တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ ( ဇွန် လ ၆ရက် မှ ၁၂)

ဇွန်လ ၆ရက်ကနေ ၁၂ ရက်အထိတပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information ကစုစည်းဖော်ပြလိုက်ပါတယ်။

ဒီတပတ်အမျိုးသမီးသတင်းတွေထဲ လူမှုကွန်ယက်မှာပေးတဲ့မှတ်ချက်တခုကြောင့်  နိုင်ငံတော်အစိုးရကို အကြည်ညိုပျက် စေဖို့ လှုံ့ဆော်တယ်ဆိုပြီး တောင်ကြီးမြို့က အမျိုးသမီးတဦးနဲ့ ပဲခူးမြို့က သက်ကြီး အဘွားတဦးကို စစ်ကောင်စီက ဖမ်းဆီးတဲ့ဖြစ်ရပ်က လူပြောများပြီးသတိထားဖွယ်သတင်းတခုဖြစ်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်ကို ရည်ညွှန်းသီဆိုတဲ့ “လရောင်အောက် ကုမုဒြာ” သီချင်းကိုဝေဖန်တဲ့ “ကေသီ ဘေဘီ တော်လောက်ပြီ” ဆိုတဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာရဲ့ ပိုစ့်မှာ မှတ်ချက်ပြုခဲ့သူနဲ့ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်အကြောင်းဖော်ပြတဲ့သတင်းတခုမှာ မှတ်ချက်ပြုခဲ့တဲ့ ၆၈ နှစ်‎အရွယ် အဘွားအို တို့ကိုဖမ်းဆီးခဲ့တာက လက်ရှိမြန်မာနိုင်ငံရဲ့ ဆိုရှယ်မီဒီယာပေါ်က လုံခြုံရေးအခြေအနေနဲ့ ဖိနှိပ်ချုပ်ချယ်မှုကို အထင်အရှားပြသနေတဲ့ ဖြစ်ရပ်တခုပဲဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ပိုစ့်တွေအောက်မှာ ဝေဖန်တာ၊ လှောင်ပြောင်သရော်တာတွေကို ဆိုရှယ်မီဒီယာမှာ အချိန်ပြည့်စောင့်ကြည့်ပြီး ဖမ်းဆီးဖို့လှုံ့ဆော်တာတွေက ပိုမိုများလာပါတယ်။ သာမာန်အရွှန်းဖောက်တဲ့ မှတ်ချက်လေးတခု ကိုတောင် ကြီးမားတဲ့ရာဇဝတ်မှုသဖွယ် သတ်မှတ်ပြီးပစ်မှတ်ထားဖမ်းဆီးသလို၊ ဒီအထဲ အမျိုးသမီး၊ အသက်မပြည့်သူနဲ့ အသက်အရွယ်အိုမင်းသူကိုပါမချန်ဘဲ ဖမ်းဆီတာတွေက ဆိုရှယ်မီဒီယာ သုံးသူတိုင်းသတိထားရမယ့် အခြေအနေဖြစ်နေပါတယ်။

ဒါ့အပြင် “လူကုန်ကူးခံရသည့် ပအိုဝ်းမိန်းကလေး ၁၄ ဦးအနက် ၁၀ ဦး ထွက်ပြေးလွတ်မြောက်” ဆိုတဲ့ လူကုန်ကူး သတင်းကလည်း အာဏာသိမ်းပြီးနောက် သတင်းစာမျက်နှာတွေမှာ မကြာခဏတွေ့ရလေ့ရှိပြီး၊ ပြည်တွင်းမလုံခြုံမှု၊ စီးပွားရေးအကြပ်အတည်းတွေကြောင့် ပြည်ပမှာ ငွေကြေးများများရမယ်အလုပ်အကိုင်ဆိုတဲ့ မက်လုံးအောက်မှာ လူကုန်ကူးခံလိုက်ရပြီး ကယ်သူမဲ့နေတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေကလည်း ယနေ့အချိန်ထိ ဘယ်သူကတာဝန်ယူ ကယ်တင်ပေးမလဲဆိုတာ အဖြေရှာနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းတွေအပြင်အခြားသော သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီး နဲ့သက်ဆိုင်တဲ့ သတင်း  (၁၁) ပုဒ်ကို ‘စုစည်းဖော်ပြလိုက်ပါတယ်။

  • ၈၁ ကီလိုမီတာ အပြေးစိန်ခေါ်မှုကို ၁၀ နာရီခွဲကြာ ပြေးပြီး အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့ ဒေါက်တာမြင့်မိုရ်ဦး
  • အသက် ၄၃နှစ်အရွယ် အလုပ်ပွဲစား မြန်မာအမျိုးသမီးတစ်ဦး ထိုင်းနိုင်ငံတွင် သတ်ဖြတ်ခံရ
  • တောင်ကြီးတွင် ဖေ့စ်ဘွတ်ခ်ပေါ် ကွန်မန့်ရေးသားသူ အမျိုးသမီး ၁ ဦးကို စစ်တပ်က ဖမ်းဆီး
  • လူကုန်ကူးခံရသည့် ပအိုဝ်းမိန်းကလေး ၁၄ ဦးအနက် ၁၀ ဦး ထွက်ပြေးလွတ်မြောက်
  • ၇ နှစ်အရွယ် မွန်ကလေးငယ်ကို သတ်ဖြတ်သူမှာ အသက်မပြည့်သေးသော ဦးလေးနှင့် အစ်မအရင်းဖြစ်နေ
  • သမ္မတ ပြောခွင့်ရသူကို လူမှုကွန်ရက်တွင် Comment ရေးသူ ၆၈ နှစ်‎ အဘွားအို ဖမ်းဆီးခံရ
  • အမေရိကန်ရောက် မြန်မာကျောင်းသူ တက္ကသိုလ် ၉၃ ခု ဝင်ခွင့်ရကာ ပညာသင်ဆု ဒေါ်လာ ၇ သန်းကျော် ကမ်းလှမ်းခံရ
  • ဘန်ကောက်တွင် တစ်ဦးတည်း အခန်းငှားနေထိုင်သည့် အသက် ၃၅ နှစ်အရွယ် မြန်မာအမျိုးသမီးတဦး အသတ်ခံရ
  • CDF- ဇိုဖေး ဌာနချုပ်ကို ဗုံးကြဲ၊ ကျန်းမာရေးအတွင်းရေးမှူး သေဆုံး
  • ဘန်ကောက်မှာမြန်မာအမျိုးသမီးကိုသတ်ဖြတ်ပြီးအလောင်းကိုအပိုင်းပိုင်းခုတ်ဖြတ်၊ခင်ပွန်းဖြစ်သူကိုရဲတွေရှာဖွေနေ
  • ကိန္နရာဆေးရုံတွင် ကိုယ်ဝန်ဆိပ်မြင့်တက်နေသော မိခင်ထံမှ ကလေးအမြွှာကို အောင်မြင်စွာ မွေးဖွား

၈၁ ကီလိုမီတာ အပြေးစိန်ခေါ်မှုကို ၁၀ နာရီခွဲကြာ ပြေးပြီး အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့ ဒေါက်တာမြင့်မိုရ်ဦး

Source -DVB

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် “81 for 81 Challenge” နဲ့ Global Proof of Life Challenge လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဒေါက်တာ မြင့်မိုရ်ဦးဟာ ၈၁ ကီလိုမီတာ အပြေးစိန်ခေါ်မှုကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါတယ်။

ဒေါက်တာမြင့်မိုရ်ဦးဟာ စိန်ခေါ်မှုမစတင်ခင်ကတည်းက ဇွန်လ ၇ ရက်နေ့မှာ ၈၁ ကီလိုမီတာကို တစ်ရက်အတွင်း ပြေးသွားမယ်လို့ ကြေညာခဲ့ပြီး သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ Rouse Hill Regional Park မှာ ပြုလုပ်မယ်လို့ အသိပေးထားခဲ့ပါတယ်။

စိန်ခေါ်မှုကို မနက် ၆ နာရီခွဲမှာ စတင်ခဲ့ပြီး ပြေးချိန်သီးသန့် ၁၀ နာရီခွဲ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ နားချိန်တွေ အပါအဝင် စုစုပေါင်းအချိန်ကတော့ ၁၄ နာရီကြာမြင့်ခဲ့ပြီး ည ၈ နာရီခွဲခန့်မှာ ၈၁ ကီလိုမီတာ ပြည့်မြောက်အောင် ပြေးနိုင်ခဲ့တာ ဖြစ်ပြီး အပြေးစိန်ခေါ်မှုအတွင်း ခြေလှမ်းပေါင်း ၉၅,၀၀၀ ကျော် လှမ်းခဲ့ရကာ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ စိတ်ဓာတ်ခိုင်မာမှုကို စမ်းသပ်တဲ့ စိန်ခေါ်မှုတခုအဖြစ် အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။

အပြေးသမားတဦးလည်း ဖြစ်သူ ဒေါက်တာမြင့်မိုရ်ဦးဟာ အရင်နှစ် သြဂုတ်လတုန်းကလည်း ဆစ်ဒနီ မာရသွန်ပြိုင်ပွဲကို မြန်မာရိုးရာရင်ဖုံးဝတ်စုံနဲ့ ဝင်ပြိုင်ပြီး ဂင်းနစ်စံချိန်တင်ခဲ့ဖူးပါတယ်။“81 for 81 Challenge” ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုရင်း သူ့ရဲ့ အခြေအနေကို နိုင်ငံတကာအသိုက်အဝန်းက ဆက်လက် အာရုံစိုက်နေစေဖို့ ရည်ရွယ်တဲ့ Global Proof of Life Challenge ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

အသက် ၄၃နှစ်အရွယ် အလုပ်ပွဲစား မြန်မာအမျိုးသမီးတစ်ဦး ထိုင်းနိုင်ငံတွင် သတ်ဖြတ်ခံရ

Source –သံလွင်ခက်

ထိုင်းနိုင်ငံ၊ ပထုမ်ဌာနီခရိုင်၊ လတ်လုံကဲတ်မြို့နယ်ရှိ နေအိမ်တစ်လုံးအတွင်း ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်ရှာဖွေပေးတဲ့  မြန်မာအမျိုးသမီး ပွဲစားတစ်ဦး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သတ်ဖြတ်ခံခဲ့ရတယ်လို့ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါ တယ်။

ဇွန်လ ၆ ရက် ညက လတ်လုံကဲတ်မြို့နယ်၊ နာမိုင်တိုက်နယ်၊ ရပ်ကွက် ၃ရှိ အစ္စလာမ်ဘာသာရေး ပညာဒါနဖောင်ဒေးရှင်း နောက်ဘက်နေအိမ်တစ်လုံးမှာ လူသတ်မှုဖြစ်ပွားတယ်လို့ သတင်းရရှိတဲ့အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေး အဖွဲ့ က သွားရောက်စစ်ဆေးခဲ့ရာသေဆုံးသူမှာ အသက် ၄၃နှစ်အရွယ် မြန်မာအမျိုးသမီးဖြစ်ပြီး ၎င်းအား အိပ်ခန်းအတွင်း သွေးအိုင်ထဲတွင် သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။

သေဆုံးသူရဲ့  အသက် ၁၆နှစ်အရွယ် သားဖြစ်သူ ထွက်ဆိုချက်အရ ၎င်းမိခင်က ထိုင်းနိုင်ငံကို လာရောက်အလုပ်လုပ် ကိုင်ကြတဲ့ မြန်မာလုပ်သားတွေကို အလုပ်ရှာဖွေပေးတာနဲ့ ညှိနှိုင်းဆောင်ရွက်ပေးတာ(ပွဲစား) လုပ်ငန်းကို လုပ်ကိုင်သူ ဖြစ်တယ်လို့ဆိုတယ်။

လူသတ်မှုကျူးလွန်ရတဲ့အကြောင်းရင်းကို တိကျစွာ မသိရသေးသော်လည်း လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ခန့်က မိခင်ဖြစ်သူကိုယ်တိုင် ဘန်ကောက်မြို့ရှိ ဆိုင်းထိုက်မိုင်(တောင်ပိုင်းကားဝင်း)က သွားရောက်ခေါ်ဆောင်လာခဲ့တဲ့ မြန်မာလူငယ်တစ်ဦးအပေါ် အထူးသံသယရှိနေတယ်လို့ သားဖြစ်သူက ထွက်ဆိုထားသလို ယင်းလူငယ်က အလုပ်ရရန် စောင့်ဆိုင်းရင်း ၎င်းတို့အိမ်မှာ လာရောက်တည်းခိုနေထိုင်ခြင်းဖြစ်ကာ လူသတ်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ပျောက်ဆုံးနေ တာပဲဖြစ်ပါတယ်။

လက်ရှိမှာ ရဲတပ်ဖွဲ့ဝင်တွေက ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာလူငယ်အား တရားခံအဖြစ် သံသယရှိထားပြီး ဥပဒေအရ အရေးယူနိုင်ရေးအတွက် အပူတပြင်း လိုက်လံရှာဖွေလျက်ရှိတယ်လို့သိရပါတယ်။

တောင်ကြီးတွင် ဖေ့စ်ဘွတ်ခ်ပေါ် ကွန်မန့်ရေးသားသူ အမျိုးသမီး ၁ ဦးကို စစ်တပ်က ဖမ်းဆီး

Source -DVB

ဖေ့စ်ဘွတ်ခ်ပို့စ်တခုအောက် ကွန်မန့်ရေးခဲ့တဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြိုနေ  Nang Akari  ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင် ဧကရီကျော်(ခ)နန်းဧကရီကျော်ဆိုသူကို စစ်အာဏာရှင်တပ်နဲ့ ရဲတပ်ဖွဲ့က ဇွန် ၆ ရက်နေ့ညက နေအိမ်မှာ လာရောက်ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကေသီ ဘေဘီ တော်လောက်ပြီ” ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ “လရောင်အောက် ကုမုဒြာ” သီချင်းနဲ့ ပတ်သက်တဲ့ ပို့စ်တခု တင်ထားခဲ့ပါတယ်။ အဲဒီပို့စ်ထဲမှာ “ဆိုရတာ ပါးစပ်ဝမှာ အရှက်ရှိ မရှိတော့ မသိဘူး၊ ကြားရတာ နားဝမှာတော့ ရှက်စဖွယ် စကားလုံးတွေပဲ၊ ဒါကြောင့် ကျွန်တွေမှာ အာဏာပါဝါ မရှိဘူး၊ သူတို့ကို ခိုင်းတဲ့အတိုင်း လုပ်ပေးရတာ” လို့ ရေးသားထားပါတယ်။

အဲဒီပို့စ်အောက်မှာ နန်းဧကရီကျော်က “ထဘီတရွတ်တိုက် ဝတ်လည်း ရွံတယ်နော်” လို့ ကွန်မန့် ရေးသားခဲ့ပြီး အဲဒီကွန်မန့်ဟာ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေဖို့ လှုံ့ဆော်တယ်ဆိုပြီး တောင်ကြီးမြို့နယ်ရဲစခန်းက ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်အထိ နန်းဧကရီကျော်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘဲ အမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

လူကုန်ကူးခံရသည့် ပအိုဝ်းမိန်းကလေး ၁၄ ဦးအနက် ၁၀ ဦး ထွက်ပြေးလွတ်မြောက်

Source -DVB

မူဆယ်မြို့ကို လူကုန်ကူးခံရတဲ့ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ တောင်လေးကျေးရွာက ပအိုဝ်းမိန်းကလေး ၁၄ ဦးထဲက ၁၀ ဦး ထွက်ပြေးလွတ်မြောက်လာခဲ့ပေမဲ့ ကျန် ၄ ယောက်ကတော့ အခုချိန်ထိ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အရွယ် အဲဒီ မိန်းကလေးတွေကို လားရှိုးမှာနေတဲ့ ပွဲစားအမျိုးသမီးက အလုပ်ရမယ်ဆိုပြီး မတ်လတုန်းက ရွာကို လာရောက်ခေါ်သွားခဲ့တာပါ။မူဆယ်ကို ရောက်တဲ့အခါ ဂိုဒေါင်တခုထဲမှာ ပိတ်လှောင်ထားခံခဲ့ရပြီး ဖုန်းတွေနဲ့ မှတ်ပုံတင်တွေလည်း ပွဲစားက သိမ်းထားခဲ့တယ်လို့ လွတ်မြောက်လာသူ မိန်းကလေးတယောက်က ပြောပါတယ်။”

ဒါကြောင့် အခွင့်အရေးရတဲ့အချိန် မိန်းကလေး ၁၀ ယောက် ထွက်ပြေးလို့ လွတ်မြောက်ခဲ့တာကြောင့် ကျေးရွာကို အကူအညီတောင်းခံခဲ့ကြပါတယ်။တောင်လေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးမင်းနဲ့ ဒေသခံတွေက မူဆယ်အထိ သွားရောက်ကူညီခဲ့ပြီး အဲဒီ ၁၀ ယောက်ကို ဘေးကင်းကင်းနဲ့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ၁၀ ဦး ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ပွဲစားတွေက ဂိုဒေါင်မှာ ကျန်ရှိနေသူတွေကို တခြားနေရာ ပြောင်းရွှေ့ ထားတယ်လို့သိရပါတယ်။လက်ရှိမှာတော့ ကျန်တဲ့ မိန်းကလေး ၄ ယောက်နဲ့ အဆက်အသွယ်မရတော့ တာကြောင့် မိသားစုဝင်တွေနဲ့ ဒေသခံတွေက အလွန်စိုးရိမ်နေကြပါတယ်။

၇ နှစ်အရွယ် မွန်ကလေးငယ်ကို သတ်ဖြတ်သူမှာ အသက်မပြည့်သေးသော ဦးလေးနှင့် အစ်မအရင်းဖြစ်နေ

 Source -သံလွင်ခက်

ထိုင်း-မြန်မာနယ်၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်ရှိ အသက် ၇နှစ်အရွယ် မွန်တိုင်းရင်းသူ နောင်အငွန်အသတ်ခံရမှုရဲ့ တရားခံမှာ အသက် ၁၇နှစ်အရွယ် ဦးလေးဖြစ်သူနဲ့ ၁၃နှစ်အရွယ် အစ်မအရင်းတို့ဖြစ်တယ်လို့ ဇွန်လ ၆ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့ပါတယ်။

စုံစမ်းစစ်ဆေးချက်တွေအရ အဆိုပါလူသတ်မှုက ၎င်းတို့နေအိမ်အတွင်းမှာပင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၎င်းတို့နှစ်ဦးက ကလေးငယ် သေဆုံးသွားပြီးနောက် ရုပ်အလောင်းကို အဝတ်အစားဗီရိုအတွင်း ဦးစွာဝှက်ထားခဲ့ကြပြီးနောက် လူမသိစေရန် ဘေးတွဲသုံးဘီးဆိုင်ကယ်ပေါ်တင်ကာ ပရန်ဖလယ်ကျေးရွာအုပ်စုရှိ ရော်ဘာခြံအတွင်းသို့ သွားရောက်စွန့်ပစ်ခဲ့တာဖြစ် တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့သော်လည်း၊ သိပ္ပံနည်းကျ DNA အထောက်အထားတွေနဲ့ အသေးစိတ် စစ်ဆေးမေးမြန်းခဲ့ရာမှာ ဦးလေးတော်စပ်သူနဲ့ အစ်မဖြစ်သူတို့ကိုယ်တိုင် ပူးပေါင်းကျူးလွန်ခဲ့တာဖြစ်တယ်လို့ အမှုမှန်ထွက်ပေါ်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာ လူသတ်မှု ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ဆွေမျိုးတော်စပ်သူ တရားခံနှစ်ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး သက်ဆိုင်ရာဥပဒေတွေနဲ့ အညီ ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်

သမ္မတ ပြောခွင့်ရသူကို လူမှုကွန်ရက်တွင် Comment ရေးသူ ၆၈ နှစ် အဘွားအို ဖမ်းဆီးခံရ

Source -DVB

‎လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ သတင်းတပုဒ်အောက်မှာ Comment ဝင်ရေးတဲ့ ပဲခူးမြို့နယ် ၊လိပ်ပြာကန်ရပ်ကွ‎က် မှော်ကန် ၁ လမ်းက အသက် ၆၈ နှစ်အရွယ် အဘွားအို ဒေါ်ကျင်စိုးကို အာဏာရှင်စစ်တပ် လက်အောက်ခံ ရဲတွေက ဇွန် ၅ ရက်က ဖမ်းဆီးခဲ့တယ်လို့ မြိုခံတွေဆီက သိ‎ရပါတယ်။

“သမ္မတပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးရဲ့ သတင်းအောက်မှာ ဇော်မဲလုံးညီမလား ဆိုပြီး သဘောရိုးနဲ့ မန့်လိုက်တာကို စစ်အုပ်စုလော်ဘီချန်နယ်တွေက စကရင်ရှော့ယူ နေရပ်လိပ်စာ စုံစမ်းပြီး ဖမ်းဆီးခိုင်းတာဖြစ်ပါတယ်။

ဇွန် ၄ ရက်က စစ်အာဏာရှင် လော်ဘီချန်နယ်‎တွေက မှတ်ချက် စကရင်ရှော့နဲ့ ဒေါ်ကျင်စိုး အသုံးပြုနေတဲ့ Daw Kyin Soe ဖေ့စ်ဘွတ်ခ်အကောင့်မှ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခါစက တင်ထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုကာ ဖမ်းဆီးခိုင်းခဲ့တာဖြစ်ပါတယ်။

အာဏာရှင်စစ်တပ်က ဇွန် ၇ ရက်က ထုတ်ပြန်တဲ့ ဒေါ်ကျင်စိုး ဖမ်းဆီးရမိတဲ့သတင်းရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြည်ထောင်စုလွှတ်‎တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နဲ့ပတ်သက်‎တဲ့ ပို့စ်တွေ မျှဝေ (Share) ခဲ့တာကြောင့် ဖမ်းဆီးတာလို့ ပါရှိပြီး ဘယ်ပုဒ်မနဲ့ အရေးယူထားတယ်ဆိုတာ ဖော်ပြထားခြင်း မရှိပါဘူး။

အမေရိကန်ရောက် မြန်မာကျောင်းသူ တက္ကသိုလ် ၉၃ ခု ဝင်ခွင့်ရကာ ပညာသင်ဆု ဒေါ်လာ ၇ သန်းကျော် ကမ်းလှမ်းခံရ

Source -Mizzima

အမေရိကန်၊ နယူးယောက်ပြည်နယ်၊ ဆာရာတိုဂါ စပရင်းမြို့မှ နေထိုင်တဲ့ မြန်မာနိုင်ငံသား အထက်တန်းကျောင်းသူ ဂင်္ဂါမိုးသူက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် အထက်တန်း နောက်ဆုံး နှစ်တွင် အမေရိကန်တနိုင်ငံလုံးမှ တက္ကသိုလ်နဲ့ ကောလိပ်ပေါင်း ၉၃ ခုရဲ့ ကျောင်းဝင်ခွင့် လက်ခံမှု ရရှိခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ သန်းကျော် ပညာသင်ဆု (Scholarship) ကမ်းလှမ်းမှုတွေ ရရှိခဲ့တယ်လို့ ပြည်တွင်း ရုပ်သံဌာန WNYT NewsChannel 13 က ဖော်ပြခဲ့ပါတယ်။

ဂင်္ဂါမိုးသူက Saratoga Central Catholic School မှ ကျောင်းသူတဦး ဖြစ်ပြီး ယခုကဲ့သို့ စံချိန်တင် အောင်မြင်မှုအတွက် ကျောင်းက သူမအား ဂုဏ်ပြုခဲ့ပါတယ်။ ထိုကျောင်းမှာ Mock Trial အစီအစဉ် (တရားခွင် စစ်မေးမှု လေ့ကျင့်သင်ခန်းစာ) တွင် ပါဝင်ခဲ့တဲ့ အတွေ့အကြုံနဲ ရှေ့နေတဦး ဖြစ်လာရန် ရည်မှန်းချက် ချထားသော ဂင်္ဂါမိုးသူက စာသင်ခန်းအတွင်း ဇွဲရှိရှိ ကြိုးစားမှုကြောင့် ယခုကဲ့သို့ အောင်မြင်မှု ရရှိခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ အမေရိကန်ကို ရောက်ရှိလာတဲ့ ဂင်္ဂါမိုးသူက သူ့အနေနဲ့ ယခုကဲ့သို့ ကြိုးစားအောင်မြင်မှုက မိခင်ဖြစ်သူကြောင့် ဖြစ်တယ်လို့ ဖွင့်ဟပြောဆိုသလို မိခင်ဖြစ်သူရဲ့ ကြံ့ကြံ့ခံနိုင် ရုန်းကန်မှုက သူ့အတွက် ရှေ့ဆောင်အဖြစ် အဓိကကျတယ်လို့ ပြောပါတယ်။

ဂင်္ဂါမိုးသူရဲ့ မိခင်က သမီးဖြစ်သူကို တကိုယ်တော် ပြုစုစောင့်ရှောက်ကာ အလုပ် သုံးခုအထိ လုပ်ကိုင်ခဲ့ ပြီး မိခင်ရဲ့ ဇွဲနပဲနဲ့ ရှေ့ဆောင်လမ်းပြမှုက ဂင်္ဂါမိုးသူရဲ့ အောင်မြင်မှုကို တွန်းအားပေးခဲ့ကြောင်း WNYT သတင်းတွင် ဖော်ပြထားပါတယ်။

ရှေ့ဆက် ပညာရေးအစီအစဉ်အဖြစ် ၂၀၂၆ ခုနှစ် ဆောင်းဦး စာသင်နှစ်တွင် နယူးယောက်ပြည်နယ်အတွင်းက ဘင်ဂမ်တန် တက္ကသိုလ်တွင် ဥပဒေ ဘာသာရပ်ကို ဆက်လက် သင်ကြားသွားမှာဖြစ်ပါတယ်။ ဘင်ဂမ်တန်တက္ကသိုလ်က US News & World Reportရဲ့  ၂၀၂၆ အဆင့်တွင် အမျိုးသားတက္ကသိုလ်များအနက် အဆင့် ၇၃ နဲ့ ပြည်သူ့ တက္ကသိုလ်များအနက် အဆင့် ၃၄ ရရှိထားပြီး၊ ကျောင်းပြီးဆုံးလျှင် အလုပ်အကိုင် အခွင့်အလမ်းနှင့် တန်ဖိုးအရ ထိပ်တန်း တက္ကသိုလ်များထဲပါဝင်ပါတယ်။

ဘန်ကောက်တွင် တစ်ဦးတည်း အခန်းငှားနေထိုင်သည့် အသက် ၃၅ နှစ်အရွယ် မြန်မာအမျိုးသမီးတဦး အသတ်ခံရ

Source -Khit Thit

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အဆောင်အခန်းတစ်ခုမှာ တစ်ဦးတည်း ငှားရမ်းနေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် မြန်မာအမျိုးသမီး မအိမွန်ထွေးမှာ ဓားဒဏ်ရာ ၇ ချက်ဖြင့် ရက်ရက်စက်စက် အသတ်ခံထားရသော ရုပ်အလောင်းကို တွေ့ရှိခဲ့ရ၍ ထိုင်းရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးရမိရေး ရှာဖွေနေတယ်လို့သိရပါတယ်။

ဇွန်လ ၁၀ ရက်နေ့ နံနက် ပိုင်းကဘန်ကောက်မြို့၊ ဘန်ခွန်ထီယန်ခရိုင်၊ သာခမ်း ရပ်ကွက်ရှိ အဆောင်တစ်ခုအတွင်း အနံ့ဆိုး ထွက်ပေါ်နေတာကြောင့် အဆောင်ပိုင်ရှင်ဖြစ်သူက သွားရောက်ခေါ်ယူခဲ့ပေမယ့် တုံ့ပြန်မှုမရှိတဲ့အတွက် သာခမ်းမြို့မရဲစခန်း ကို အကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ့၊ မှုခင်းဆရာဝန်တွေနဲ့ သက်ဆိုင်ရာအဖွဲ့တွေက လာရောက်စစ်ဆေးခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေက အခန်းကို ဖွင့်လှစ်စစ်ဆေးခဲ့ရာ အခန်းအတွင်း သွေးအိုင်ထဲတွင် မှောက်လျက် အနေအထားနဲ့ သေဆုံးနေတဲ့  အသက် ၃၅ နှစ်အရွယ် မြန်မာအမျိုးသမီး မအိမွန်ထွေး ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး၊ ထိုင်းအာဏာပိုင်တွေရဲ့ စုံစမ်းချက်အရ သေဆုံးသူမှာ အဆိုပါအဆောင်မှာ တစ်ဦးတည်း နေထိုင်တာ ၂ နှစ်ကျော်ပြီဖြစ်ပါတယ်။

ကနဦး ရုပ်အလောင်းစစ်ဆေးချက်တွေအရ သေဆုံးသူ မအိမွန်ထွေးရဲ့ ခန္ဓာကိုယ်ညာဘက်အခြမ်း၊ လည်ပင်းနဲ့ ရင်ဘတ်တို့မှာ ထိုးသွင်းဒဏ်ရာ စုစုပေါင်း ၇ ချက် တွေ့ရှိခဲ့ရသလို ရုပ်အလောင်းမှာ စတင်ပုပ်ပွကာ အနံ့ထွက်နေပြီဖြစ်ပါတယ်။ အခန်းအတွင်းမှာလည်း သွေးကွက်တွေနဲ့အတူ ရုန်းကန်တိုက်ခိုက်ထားတဲ့ အထောက်အထား၊ သံသယရှိသူရဲ့ ခြေရာကို ရေချိုးခန်းအတွင်း သံသယရှိသူ ချန်ထားခဲ့တဲ့ ဖိနပ်တစ်ဖက်နဲ့ အမှုအထောက်အထား ဖျက်ဆီးရန် ကြိုးပမ်းထားတဲ့ သွေးစွန်းနေသော ကြမ်းတိုက်တံတစ်ချောင်းတို့ကိုပါ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။

အဆောင်ပိုင်ရှင်ရဲ့  ပြောပြချက်အရ မအိမွန်ထွေးက တခြားသူတွေနဲ့ သိပ်ပြီးရောရောနှောနှော နေထိုင်လေ့မရှိဘဲ တစ်ဦးတည်း အေးအေးဆေးဆေး နေတတ်သူဖြစ်ကာ တခါတလေမှ အမျိုးသမီးသူငယ်ချင်းတချို့ လာရောက်လေ့ရှိပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့အထိ သူမကို ပုံမှန်အတိုင်း တွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

သေဆုံးသူက ယခင်ကလည်း အခန်းအတွင်း ဖောက်ထွင်းခိုးယူခံရတဲ့ ဖြစ်စဉ် အကြိမ် ကြိမ် ကြုံတွေ့ခဲ့ဖူးပြီး ပထမအကြိမ်တွင် ဘတ် ၅,၀၀၀ ခန့်၊ ဒုတိယအကြိမ်တွင် ဘတ် ၃,၀၀၀ မှ ၄,၀၀၀ ခန့် ခိုးယူခံခဲ့ရဖူးကာ ယခု အသတ်ခံရတဲ့ နောက်ဆုံးဖြစ်စဉ်မှာလည်း သူမ၏ လက်ကိုင်ဖုန်း ၁ လုံးနဲ့ ငွေသားတချို့ ထပ်မံပျောက်ဆုံးသွားကာ၊ ပတ်ဝန်းကျင် မျက်မြင်သက်သေများရဲ့ ထွက်ဆိုချက်အရ မအိမွန်ထွေးကို ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီခန့်မှာ နောက်ဆုံးအကြိမ် အသက်ရှင်လျက် တွေ့ရှိခဲ့ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

CDF- ဇိုဖေး ဌာနချုပ်ကို ဗုံးကြဲ၊ ကျန်းမာရေးအတွင်းရေးမှူး သေဆုံး

Source –ဧရာဝတီ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဇိုဖေး (Zophei) ဒေသ အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Zophei) ဌာနချုပ်နဲ့ အနီးဝန်းကျင်ကို ဇွန်လ၁၁ရက် နံနက်ပိုင်းက လေကြောင်းအင်အား အလုံးအရင်းနဲ့ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဇိုဖေရမ်ကောင်စီ ကျန်းမာရေးဌာန အတွင်းရေးမှူးဖြစ်သူ အသက် ၂၈ နှစ် အရွယ် ဆရာမ Van Dawt Chin (ခ) ချင်းချင်းနေရာမှာပင် သေဆုံးခဲ့ပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ဒေသခံတွေထံမှ သိရပါတယ်။

သေဆုံးသွားတဲ့ Van Dawt Chin သည် မုံရွာတက္ကသိုလ်မှ ဥပဒေကျောင်းဆင်းတဦးဖြစ်ပြီး ဒေသတွင်း တရားရေးကဏ္ဍ၌ အဓိကအားကိုးရသူတဦး ဖြစ်ပါတယ်။၎င်းက ထန်တလန်မြို့ပေါ် TABC ရပ်ကွက်တွင် နေထိုင်ခဲ့သူဖြစ်ကာ စစ်တပ်က မြို့ကို မီးရှို့ဖျက်ဆီးပြီးနောက် စစ်ဘေးရှောင်နေရသူလည်း ဖြစ်ပါတယ်။

 ပြီးခဲ့သည့် ညီလာခံအပြီးမှာ ဇိုဖေရမ်ကောင်စီရဲ့ကျန်းမာရေးဌာန အတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရပြီး တာဝန် ထမ်းဆောင်နေစဉ် ယခုကဲ့သို့ ကျဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဘန်ကောက်မှာမြန်မာအမျိုးသမီးကိုသတ်ဖြတ်ပြီးအလောင်းကိုအပိုင်းပိုင်းခုတ်ဖြတ်၊ခင်ပွန်းဖြစ်သူကိုရဲတွေရှာဖွေနေ

Source – People’s Spring

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ် တောက်ခံ ထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

အသက် ၃၄ နှစ်အရွယ် မအေးအေးနွယ် ပျောက်ဆုံးနေကြောင်း ဆွေမျိုးတစ်ဦးရဲ့ တိုင်ကြားမှုကြောင့် ရဲတွေက သေဆုံးသူနဲ့ ခင်ပွန်းဖြစ်သူ အတူနေထိုင်တဲ့ ရတ်ချာသီဝီ ခရိုင်ထဲက တိုက်ခန်းကို သွားရောက် စစ်ဆေးရင်း အလောင်းကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၁၂ ရက်နေ့မှာ ဒင်ဒန်း ရဲစခန်းရဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သုံးထပ်တိုက် တစ်လုံးမှာရှိတဲ့ တိုက်ခန်းကို ဝင်ရောက် စစ်ဆေးခဲ့တဲ့အခါ ဝရန်တာမှာ ထုတ်ထားတဲ့ အမည်းရောင် ပလတ်စတစ် ပုံးကနေ အနံ့ဆိုးတွေ ထွက်နေတာကို သတိပြုမိခဲ့ပါတယ်။ ဖွင့်ကြည့်တဲ့ အခါမှာတော့ အပိုင်းပိုင်း ဖြတ်ခံထားရတဲ့ အလောင်းကို ပလတ်စတစ်တွေနဲ့ ပတ်လျက်သား ရှာတွေ့ခဲ့ပြီး၊ဇွန်လ ၁၂ ရက် မနက်ပိုင်းထိ အခြေအနေ အရတော့ ဦးခေါင်းအပါအဝင် ပျောက်ဆုံးနေတဲ့အလောင်းအစိတ်အပိုင်းတချို့ကိုလည်း ရဲတွေကလိုက်ရှာနေပါတယ်။

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို စစ်ဆေးကြည့်တဲ့အခါ လူသတ်မှု ဖြစ်ခဲ့တယ်လို့ ယုံကြည်ရတဲ့ အချိန်လောက်မှာ မအေးအေးနွ​ယ်ရဲ့ ခင်ပွန်းဖြစ်တဲ့ အောင်ပြည့်ဟာ လက်ဆွဲသေတ္တာ တစ်လုံးကို ယူဆောင်ပြီး ထွက်ခွာသွားကြောင်း လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။ အောင်ပြည့် ထွက်ခွာသွားတာ ဘယ်နေ့လဲ ဆိုတာကိုတော့ ရဲတွေက အတိအကျ မပြောသေးပါဘူး။

လူသတ်မှုဖြစ်ရတဲ့အ ကြောင်းရင်းကိုလည်း မသိရသေးပေမယ့် သဝန်တိုမှုနဲ့ ဆက်စပ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေပါပြီးသူတို့လင်မယားဟာ အရင်ကလည်း ခိုက်ရန်မကြာခဏ ဖြစ်လေ့ရှိကြောင်း အကြောင်းသိတွေက ပြောပါတယ်။

သေဆုံးသူ မအေးအေးနွယ်ဟာ ခလွန်ထွိုင် ဧရိယာမှာ စားပွဲထိုးအဖြစ် အလုပ်လုပ်နေသူ တစ်ဦး ဖြစ်ပြီးသေမှုသေခင်း စစ်ဆေးမှုနဲ့ DNA တိုက်ဆိုင် စစ်ဆေးမှုတွေကိုတော့ ရဲတွေက စောင့်ဆိုင်းနေဆဲပါ။အဓိကသံသယ ရှိခံရသူ အောင်ပြည့်ကတော့ ဖက်ချာဘူရီမှာ စားဖိုမှူးအဖြစ် အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အမှုကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ကိန္နရာဆေးရုံတွင် ကိုယ်ဝန်ဆိပ်မြင့်တက်နေသော မိခင်ထံမှ ကလေးအမြွှာကို အောင်မြင်စွာ မွေးဖွား

Source- Karenni Peoples Voice

​ကရင်နီပြည်နယ် ကိန္နရာဆေးရုံတွင် ကိုယ်ဝန်ဆိပ်တက်မှု အမြင့်ဆုံးအဆင့် ခံစားနေရတဲ့မိခင်တစ်ဦးထံမှ အမြွှာပူးယောင်္ကျားလေးအောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ ကိန္နရာ ဆေးရုံအုပ် ဒေါက်တာမေက KPV သတင်းဌာနကို ပြောပါတယ်။

အဆိုပါ အမြွှာပူးကလေးငယ်များကို Dove KK က ဦးစီးဖွင့်လှစ်ထားတဲ့ ကိန္နရာဆေးရုံမှာဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက စက္ကန့်ပိုင်းသာခြား၍ မွေးဖွားပေးခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိမှာ ကလေးငယ်တွေက ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး၊ မိခင်ဖြစ်သူမှာမူ ကိုယ်ဝန်ဆိပ်တက်တဲ့ဒဏ်ကြောင့် ဆေးရုံမှာအနီးကပ်စောင့်ကြည့်ကုသမှု ခံယူနေရဆဲဖြစ်ပါတယ်။

အချင်းတစ်ခုတည်းရှိတဲ့ အမြွှာကိုယ်ဝန်အမျိုးအစားက ကလေးနှစ်ဦးအကြား အာဟာရခွဲဝေမှုမညီမျှခြင်း၊ လမစေ့ဘဲ ပေါင်မပြည့်ဘဲ မွေးဖွားခြင်း၊ ခြေလက်င်္အဂါနဲ့ဦးနှောက်ချို့ယွင်းမှု ဖြစ်ပွားနိုင်ခြေ အများဆုံးရှိခြင်းတို့ကြောင့် ဆေးဘက်ဆိုင်ရာမှာ အထူးသတိပြုရတဲ့အခြေအနေဖြစ်တယ်လို့ဆိုတယ်။