမှု မရှိတော့ပါဘူး။ အဲ့ဒါတွေကိုသိမ်းထားဖို့ကလည်း ဗီဒီုအသေးလေးတွေကို ၃ဦးလောက် မျှသုံးရတာဖြစ်တဲ့ အတွက် သိမ်းဆည်းထားဖို့ကလည်း အခက်အခဲရှိတယ်လို့ နိုင်ငံရေး အကျဉ်းသူ တွေက ပြောပါတယ်။

၁ ထုပ်နဲ့မလောက်တဲ့သူတွေက ထောင်ဝန်ထမ်းတွေဆီက ပြန်ဝယ်သုံးရတာ၊ ပိုနေတဲ့သူတွေဆီက တောင်းသုံးရတာမျိုးတွေ ရှိပါတယ်။

“ကျမက ရာသီလာရင် လစဉ်သုံးက ၃ထုတ်လောက် ကုန်တဲ့သူဆိုတော့ ပိုဆိုးတာပေါ့”လို့ မဆူးငယ်က ပြောပါတယ်။

အရေးပေါ်လိုလို့ ဒီနေ့လောက်အပြင်ကို စာနဲ့ ဆက်သွယ်မယ်ဆိုရင် စာကနောက် ၁ပတ်၊ ၂ပတ်လောက် နေမှ ရောက်တာမျိုးတွေရှိတဲ့အတွက် အဆင်မပြေမှုတွေကြုံရတယ်လို့ မနန်းဆုက ဆိုပါတယ်။

တချို့ အကျဉ်းထောင်ထဲတွေမှာက အဝတ်အစားနဲ့အတွင်းခံကို ၃စုံထက်ပိုထားခွင့်မရှိပါဘူး။ ၆လ ၁ကြိမ် စစ်တဲ့ အခါ အဝတ်အစားတွေ ၅စုံ၊ ၆ စုံရှိပြီဆိုတာနဲ့ အိမ်ပြန်ပို့ရတာမျိုးတွေ ရှိပါတယ်။ အတွင်းခံဆိုလည်း ၃၊ ၄ ထည်သာ လှည့်ပတ်ပြီး ဝတ်ဆင်ကြရသလို၊  အတွင်းခံအပါအဝင် အဝတ်အစားတွေကို ရေမလုံလောက်တဲ့အတွက် ပုံမှန်မလျှော်နိုင်ဘဲ ပုံထားကြရတာ၊ လှန်းဖို့အတွက်  နေရာအလုံအလောက် မရှိတဲ့အတွက် မြေကြီးမှာ ချလှန်းရတာ၊ မခြောက်တဲ့ စိုထိုင်းထိုင်း အတွင်းခံ တွေကို ပြန်ဝတ်ရတာ၊ တထည်ကို  ၂ ရက်လောက်ဝတ်ရတာ၊ လျှော်ခွင့်ရတဲ့ အခါမှာလည်း ရေပေါပေါ မသုံးရတဲ့ အခြေအနေတွေရှိတယ်လို့ နိုင်ကျဉ်းအမျိုးသမီးတွေဆီက သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်ကတည်းက အကျဉ်းဦးစီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်တွေမှာ တာဝန်ယူခဲ့ဖူးတဲ့ အသက် ၈၈ နှစ်အရွယ် အငြိမ်းစားထောင်ပိုင်တဦးက အမျိုးသမီးလစဉ်သုံးပစ္စည်းတွေနဲ့ပတ်သက်ပြီး “ဘတ်ဂျက်အရတော့ ထောင်ဘက်က ပေးတာမရှိဘဲ ထောင်ဝင်စာကပါလာတာ၊ ထောင်ဈေးတန်းက ဝယ်သုံးတာ၊ မိသားစုမရှိတဲ့သူကတော့ အချင်းချင်း တောင်းသုံးကြတယ်”လို့ သူတာဝန်ယူစဉ်တုန်းက အခြေအနေတွေကို HI – Honest Information ကို ပြောပြပါတယ်။

ဒါ့အပြင်  အကျဉ်းထောင်ထဲမှာ အမျိုးသမီးကျန်းမာရေး၊ တကိုယ်ရေသန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ အသိပညာပေး အစီအစဉ်တွေကို ထောင်ရဲ့ ပုံမှန်အစီအစဉ်အနေနဲ့ သင်တန်းမျိုးမရှိပေမဲ့ ပြင်ပ အဖွဲ့အစည်းတွေ၊ ကျန်းမာရေးဌာနတွေနဲ့ ပူးပေါင်းပြီး HIV/AIDS၊ တီဘီရောဂါ ကာကွယ်ရေးနဲ့ တကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွေကိုတော့ ရံဖန်ရံခါ ကျင်းပပေးလေ့ ရှိတယ်လို့  သူ့အတွေ့အကြုံကို ဆက်လက် ပြောပြပါတယ်။

အကျဉ်းထောင်ထဲက  ဆေးကုသမှုပုံစံအရ  ဆရာဝန်တဦးထဲကသာ အကျဉ်းသား အားလုံးကို ကြည့်ရှု ပေးရတာမျိုးဖြစ်ပြီး များသောအားဖြင့် ဆရာဝန်နဲ့တိုက်ရိုက်ပြသခွင့်မရှိဘဲ  သူနာပြု၊ ဆေးမှူးနဲ့သာ ပြသခွင့်ရကြပါတယ်။  ဆရာဝန်နဲ့ပြသချင်တဲ့အခါ အဆင့်ဆင့် တောင်းဆိုရပါတယ်။ ပထမဆုံး အခန်းကတန်းစီး၊ တန်းစီးကနေ တာဝန်ကျထောင်ဝန်ထမ်း၊ ထောင်ဝန်ထမ်းကနေ အမျိုးသမီး အဆောင်မှူးကို တင်ပြရပြီး အဲ့ကနေမှတဆင့် ဆရာဝန်ဆီကို ရောက်တာဖြစ်ပါတယ်။

“လတိုင်း ဟော်မုန်းမညီမျှမှုကြောင့်ကိုက်ခဲလို့  အမျိုးသမီးနဲ့ပတ်သက်တဲ့ အားဆေးတွေမှာတယ် ဆိုလည်း အဆင့်ဆင့်အစစ်ခံရပြီး ထောင်ဆရာဝန်ဆီရောက်သွားတဲ့အခါ၊ ဆရာဝန်က ဒါတွေ မလိုအပ်ဘူး၊ သောက်စရာမလိုဘူးဆိုပြီး မပေးတာတွေလည်းရှိတယ်”လို့ မနန်းဆုက ပြောပါတယ်။

မိန်းမကိုယ်တဝိုက်မှာ ယားနာဖြစ်လို့ ထောင်ဆေးခန်းသွားပြခဲ့တဲ့ မဆူးငယ်ကိုလည်း ထောင်ဆေးခန်း က Paracetamol (ပါရာစီတမော) နဲ့ Amoxicillin (အမောက်စလင်) လိုမျိုးပိုးသတ်ဆေးပေးပါတယ်။ မဆူးငယ်ဟာ အစာအိမ်မကောင်းတဲ့သူဖြစ်တဲ့အတွက် အရမ်းထောင်ဆေးခန်းက ဆေးတွေကြောင့်  မောဟိုက်လာပြီး ၄၊ ၅ ရက်လောက်နေမကောင်းဖြစ်ခဲ့တယ်လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။

ထောင်ထဲမှာ ခေါင်းကိုက်တာ၊ ဝမ်းလျောတာ၊ ကျီးပေါင်းတက်တာ၊ သွေးတိုးတာ၊ ယားနာ စတဲ့ ဘာရောဂါဖြစ်ဖြစ် Paracetamol (ပါရာစီတမော) တမျိုးထဲကိုသာပေးတာဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ တခြားဆေးလိုရင်ချင် အိမ်ကမှာတာ၊ ဝယ်သောက် ရတာမျိုးနဲ့ပဲ အသုံးပြုကြရပါတယ်။

မအူပင်အကျဉ်းထောင်မှာ နေခဲ့ရတဲ့ ဒေါ်ယုမိစံက “ကိုယ့်ပိုက်ဆံနဲ့ဝယ်လိမ်းတာ ဝယ်သောက်တာ တောင်မှပဲ သူတို့အဆင်ပြေတဲ့အချိန်ပဲ ဝယ်လာပေးတယ်၊ ကျန်တဲ့အချိန် မဝယ်လာပေးဘူး၊ ကြားထဲမှာ ဆေးပြတ်တာတွေ ဖြစ်တာပေါ့၊ အမျိုးသမီး ရောဂါနဲ့ ပတ်သက်တဲ့ သီးသန့်ဆေးဆိုတာ ထောင်ထဲမှာ မကြားဖူးဘူး”လို့ ပြောပါတယ်။

ယားနာအတွက်လည်း ထောင်ဘက်က ဆေးတဗူးကို လူ ၅ယောက်လူး ဆိုပြီးပေးတော့  ဒီဆေးတဗူးထဲ ကဆေးနဲ့ ယားနာတွေကိုလူးလိုက်၊ ဒီလက်တွေနဲ့ ဆေးဗူးနှိုက်လိုက်ဆိုတော့ ပိုတောင် ဆိုးလာတယ်လို့ သူကဆိုပါတယ်။

ဒေါ်ယုမိစံဟာ အပြင်မှာထဲက သားအိမ်အောက်ကျတာ ကြုံခဲ့ရဖူးပြီး ဓမ္မတာလာတဲ့ရက်ဆိုလည်း သွေးဆင်းပမာဏများတဲ့အတွက် ၃ရက်လောက်အိပ်ရာထဲက မထနိုင်တာမျိုးအထိ ကြုံခဲ့ဖူးသူဖြစ်ပါ တယ်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးတာ ၅နှစ်ပြည့်ရင်ပြန်ပြရမှာဖြစ်ပေမယ့် ထောင်ထဲမှာ နှစ်ပြည့်သွားပေမယ့် ပြန်ပြခွင့် မရခဲ့ပါဘူး။  သားအိမ်အောင့်လို့ ဆေးကုချင်ပေမယ့် အမျိုးသမီး ဆရာဝန် မရှိတဲ့အတွက် အဆင်မပြေတာ၊ အောင့်တယ်ပြောတိုင်းပဲ ပါရာစီတမော့ပဲတိုက်တဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ဆိုပါတယ်။

ထောင်ပိုင်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေလာရင် ကျန်းမာရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသူတွေက တောင်းဆို တင်ပြတဲ့အခါ လုပ်ပေးမယ်လို့ပြောပေမယ့် ထောင်ပိုင်တွေက သူတို့အောက်က ဝန်ထမ်းတွေကို ဆူတဲ့အတွက်  ဆင့်ဆင့်နဲ့  နောက်ဆုံး အကျဉ်းသူတွေကို ပြန်ပြီးဆူဆဲတာမျိုးတွေ ကြုံကြရပါတယ်။  နောက်ပိုင်းမှာတော့ တော်ရုံဘယ်သူကမှ လိုအပ်ချက်တွေကို မတင်ပြရဲကြတော့ ပါဘူး။

အသက် ၈၈ နှစ်အရွယ် အငြိမ်းစားထောင်ပိုင်ရဲ့ အတွေ့အကြုံအရ  အကျဉ်းသားဆိုရင် သာမန်နဲ့ နိုင်ငံရေး အကျဉ်းသားကတော့ ခံစားခွင့်မတူဘဲ ရိုးရိုးအကျဉ်းသားတွေကတော့ အထူးကုပြဖို့ တကယ်လိုအပ်ရင် ထောင်ဆရာဝန်ရဲ့ ထောက်ခံချက်နဲ့ ပြင်ပဆေးရုံတွေကို လွှဲပေးတာ ဒါမှမဟုတ် လိုအပ်ရင် အထူးကု ဆရာဝန်ကို ခေါ်ပြတာမျိုးတွေလုပ်ပေးပြီး နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကတော့ ဘာခံစားခွင့်မှ မရကြဘူးလို့ သိရပါတယ်။

သူက ဆက်လက်ပြီး “အမှန်အတိုင်းပြောရရင် ထောင်အများစုမှာ ထောင်တာဝန်ကျ ဆရာဝန်ပဲ ပုံမှန်ရှိတာပါ၊ သားဖွား မီးယပ်အထူးကု ဆိုတာမျိုး၊ အမျိုးသမီးဆရာဝန် သီးသန့် အချိန်မှန် လာပြပေးတဲ့စနစ်ဆိုတာတွေက မရှိဘူး၊ ထောင်ရဲ့ ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုထဲမှာ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ တွေအတွက် စစ်ဆေးပေးတာမျိုး မရှိပါဘူး၊ ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့၊ ပြင်ပ NGO အဖွဲ့အစည်းတို့က အထူးစီမံချက်နဲ့ ထောင်ထဲအထိ ကွင်းဆင်းစစ်ဆေးပေးတာ ရှိရင်တော့ အကျဉ်းသူတွေ စစ်ဆေးခွင့် ရကြတယ်”လို့ ပြောပြပါတယ်။

အကျဉ်းထောင်ထဲမှာ အမျိုးသမီးဖြစ်နေတဲ့အတွက် ရာသီသွေးဆင်းခြင်းလို သဘာဝကျန်းမာရေး လိုအပ်ချက်တွေကိုတောင် “အပိုတောင်းဆိုမှု” တခုလို ခံစားရစေပြီး၊ ကိုယ်ခန္ဓာနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ထုတ်ဖော်ပြောဆိုရာမှာလည်း အရှက်ခွဲခံရခြင်း၊ စွပ်စွဲခံရခြင်းတွေကြောင့် ကုသမှုရရှိဖို့ ပိုမိုခက်ခဲစေခဲ့တာကို တွေ့ရပါတယ်။

ရာသီလာလို့ နာကျင် ကိုက်ခဲတဲ့အခါ ရေနွေးအိတ်လေးကပ်ချင်တာမျိုးဆိုလည်း ရေနွေးဆောင်ထားခွင့် မရှိဘူးလို့ မနန်းဆုကပြောပြပါတယ်။

မိန်းမတိုင်းရာသီလာဖူးတာပဲ၊ နင်တို့ကျမှ ရေးကြီးခွင်ကျယ်၊ ဘာကောင်မ ဘာကောင်မ အဲ့လို ထပ်နေအောင်ဆဲတယ်”လို့ မနန်းဆုကပြောပါတယ်။ (ရင့်သီးဆဲဆိုတဲ့အသုံးအနှုန်းကို သင့်လျော်အောင် သုံးနှုန်း ထားခြင်းဖြစ်သည်)

အဖြူတွေအလွန်အကျွံဆင်းတာ၊ ယားနာတွေဖြစ်လို့ ထောင်ဝန်ထမ်းအမျိုးသမီးတွေကို ပွင့်ပွင့်လင်းလင်း သွားတိုင်ပင်တဲ့အခါ  ဒီအမျိုးသမီးက အပြင်မှာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ မကောင်းတဲ့အလုပ်တခုခု လုပ်ခဲ့တဲ့ပုံစံမျိုး စွပ်စွဲတာတွေရှိခဲ့တယ်လို့မနန်းဆုကပြောပြပါတယ်။

အမျိုးသမီးတွေဟာ ထောင်ထဲကအလုပ်ကြမ်းတွေဖြစ်တဲ့ ကြမ်းတိုက်ရတာ၊ ထောင်တွေမှာ ခိုတွေ ရှိတဲ့အခါ ခိုချေးတွေသိမ်းရတာ၊ အဆောင်တွေမှာသန့်ရှင်းရတာ၊ မြောင်းတိုက်ရတာ၊ အိမ်သာ သန့်ရှင်းရေးတွေကို ပြုလုပ်ကြရပါတယ်။

ဓမ္မတာလာလို့ ကိုက်ခဲပြီးနေမကောင်းဖြစ်တဲ့အခါ ထောင်ထဲမှာလုပ်ရတဲ့ အဲဒီအလုပ်တွေကို  မလုပ်နိုင် လို့ လှဲနေခွင့်တောင်းရင်လည်း ခွင့်မပြုတာမျိုးတွေရှိတယ်လို့ နိုင်ကျဉ်းသူတွေက ပြောပြပါတယ်။

ပိုက်ဆံရှိတဲ့သူဆိုရင်တော့ လူစားထိုးပိုက်ဆံနဲ့ငှားပြီး တခြားအကျဉ်းသူတယောက်ကိုငှားတာမျိုး၊ တချို့ဆိုတန်းပိတ်ချိန်မှာ တန်းထိုင်ဖို့တောင်အဆင်မပြေဘူးတဲ့အခြေအနေမှာ မဖြစ်မနေ ထပြီး တန်းထိုင်ရတဲ့အခြေအနေတွေလည်း ရှိကြပါတယ်။

အမျိုးသမီးရောဂါထဲက တချို့ရောဂါတွေဟာ အချိန်မှီဆေးကုသမှု မခံယူရင် အသက်အန္တရာယ် ထိခိုက် နိုင်ပြီး အကျဉ်းထောင်တွေထဲမှာက ဆေးကုသခွင့်လျှောက်တင်ဖို့တွေ၊ ဆေးကုသခွင့် မရရှိတာတွေ ကြောင့် အပြင်ရောက်မှ  ဒီလိုအခြေအနေတွေကို သိရတဲ့အချိန်ကျရင် အချိန်နှောင်းသွားတဲ့ ဖြစ်စဉ်တွေ လည်း ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်နေ့အထိ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား (၂၈၇) ဦး ကျဆုံးခဲ့ပြီး  အဲ့ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသူ စုစုပေါင်း (၄၃) ဦး ပါဝင်နေတယ်လို့ မြန်မာ့အကျဥ်းထောင် သက်သေ (Myanmar Prison Witness) က ထုတ်ပြန်ထား ပါတယ်။

ကျဆုံးခဲ့တဲ့ အကြောင်းအရင်းတွေကတော့    ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာ မရတဲ့အတွက် ကျဆုံးတဲ့အရေအတွက်က (၂၀)၊  ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရတဲ့အတွက်ကျဆုံးတာ(၁) ဦးနဲ့  သဘာဝဘေးအန္တရာယ်ကြောင့်ကျဆုံးတာ (၂၂)ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အကျဉ်းထောင်တွေထဲမှာလုံလောက်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ ဆရာဝန်တွေ၊ အမျိုးသမီး ဆေးမှူးတွေထားရှိပေးတာ၊ သန့်ရှင်းရေးတွေ၊ စံချိန်မှီတဲ့လစဉ်သုံးပစ္စည်းတွေ၊ လိုအပ်တဲ့ဆေးဝါးတွေ အချိန်မှီရရှိဖို့ ကျန်းမာရေးစောင့်ရှောက်မှု အချိန်မှီရရှိဖို့ တွေကို စီမံပေးထားသင့်တယ်လို့ နိုင်ငံရေး အကျဉ်းသူများအဖွဲ့ (WOPP)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီလိုအမျိုးသမီးရောဂါတွေခံစားကြရတာအပြင်၊ ရင့်ရင့်သီးသီး ပြောဆိုစွပ်စွဲခံရတာတွေကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုပျောက်တာ၊ စိတ်ဓာတ်ကျတာ၊ စိတ်မလုံခြုံတာ စတဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကိုလည်းခံစားကြရတယ်လို့ နိုင်ကျဉ်းသူတွေက ပြောပါတယ်။

အကျဉ်းကျခဲ့စဉ်က ရရှိလာတဲ့ အမျိုးသမီးရောဂါတွေအပြင် ကြုံခဲ့ရတဲ့ဖြစ်စဉ်တခုလုံးရဲ့ စိတ်ဒဏ်ရာ ကြောင့် လူရှေ့သိပ်မထွက်ချင်တော့တာ၊ ယားနာတွေရှိတဲ့ ဟိုကြားဒီကြားကုတ်မိတဲ့ အပြုအမူတွေ ကြောင့် လူရှေ့သိပ်မထွက်ရဲတာ၊ ရာသီလာတာ တအားများတဲ့ ပြဿနာကြောင့် အဲ့လိုနေ့တွေဆို အပြင်မထွက်ချင်တာ၊ နေ့စဉ်အလုပ်တာဝန်တွေကို ထိခိုက်စေတာ စတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေ ကြရပါတယ်။

ဒေါ်ယုမိစံရဲ့ အတွေ့အကြုံအရ ထောင်ကနေထွက်လာပြီး တွေ့ရှိခဲ့တဲ့ ကျန်းမာရေးပြဿနာတခုက သားအိမ်အောင့်တာဖြစ်လို့ စစ်လိုက်တဲ့အခါ သားအိမ်မှာ ရေအိတ်ပုံစံရှိနေပါတယ်။ မိန်းမကိုယ် အဖြူဆင်းပြီးယားတဲ့အခါ ဆေးသောက်ရတာ၊ ဆေးထည့် ရတာစတဲ့ ဆေးဝါးကုသမှုတွေကို ၃နှစ်ကျော်ကြာတဲ့ လက်ရှိအထိ ဆက်လက်လုပ်ဆောင်နေရတာပဲဖြစ်ပါတယ်။

မနန်းဆုကလည်း “ငါ့တုန်းကတော့ပုံမှန်ပါပဲ၊ နင့်ကျမှအပိုတွေဖြစ်နေတာ မဟုတ်ပါဘူး၊ တယောက်နဲ့ တယောက်က လုံးဝမတူကြဘူး၊ အကုန်လုံးက အမျိုးသမီးအချင်းချင်း ဒီလိုကြုံတွေ့လာတဲ့အခါမှာ မရှုံ့ချပဲနဲ့ တယောက်နဲ့တယောက် မတူဘူးဆိုတာကို သိစေချင်ပါတယ်”လို့ ဆိုပါတယ်။

အမျိုးသမီးတွေရဲ့ သဘာဝဖြစ်စဉ်  ရာသီသွေးဆင်းခြင်းကာလမှာ  အကျဉ်းကျခံနေရတဲ့ နိုင်ကျဉ်း အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတွေ လုံလောက်မှုရအောင်၊ ရေတွေကို ပုံမှန်သန့်ရှင်းပေးတာ မျိုးတွေ၊ အတွင်းခံတွေလုံလောက်စွာ အသုံးပြုခွင့်ပေးတာမျိုးတွေ လုပ်ပေးဖို့အတွက် နိုင်ငံရေး အကျဉ်းသူဟောင်းတွေက တောင်းဆိုထားပါတယ်။

အကျဉ်းထောင်ဘက်က မထောက်ပံ့နိုင်ရင်တောင် မိသားစုတွေပို့လာတာကို အထဲကို ပို့ခွင့် ပြုပေးသင့် တာ၊ သတ်မှတ်ချက်တခုနဲ့ ဆေးစစ်တာတွေ၊ သန့်ရှင်းတဲ့ရေရရှိအောင်၊ အတွင်းခံတွေ လုံလောက် အောင်သွင်းခွင့်ပြုစေချင်တယ်လို့ မဆူးငယ်က ပြောပါတယ်။

ထောင်ထဲမှာ အမျိုးသမီးတယောက်ဖြစ်ရခြင်းကြောင့် ရင်ဆိုင်ခဲ့ရတဲ့ ကျန်းမာရေးပြဿနာတွေဟာ ထောင်တံခါးဖွင့်ပေးလိုက်တာနဲ့ အဆုံးသတ်မသွားဘဲ အခြေခံအမျိုးသမီး ကျန်းမာရေး စောင့်ရှောက်မှု ကို အကျဉ်းထောင်ထဲမှာပါ ရရှိခွင့် လိုအပ်နေတာကို  မနန်းဆု၊ မဆူးငယ်နဲ့ ဒေါ်ယုမီစံတို့ရင်ဆိုင်ခဲ့ ရတဲ့ အထက်ပါ အတွေ့အကြုံတွေက  ဖော်ပြနေတာပဲဖြစ်ပါတယ်။  

ရာသီလာခြင်းဟာ အကျဉ်းသားတဦးရဲ့ စည်းကမ်းဖောက်ဖျက်မှု မဟုတ်၊ အပိုဆောင်းလိုအပ်ချက် တခုလည်း မဟုတ်သလို အကျဉ်းထောင်ထဲမှာ အမျိုးသမီးတွေရဲ့ သဘာဝကျန်းမာရေး လိုအပ်ချက် တွေကို အခြေခံကျန်းမာရေးအခွင့်အရေးတခုအဖြစ် မဆက်ဆံတာက ရောဂါဖြစ်ပွားမှု၊ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ပိုမိုဆိုးရွားစေပါတယ်။ အဲဒီသက်ရောက်မှုက ထောင်တံခါးအပြင်ဘက်အထိ ဆက်ပါလာတာကို သူတို့အတွေ့အကြုံတွေကနေ ဖော်ပြနေပါတယ်။

အမျိုးသမီးရောဂါတွေနဲ့ပတ်သက်ပြီး ပေါ့ပေါ့သေးသေးမမှတ်ယူကြဖို့အတွက် မဆူးငယ်က “အိမ်ထောင်သည်တွေဆို ကလေးပါမရနိုင်တဲ့အခြေအနေထိဖြစ်သွားကြတဲ့လူတွေလည်းရှိတယ်၊ ပိုးဝင်ပြီးကင်ဆာဖြစ်သွားကြတဲ့လူတွေလည်းရှိတာဆိုတော့ နောက်ဆက်တွဲကတော့မကောင်းဘူး” လို့ သတိပေးစကားဆိုပါတယ်။