ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်မှ ကလေးများကို ပြုစုရင်း အဝတ်လျှော်အလုပ်လုပ်ကာ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရသည့် မိခင်တစ်ဦး၏ သရုပ်ဖော်ပုံ။

သားသည်မအေ အိမ်ထောင်ဦးစီး

မောင်မေယု// လူမူဘဝဆောင်းပါး //

ရေကန်ပုပုကလေးဘေးတွင် မိန်းကလေးငယ်တယောက် အလုပ်ရှုပ်နေသည်။ ထိုရေကန်ငယ် ဘေးတွင် အဝတ်များ လျှံထွက်အောင်ထည့်ထားသော စတီးအင်တုံကြီးတလုံး ၊ ကာဘော်လိပ် ဆပ်ပြာခဲ တခဲ ၊ ခုံပုပုကလေးတခုံနှင့် အဝတ်လျှော်ဖွတ်သည့် ပျဉ်ကြီးတပျဉ်က သူ့ကို အသင့်စောင့်နေလေသည်။ သူသည် ရေကန်ကြီးထဲမှ ရေကို ရေကန်ပုပုကလေးထဲသို့ ခပ်ထည့်သည်။ ရေပြည့်သောအခါ ခုံပုပုကလေးမှာ ကျကျနနထိုင်လိုက်၏။ ပြီးသည်နှင့် သူ၏ နိစ္စဓူဝ လျှော်ဖွတ်ခြင်းအလုပ်ကို စပါလေတော့သည်။

အမိုးအကာ မရှိသည့် နေပူကျဲကျဲအောက်တွင် အဝတ်များကို အာရုံစိုက်၍ လျှော်ဖွတ်နေခြင်းကြောင့် ချွေးသုတ်ရန်ပင် မအား။ အပွင့်ဖြူများပါရှိသော ပန်းရောင်အဝတ်စကို ခေါင်းပေါင်းအဖြစ် ပေါင်းထားသော်လည်း ပူပြင်းလှသည့် အယ်နီညိုဖောက်ပြန်ရာသီဥတု၏ အပူရှိန်က သူ့ကို မသနား။ ချွေးလုံးကြီးများမှာ ဘယ်စီးညာစီး။ သို့သော်လည်း ဒီတအိမ်ပြီးလျှင် အခြားတအိမ်သို့ ကူးရမည်ဖြစ်၍ သူ့မှာ နားချိန်ပင် မရချေ။

သူသည် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ ရွာမရွာ အနောက်ဘက်တွင် နေထိုင်သူ ကလေး ၄ ယောအသက် ၂၇ နှစ်အရွယ် မချမ်းမြေ့ခိုင်ပင် ဖြစ်သည်။ ချမ်းမြေ့ခိုင်သည် ဟိန္ဒူဘာသာဝင် အမျိုးသမီးတဦးဖြစ်ပြီး သူ့အသက်မွေး ဝမ်းကျောင်းအလုပ်မှာ အိမ်တကာလှည့်၍ အဝတ်လျှော် ရေခပ်ခြင်းပင်။

သူ့အမည်မှာ အလွန်သာယာချမ်းမြေ့သော နိမိတ်ကို ဆောင်သော်လည်း သူ့ဘဝသည်ကား မ,ချမ်းမြေ့နိုင်ပေ။ လောကဓံကို သူခံနိုင်ရည်ရှိဖို့ ကြိုးစားရင်း ရင်သွေးငယ်များအတွက် ခက်ခဲသော ခရောင်းလမ်းကို အားတင်း ကျော်ဖြတ်နေသူဟု ဆိုရပေမည်။

“ကျမမှာ လင်တော့ ရှိတယ်၊ ဒါပေမဲ့ သေသူနဲ့ မခြား၊ အားကိုးမရတဲ့အပြင် ဒုက္ခပါ ထပ်ပေးနေသေးတယ်၊ မိသားစု စားဝတ်နေရေးအတွက် ကျမရဲ့ လုပ်အားခနဲ့ တလစာ ဝယ်စုထားတဲ့ ဆန်တွေကို ခိုးရောင်းပြီး အရက် သောက်လိုက်၊ ပိုက်ဆံတောင်းလို့ မရရင် အိမ်ကို ဖြိုသတ်(ဖျက်ဆီး)လိုက်နဲ့ လင်ဆိုးရဲ့ ဒုက္ခကို ခံရတာက အမျိုးမျိုး ပါပဲ” ဟု လင်ယောက်ျားနှင့် ပတ်သက်၍ မချမ်းမြေ့ခိုင်မှ ပြောပြဖူးသည်။

မချမ်းမြေ့ခိုင်သည် ဆင်းရဲသည့် မိဘနှစ်ပါးမှ မွေးဖွားလာသူ ဖြစ်သည်။ အရွယ်ရောက်သောအခါ ချစ်သူရည်းစားရလာ၏။ သူ့ အသက် ၁၆ နှစ်ခန့်တွင် ချစ်သူကို ယုံကြည်၍ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ကျော်လွှားကာ လင်နောက်ကို ခိုးရာလိုက်ခဲ့လေသည်။ အိမ်ထောင်ကျပြီး နောက်ပိုင်းတွင် ကြုံရာကျဘန်း အလုပ်သမားဖြစ်သူ လင်ယောက်ျားသည် အချိုးပြောင်းလာသည်။ အလုပ်အဆင်မပြေသည်ကို အကြောင်းပြကာ သူ့ပတ်ဝန်းကျင်တွင်မြင်တွေ့ရလေ့ရှိသည့် ယောက်ျားအများစု၏ ထုံးစံအတိုင်း အရက်ကို မှီဝဲတတ်လာ၏။

သားသမီးများ ၁နှစ်တယောက်မွေးပြီး ၃ယောက်မြောက်သည့် နောက်ပိုင်းတွင် လင်ဖြစ်သူမှာ အရက်သမား လုံးလုံး ဖြစ်သွားလေသည်။ ရှာ၍ ရသမျှ ပိုက်ဆံကို အရက်ဖိသောက်ပြီး မိသားစုကို လုံးဝ လှည့်မကြည့် ဖြစ်လာသည်။ ထိုချိန်မှ စ၍ ချမ်းမြေ့ခိုင်တယောက် ကလေးတဖက်နှင့် အလုပ် ထွက်လုပ်ရလေတော့သည်။ အတန်းပညာ လည်း မတတ် ၊ အရင်းအနှီးလည်း မရှိ ၊ အသိမိတ်ဆွေလည်း နည်းပါးသည့်အတွက် အလွယ်တကူ ရှာ၍ရသည့် အဝတ်လျှော်၊ ရေခပ်ခြင်း အလုပ်ဖြင့်သာ အသက်မွေးရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။

ယခု ရခိုင်တပြည်လုံး ပြည်တွင်းစစ်မီး တောက်လောင်ချိန်တွင် မချမ်းမြေ့ခိုင်၌ ကလေး ၄ယောက်ထိ ပိုင်ဆိုင်ထားပြီဖြစ်သည်။ တရက်လုံး တအိမ်ဝင်တအိမ်ထွက် အဝတ်လျှော်ရေခပ်၍ ရသမျှကို ဆန်ဝယ် ၊ ဟင်းဝယ် ရသည်။ ကြက်ဥနှင့်ငါးခြောက်သည် ချမ်းမြေ့ခိုင်တို့ မိသားစုအတွက် မရိုးနိုင်သော ဟင်းလျှာများပင်ဖြစ်သည်။ အိမ်ပြန်ရောက်လျှင် လင်ဖြစ်သူသည် အရက်ဖိုးတောင်းရန် အသင့်စောင့်နေသေးသည်။ မပေးနိုင်လျှင် ရန်ဖြစ် စကားများရပြီး တခါတလေမှာ အသတ်အထောင်း(အရိုက်အနှက်)ပင် ခံရသေးသည်။ သို့သော် မြန်မာ့လူမှု အသိုင်းအဝိုင်းအတွင်း အရိုးစွဲလွဲမှားနေသည့် စံနှုန်းတခုဖြစ်သော “သားသမီးမျက်နှာကိုထောက်၍ လင်ဆိုးကို သည်းခံပေါင်းနေ ရသည်”ဆိုသည့် အစဉ်အလာအတိုင်း သားသမီးတို့၏ မျက်နှာကိုထောက်၍ ချမ်းမြေ့ခိုင် တယောက် သည်းခံခဲ့လေသည်။ သို့ဖြစ်၍ လင်ဖြစ်သူအား သေလူနှင့်မခြားဟု ဆိုခြင်းဖြစ်ပါသည်။

မြန်မာတို့၌ စကားပုံတခု ရှိသည်။ ‘အိမ်ထောင်ပြု ၊ ဘုရားတည် ၊ ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုး ချက်မပိုင် နောင်ပြင်ရန် ခက်သည့်အမျိုး’ ဟု ဆိုသည်။ ဆိုသည့်အတိုင်းပင် တက်တူးမထိုးခင်၊ ဘုရားမတည်ခင်နှင့် အိမ်ထောင် မပြုခင်မှာ အမှားမဖြစ်ရလေအောင် ချင့်ချိန်စဉ်းစား ဆင်ခြင်ရပါသည်။ ချမ်းမြေ့ခိုင်သည် အိမ်ထောင်ပြုခြင်းကို ပေါ့ပေါ့တန်တန်တွေးပြီး စဉ်းစားဆင်ခြင်မှု မပြုလုပ်ခဲ့ဘဲ အရွယ်မတိုင်ခင် အိမ်ထောင်ပြုမိခဲ့သည့်အပေါ် နောင်တ ရနေသည်ကိုလည်း တွေ့ရသည်။

သို့ဖြစ်၍ “ မိန်းကလေးတွေ လောကကြီးအကြောင်းကို ဂဃနဏ မသိတဲ့အရွယ် ကျမလို ငယ်ရွယ်ချိန်မှာ အိမ်ထောင်မပြုကြဖို့ အလေးအနက် တိုက်တွန်းချင်တယ်” ဟု ချမ်းမြေ့ခိုင်က ဆိုသည်။

ယခုအချိန်တွင် ပြင်၍မရတော့သည့် သူ့ဘဝကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားရုန်းကန် နေသည်ကို တွေ့ရသည်။ လင်ဖြစ်သူကို အားကိုးမရသည့် အချိန်မှစ၍ သူသည် မိသားစုစားဝတ်နေရေးကို ဦးစီးရသည့် အိမ်ထောင်ဦးစီး ဖြစ်လာသည်။ ကလေးတွေအတွက် အမေလည်းသူ၊ အဖေလည်းသူ ဖြစ်လာသည်။

လူအများစုသည် အိမ်ထောင်ဦးစီးဆိုလျှင် ယောက်ျားများကိုသာ ပြေးမြင်ကြသည်။ အမှန်ဆိုလျှင် အိမ်ထောင်တခုကို ဦးစီးဦးဆောင်နိုင်သူကိုမှ အိမ်ထောင်ဦးစီးဟု ခေါ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် လင်ယောက်ျား တိုင်းကို အိမ်ထောင်ဦးစီးဟု မသတ်မှတ်သင့်ချေ။ ယောက်ျားများထက် ထက်မြက်သော အမျိုးသမီးတို့ ဦးဆောင်သည့်မိသားစု များစွာရှိသည်ကို သတိထားကြရမည်။ မချမ်းမြေ့ခိုင်၏ မိသားစုတွင် အိမ်ထောင်ဦးစီးလည်း သူကိုယ်တိုင်ဖြစ်ပြီး သူသည်ပင် ရင်သွေးငယ်များ၏ ဝေယျာဝိစ္စနှင့် အိမ်မှုကိစ္စအဝဝကို စီမံဆောင်ရွက်ရသော အိမ်ထောင်ရှင်မလည်း ဖြစ်လေသည်။

လက်ရှိနိုင်ငံရေးအခြေအနေအရ သူတို့ မိသားစု စားဝတ်နေရေးအတွက် ၁လလျှင် ဆန် ၁အိတ်ကျော် လိုအပ်ပြီး အသုံးစရိတ် အနည်းဆုံး ကျပ် ၁သိန်း၅သောင်းခန့် လိုအပ်သည်ဟု ဆိုသည်။ ထိုဆန်နှင့်ပိုက်ဆံကို တလအတွင်း ရရှိရေးသည် သူ့အတွက် မဟာတိုက်ပွဲကြီးပင်ဖြစ်သည်။ ထိုတိုက်ပွဲကို မနိုင်လိုက်လျှင် မိသားစု ထမင်းငတ်ရမည်။ သို့ဖြစ်၍ နေပူမရှောင်၊ မိုးရွာမရှောင် တအိမ်ဝင် တအိမ်ထွက် အဝတ်လျှော်၊ ရေခပ်ရန် သွားနေရ ခြင်း ဖြစ်သည်။

“ကျမမှာ လစာနဲ့ အဝတ်လျှော်တဲ့အိမ် ၃အိမ် ရှိတယ်၊ တအိမ်က ၅သောင်း ရတယ်၊ ဒီအတိုင်း ပုံမှန် လျှော်ဖွက်နေရရင် မိသားစုဘဝက မပြည့်စုံရင်တောင် ထမင်းတော့ မငတ်၊ ဒါပေမဲ့ စစ်ပွဲတွေ ပြင်းထန်ပြီး ဗုံးမိုးတွေ ရွာချမယ့် အချိန်ကိုတော့ စိုးရိမ်မိတာပေါ့”ဟု သူက ဆိုသည်။

ပြီးခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ရခိုင်ပြည် မြို့သိမ်းတိုက်ပွဲ များတွင် ချမ်းမြေ့ခိုင်တို့ မိသားစု ကြီးစွာ ဒုက္ခရောက်ခဲ့ကြသည်။ တမြို့လုံး မြို့ကိုစွန့်ခွာပြီး ရှောင်တိမ်းခဲ့ကြရသည့် အတွက် အဝတ်လျှော်မည့်အိမ်များ ပျောက်ခဲ့ရသည်။ ထိုချိန်တွင် ချမ်းမြေ့ခိုင်သည် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ အလုပ်မရှိသည့်အတွက် စားဝတ်နေရေး အလွန်ခက်ခဲခဲ့သည်။ ရှိစုမဲ့စုများနှင့် မြို့သိမ်း ကာလကို ငတ်တလှည့် ပြတ်တလှည့် ကျော်ဖြတ်ခဲ့ရသည်။ သူတို့နေထိုင်သည့် ရွာကလေးသည် မြို့ဧရိယာထဲ ပါရှိသည့်အတွက် ဆွေမျိုးများ ရှိသည့် လုံခြုံမည့်တနေရာသို့ ရှောင်တိမ်းခဲ့ကြရသည်။

ရခိုင်ပြည် ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခု၊ မေ ၁၈ တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း ထိုရက်မတိုင်ခင် စစ်ကောင်စီတပ်နှင့် မူဆလင်စစ်သွေးကြွအချို့ ပူးပေါင်းပြီး မြို့ကလေးကို မီးတိုက် (မီးရှို့)ဖြိုဖျက်မှု ရှိခဲ့သည်။ သို့ဖြစ်၍ မြို့ကလေးသည် ပြာပုံဖြစ်ခဲ့ရသည်။ ထိုအထဲ ချမ်းမြေ့ခိုင်တို့၏ အိမ်ကလေးပါ ပါသွားခြင်းက စိတ်မချမ်းမြေ့စရာ။

“အိမ်ကို ပြန်ဝင်လာတော့ အိမ်က မရှိတော့ဘူး၊ တမြို့လုံးနီးပါး ဖြိုဖျက်ခံခဲ့ရတယ်၊ ခံစားရတာပေါ့၊ မတတ်နိုင်ဘူးလေ၊ ကလေးတပုံတပွေ့နဲ့ အမေ့အိမ်မှာ ခိုကပ်ပြီး နေတယ်၊ ထမင်းတဆုပ်ကို အေးအေးချမ်းချမ်း ရှာဖွေ စားချင်ပါတယ်၊ အခု စစ်ပွဲမရှိရင်လည်း လေကြောင်းကနေ ဗုံးကြဲနေတာက ကြောက်စရာမဟုတ်လား၊ လေကြောင်းရန်ကြောက်လို့ လူတွေ နောက်ထပ်တကြိမ် ရှောင်တိမ်းကြရင် ဒုက္ခ” ဟု အလုပ်လက်မဲ့ဘဝကို ထပ်ကြုံရမည်စိုးကာ စိတ်ပူနေသည့် ချမ်းမြေ့ခိုင်က ဆိုသည်။

ချမ်းမြေ့ခိုင်သည် အသက် ၂၇ ဟု ဆိုသော်လည်း အရွယ်နှင့်မလိုက်အောင် အလုပ်လုပ်နေရပြီး မနိုင်သော ဝန်ထုပ်ဝန်ပိုးကို ထမ်းနေရခြင်းကြောင့် အသက် ၃၀ ကျော်၊ ၄၀ အရွယ် ပေါက်နေလေသည်။ သို့သော်လည်း သူ၏ ရင်သွေးငယ်များ လူလားမြောက်ရေးအတွက် တာဝန်မပျက် ရှာဖွေကျွေးမွေးနေလေသည်။

နေလုံးကြီးသည် လောကလူသားများကို ရောင်ခြည်နှင့် မညှာမတာ နှိပ်စက်နေလေသည်။ အယ်နီညို ရာသီဥတုကြောင့် အပူရှိန်က သိသိသာသာ ပြင်းနေသည်။ ထိုအပူဒဏ်ကို အံတု၍ အမိုးအကာ မရှိသည့် ရေကန်ငယ် ဘေးတွင် ချမ်းမြေ့ခိုင်တယောက် စောင်တထည်ကို မနိုင်တနိုင်ထမ်း၍ လျှော်ဖွက်နေလေသည်။ စောင်၏ အစွန် တဖက်ကို ကန်ပေါင်မှာတင်ပြီး ကျန်တဖက်ကို အရိုးစုသာသာရှိသော လက် ၂ဖက်နှင့် စေတနာပါပါ ညှစ်နေ လေသည်။

ခန္ဓာကိုယ် ပင်ပန်းခြင်းထက် အိမ်ရှင်၊ အလုပ်ရှင်တို့က “နင် လျှော်ဖွတ်တာ အဆင်မပြေဘူး၊ စင်အောင် (ပြောင်အောင်) မလျှော်တတ်ရင် ထားခဲ့” ဟု ဆိုကာ အလုပ်ဖြုတ်ခံရမည်ကို ပိုကြောက်မိသည်ပင် မဟုတ်လား။