ဖြစ်တည်မှုတွေက အပြစ်တခုလည်းမဟုတ်သလို၊ ရွေးချယ်မှုတခုလည်း မဟုတ်ဘူး
ဒေဝီ
နှစ်စဉ် ဇွန်လမှာ ကျင်းပတဲ့ Pride Month က ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာ၊ စုံလင်ကွဲပြားမှု၊ ဖြစ်တည်မှုတွေကြောင့်ကြုံတွေ့ရတဲ့အခက်အခဲတွေအပေါ် ကြံ့ခိုင်စွာဖြတ်ကျော်နိုင်စွမ်းမှုကို အားပေးဂုဏ်ပြုကြတဲ့ လပဲဖြစ်ပါတယ်
မြန်မာနိုင်ငံမှာတော့လိင်စိတ်ခံယူမှုကွဲပြားသူတွေ (LGBTQIA +)တွေမှာ စစ်အုပ်ချုပ်မှုအောက်မှာ တရားမဲ့ဖမ်းဆီးခံရတာ၊ နှိပ်စပ်က်ခံရတာ၊ လိင်ပိုင်းဆိုင်ရာစော်ကားပြုကျင့်ခံရတာ၊ နေရပ်စွန့်ခွါရတာတွေနဲ့ အသက်အိုးအိမ်ဆုံးရှုံးမှုတွေ ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ အထူးသဖြင့် စစ်ကောင်စီရဲ့ဖမ်းဆီးခံရ၊စစ်ဆေးမေးမြန်းခံရ၊ ထောင်သွင်းအကျဉ်းချခံထားရတဲ့ LGBTQIA + တွေဟာ အကြမ်းဖက်ခံရတာ၊လူမဆန်စွာညှင်းပန်းနှိပ်စက်ခံရတာတွေကို ကြုံတွေ့နေရဆဲဖြစ်တဲ့အတွက် လိင်စိတ်ခံယူမှုကွဲပြားသူတွေရင်ဆိုင်နေရ တဲ့ စိန်ခေါ်မှုအခက်အခဲတွေနဲ့ပတ်သတ်ပြီး LGBTQIA + အရေးလှုပ်ရှားသူတွေရဲ့ အမြင်တွေကိုဖော်ပြလိုက်ပါတယ်။

စောဇင်မောင်စိုး
Founder – (CAN -Myanmar)
Pride Month ဆိုတာ ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ LGBTQIA + လူ့သားတွေရဲ့ လူ့ဂုဏ်သိက္ခာစုံလင်ကွဲပြားမှု မိမိကိုယ်ပိုင်ဖြစ်တည်မှုတွေအတွက် ကြံ့ခိုင်စွာရှင်သန် ကျော်ဖြတ်နေတာတွေကို လေးစားတန်ဖိုးထားပြီး အားပေးဂုဏ်ပြုတဲ့ ကာလလည်းဖြစ်ပါတယ်။
အဓိက ကတော့ မိမိတို့ရဲ့ ရပိုင်ခွင့်တွေ တန်းတူ ညီမျှမှုတွေအတွက်အမှန်တရားကိုတောင်းဆိုကြတဲ့ သမိုင်းဝင် လှုပ်ရှားမှုလလည်း ဖြစ်တယ်ပေ့ါ။
ဒီနှစ် ၂၀၂၆ ဇွန်လ Pride Month မှာတော့ Burmese /Myanmar Pride 2026 ကနေCAN Myanmar ၊ Our Rights ၊ Kings N Queens အဖွဲ့အစည်းတွေကပေါင်းပြီး “No Pride Behind Bars “ထောင်နံရံများအကြား Pride မရှိ ဒစ်ဂျစ်တယ်ကမ်ပိန်းကို လုပ်ဆောင်နေပါတယ်။ ကမ်ပိန်းမှာ အဓိက တောင်းဆိုချက် ၂ခုရှိပါတယ်။ စစ်အာဏာသိမ်းမှုအပြီး မတရားထိန်းသိမ်းဖမ်းဆီးခံရတဲ့ LGBTQIA + နိုင်ငံရေးအကျဉ်းသား ညီအကိုမောင်နှမများအားလုံး အကြွင်းမဲ့ ချက်ချင်းလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တော်လှန်ရေးကာလအတွင်းမှာ အသက်ပေး တိုက်ပွဲဝင်သွားတဲ့ LGBTQIA + ရဲဘော်များ၊ ကြယ်ပွင့်များ ရဲ့ ကြိုးပမ်းမှုကိုခိုင်လှုံစွာအသိအမှတ်ပြု လွမ်းဆွတ်တမ်းတခြင်းဖြစ်ပါတယ်။
လက်ရှိမှာပြည်သူတွေ မဟာမိတ်တွေ LGBTတွေ အားလုံးပါဝင်နိုင်အောင် ဖမ်းဆီးခံ LGBTတွေရဲ့နာမည်ကို စာရွက်ပေါ်မှာရေးပြီး ဓာတ်ပုံရိုက်တာ လူမှုကွန်ယက်တွေမှာ # တွေနဲ့ သွေးစည်းညီညွတ်မှု မျှဝေတောင်းဆိုတဲ့လှုပ်ရှားမှု လုပ်ဆောင်နေတယ်။ ဒါမှမဟုတ်လည်းမိမိပုံကို Pride မှာသုံးတဲ့ # တွေနဲ့ ပိုစ့်တင်ပြီး ကမ်ပိန်းမှာ ပါဝင်တဲ့ ကမ်ပိန်းရှိပါတယ်။ မိမိရဲ့ မျက်နှာကိုဖော်ပြီး ပါလို့မရဘူးဆိုရင်လည်း မိမိဖန်တီးထားတဲ့ အနုပညာဖြစ်စေ၊ ကွယ်လွန်သွားပြီးဖြစ်တဲ့ ထောင်သွင်းအကျဥ်းချခံရတဲ့ သက်တံ့မောင်နှမတွေကိုအောက်မေ့သတိရစေတဲ့ ပုံစံတွေနဲ့ ဖော်ထုတ်ပြီးတော့ ပါဝင်ပေးလို့ရပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ အကြပ်အတည်းကာလမှာ LGBTQIA+ အသိုင်းအဝိုင်းကအခြားသူတွေထက်ပိုဆိုးရွားတဲ့ အန္တရာယ်တွေနဲ့ စိန်ခေါ်မှုတွေကို အလွှာစုံမှာရင်ဆိုင်နေရပါတယ်။ မတရားမဲ့ ပစ်မှတ်ထားဖမ်းဆီးခံရခြင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းတွေ ၂၀၂၁နောက်ပိုင်းမှာ တော်လှန်ရေးမှာ တက်ကြွစွာပါဝင်ခဲ့ကြတဲ့ LGBTQIA + လှုပ်ရှားတဲ့သူတွေ၊ ကျောင်းသားတွေ အနုပညာရှင်တွေက စစ်အုပ်စုရဲ့ ပစ်မှတ်ထားဖမ်းဆီးခြင်းကို ခံနေရတယ်။ ‘အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံရတဲ့ သူတွေက သူတို့ရဲ့ ဂျန်ဒါဖြစ်တည်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှု လိင်ပိုင်းဆိုင်ရာစော်ကားခံရမှု Sexual Viloence တွေပါ ဆိုးရွားစွာ ကြုံတွေ့နေရပါတယ်။
နေရပ်စွန့်ခွာရခြင်းနဲ့ လုံခြုံမှု ကင်းမဲ့ခြင်းတွေ စစ်မီးကြောင့် စစ်ဘေးရှောင် IDP အဖြစ် တိမ်းရှောင်ရတဲ့ အခါမှာ စစ်ဘေးရှောင် LGBTIQA+ Community တွေအတွက်က သီးသန့်လုံခြုံတဲ့နေရာထိုင်ခင်းတွေ ကင်းမဲ့တာ၊ ခွဲခြားဆက်ဆံ ခံရခြင်းနဲ့ အကာအကွယ်မဲ့ခြင်းတွေကို ပိုမိုရင်ဆိုင်ရပါတယ်။ လူမှုဘဝပြိုလဲခြင်းဆိုတာနဲ့ ပြောရမယ်ဆိုရင်လည်း အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတွေကြားမှာ ဖြစ်တည်မှုပေါ် မူတည်ပြီးခွဲခြားဆက်ဆံတဲ့ အစဉ်အလာစွဲတွေကြောင့် စီးပွားရေးအရ ဖိနှိပ်ခံရဆုံး ရာခိုင်နှုန်းမှာ LGBTတွေက ဆက်လက်ပါဝင်နေဆဲဖြစ်တယ်ဆိုတာ တွေ့ရတယ်။
LGBTIQA+ တွေအတွက် အားလုံးလုံခြုံတဲ့ လူမှုအသိုင်းအဝိုင်းတခု ပေါ်ပေါက်လာဖို့ဆို စနစ်တကျဥပဒေအကြောင်း အရာအရ အကာအကွယ်ပေးမှု၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်တဲ့နေရာမှာ လူသားအားလုံးရဲ့ ဂျန်ဒါစုံလင်ကွဲပြားမှုကို အသိအမှတ်ပြုပြီး မည်သည့်ခွဲခြားဆက်ဆံမှုကိုမဆို တားဆီးအရေးယူပေးမယ့် ဥပဒေအကြောင်းအရ အကာအကွယ်ပေးမှု အခိုင်အမာရှိရပါမယ်။
နောက် ဂျန်ဒါတန်းတူညီမျှမှုနဲ့ မသန်စွမ်းမှု၊ လှုမှုအသိုင်းအဝိုင်း အတွင်းအားလုံးပါဝင်နိုင်တဲ့ ရှု့ထောင်ကိုလည်း ထည့်သွင်း စဉ်းစားနိုင်ခြင်းဖြင့် ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေ တော်လှန်ရေးအင်အားစုတွေ အနာဂတ်မူဝါဒချမှတ်သူတွေ မည်သည့် လုပ်ငန်းစဉ််မှာမဆို မည်သူတဦးတယောက်မှ ချန်ထားခြင်းမရှိဘဲ LGBTIQA+ အသံတွေနဲ့ လိုအပ်ချက်တွေကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးရပါမယ်။
နောက်တခုအရေးကြီးတာက အစဉ်အလာစွဲများနဲ့ အမုန်းစကားများကို ဝိုင်းဝန်းတိုက်ဖျက်ခြင်းလို့လည်း ပြောလို့ရနိုင်တဲ့ လူထုအသိုင်းအဝိုင်းကြားမှာ အမြစ်တွယ်နေတဲ့ ခွဲခြားဆက်ဆံမှု လှောင်ပြောင်မှု အစဉ်အလာအမြင်ဟောင်းတွေကို ဖယ်ရှားပြီးတော့မှ အသိပညာပေးမှုတွေ ပိုလုပ်ဆောင်ဖို့လိုအပ်တယ်။ အွန်လိုင်းဖြစ်စေ မြေပြင်မှာဖြစ်စေ ခွဲခြားနှိပ်ချတဲ့ အမုန်းစကားတွေကို ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ မီဒီယာတွေကပါ တက်ကြွစွာ ဝိုင်းဝန်းတားဆီးပေးဖို့လိုအပ်ပါတယ်။
အကြပ်အတည်းကာလမှာ LGBTIQA+ ရဲ့ပေးဆပ်မှု ခံစားနေရတဲ့ ဘေးဒုက္ခတွေကို ဘေးဖယ်မထားဘဲနဲ့ “No Pride Behind Bars” ကမ်ပိန်းကနေ ကိုယ်ပါဝင်လို့ရတဲ အနေအအထားကနေ ပူးပေါင်းပါဝင်ဖို့အရေးကြီးပါတယ်။ ဒါ့အပြင် ဒီလိုကာလမျိုးမှာ မေတ္တာရပ်ခံချင်တာက Pride Month ကာလမှာပဲ အစပြုပြီးတော့ မိမိတို့ရဲ့ အဖွဲ့အစည်းတွေ လုပ်ငန်းဆောင်တာတွေ အနီးအနားဝန်းကျင်မှာ LGBT နဲ့ပတ်သတ်တဲ့ မိတ်ဆွေတွေရှိနေပြီလား၊ မိတ်ဆွေအဆင့်၊ ခင်မင်ရုံအဆင့်မဟုတ်ဘဲ မိမိလုပ်ငန်းတွေမှာ ပါဝင်လာအောင် အလုပ်အကိုင်အခွင့်အလမ်းတွေပေးနိုင်ပြီလား စတာလေးတွေကနေ စဉ်းစားစေချင်တယ်။ သူတို့ကို သက်တန့်ညီကိုမောင်နှမတွေကို အခြားသောသူတွေနဲ့ တန်းတူ ဆက်ဆံတာအပြင် သူတို့ရဲ့အရည်အချင်းကို အသုံးပြုနိုင်ဖို့ အခွင့်အလမ်းတွေပေးတာမျိုး အစပြုပြီးတော့မှ စဉ်းစားဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။

ဒေါ်ဇာလီအေး
တရားလွှတ်တော်ရှေ့နေ
Pride Month ဟာ LGBT တဦးတယောက်ချင်းစီနဲ့သူတို့ရဲ့ မိသားစုဝင်အဝန်းအဝိုင်းအတွက် တန်းတူညီမျှမှုလေးစားမှုနဲ့ လူ့အခွင့်အရေးကို အသိအမှတ်ပြုဂုဏ်ပြုခြင်းပဲဖြစ်ပါတယ်။ Pride Month ကို ပျော်ပွဲရွှင်ပွဲ ကျင်းပရုံသာမဟုတ်ဘဲ ခွဲခြားဆက်ဆံမှုတွေ ဖယ်ကျဉ်မှုအကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ သမိုင်းကြောင်းနဲ့ တရားမျှတမှုအတွက် ဆက်လက်တောင်းဆိုနေတဲ့ လှုပ်ရှားမှုတရပ်လည်းဖြစ်ပါတယ်။ ဒီပျော်ရွှင်စွာကျင်းပရမယ့် Pride Month မှာ မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တွေ စစ်ကြောရေးတွေမှာ ဥပဒေနဲ့ မညီတဲ့ စစ်ကြောချက်တွေ ညှင်းပန်းနှိပ်စက်ခံရတာတွေ ၂ဖက်မျှတစွာသက်သေခံအထောက်အထားတွေကို သုံးသပ်ချင်းမရှိတဲ့ စီရင်ချက်တွေ လူမသိသူမသိ အတင်းအဓမ္မအဖျောက်ခံရတဲ့ LGBT တွေရှိနေပါသေးတယ်ဆိုတဲ့ အကြောင်းကိုပြောကြားချင်တယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး နိုင်ငံရေးအရ တော်လှန်ရေးကို ဖြတ်သန်းနေဆဲကာလမှာလည်း LGBT အချို့ရဲ့ အခွင့်အရေးတွေက ချန်လှပ်ထားခြင်းခံရပါတယ်။ ဒါကြောင့် LGBT အခွင့်အရေး တွေနဲ့စပ်လျဉ်းပြီးတော့ ဥပဒေရေးရာအကာအကွယ်တွေကို တရားစီရင်ရေးအရ ရယူခံစားပိုင်ခွင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကိုတုံ့ပြန်တဲ့ ကိစ္စရပ်နဲ့ စပ်ဆက်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်ခွင့်နဲ့ လက်ခံမှုတိုးမြှင့်ခြင်းတွေအတွက် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။
ဒါကြောင့် Pride Monthမှာ လူတဦးတယောက်ရဲ့ လိင်စိတ်တမ်းညွတ်မှု ခံယူမှုက အချို့သော လူတန်းစားအတွက် ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ ထုံးတမ်းစဉ်လာအရ လူမျိုးရေးအရ အဆုံးစွန်ဆုံး မိမိရဲ့ လက်ခံနိုင်စွမ်းထက် ကျော်လွန်နေရင်တောင်မှ LGBT တွေကို လူသားတဦးအဖြစ်နဲ့ လေးစားပြီး တန်းတူဂုဏ်သိက္ခာနဲ့အခွင့်အရေး၊ လူမှုတရားမျှတမှုများ ရရှိ ခွင့်ရှိတယ် ဆိုတာကို ထပ်လောင်းအသိပေးလိုပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးလုံခြုံရေးနဲ့ လူမှုစီးပွားရေးအရ အကြပ်အတည်းတွေရင်ဆိုင်နေရချိန်မှာ LGBTတွေလည်း အခြားကွန်မြူနတီလိုပဲ စစ်ရေးပြည်တွင်းပြည်ပ နေရပ်စွန့်ခွာမှုတွေကိုရင်ဆိုင် ကြုံတွေ့နေရတဲ့အပြင် အသက်မွေးဝမ်းကြောင်း ဆုံးရှုံးမှုတွေ လူခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကိုလည်း ဆက်လက်ရင်ဆိုင်လျက်ရှိပါတယ်။
တချို့ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ဆေးဝါးမှီဝဲသုံးစွဲနေရတဲ့ LGBTတွေအတွက် အချိန်ကာလတော်တော် ကြာကြာဆေးဝါးလက်လှမ်းမမှီမှုတွေ တားမြစ်ခံရမှုတွေကိုလည်းကြုံတွေ့ခဲ့ရပါသေးတယ်။ တချို့လူတွေအတွက်ဆို အခုအချိန်ထိ ဆေးဝါးလက်လှမ်းမမှီမှုတွေက ဟန့်တားခံရလျက်ရှိပါသေးတယ်။
ဒါတွေတင်မက LGBTတွေက အခုကာလမှာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ခွဲခြားဆက်ဆံခံရတာ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းအတွင်းမှာ ဖယ်ကျဉ်ခံရတာ ကျန်းမာရေးနဲ့ ဉပဒေရေးရာဝန်ဆောင်မှုတွေကို လက်လှမ်းမှီဖို့ အအခက်ခဲတွေ ကြုံတွေ့နေရတဲ့အပြင် သူတို့ ဓမ္မတာအတိုင်း သေဆုံးရင်တောင်မှာ ဂျန်ဒါဖြစ်တည်မှုကို မျက်ကွယ်ပြု ခံနေရတာကိုလည်း တွေ့ရပါတယ်။ အထူးသဖြင့် ပဋိပက္ခဒေသနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့အခြေအနေမှာ LGBT တွေရဲ့ လိုအပ်ချက်တွေကို လူသားချင်းစာနထောက်ထားမှုဆိုင်ရာ အစီအစဉ်တွေမှာ လက်တွေ့ကျကျ ထည့်သွင်းစဉ်းစားမှု နည်းပါးနေသေးတာကိုလည်း တွေ့ရပါတယ်။
LGBT အတွက် လုံခြုံပြီးပါဝင်ခွင့်ရှိတဲ့ လူမှုအသိုင်းအဝိုင်းတခု တည်ဆောက်ဖို့အတွက် ဥပဒေ မူဝါဒ တရားစီရင်ရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်တဲ့အပြင် လူထုအသိပညာမြှင့်တင်တဲ့အစီအစဉ်တွေကိုလည်း အရပ်ဘက် အဖွဲ့အစည်းတွေအပြင်နိုင်ငံရေးအရ တာဝန်ရှိသူများကလည်း ဦးဆောင်ပြီး စီမံကိန်းတရပ် အနေနဲ့ဆောင်ရွက် ဖို့လိုအပ်ပါတယ်။
ပထမအချက်အနေနဲ့ လူတိုင်းအတွက် တန်းတူညီမျှမှုနဲ့ ခွဲခြားဆက်ဆံမှု မရှိစေရေးအတွက် အာမခံပေးနိုင်တဲ့ ဥပဒေတွေမူဝါဒတွေ ပြင်ဆင်ပြဌာန်းရန်လိုအပ်ပြီး အဲ့ဒီဥပဒေနဲ့ မူဝါဒပါအချက်တွေ ချိုးဖောက်ခံရ တယ်ဆိုရင် တရားစီရင်ရေးမှသော်လည်းကောင်း သက်ဆိုင်ရာ တိုင်ကြားရေးစနစ်သော် လည်းကောင်းတောင်းခံနိုင်ခွင့်ရှိတဲ့ဖိုရမ် တခုလိုအပ်တယ်။
ဒုတိအနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နဲ့လူမှုကာကွယ် စောင့်ရှောက်ရေးဝန်ဆောင်မှုတွေမှာလည်း LGBT တွေကို အပြည့်အဝ ပါဝင်ဆောင်ရွက်ပေးရန်လိုအပ်ပါတယ်။
တတိယအနေနဲ့ လူမှုအသိုင်းအဝိုင်းအတွင်းမှာ မတူကွဲပြားမှုကို လေးစားတန်ဖိုးထားတဲ့ယဉ်ကျေးမှု တရပ်ကို တည်ဆောက်ရန်အထူးလိုအပ်ပါတယ်။ ဒီလိုတည်ဆောက်တဲ့အခါ LGBT တွေအတွက်သာမက လူတိုင်းအတွက် ပိုမိုတရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းတရပ်တည်ဆောက်ဖို့အတွက် အရေးကြီးတဲ့ အခြေခံ အုတ်မြစ်တခု ဖြစ်ပါတယ်။ LGBT တွေရဲ့ လိုအပ်ချက်နဲ့ စိန်ခေါ်မှုကို ထောက်ပြပြောဆိုခြင်းက LGBT တွေအတွက် အထူးအခွင့်အရေးကို တောင်းဆိုပေးနေတာမဟုတ်ပါဘူး လူတိုင်းရရှိသင့်တဲ့ တန်းတူညီမျှမှု၊ ခွဲခြားဆက်ဆံမှုက ကင်းလွတ်မှု၊ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာနဲ့တကွ အသက်ရှင်နေထိုင်ခွင့်တို့ကို အပြည့်အဝခံစားနိုင်ရေးအတွက် တောင်းဆိုခြင်းဖြစ်ပါတယ်။ လူတဦးရဲ့ လိင်စိတ်တိမ်းညွတ်မှု၊ ကျားမဝိသေသ လက္ခဏာ ဘယ်လိုပဲဖြစ်စေ လူသားတဦးအဖြစ် တန်းတူ ဂုဏ်သိက္ခာနဲ့အခြေခံအခွင့်အရေး များကိုရရှိသင့်ပါတယ်လို့ပြောကြားလိုပါတယ်။

ဆူနာမီ
Dawei LGBT Community
Pride Monthပတ်သတ်ပြီးသတင်းစကားပါးခြင်တာကတော့ ကျွန်မတိုရဲ့ လိင်စိတ်ခံယူမှုနဲ့ဖြစ်တည်မှုကိုမဖုံးကွယ်ချင် တာရယ် ဒါက ကျွန်မတို့ ရွေးချယ် ထားတာမဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ အမှန်တကယ်ဖြစ်တည်မှုတခုလို့ဆိုတာ လူတိုင်းကို နားလည်စေချင်တယ်။
ကျွန်မတို့ကို လေးစားမှုနဲ့ တန်းတူ အခွင့်အရေးရဖို့လည်းမျှော်လင့်တယ်။ မတူကွဲပြားမှုကို လက်ခံပေးခြင်းကလည်း လူ့အသိုင်းအဝိုင်းမှာ ပိုမိုကောင်းမွန်စွာတည်ဆောက်ခြင်းပဲလို့ ပြောကြားချင်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အကြပ်အတည်းတွေကြား LGBT တွေ အဓိက စိန်ခေါ်မှုအခက်ခဲကတော့ အရပ်ဘက်အဖွဲ့အစည်းတွေ လှုပ်ရှားမှု နည်းပါးတာရယ်၊ LGBT အခွင့်အရေးနဲ့လွတ်လပ်စွာ စည်းရုံးလှုပ်ရှားမှုတွေမှာ မိမိအသံကိုထုတ်ဖော်ဖို့ပိုမိုခက်ခဲလာတာ၊ မြန်မာနိုင်ငံတဝှမ်းမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံသားလွတ်လပ်ခွင့်တွေကို ဆိုးဆိုးရွားရွားထိခိုက်နေတာရယ် ဒီစိန်ခေါ်မှုတွေ ကြားထဲကနေပဲ ကျွန်မတို့ LGBT လူငယ်တွေ တချို့သော အဖွဲ့အစည်းတွေ အပြန်အလှန်ကူညီမှုတွေ စိတ်ခွန်အားပေးမှုတွေနဲ့ လူ့အခွင့်အရေးအသိပညာပေးမှုတွေ ဖြန့်ဝေလုပ်ဆောင်နေတာပေါ့နော်။
အခုကာလမှာ LGBTတွေအပေါ်အသိုင်းအဝိုင်းအမြင်က ပိုမိုလက်ခံလာပေမယ့် ခွဲခြားဆက်ဆံမှုတွေ ရှိနေသေးတဲ့ အပြောင်းအလဲကာလလို့လည်း ဆိုလို့ရတယ်။ မြန်မာနိုင်ငံမှာ LGBT တွေရဲ့အမြင်က ပိုမိုပွင့်လင်းလာနေပါတယ်။ ဒါပေမဲ့ ကြောက်ရွံ့မှုနဲ့ အထင်သေးမှု အယူအဆတွေကြောင့် ခွဲခြားဆက်ဆံခံနေရသေးပါတယ်။ ဒီအခြေအနေကို ပြောင်းလဲပေးဖို့ ဆိုရင် ပညာရေး၊ ကိုယ်ချင်းစာနားလည်ပေးမှုရယ်၊ လေးစားမှုနဲ့ အတွေးအခေါ်တွေ တဖြည်းဖြည်း တည်ဆောက်သွားဖို့ လိုအပ်ပါတယ်။
အရေးအကြီးဆုံးကတော့ LGBT တွေဟာ တခြားသူတွေလိုပဲ တူညီတဲ့လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတွေရှိတဲ့ လူသားတွေဖြစ်တယ်ဆိုတဲ့ အမြင်ကို လူ့အသိုင်းအဝိုင်းကလည်းနားလည်းလက်ခံပေးဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းနဲ့ လုပ်ငန်းခွင်တွေမှာ LGBT တွေကိုတိုးတက်လာဖို့ ဘယ်လိုအပြောင်းလဲတွေ လိုအပ်မလဲဆို ကျွန်မတို့ LGBT တွေအပေါ် နားလည်မှု တိုးတက်ကြီးမားပြီးတော့ အပြောင်းအလဲက ပြောင်းလဲချင်တဲ့ စိတ်ထားပဲဖြစ်ပါတယ်။ မိသားစုဆိုရင်လည်း ချစ်ခြင်းမေတ္တာနဲ့ နားလည်ပေးမှုတွေ၊ ကျောင်းမှာဆိုရင်လည်းစိတ်လုံခြုံမှုနဲ့ ပညာတွေကိုသင်ကြားပေးတာ လုပ်ငန်းခွင်မှာဆိုရင်လည်း တန်းတူညီမျှတဲ့ဥပဒေကာကွယ်မှုတွေကလည်း လိုအပ်တယ်ပေါ့။ လူ့အသိုင်းအဝိုင်းမှာ ဆို လေးစားမှုနဲ့ ကိုယ်ချင်းစာနားလည်မှုတွေကအခုလိုမျိုးအဆင့်ဆင့်ပြောင်းလဲလာတဲ့အခါ LGBT တွေသာမက လူတိုင်းက လုံခြုံပြီးတော့မတူကွဲပြားမှုကို တန်ဖိုးထားတဲ့ လူ့အသိုင်းအဝိုင်းတခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

August
Member of Burmese/Myanmar Pride 2026 Organizing Committee
ကျွန်တော်တို့ရဲ့ Prideက Celebrationလုပ်ဖို့ အခုလက်ရှိမှာဆက်ပြီးရုန်းကန်နေရသေးတယ်။ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုတွေ ဖမ်းဆီးနှိပ်စက်မှုတွေ အနိုင်ကျင့်မှုတွေ ကြုံနေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ Pride က မလွတ်လပ်နေသေးပါဘူး၊ Pride အစစ်အမှန်ကို မရောက်နေသေးပါဘူး။
LGBT တွေအနေနဲ့ စိန်ခေါ်မှုတွေကိုပြောရရင် မကုန်နိုင်အောင်များပါတယ်၊ဒါဟာ အတော်များများကြုံရတဲ့ ပဋိပက္ခတွေ အကြပ်အတည်းတွေဖြစ်သလို LGBTIQA+ အသိုင်းအဝိုင်းအနေနဲ့လည်း ထပ်ဆင့်ထပ်ဆင့် ကြုံနေရတယ်။ ကိုယ့်ရဲ့ Identity ပြဿနာတခုတည်း မဟုတ်ဘဲနဲ ကျွန်တော်တို့ရဲ့အမြင် လူမျိုးဖြစ်တည်မှု လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ လူတန်းစားခွဲခြားမှု၊အခြား ပြင်ပကို ရောက်နေတာပဲဖြစ်ဖြစ် ပြည်တွင်းမှာရှိနေတဲ့ ညီအကိုမောင်နှမတွေပဲဖြစ်ဖြစ် ကိုင်ထားတဲ့ စာရွက်စာတမ်းအခြေအနေ နေရပ်စွန့်ခွာရမှု၊ ငွေရေးကြေးရေးအရ လွတ်လပ်မှု ဘယ်လောက်ရှိသလဲ ဘယ်လောက်မှီခိုရသလဲ ဆိုတဲ့အခြေအနေပေါ် မူတည်တာ၊ မိသားစုကိုထောက်ပံ့နေရတာပဲဖြစ်ဖြစ် မိသားစုရဲ့ထောက်ပံ့မှုကို ရတာ၊ မရတာဖြစ်စေ ဒီလိုမျိုးအခက်အခဲတွေအများကြီးရှိနေပါတယ်။
ဒါတွေကို အကျယ်ချဲ့ထပ်ပြောရရင် လုံခြုံရေးကိစ္စပါ။ ပြည်တွင်းကသူတွေအတွက်ဆိုပိုအရေးကြီးပါတယ်။ ကျွန်တော်တို့ LGBTIQA+ ညီအကိုမောင်နှမတွေက ပြည်တွင်းမှာဆို စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေ စစ်ဆေးမှုတွေ နိုင့်ထက်စီးနင်းပြုကျင့်မှုတွေအောက်မှာ ပိုပြီးပစ်မှတ်ထားခံနေရပါတယ်။ အထူးသဖြင့် Transgender လို့ခေါ်ကြတဲ့ လိင်ပြောင်းလဲသူ ဒါမှမဟုတ် ဝတ်စားဆင်ယင်မှုပြောင်းလဲသူ၊ နောက် ကနွဲ့ကလျဖြစ်သူမြင်ရင်လည်း ပစ်မှတ်ထား ခံရတယ်။
ယောကျာ်းဆိုရင် ပုဆိုးဝတ်ရမယ်၊ နှုတ်ခမ်းမွှေးထားရမယ်၊ မိန်းမဆိုရင် ထဘီဝတ်ရမယ်၊ ရင်ဖုံးဝတ်ရမယ်ဆိုတဲ့ ပုံစံမျိုးကနေ ကွဲထွက်ပြီးနေတဲ့သူတွေ တက်တူးထိုးတဲ့ မိန်းကလေး၊ လက်သည်းနီဆိုးထားတဲ့ ယောက်ျားလေးတွေက စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးခံရတယ်။ အရှက်ခွဲခံရတာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာတွေက အန္တရာယ်ပိုကြီး နေတယ်။
နောက်ထပ်ကြုံရတာက ဥပဒေရေးရာအရ ကာကွယ်မှုရှိမနေတာပါ။ ဒါဟာအရင်ကတည်းကမရှိခဲ့သလို အခုလို ဥပဒေ စိုးမိုးမှု လုံးဝပျက်သုန်းနေတဲ့ကာလမှာ ပိုပြီးတော့ဆိုးပါတယ်။ LGBTIQA+ပတ်သတ်လို့ အဓိက ဖိနှိပ်ထားတဲ့ လိင်တူဆက်ဆံတာကို ဖိနှိပ်ထားတဲ့ ဥပဒေ ၃၇၇ လိုပုဒ်မမျိုးတွေ ကျန်နေပါသေးတယ်။ ဒါတွေက အမြဲတမ်း အသုံးပြုပြီးတော့ တရားစွဲတဲ့ ဥပဒေမဟုတ်ပေမယ့် ဒီလိုရှိနေတာကိုက ခွဲခြားဆက်ဆံထားတာဖြစ်တယ်။
အခုကာလမှာ Queer တွေ၊ LGBTIQA+တွေအပေါ် အသိုင်းအဝိုင်းတွေရဲ့ အမြင်ဘယ်လိုရှိနေလဲဆို ၂ပိုင်းခွဲပြောချင်တယ်။ လူငယ်တွေ၊ တော်လှန်ရေးထဲပါဝင်လာကြတဲ့ သူတွေကတော့ ခြုံပြောရရင် နားလည်လာတာကြတာတော့ရှိတယ်။ LGBTIQA+ တွေရဲ့ အခွင့်အရေးအတွက် အတူရပ်တည်ကြတာမဟာမိတ်အဖြစ်ရှိကြတာ တွေ့ပါတယ်။ တချိန်တည်းမှာပဲ ပါဝင်နေတဲ့သူတွေကိုယ်တိုင်ကရော ဒီလိုတော်လှန်ရေးထဲမှာမပါဝင်တဲ့သူတွေကိုယ်တိုင်ကရော Identity ဖြစ်တည်မှုတွေ ဖော်ပြတာတွေကို ဟာသအနေနဲ့ ပြောတာတွေ လူရဲ့ ဖြစ်တည်မှုကနေ တဆင့်နှိပ်ချပြီး ခေါင်းစဉ်တပ်တာတွေ ဒီလိုမျိုး LGBTIQA+ ဖြစ်နေခြင်းက စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ကြောင့်ဖြစ်တာမျိုး၊ ဘာသာရေးကြောင့်မလို့ လူ့အသိုင်းအဝိုင်းက လက်မခံလို့ဆိုတာပြောတာမျိုး အွန်လိုင်းမှာ အမုန်းစကားတွေပျံ့တာမျိုး အများကြီးရှိနေတုန်းပါပဲ။
မိသားစုကျောင်းအလုပ်ခွင်တွေမှာ ကျွန်တော်တို့အပေါ် နားလည်မှုတွေတိုးလာစေဖို့ဆို အရေးအကြီးဆုံးကတော့ မိသားစုဝင်တွေရဲ့ ပြောင်းလဲပေးမယ်ဆိုတဲ့ စိတ်ထားကနေ ငါတို့မိသားစုဝင်ပဲ လက်ခံပေးလိုက်ကြမယ်၊ ကာကွယ်ပေးလိုက်ကြမယ်ဆိုတဲ့ စိတ်ထားမျိုး စတင်မွေးမြူကြဖို့ပါ။ မိသားစု ထဲမှာ အတင်းအဓမ္မထုတ်ဖော် ပြောဆိုခိုင်းတာမျိုး အတင်းမလုပ်မိစေဖို့ အိမ်ထောင်အတင်းမချပေးဖို့တွေ၊ တချို့သောအယူအဆတွေအရ အမျိုးသားကို စိတ်ဝင်စားစေဖို့၊ အမျိုးသမီးကိုစိတ်ဝင်စားစေဖို့၊ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားစေဖို့ လုပ်ခိုင်းတဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေမလုပ်မိစေဖို့အရေးကြီးတယ်။
ကျောင်းတွေမှာဆိုရင်လည်း LGBTIQA+ ကလေးသူငယ်တွေကို အဓိကထည့်သွင်းစဉ်စားပေးတဲ့ အရာတွေ၊ ဂျန်ဒါ အကဲဆတ်နှက်သိမ့်ဆွေးနွေးမှုတွေ၊ ကျောင်းသားကျောင်းသူတယောက်က ဂျန်ဒါ အိတ်စပရက်ရှင်ကြောင့်မလို့ ဝတ်စားဆင်ယင်မှု၊ သူ့ဆံပင်ထားတဲ့ပုံစံသူစကားပြောတဲ့လေသံနဲ့အတူ သူ့အမူအယာတွေကြောင့်မလို့ အရှက်ကွဲခံရတာ၊ အပြစ်တင်ခံရတာ မရှိစေဖို့ ကျောင်းတကျောင်းလုံးမှာရှိနေတဲ့ ဆရာဆရာမတွေအပါအဝင် ကျောင်းသူ ကျောင်းသားတွေကလည်း မလုပ်မိစေဖို့အတွက် အများကြီး လုပ်ဆောင်သွားဖို့လိုအပ်ပါသေးတယ်။ဒီလိုအလုပ်ခံရခြင်းက LGBTIQA+ ကျောင်းသားကလေးသူငယ်တွေရဲ့ သင်ယူလေ့လာမှုကိုအများကြီးထိခိုက်စေပါတယ်။
နောက်ဆုံးအနေနဲ့LGBTတွေအတွက်လုံခြုံပြီး ပါဝင်ခွင့်ရှိဖို့ဆို အရင်ဆုံးပုဒ်မ ၃၇၇ ပယ်ဖျက်ဖို့လိုပါတယ်။ ဒါကဟိုး ကိုလိုနီခေတ်ကတည်းက ရှိတဲ့ အသုံးမဝင်တဲ့ ဥပဒေတခုဆိုတာကို နားလည်ရမယ်။ ဆိုဂျစ် အပေါ် ခွဲခြားမှုတွေကို တားမြစ်တဲ့ ဥပဒေ ကာကွယ်မှု လိုအပ်တယ်။ အခက်အခဲအကြပ်အတည်းအောက်မှာ LGBTIQA+တွေအတွက် Save House တွေ ပြီးရင် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ၊ဥပဒေရေးရာအထောက်အပံ့တွေ အခြေခံ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုတွေ သူတို့တွေရဲ့ အထောက်အထားတွေရရှိစေဖို့ စာရွက်စာတမ်းအထောက်အပံ့တွေ အကူအညီတွေအများကြီးလိုတယ်။
အထူးသဖြင့် ဘော်ဒါဧရိယာမှာရှိနေတဲ့ နေရပ်ရွှေ့ပြောင်း LGBTIQA+ ၊ထောင်ထဲမှာရှိနေတဲ့ LGBT တွေအတွက် လိုအပ်နေတာတွေက ဘာတွေဖြစ်တယ် ဦးစားပေးရမှာတွေကဘာတွေလဲဆိုတာ မြင်ဖို့အရေးကြီးပါတယ်။ တတိယတခု LGBTIQA+ အကုန်လုံးကို ကိုယ်စားပြုနိုင်တဲ့သူတွေ ပါဝင်သင့်တဲ့သူတွေကို ပါဝင်ခွင့် ပေးခြင်းဆိုတဲ့ အဆင့်မှာ မထားဘဲနဲ့ တကယ့်ဆွေးနွေးဆုံးဖြတ်ချက် ချတဲ့နေရာမှာ ကျနော်တို့တွေရဲ့အသံတွေကိုထုတ်လွှင့်လို့ရနိုင်အောင် ဆုံးဖြတ်ချက်တွေမှာ ကျနော်တို့တွေ ပါဝင်ပြီးတော့ ဆုံးဖြတ်လို့ရနိုင်အောင် ကျနော်တို့ ဆုံးဖြတ်တာတွေကိုတခြားသောသူတွေက နားထောင်ပြီးတော့ တကယ်ထည့်သွင်းစဥ်းစားနိုင်အောင် ဒီလိုမျိုးနေရာတွေမှာ ကျနော်တို့တွေရှိနေရမယ်။
Candal
Flimmaker
LGBTတွေအပေါ် အရင်ကနဲ့ စာရင် အခုကာလက နားလည်လက်ခံမှုက အများကြီးဖွံ့ဖြိုးတိုးတက်လာတာကို တွေ့ရတယ်။ အထူးသဖြင့်လူငယ်မျိုးဆက်သစ်တွေကြားမှာ မတူကွဲပြားမှုကိုလက်ခံနိုင်တဲ့အမြင်က ပိုမိုကျယ်ပြန့်လာတာကိုတွေ့ရတယ်။ တဖက်မှာလည်း အထင်လွဲမှားမှုတွေ ခွဲခြားဆက်ဆံမှုတွေကဆက်လက် ရှိနေဆဲဖြစ်တယ်။
ဒါတွေကို ပပျောက်ဖို့ဆိုရင် မှန်ကန်တဲ့ အသိပညာပေးမှုတွေ ပိုပြီး လုပ်ဆောင်ဖို့လိုတယ် မီဒီယာတွေကဆိုရင်လည်း အပြုသဘောဆောင်တဲ့ ပုံဖော်မှုတွေ လူ့အခွင့်အရေးနဲ့ လိင်စိတ်တိမ်းညွတ်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကို ပိုလုပ်ဆောင်ဖို့ လိုတယ်။ ကျောင်းတွေ မီဒီယာတွေ လူမှုကွန်ယက်တွေမှာ LGBT တွေနဲ့ပတ်သတ်တဲ့ အသိပညာပေးမှုက မှန်ကန်တဲ့ သတင်းအချက်အလက်တွေကိုပိုမိုဖြန့်ဝေပေးဖို့လိုတယ်။ ဒါမှပဲLGBT တွေရဲ့အသံတွေ သူတို့ရဲ့ အတွေ့အကြုံတွေက လူထုကြားမှာမြင်သာလာပြီးတော့ သူတို့ကို နားလည်လက်ခံမှုတွေကလည်း တိုးတက်လာဖို့အတွက် အထောက်အကူ ဖြစ်စေတယ်လို့ မြင်ပါတယ်။
LGBTတွေအတွက် လုံခြုံပြီး ပါဝင်ခွင့်ရှိတဲ့ လူ့အသိုင်းအဝိုင်းတည်ဆောက်ဖို့အတွက် အခြေခံအားဖြင့် တန်းတူညီမျှမှု၊ လူ့ဂုဏ်သိက္ခာနဲ့ သူတို့ရဲ့မတူကွဲပြားမှုကို လေးစားလက်ခံတဲ့အမြင်တွေကတော့ မရှိမဖြစ် လိုအပ်ပါတယ်။ မိသားစု၊ ကျောင်း၊ အလုပ်ခွင်၊ လူမှုအသိုင်းအဝိုင်းတွေကလည်း ခွဲခြားဆက်ဆံမှုကင်းပြီးတော့ လူတိုင်းပါဝင်ခွင့်ရတဲ့ ပတ်ဝန်းကျင် ဖန်တီးပေးမယ်ဆိုရင် LGBTတွေကလည်း လုံခြုံပြီးတော့ သူတို့ရဲ့ ပါဝင်ခွင့်တွေကလည်း ပိုပြီးမြင့်တက်လာမှာဖြစ်ပါတယ်။
ဇွန်လမှာကျရောက်တဲ့ Pride Month အတွက် သတင်းစကားပါးချင်တာကတော့ LGBTတွေအပေါ် လေးစားမှုနဲ့ မေတ္တာတရားကို တန်းတူထားပေးစေလိုပါတယ်။ နောက်တခုက ဖြစ်တည်မှုတွေက အပြစ်တခုလည်းမဟုတ်သလို၊ ရွေးချယ်မှုတခုလည်း မဟုတ်ဘူး။ သူတို့ရဲ့ဖြစ်တည်မှုတွေအတိုင်း ဂုဏ်သိက္ခာရှိစွာ၊ လုံခြုံစွာ၊ တန်းတူညီမျှစွာ နေထိုင်ခွင့်ရှိဖို့လိုအပ်တယ်။
အဲ့ဒါကြောင့် မတူကွဲပြားမှုကို နားလည်လက်ခံပြီးတော့ လူတဦးချင်းစီရဲ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကိုအလေးထားပေးဖို့၊ ကာကွယ်ပေးဖို့၊ စောင့်ရှောက်ပေးဖို့ကိုတိုက်တွန်းချင်ပါတယ်။










