Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

နိုဝင်ဘာ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

  • စစ်ရေးပဋိပက္ခဒေသက အမျိုးသမီး ၉ သန်းကျော်အတွက် လူသားချင်းစာနာမှုအကူအညီတွေလိုအပ်

မြန်မာနိုင်ငံရှိ စစ်ဖြစ်ပွားရာဒေသများမှ အမျိုးသမီး ၉သန်းကျော်အတွက် လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိုအပ် နေတယ်လို့ UN Myanmar ရဲ့ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီအရေးပေါ်လိုအပ်နေတဲ့ အမျိုးသမီးနဲ့မိန်းကလေး (၉ ဒသမ ၂) သန်းရှိပြီး လူဦးရေထက်ဝက်ကျော်ဟာ  ဆင်းရဲနွမ်းပါးစွာနေထိုင်ကြရတာဖြစ်တယ်။

ကျား-မ အခြေပြုအကြမ်းဖက်မှုတွေဟာ ကမ္ဘာတစ်ဝှမ်းရှိ‌ နေရာတိုင်းမှာ ပျံ့နှံနေရှိပြီး မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့  အရေးပေါ်အခြအနေတွေမှာလည်း အကြမ်းဖက်မှုတွေတိုးပွားနေတယ်လို့ နိုဝင်ဘာလ ၂၅ ရက်ရဲ့ထုတ်ပြန်ချက်မှာ ဆိုထား ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်အတွင်း အိုးအိမ်မဲ့နေထိုင်ရမှုမြင့်တက်ခဲ့သလို ယခုအခါမှာလည်း ပြည်တွင်းနေရပ်စွန့်ခွာသူ (၂)သန်းကျော် ရှိတဲ့ အနက် (၅၃)ရာခိုင်နှုန်းမှာ အမျိုးသမီးတွေဖြစ်တယ်။ စစ်ပွဲဖြစ်ပွားရာဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ကျန်းမာ ရေးနဲ့ စားသောက်နေထိုင်ရေးခက်ခဲနေပြီး အကူအညီအထူးလိုအပ်နေတယ်လို့ အမျိုးသမီးရေးလှုပ်ရှားတဲ့အဖွဲ့တွေက ထောက်ပြ နေကြပါတယ်။

Source – Mizzima  

  • မူဆယ်မှာ ပရဟိကားတစ်စီး ပစ်ခံရပြီး စစ်ရှောင်သားအမိ ၂ ဦး ဒဏ်ရာရ

ရှမ်းမြောက် မူဆယ်မြို့နယ်၊ နိုဝင်ဘာ ၃၀ ရက်မှာ စစ်ရှောင်တွေကိုကြိုပြီး ပြန်လာတဲ့မေတ္တာပန်းခင်းပရဟိတအသင်းဟာ ၁၀၅ မိုင်နဲ့မူဆယ်ကြား တုန်ခမ်းဓာတ်ဆီဆိုင်နားမှာ ပစ်ခံရလို့ ကားပေါ်ပါလာတဲ့ အသက် ၆၀ အရွယ်စစ်ရှောင်အမျိုးသမီးနဲ့သမီး ဖြစ်သူတို့ ဒဏ်ရာရခဲ့တာဖြစ်တယ်။

ဘယ်လက်နက်ကိုင်တပ်ဖွဲ့က ပစ်ခတ်ခဲ့တာလဲဆိုတာ မသိရသလို ပြည်သူတွေကို အကူအညီပေးနေတဲ့ ပရဟိတကားတွေ ကို ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို အခုလိုပစ်ခတ်တာတွေ မဖြစ်သင့်ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကစပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအာင်းတပ်မတော်- TNLA၊ ရခိုင်တပ်တော်- AA၊ ကိုးကန့်တပ်- MNDAA နဲ့ စစ်တပ်တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

ရွှေဖီမြေက ပြုစုထားတဲ့စာရင်းအရ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ မနေ့ နိုဝင်ဘာ ၂၉ ရက်အထိ ၁ လကျော်အတွင်း အရပ်သား ၈၈ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၅၀ ဦးရှိပြီဖြစ်တယ်။

Source – ရွှေဖီမြေ

  • ဖလမ်းမှာ လက်နက်ကြီးကျလို့ အသက်(၁၀၅)နှစ်ရှိတဲ့အဖွားအိုတစ်ဦးသေဆုံး

ချင်းပြည်နယ် ဖလမ်းမြို့နယ် စီဇာမွာလ်ရွာက လူနေအိမ်အပေါ် နိုဝင်ဘာလ (၂၇) ရက်က မနက်ပိုင်း ၁ နာရီခွဲခန့်မှာ လက်နက် ကြီးကျရောက်ပေါက်ကွဲလို့ အသက် (၁၀၅)နှစ်အရွယ် အမျိုးသမီးအဖွားအို တစ်ဦးသေဆုံးပြီး၊ အသက် (၆၅) နှစ်အရွယ် အမျိုး သမီးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဖလမ်းမြို့ အခြေစိုက်တဲ့ ခလရ ၂၆၈ တပ်ကနေ ပစ်ခတ်လိုက်တဲ့ လိုက်နက်ကြီးဟာ ဖလမ်းမြို့နယ် စီဇာမွာလ်ရွာက လူနေအိမ် တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်။

စစ်ကောင်စီတပ်လက်နက်ကြီး ရမ်းသမ်းပစ်ခိုက်တာတွေ ချင်းပြည်နယ်အတွင်း ခုရက်ပိုင်းပိုများလာပါတယ်။ လက်နက်ကြီး ပစ်ခတ်ခံရလို့ ထိခိုက်သေဆုံးတာတွေ ရှိသလို နေအိမ်တွေအမြောက်အများ ထိခိုက်ပျက်ဆီးခဲ့ပါတယ်။

Source – Chin World

  • မင်းပြားနဲ့ ပေါက်တောမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၄ ဦးအပါအဝင် ၆ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် မင်းပြားနဲ့ပေါက်တောမြို့နယ်တို့မှာ စစ်တပ်ကရမ်းသမ်းပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်တာကြောင့် နိုဝင်ဘာလ ၂၉ ရက် တစ်ရက်ထဲမှာ အမျိုးသမီး ၄ ဦးအပါအဝင် အရပ်သား ၆ ဦးဒဏ်ရာရခဲ့ပါတယ်။

မင်းပြားမြို့နယ် အိုးပုံတောင်ရွာမှာ အသက် (၁) နှစ်ကျော်အရွယ် မောင်မင်းသိန်းဇံ၊ အသက် (၁၅ )နှစ်အရွယ် မယုမွန်အေး၊ အသက် (၂၀) အရွယ် မခင်မြင့်သန်း၊ အသက် (၃၇) နှစ်အရွယ် ဒေါ်ရီရီအေးတို့ ဒဏ်ရာရခဲ့တာပါ။

ပေါက်တော်မြို့နယ် မင်းဘာရွာမှာတော့ အသက် (၅၀) အရွယ် ဦးသိန်းထွန်းနဲ့ အသက် (၂၂) အရွယ် ထွီးမေသန်းတို့ ဒဏ်ရာရ ခဲ့တာ ဖြစ်တယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရပ်ရွာတွေထဲကို  စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါ တယ်။ စစ်တပ်ကတော့ သူတို့အနေနဲ့ ပြည်သူတွေနေထိုင်တဲ့နေရာတွေကို  မည်သည့်အခါမှ လက်နက်ကြီးနဲ့ပစ်ခတ်တာမျိုး မရှိဘူးလို့  နိုဝင်ဘာလ ၃၀ ရက် မြန်မာ့အလင်းသတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

Source – RFA

  • လောက်ကိုင်မှ နေရပ်ပြန် အမျိုးသမီးတွေအပါအဝင် လူငယ်တချို့ တပ်သားသစ်အဖြစ် စုဆောင်းခံနေရ

ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်ကနေ နေရပ်ပြန်ကြတဲ့ရွှေ့ပြောင်းလုပ်သားနဲ့ အမျိုးသမီးတချို့ကို လောက်ကိုင်နဲ့ ချင်းရွှေ ဟော်ကြားမှာ ကိုးကန့်တပ် (MNDAA)က ဖမ်းဆီးခေါ်ဆောင်သွားတာရှိနေတယ်လို့ ဖမ်းဆီးခံရသူရဲ့အမျိုးသမီး ဖြစ်သူက ဆိုပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်တွေက ကာစီနို၊ အွန်လိုင်းလိမ်လည်မှုတွေနဲ့ နာမည်ကြီးတဲ့ လောက်ကိုင်မြို့ကို တိုက်ခိုက်မယ် လို့ နိုဝင်ဘာ ၁၄ရက်ကကြေညာပြီး ၁၈ ရက်မှာ မြို့ကထွက်ခွာဖို့ ထုတ်ပြန်ခဲ့တဲ့နောက် သောင်းနဲ့ချီတဲ့လူထုဟာ စွန့်ခွာ ထွက်လာ ကြတာဖြစ်တယ်။

လူထုဟာ တိုက်ပွဲကြားပိတ်မှာစိုးတာကြောင့် ဆိုင်ကယ်တွေ၊ ကားတွေနဲ့သာမက လမ်းလျှောက်ထွက်လာကြသူတွေလည်း ရှိပါတယ်။ ဒီလိုထွက်လာသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ၁၅ နှစ်အရွယ်တွေသာမက အသက် ၄၀ အောက်လူငယ် တချို့ ကို ကိုးကန့်တပ်(MNDAA)က ဖမ်းဆီးခေါ်နေတာပါ။

နိုဝင်ဘာလ ၂၂ ရက်၊ မနက် ၁ဝ နာရီလောက်မှာ စစ်တပ်နဲ့ ကိုးကန့်တပ်တို့ ပစ်ခတ်မှုရှိနေတဲ့အချိန်မှာ သူတို့ကို ဖမ်းသွား ပြီး ယခုအချိန်ထိလည်း အဆက်အသွယ်မရသေးတာကြောင့် မိသားစုဝင်တွေအနေနဲ့ စိုးရိမ်ပူပန်နေကြရပါတယ်။

Source – Delta News Agency   

  • ၁၁၁၁ စစ်ဆင်ရေးအတွင်း အမျိုးသမီး ၁၈ ဦးအပါအဝင် အရပ်သား ၈၀ နီးပါး သေဆုံး

၁၁၁၁ စစ်ဆင်ရေးစတဲ့ လဝက်ကျော်အတွင်း ကယားပြည်နယ် လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ် တို့မှာ အမျိုးသမီး ၁၈ ဦးအပါအဝင် အရပ်သား ၈၀ နီးပါးသေဆုံးခဲ့တယ်လို့ ကရင်နီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI)က နိုဝင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးစတဲ့ နိုဝင်ဘာလ ၁၁ ရက်မှ နိုဝင်ဘာလ ၂၇ ရက်အတွင်း လက်နက်ကြီးကြောင့် ၃၇ ဦး၊ လေကြောင်းကျလို့ ၂၄ ဦး၊ ပစ်ခတ်သတ်ဖြတ်ခံရသူ ၁၅ ဦး၊ စုစုပေါင်း ၇၆ ဦး သေဆုံးခဲ့ရပါတယ်။

သေဆုံးသူတွေရဲ့ တစ်ဝက်နီးပါးဟာ အမျိုးသားတွေဖြစ်ပြီး ဒီထဲမှာ အမျိုးသမီး ၁၈ ဦးနဲ့ အသက်မပြည့်သေးတဲ့ကလေး ငယ် ၁၂ ဦးလည်း ပါဝင်နေတာဖြစ်ပြီး အမည်နဲ့ အသက်အတည်မပြုနိုင်သူကလည်း ၁၀ ဦးရှိကြောင်း သိရပါတယ်။

Source – RFA

  • PDF တွေကို မြေပဲထောက်ပံ့ရင်း စစ်တပ်ကို ဆန္ဒထုတ်ဖော်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ ကျေးရွာတစ်ခုမှ ဒေသခံအမျိုးသမီးတွေဟာ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း Myaing Villages Revolution Front – MRVF တပ်ရင်းက ရဲဘော်တွေကို နိုဝင်ဘာ ၂၈ ရက်က မြေပဲသီးနှံတွေထောက် ပံ့ပေးခဲ့ပါတယ်။

” ရဲဘော်တွေ စားသုံးဆီအတွက် ပြည်သူတွေက မြေပဲစိုက်ပျိုးပြီး (တောင်သူတွေက) ထောက်ပံ့ပေးခဲ့တာ” လို့ MRVF တပ်ဖွဲ့ အတွင်းရေးမှူး ကိုတင့်က ပြောပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာ ၂၁ ရက်၊ မြိုင်နယ်ရှိ ကျေးရွာတစ်ခုမှလည်း အမျိုးသမီး တောင်သူ တွေက MRVF ရဲဘော်တွေအတွက် မြေပဲသီးနှံတွေထောက်ပံ့ပေးအပ်ခဲ့ပြန်ပါသေးတယ်။

Source – မြေလတ်အသံ

  • ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးအယူခံအမှု ၈ ခုကို ဒီဇင်ဘာအတွင်း ကြားနာမည်

နေပြည်တော်အချုပ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားတဲ့ အမူတွေထဲက နောက်ဆုံး အယူခံ ၈ မှုကို ဒီဇင်ဘာလ ၄ ရက်နဲ့  ၅ ရက်မှာ ကြားနားသွားဖို့ ရှိတယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ရဲ့ အမှုခေါ် စာရင်းတွေအရ သိရပါတယ်။

ဒီဇင်ဘာလ ၄ ရက်မှာ ယခင်ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ဒေါ်လာတွေ ပေးခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုထားတဲ့ အဂတိအမှုနဲ့ပတ်သက်ပြီး အထူးအယူခံကို နှစ်ဖက်ကြားနာဖို့ ချိန်းဆိုထား တာပါ။

ဒီဇင်ဘာလ ၅ ရက်မှာတော့ သမ္မတဦးဝင်းမြင့်နဲ့အတူ ပူးတွဲပြီး ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု ၇ မှုနဲ့ ပတ် သက်ပြီး အထူးအယူခံဝင်ခွင့်ပြုရန် သင့်၊ မသင့် ကြားနားဖို့ ရှိနေတာဖြစ်တယ်။

ဒီဇင်ဘာလ ပထမအပတ်ထဲ ကြားနားဖို့ရှိနေတဲ့ အယူခံ ၈ ခုက ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူခံအမှုတွေရဲ့ နောက်ဆုံး လက် ကျန်အမှုတွေဖြစ်ပါတယ်။

Source – Delta News Agency   

  • နေပြည်တော် လယ်ဝေးမှာ အမျိုးသမီး ၄ ဦးအပါအဝင် ဒေသခံ ၁၃ ဦး ဖမ်းခံရ

စစ်တပ်ရုံးစိုက်ရာ နေပြည်တော် လယ်ဝေးမြို့နယ် ပင်သောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသေနတ်ဖြင့်ပစ်ခံရ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အလုပ်မှ နုတ်ထွက်ဖို့သတိပေးစာကပ်ခံရပြီးနောက် စစ်တပ်က ဒေသခံအမျိုးသား ၉ ဦး၊ အမျိုးသမီး ၄ ဦးကို နိုဝင်ဘာ ၂၉ ရက်မှာ ဖမ်းဆီးသွားပါတယ်။

လယ်ဝေးမြို့နယ် အေလာမြို့ရဲစခန်းတွင် ချုပ်နှောင်ခံထားရသူ ၁၃ဦးအနက် အသက် ၄၀ကျော်အရွယ်ကိုကြည်ဟန်၊ ကိုလှိုင်ဦး၊ ကိုမျိုးလွင်၊ မိုင်ဂျူဂျူလှိုင်တို့ပါဝင်ကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တောင်သူတွေ၊ ရှိတဲ့အလုပ်နဲ့ှရှာဖွေစားသောက်နေသူတွေဖြစ်ပြီး မင်္ဂလာဆောင်သွားရင်း ဖမ်းဆီး ခံရ တာဖြစ်ပါတယ်။ စစ်တပ်က ယခုရက်ပိုင်း တွေ့သမျှလျှောက်ဖမ်းကာ အထောက်အထားမတွေ့လည်း ဖမ်းဆီးနေတယ်လို့ ဒေသခံက ပြောပါတယ်။

Source – Myanmar Now

  • မုန်းမှာ လက်နက်ကြီးကျည်ထိလို့ အမျိုးသမီး ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး မုန်းမြို့နယ် ကြာအင်းကျေးရွာထဲကို စစ်တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၂ ဦး ကျည်စထိမှန် ဒဏ်ရာရသွားတယ်လို့ နိုဝင်ဘာလ ၂၈ ရက်မှာ KNU ဗဟိုက ထုတ်ပြန်လာပါတယ်။

နိုဝင်ဘာလ ၂၇ ရက် ညနေ ၅ နာရီကျော်မှာ အုတ်ဖြတ်ရဲစခန်းဘက်ကနေ Lot-F 57 အမျိုးအစား Rocket ၃ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်။

ကြာအင်းရွာသူ မမယ်ပ ၃၅ နှစ်နဲ့ မညိုစန်း ၄၆ နှစ်တို့ရဲ့ လက်နဲ့ခါးတွေမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး သူတို့ကို KNLA ဆေး တပ်ဖွဲ့ ဘက်က ဆေးကုသပေးနေပါတယ်။

Source – မြေလတ်အသံ

  • မတ္တရာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့်  ၂နှစ်အရွယ်ကလေးငယ်သေဆုံး၊ မိဘများ ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ၊ဘိုကုန်းကျေးရွာကို နိုဝင်ဘာ ၃၀ ရက်၊ နံနက် ၁ နာရီလောက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၂ နှစ်အရွယ်ကလေးသေဆုံးပြီး မိဘတွေက ဒဏ်ရာရခဲ့တာဖြစ်တယ်။

“စစ်တပ်က ညသန်းခေါင်ကျော်မှာပစ်တယ်။ အိမ်တအိမ်ပေါ်ကျတယ်။ အဲဒီအိမ်မှာရှိတဲ့သူတွေထိတာပေါ့။  ကလေးက တော့ ညထဲက ဆုံးသွားတယ်။ လူကြီးနှစ်ဦးက ဒဏ်ရာတွေရသွားတယ်”လို့ ဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့တိုက်ပွဲမှာ အထိနာထားတဲ့ စစ်တပ်ဟာ မတ္တရာမြို့နယ်အတွင်း ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့စစ်ကြောင်း ထိုးနေတာဖြစ်တယ်။ ဘိုကုန်းရွာသားတွေဟာလည်း ဘေးလွတ်ရာတိမ်းရှောင်ထွက်ပြေးနေကြရတယ်။

Source – Mizzima 

  • ရခိုင်မှာ ကျောင်းမတက်တဲ့ဆရာ၊ ဆရာမတွေကို အရေးယူမယ်လို့ စစ်တပ်ခြိမ်းခြောက်

တိုက်ပွဲဖြစ်နေတဲ့ ရခိုင်မှာ အခြေခံပညာကျောင်းတွေအားလုံး မပျက်မကွက် တက်ရောက်၊ ဖွင့်လှစ်ဖို့ ညွှန်ကြားထားပြီး ဒီညွန်ကြားချက်ကို မလိုက်နာရင် တာဝန်က ရပ်ဆိုင်းတဲ့အထိအရေးယူသွားမယ်လို့ စစ်တပ်ရဲ့ ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန့်ကြားစာထုတ်ထားပါတယ်။

ပေါက်တောအပြင် မြို့ပေါ်အပါအဝင် တိုက်ပွဲတွေများစွာမရှိသေးတဲ့ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်တို့မှာလည်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် စာသင်ကျောင်းတချို့ ပိတ်ထားကာ ဆရာ၊ ဆရာမ တွေနဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။

စာသင်ကျောင်းတွေ ဖွင့်ဖို့နဲ့ ဆရာ၊ ဆရာမတွေ မပျက်မကွက် ကျောင်းတက်ကြဖို့ ညွှန်ကြားစာကို အခြေခံပညာကျောင်း၊ ရုံးတွေရှိ သင်ကြား၊စီမံဝန်ထမ်းတွေဆီ မြို့နယ်ပညာရေးပညာရေးမှူးရုံးတွေကတဆင့် ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက ညွှန် ကြားလာတာလို့ ဆိုပါတယ်။

Source – Delta News Agency   

  • ကော့ကရိတ်တိုက်ပွဲအတွင်း အမျိုးသမီး တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူနဲ့ ပိတ်မိသူလည်းရှိနေ

ကော့ကရိတ်မြို့နယ်တောင်ပိုင်းကျေးရွာထဲ စစ်တပ်က ဒီဇင်ဘာ ၁ ရက်၊ ညသန်းခေါင်လောက်မှာ ဂျက်ဖိုက်တာလေယာဉ် ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဖန်းခါးကုန်းကျေးရွာက ဇနီးမောင်နှံနှစ်ဦးထိခိုက်ကာ ဇနီးဖြစ်သူသေဆုံးသွားခဲ့ရတယ်။

အသက် ၂၅နှစ်အရွယ်ဇနီးဖြစ်သူက ဦးခေါင်းခွံပေါက်ကွဲဒဏ်ရာနဲ့သေဆုံးခဲ့ပြီး ခင်ပွန်းသည်ကတော့ ဒဏ်ရာအနည်းငယ် သာ ရခဲ့တာပါလို့ KNU က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျုံဒိုးမြို့ မိကသစ်ကျေးရွာအုပ်စုထဲကိုလည်း ပေါင်ငါးရာဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် ဘုန်းတော်ကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲကာ သက်တော် ၄၂ နှစ်ရှိ သံဃာတပါးဗုံးစထိမှန်ပျံလွန်တော်မူခဲ့တယ်။

လက်ရှိ ကော့ကရိတ်မြို့မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာနေတဲ့အတွက် မြေပြင်အမြောက် တပ်နဲ့ သာမက ဝေဟင်ကနေပါပစ်ကူပေးနေတာလို့ တိုက်ပွဲမှာပါဝင်နေတဲ့ ကျားဖြူစစ်ကြောင်း၃က တာဝန်ရှိသူတဦးက ပြောပါ တယ်။

×××××××××××

Author:

Related Articles