“ဘာပညာမှတတ်စရာမလိုဘူး၊ လစာ ၅ သိန်း၊ ၁၀ သိန်းရမယ်”
ရှင်ငြိမ်း ဆက်သွယ်မေးမြန်းသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က လက်ရှိအခြေအနေဟာ လိင်အလုပ်တွေ၊ ကာရာအိုကေ (KTV)နဲ့ အနှိပ်ခန်းတွေ ကလွဲရင် တခြားအလုပ်အကိုင်ရှာရတာ တော်တော်လေး ခက်ခဲနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အသင်းတွေဆီက စုံစမ်းသိရှိရပါတယ်။
ဒီလို အလုပ်အကိုင် ရှားပါးနေတာကို အခွင့်ကောင်းယူပြီး ပွဲစားတွေက တလကို လစာ ၅ သိန်းကနေ ၁၀ သိန်းထိ ရမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ရှမ်းပြည်ဒေသခံအပါအဝင် မြန်မာပြည်အနှံ့က အမျိုးသမီးငယ်တွေကို စည်းရုံးနေကြပါတယ်။
ဒါပေမဲ့ တကယ်တမ်း မူဆယ်ကို ရောက်သွားတဲ့အခါမှာတော့ အမျိုးသမီးငယ်အများစုဟာ လူကုန်ကူးခံရတာ ဒါမှမဟုတ် လိင်လုပ်သားအဖြစ် အတင်းအဓမ္မ ခိုင်းစေခံရတာမျိုးတွေနဲ့ပဲ ကြုံနေကြရတယ်လို့ ပရဟိတအဖွဲ့တွေက ဆိုပါတယ်။
တချို့ကတော့ ကံကောင်းလို့ ပရဟိတအဖွဲ့တွေနဲ့ အချိတ်အဆက်ရပြီး ပြန်လည်လွတ်မြောက်လာတာမျိုးရှိပေမဲ့၊ အများစု ကတော့ အဓမ္မခိုင်းစေခံရတာအပြင် တရုတ်နိုင်ငံဘက်ကို ‘တရုတ်မယား‘ အဖြစ် ရောင်းစားခံလိုက်ရတာမျိုးတွေထိပါ ဖြစ်နေကြပါတယ်။
စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွင်းမှာ လူကုန်ကူးမှုဖြစ်စဉ် ၅၃ မှုကို အရေးယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်တွေထဲမှာ တရုတ်နိုင်ငံကို လူကုန်ကူးတာက ၃၄ မှုနဲ့ အများဆုံးဖြစ်ပြီး၊ ပြည်တွင်းမှာတင် ဖြစ်ပွားတာက ၁၇ မှု ရှိပါတယ်။ ကျန်တဲ့ဖြစ်စဉ်တွေကတော့ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေဆီကို လူကုန်ကူးခံကြရတာပါ။
အမှုအမျိုးအစားတွေကို ကြည့်မယ်ဆိုရင် အဓမ္မလက်ထပ်ခိုင်းတာက ၃၅ မှုအထိ ရှိနေပြီး၊ ပြည့်တန်ဆာအဖြစ် ခိုင်းစေတာ ၉ မှု၊ အလုပ်သမားအဖြစ် မတရားခိုင်းစေတာ၊ ကိုယ်ဝန်အငှားဆောင်ခိုင်းတာနဲ့ တခြား နည်းလမ်းတွေနဲ့ လိင်ပိုင်းဆိုင်ရာ အဓမ္မ ခိုင်းစေတာတွေလည်း ပါဝင်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ကနေ ဇွန်လ ၂၀ ရက်ထိ လူကုန်ကူးမှု ၈၀ မှုအထိ ဖော်ထုတ်အရေးယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေတွေနဲ့ ပတ်သက်ပြီး လက်ရှိ မူဆယ်ဒေသအခြေစိုက် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ ပရဟိတအဖွဲ့ ၂ဖွဲ့ရဲ့ တာဝန်ရှိသူတွေကို HI – Honest Information က အခုလို ဆက်သွယ်မေးမြန်း ထားပါတယ်။
ဆက်သွယ်မေးမြန်းခွင့်ရခဲ့တဲ့ ဒီ လူမူကူညီရေးပရဟိတအဖွဲ့ ၂ဖွဲ့ဟာ လူကုန်ကူးမှုကြောင့်ထိခိုက်နစ်နာခဲ့ရတဲ့ အမျိုးသမီးငယ် တွေကို ထဲထဲဝင်ဝင် ကူညီကယ်ထုတ်ပေးနေတာ ၁ နှစ်ကျော်အတွေ့အကြုံရှိကြတဲ့ အဖွဲ့တွေဖြစ်ပါတယ်။
လူမူကူညီရေးအဖွဲ့(၁)နဲ့ ဆက်သွယ်မေးမြန်းချက်။
HI – Honest Information – ကယ်ထုတ်ထားတဲ့အမျိုးသမီးတွေထဲမှာဘယ်လိုအသက်အရွယ်အပိုင်းအခြားနဲ့ဘယ်လိုနောက်ခံရှိတဲ့အမျိုးသမီးတွေအများဆုံးပါဝင်နေပါသလဲ။
လူမူကူညီရေးအဖွဲ့ (၁) –အသက်ကတော့ ဆယ်ကျော်သက်အရွယ်တွေများတယ်။ ဥပမာ အပျိုဖော်ဝင်စ အရွယ်တွေ ၁၈ နှစ်၊ အသက် ၂၀ အရွယ်လေးတွေ များပါတယ်။ နောက်တခုက မိဘတွေ အဆင်မပြေတာတို့၊ ဖအေနဲ့ မအေကွဲနေတာတို့၊ မိဘ မရှိတော့တဲ့ သူတွေ၊ ဆွေမျိုးအသိုင်းအဝိုင်းမရှိတဲ့သူတွေ အဲ့လိုအသိုင်းအဝိုင်းက မိန်းကလေးတွေ ဒီဘက်ကို ရောက်လာကြတာ များတယ်။
HI – ကယ်ထုတ်ပေးလိုက်တဲ့အမျိုးသမီးလေးတွေကဘယ်ဒေသတွေကလဲ၊အများဆုံးကဘယ်တိုင်းဒေသကဖြစ်မလဲ။
ဖြေ – ပြောရင် မြန်မာပြည်အနှံလို့တောင် ပြောရမလားမသိဘူး။ အကုန်လုံးတော့ မဟုတ်ဘူးပေါ့။ မကွေး၊ မန္တလေး၊ ရန်ကုန်၊ မွန်၊ တနင်္သာရီ၊ ကချင်နဲ့ စစ်ကိုင်းတိုင်းဘက်ကလည်းပါတယ်။ များသောအားဖြင့်ရန်ကုန်ကအများဆုံးပါတယ်။မေးလိုက်ရင်ရန်ကုန်၊ပဲခူးတို့ဘက်ကချည်းပဲ။
HI– ဒီနစ်နာသူမိန်းကလေးတွေကိုစည်းရုံးနေတဲ့ကျူးလွန်သူတွေကဘယ်သူတွေလဲ၊ပွဲစားတွေလား၊ဒေသခံတွေလား၊အေးဂျင့်တွေလား။ဘယ်လိုအခြေအနေမျိုးတွေအများဆုံးတွေ့ရတတ်လဲ။
ဖြေ – အဓိကကတော့ ပွဲစားတွေပါပဲ။ ကျနော်တို့တောင် မသိလိုက်တဲ့ ပွဲစားတွေ အများကြီးရှိတယ်။ အခုနောက်ပိုင်းမှာတော့ Social Media တွေဖြစ်တဲ့ Facebook တို့၊ WeChat တို့ကနေ အလုပ်ရှိတယ်ဆိုပြီး ကြော်ငြာတာတွေ ရှိသလို၊ အထူးသဖြင့်TikTok ကနေပါလာကြတာတွေလည်းအများကြီးပဲ။
သူတို့ကို ဘယ်လိုမက်လုံးပေးလဲဆိုရင် ဒီဘက်မှာ အထည်ချုပ်စက်ရုံတွေရှိတယ်၊ အလုပ်ရမယ်ဆိုပြီး ခေါ်လာတာ။ တကယ်တော့ မူဆယ်မှာ အထည်ချုပ်စက်ရုံဆိုတာ မရှိဘူးလေ။ ကလေးမလေးတွေက ဗဟုသုတနည်းတော့ မသိဘဲ ပါလာကြတာ။ လမ်းမှာ ခရီးသည်အချင်းချင်း စကားပြောရင်းမှ “မူဆယ်မှာ စက်ရုံမှမရှိတာ၊ နင်တို့ တရုတ်ပြည် ရောက် သွားလိမ့်မယ်” လို့ ပြောကြတော့မှ ကြောက်ပြီး မိသားစုဆီ လှမ်းအကူအညီတောင်းကြတာမျိုးတွေလည်း ရှိတယ်။
အဲဒီလိုလည်တဲ့ကလေးမလေးတွေက မိသားစုဆီ လှမ်းဆက်သွယ်ပြီး ကျနော်တို့ဆီကို အကူအညီတောင်းလာရင်တော့ ကျနော်တို့က လမ်းမှာ ကားတားပြီး သွားခေါ်ပေးတာမျိုးတွေ လုပ်ပေးပါတယ်။
HI – လူပျောက်တွေလည်းရှာဖွေပေးတယ်လို့ကြားတယ်။ဘယ်လိုရှာဖွေပေးတာလဲ၊လူပျောက် တိုင်ကြားမှုကဘယ်လိုအခြေအနေရှိပါသလဲ။
ဖြေ – ဒီဘက်နောက်ပိုင်းက လူပျောက်တဲ့မိန်းကလေးတွေ ပိုများလာပြီး အကူအညီ တောင်းတာတွေ လည်း တိုးလာတယ်။ လူပျောက်ရှာရင် မိသားစုဝင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေတောင်းပြီး TikTok ပေါ်တင်ပေး တယ်။ အဲ့မှာ တွေ့တဲ့သူတွေက ပြန်တင်ပေးတယ်။ တချို့လည်း သူတို့ကိုယ်တိုင်ဆက်သွယ်လာတာရှိတယ်။ ပြန်တွေ့တာ ကတော့ များပါတယ်။ ဒါပေမဲ့ အဲ့လိုကူညီတဲ့အခါမှာ ကျနော်တို့က မှန်ကန်မှုရှိရဲ့လားဆိုတာ အတော်လေးစီစစ်ရတယ်။ တချို့က ရောင်းစားခံရတာမဟုတ်ဘဲ “ကျမ ရောင်းစားခံရပြီး ထွက်ပြေးလာတာပါ၊ ဘယ်နားရောက်နေတယ်၊ ငွေမရှိလို့ ပြန်လို့မရဘူး၊ ငွေလွှဲပေးပါ” ဆိုပြီး လိမ်ညာတောင်းတဲ့သူတွေလည်း ရှိတယ်။ နည်းတော့ နည်းပေမယ့် မကြာခဏတော့ ကြုံနေရတယ်။
HI – ကယ်ထုတ်တဲ့လူနဲ့လူကုန်ကူးခံရတဲ့အချိုးအစားနဲ့တွက်မယ်ဆိုရင်ဘယ်လောက်ရှိနိုင်လဲ၊ရာခိုင်နှုန်းအရရောပြောနိုင်လား။
ဖြေ – လူကုန်ကူးခံရသူဦးရေနဲ့ ပြန်လည်ကယ်ထုတ်နိုင်တဲ့ အချိုးအစားကို ကြည့်မယ်ဆိုရင်တော့ ကွာဟချက် တော်တော်လေး များနေဆဲပါပဲ။ မြေပြင်မှာ ကူညီပေးနေရတဲ့ အခြေအနေတွေအရ လူကုန်ကူးခံရသူ အယောက် ၁၀၀ ရှိမယ်ဆိုရင် တကယ်တမ်း ဘေးကင်းကင်းနဲ့ ပြန်လည်ကယ်ထုတ်နိုင်တာဟာ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း ဝန်းကျင်လောက်ပဲ ရှိနိုင်ပါသေးတယ်။ ကျန်တဲ့ အများစုကတော့နယ်စပ်ဖြတ်ကျော်ပြီးတရုတ်နိုင်ငံအတွင်းပိုင်းထိရောက်ရှိ သွားတာ၊အပိတ်အဆို့များတဲ့နေရာတွေမှာထိန်းသိမ်းခံထားရတာနဲ့ဆက်သွယ်ရေးအခက်အခဲတွေကြောင့်ဘယ်နေရာ ရောက်နေမှန်းမသိဘဲပျောက်ဆုံးနေကြတာများပါတယ်။ ဒါကြောင့် လူကုန်ကူးခံရမှု ဖြစ်စဉ်တွေနဲ့ ယှဉ်ရင် ပြန်လည် ကယ်ထုတ်နိုင်မှု ရာခိုင်နှုန်းဟာ အလွန်နည်းပါးနေသေးတယ်လို့ ပြောရမှာပါပဲ။ ဘာလို့ဆို ကျနော်တို့က တရုတ်ပြည် ထဲထိ ဝင်ကူညီ ခေါ်ထုတ်လို့မရတဲ့အနေအထားဖြစ်နေလို့ပါ။
HI – တရုတ်နိုင်ငံကိုရောင်းစားခံရတာနဲ့မူဆယ်မြို့ကKTV၊အနှိပ်ခန်းတွေမှာအတင်းအကျပ်ခိုင်းစေခံရတာ၊ဘယ်လိုဖြစ်စဉ်မျိုးကပိုများတယ်လို့တွေ့ရပါသလဲ။
ဖြေ – ဖြစ်စဉ်တွေကတော့ ၂ မျိုးလုံး များနေတာပါပဲ။ ကျွန်တော်တို့ဘက်ကတော့ ဘယ်လိုအခြေ အနေ မျိုးပဲဖြစ်ဖြစ် အဆင်ပြေသွားအောင် အတတ်နိုင်ဆုံး ကူညီပေးနေပါတယ်။ တနှစ်တည်းမှာတင် အကူအညီတောင်းခံ လာတဲ့ ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင်တော့ ရာဂဏန်းအထိ မရှိပေမဲ့ အနည်းဆုံး ဆယ်ဂဏန်း(၄၀၊ ၅၀) ဝန်းကျင်လောက် အထိတော့ ရှိနိုင်ပါတယ်။ မှတ်တမ်းမထားမိလို့ အရေအတွက်ကို အတိအကျ ပြောရခက်ပေမဲ့ ဖြစ်စဉ်တွေကတော့ တော်တော်လေး စိပ်နေတယ်လို့ ပြောလို့ရပါတယ်။
HI – ကယ်ထုတ်လာတဲ့အမျိုးသမီးလေးတွေကိုနေရပ်ပြန်ပို့တဲ့အခါမှာလူကုန်တားရဲတွေကပို့ဆောင်ပေးတာလား။ဘယ်လိုပုံစံမျိုးနဲ့ပြန်ပို့ပေးတာမျိုးရှိပါသလဲ။
ဖြေ – အများအားဖြင့်တော့ ကျနော်တို့ကိုယ်တိုင်ပဲ လိုက်ပို့ပေးတာများပါတယ်။ တခါတလေ မိဘတွေနဲ့ အဆက်အသွယ် ရတဲ့အခါ မိဘတွေက တိုက်ရိုက်ပြန်ပို့ပေးဖို့ တောင်းဆိုရင်လည်း ကျွန်တော်တို့က တိုက်ရိုက် လိုက်ပို့ပေးပါတယ်။ ပထမ ကလေးမလေးတွေကို ကျနော်တို့ အသင်းရုံးမှာပဲ ခဏထားပြီး ကျွေးမွေးစောင့်ရှောက်ထား ပါတယ်။ ကျနော် လူနာပို့ဖို့ ခရီးစဉ်ရှိတဲ့အခါမျိုး (ဥပမာ- မန္တလေးကို လူနာပို့ရမယ့်အခါ) သူတို့ကို တခါတည်း ခေါ်သွားပေး ပါတယ်။ ဒီလိုလိုက်ပို့တဲ့ နေရာမှာလည်း မိန်းကလေးတွေဖြစ်တဲ့အတွက် စိတ်လုံခြုံမှုရှိအောင် ကျနော်နဲ့ ကျနော်ဇနီး ၂ ယောက်လုံး လိုက်သွားတာများပါတယ်။ ကျနော်တို့ မကြုံရင်လည်း သူတို့မိဘ၊ အုပ်ထိန်းသူတွေရဲ့ အစီအစဉ်နဲ့ သူတို့ အသိ မိတ်ဆွေတွေနဲ့ ချိတ်ပြီး လိုင်းကားပေါ်တင်ပေးတယ်။
ခုနှစ်တော့ အသေချာတော့ မမှတ်မိဘူး။ မိန်းကလေး ၁၆ ယောက်ဆိုရင် တရုတ်မယား အဖြစ် လူကုန်းကူးခံရတာ။ တရုတ် ပြည်ထဲမှာ ဖမ်းမိလို့ မူဆယ်ဘက် ပြန်ပို့လိုက်တယ်။ ဒီဘက်က နေရပ်ပြန်ပို့ဖို့ အဆင်မပြေတော့ ကျနော်တို့ ပရဟိတအဖွဲ့က ပို့ပေးပါ့မယ်ဆိုပြီး လူကုန်တားနဲ့ ပူးပေါင်းဆောင်ရွက်တာရှိပါတယ်။
HI – ပွဲစားတွေကအမျိုးသမီးတွေကိုဆွဲဆောင်တဲ့နေရာမှာ”အမျိုးသမီးဖြစ်ခြင်း” ကိုအသုံးချပြီးဘယ်လိုမက်လုံးမျိုးတွေနဲ့လှည့်ဖျားတတ်ပါသလဲ။
ဖြေ – ပွဲစားတွေကအမျိုးသမီးတွေရဲ့နုနယ်တဲ့စိတ်နဲ့မိသားစုအပေါ်ထောက်ပံ့ချင်တဲ့စိတ်ကိုအဓိကအသုံးချကြတာပါ။ “အမျိုးသမီးတွေပဲ လုပ်ရမှာမို့ အလုပ်က မပင်ပန်းဘူး၊ အိမ်တွင်းအလုပ်မျိုးပဲ၊ လစာကလည်း မြန်မာ ပြည်ကထက် အဆပေါင်းများစွာ ပိုရမယ်” ဆိုတဲ့ မက်လုံးမျိုးတွေပေးတယ်။ နောက်ပြီး “ဟိုမှာ အဆင်ပြေနေတဲ့ အမျိုးသမီး တွေ အများကြီးရှိတယ်” ဆိုပြီး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေပြပြီး ယုံကြည်အောင် ဖြားယောင်တတ်ကြပါတယ်။ တချို့ဆိုရင် အမျိုးသမီး အချင်းချင်း စည်းရုံးခိုင်းတာမျိုးတွေလည်း ရှိတတ်တော့ ပိုပြီး အယုံလွယ်သွားကြတာပါ။
HI – အလုပ်အကိုင်ရှားပါးမှုကအမျိုးသားတွေထက်အမျိုးသမီးတွေကိုလူကုန်ကူးမှုကွန်ရက်ထဲရောက်သွားဖို့ဘယ်လိုမျိုးပိုပြီးတွန်းအားပေးနေသလဲ။
ဖြေ – ပြည်တွင်းမှာအလုပ်အကိုင်ရှားပါးလာတဲ့အခါမိသားစုကိုတာဝန်ယူချင်တဲ့အမျိုးသမီးတွေ အတွက်ရွေးချယ်စရာနည်းပါးသွားတာကအဓိကတွန်းအားပါပဲ။ အမျိုးသားတွေကတော့ ရရာကျပန်းအလုပ်ကို လုပ်နိုင်ကြပေမဲ့ အမျိုးသမီးတွေ အတွက်ကျတော့ ဘေးကင်းပြီး ဝင်ငွေကောင်းမယ့် အလုပ်မျိုးကို ပိုရှာကြရတယ်။ ဒီလို အကျပ်အတည်းဖြစ်နေချိန်မှာ ပွဲစားတွေက “လစာကောင်းကောင်းရမယ့် အလုပ်ရှိတယ်” လို့ လာပြောတဲ့အခါ စုံစုံလင်လင် မစုံစမ်းနိုင်တော့ဘဲ နယ်စပ်ဖြတ်ကျော်ပြီး အလုပ်သွားလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ အခြေခံလူတန်းစားမိသားစုတွေမှာအမျိုးသမီးတွေကမိသားစုစားဝတ်နေရေးအတွက်ပိုပြီးတာဝန်ယူရလေ့ရှိတာကြောင့်ဒီလိုအလုပ်အကိုင်ရှားပါးမှုဒဏ်ကိုသူတို့ကပိုခံရပြီးလူကုန်ကူးမှုကွန်ရက်ထဲကိုလွယ်လွယ်ကူကူရောက်သွားကြရတာဖြစ်ပါတယ်။
HI – တရုတ်မယားအဖြစ်ရောင်းစားခံရတာဒါမှမဟုတ်လိင်လုပ်သားအဖြစ်စေခိုင်းခံရတာတွေမှာအမျိုးသမီးတွေရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကဘယ်လောက်အထိပြင်းထန်တာကိုတွေ့ရပါသလဲ။
ဖြေ – အဲဒါမျိုးကတော့ တွေ့ရပါတယ်ခင်ဗျ။ တချို့ဆိုရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားတာမျိုးတွေ ရှိပါတယ်။ မိုးညှင်းဘက် ပို့ပေးရတဲ့ မိန်းကလေးဆိုရင် ယဉ်ယဉ်လေးရူးသွားသလိုဖြစ်သွားတယ်။ နှိပ်စက်ခံရတာရော၊ အနိုင်ကျင့်စော်ကား ခံရတာတွေကြောင့်ပေါ့။ ဒီကလေးမလေးတွေက ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ် မိခင်လောင်းတွေ ဖြစ်ကြမယ့်သူတွေပါ။ အသက်အရွယ်အားဖြင့် ကြည့်မယ်ဆိုရင်လည်း ၁၆ နှစ်ကနေ ၂၀ အရွယ်တွေပဲ ရှိပါသေးတယ်။ အဲဒီလို အရွယ်ကောင်းလေးတွေမှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဒဏ်ရာဒဏ်ချက်တွေ ရသွားတာမျိုး မြင်တွေ့ ရတာက တကယ်ကို စိတ်မကောင်းစရာပါ။ ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ သူတို့ကို တတ်နိုင်သလောက် အမြန်ဆုံး ကယ်ထုတ်ပေးပြီး ဒုက္ခကနေ လွတ်မြောက်စေချင်တာ ဖြစ်ပါတယ်။
HI – ကယ်ထုတ်လာသူတွေထဲမှာကိုယ်ဝန်ပါလာတာဒါမှမဟုတ်ကလေးသူငယ်တွေပါလာတာ မျိုးရှိလား။
ဖြေ – အဲဒီလို အခြေအနေမျိုးကျတော့ သူတို့က သိပ်မပြောကြဘူးဗျ။ အဓိကက မိန်းကလေးတွေ ကလည်း ငယ်သေးတော့ ရှက်ကြတာလည်း ပါတာပေါ့။ ဒါကြောင့် ကျွန်တော့်အနေနဲ့တော့ အဲဒီလိုမျိုး သိပ်ပြီး မကြုံရသေး ပါဘူး။ တကယ်လို့ ရှိခဲ့ရင်တောင် သူတို့က အမျိုးသမီးငယ်လေးတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ ဂုဏ်သိက္ခာကို ငဲ့ကြတယ်။ ကိုယ့်နေရပ် ပြန်ရောက်တဲ့အခါမှာလည်း ဒီအရှက်သိက္ခာနဲ့ပဲ ဆက်ပြီး ရှင်သန်ကြရမှာဆိုတော့ တချို့ကလည်း ထုတ်မပြော တာမျိုး ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ သူတို့ မပြောပြတဲ့အတွက် အဲဒီလို အခြေအနေမျိုးတွေကို တိုက်ရိုက် မကြုံခဲ့ရသေးဘူးလို့ပဲ ပြောရမှာပါ။
HI – နောက်ဆုံးအနေနဲ့မူဆယ်မှာလာရောက်အလုပ်လုပ်ကိုင်ကြမယ့်အမျိုးသမီးငယ်လေးတွေကိုဘာများပြောချင်တာရှိပါသလဲ။
ဖြေ – တကယ်လို့ မြို့ရွာအသီးသီးက အမျိုးသမီးတွေ တရုတ်ပြည်ကိုဖြစ်ဖြစ်၊ မူဆယ်ကိုဖြစ်ဖြစ် လာပြီး အလုပ်လုပ်မယ် ဆိုရင် သေချာစိစစ်စေချင်တယ်။ တကယ်ဒီလုပ်ငန်းက ရှိနေလား၊ သူတို့ပြောတဲ့ လိပ်စာမှန်ရဲ့လား စသဖြင့် စုံစမ်းစေချင်တယ်။ ဒီဘက်ရောက်တဲ့အခါကျတော့ အပြောနဲ့ အလုပ်နဲ့ မတူတဲ့အခါမှ အရမ်းဒုက္ခရောက်ရတယ်။ တချို့လည်း မူဆယ်မှာအထည်ချုပ်အလုပ်ရမယ်ဆိုလို့လာတယ်။ဒီမှာတော့အထည်ချုပ်စက်ရုံမှမရှိတာ၊ဒီရောက်တော့ လည်းတရုတ်မယားလုပ်ရမယ်ဆိုတော့ကျနော်တို့ရုံးကိုထွက်ပြေးလာတာရှိတယ်။တချို့ကျတော့လည်း ရွှေလီဘက် ရောက်တော့မှ ကျနော်တို့ဆီ ဖုန်းဆက်ပြီး တငိုငိုနဲ့ အကူအညီတောင်းတာရှိတယ်။ ဒါပေမဲ့ ကျနော်တို့က တရုတ်ပြည်ထဲ ဝင်ပြီး ကူညီလို့မရတော့ အတော်လေးစိတ်မကောင်းဖြစ်ရတယ်။ ကျနော်တို့မူဆယ်မှာတော့ ပွဲစားတွေရဲ့ စည်းရုံးခံရလို့ ဒုက္ခရောက်တာတွေလည်း မနည်းဘူး။ အတတ်နိုင်ဆုံးတော့ အကူအညီတောင်းလာရင် အကောင်းဆုံးဖြစ်အောင် ကူညီ ပေးပါတယ်။
ပြောချင်တာ မူဆယ်မှ မဟုတ်ဘူး၊ ဘယ်ဘက်ကိုပဲသွားသွား အလုပ်လုပ်တယ်ဆို သေသေချာချာ စိစစ်ပြီးမှ သေချာတဲ့ လုပ်ငန်း၊ စီးပွားရေးတွေ ဟုတ်မှန်မှ လာစေချင်ပါတယ်။ ကိုယ့်ဇာတိမှာပဲ အဆင်ပြေအောင်လည်း လုပ်ကိုင်စားသောက် သွားကြပါလို့ အဲလိုလေးပဲ ပြောချင်ပါတယ်ခင်ဗျ။
လူမူကူညီရေးအဖွဲ့(၂)နဲ့ ဆက်သွယ်မေးမြန်းချက်။
HI – အမျိုးသမီးလေးတွေကိုကယ်ထုတ်ပေးတာကိုအာဏာမသိမ်းခင်ကတည်းကစလုပ်ခဲ့တာလား၊ဒါမှမဟုတ်အာဏာသိမ်းပြီးနောက်ပိုင်းကျတော့မှစတင်လုပ်ဆောင်တာလား။ဘယ်လိုကြောင့်လုပ်ဆောင်ဖြစ်တယ် ဆိုတာရှင်းပြပေးပါ။
လူမှုကူညီရေးအဖွဲ့(၂) – ပရဟိတကူညီရေးအသင်းအနေနဲ့ လုပ်ဆောင်နေတာကတော့ ကြာပါပြီ။ အာဏာ မသိမ်းခင်ကတည်းကပေါ့။ အမျိုးသမီးလေးတွေကို ကယ်ထုတ်ပေးတာက ၂၀၂၅ လောက်က စတာပါ။ အရင်ကတော့ တယောက်စ နှစ်ယောက်စ ကူညီပေးတာမျိုးရှိခဲ့တယ်ပေါ့။ အဲ့လိုနဲ့ လူတွေက အကူအညီတောင်းလို့ရတာသွားတော့ နောက်ပိုင်း အကူအညီလာတောင်းလို့ လိုက်လုပ်ပေးရင်း ထဲထဲဝင်ဝင်ကူညီပေးဖြစ်သွားတာ။
မိန်းကလေးတွေဆိုတာ အိမ်အတွက် စိုးရိမ်ပူပန်တတ်တော့ မိသားစုအတွက် အလုပ်အကိုင်တွေ ရှာဖွေတယ်။ အဲ့မှာ ပွဲစား တွေနဲ့ တွေ့ပြီး လမ်းမှားရောက်တယ်။ လူကုန်ကူးခံရတယ်။ ရောင်းစားခံရတယ်။ အဲ့တာတွေ နေ့တိုင်းလိုလိုမြင်တွေ့နေရ တော့ တတ်နိုင်သလောက်ကယ်မယ်ဆိုပြီး လုပ်ပေးဖြစ်တယ်။ အထူးသဖြင့် ပညာမတတ်၊ မလည်မဝယ်မိန်းကလေးတွေရဲ့ မိသားစုတွေက ကူကယ်ဖို့ အကူအညီတောင်းလာရင်းနဲ့ လုပ်ပေးတာပေါ့။ အဲ့ကနေ ဆက်တိုက်လုပ်ပေးဖြစ်ပါတယ်။
HI – ဒီတနှစ်ကျော်အတွင်းမှာကယ်ဆယ်ပေးရတဲ့အမျိုးသမီးအရေအတွက်ဘယ်လောက်ရှိ ပါပြီလဲ။သိလို့ရမလား။
ဖြေ – ခန့်မှန်းခြေတော့ ဒီ တနှစ်ကျော် အတွင်းကို ကျနော်အသင်းမှာတော့ အယောက် ၂၀ ကျော် ၃၀ လောက်တော့ ရှိမှာပါ။ ကိုယ်မသိတဲ့ဟာလည်း အများကြီးရှိပါသေးတယ်။ တချို့ အသင်းတွေ ကယ်ဆယ်ပေးတာလည်း ရှိပါတယ်။ တချို့လူတွေက မှတ်ပုံတင်တွေ သိမ်းထားတယ်၊ မှတ်ပုံတင်တွေ သိမ်းထားတာ ပြန်မလွှတ်တော့ဘူးလေ။ မင်းတို့ ဒီပိုက်ဆံကို မင်းတို့ လမ်းစရိတ်ကို ပြန်ပေးနိုင်မယ်ဆိုရင်တော့ မင်းတို့ မှတ်ပုံတင်ပေးမယ်၊ ပြန်လွှတ်ပေးမယ်၊ အဲ့လိုမျိုး လည်း ရှိတယ်။ လူကုန်ကူးခံရတာတွေပေါ့။
HI – ကယ်ထုတ်ပေးခဲ့ရတဲ့အမျိုးသမီးလေးတွေကဘယ်ဒေသတွေကနေလာကြတာလဲ။ရှမ်းပြည် ဆိုရင်ရောဘယ်အပိုင်းလောက်ကဖြစ်မလဲ။
ဖြေ – အခု ကျနော်တို့တွေ့ရတာ ဒီအောက်ဗမာပြည်ဘက်ဆိုရင်တော့ ဧရာဝတီတိုင်း၊ ရန်ကုန်မြို့၊ မန္တလေးတိုင်း။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဘက်ကလည်း လာကြတယ်။ နောက် တနင်္သာရီတိုင်းကလည်း လာတာ တွေ့ရတယ်။ ရှမ်းပြည်မှာဆိုရင်လည်း မြောက်ပိုင်း နမ့်ဆန်တို့၊ မန်တုံတို့လည်း ရှိပါတယ်ဗျ။ မွန်တို့၊ ကရင်တို့ဘက်ကတော့ နည်းပါတယ်။
HI – အဲဒီကယ်ဆယ်ရေးလုပ်ခဲ့တဲ့အမျိုးသမီးတွေကအသက်ဘယ်လောက်ဝန်းကျင်လောက် ရှိကြလဲ။
ဖြေ – အသက် ၂၀ ပတ်ဝန်းကျင်လောက်ပါပဲ။ အများဆုံး ၂၁ ၊ ၂၂ နှစ်ပေါ့။ ၁၇၊ ၁၈ ကနေ ၂၁၊ ၂၂ အများဆုံးပါပဲ။ အဲဒီ ထက် အသက်ကြီးတဲ့သူလည်း ရှိမှာပါ၊ သိပ်ပြီးတော့ မပြောပလောက်ပါဘူး။ ၃၀ အောက် ပတ်ဝန်းကျင် မှာပေါ့။
HI – ကျူးလွန်သူတွေကဘယ်သူတွေလဲ။ဘယ်လိုပုံစံမျိုးနဲ့မြူဆွယ်ကြတာတွေရှိလဲ။
ဖြေ – ကျူးလွန်သူတွေကတော့ အဓိက ပွဲစားတွေများတယ်။ အဓိကကတော့Social Media တွေဖြစ်တဲ့Facebook၊WeChat တို့ကနေတဆင့်အလုပ်ရှိတယ်ဆိုပြီးမြူဆွယ်တာလည်းရှိတယ်။အထူးသဖြင့်TikTok ကနေတဆင့်အလုပ်ရှိတယ်။ဘာပညာမှတတ်စရာမလိုဘူး။အခြေခံလစာဆယ်သိန်းရမယ်၊ငါးသိန်းရမယ်ဆိုပြီးပြောတာပေါ့။အခုချိန်ကငွေလိုနေကြတာ၊စီးပွားရေးကလည်းမပြေလည်ကြတော့ဘယ်လောက်ရရဆိုပြီးအလုပ်လာ လုပ်ကြတဲ့သူများတယ်။ ဒီရောက်တော့မှ တချို့လည်း ရောင်းစားခံရမှန်းသိတဲ့သူနဲ့ KTV တို့ အနှိပ်ခန်းတို့မှာ လိင်လုပ်သား လုပ်ခိုင်းတဲ့သူနဲ့ ဖြစ်ကုန်တာ။ ဒါတွေလုပ်ရမယ်သိတဲ့အချိန်ကျတော့ ထွက်ပေါက်မရှိတော့ဘူး။ တချို့ဆိုရင်အခန်းပိတ်ပြီးပြည့်တန်ဆာလုပ်ခိုင်းတာတွေတောင်ရှိတယ်။
နောက်ပြီး အမျိုးသမီးတွေက လိမ်ခံရတဲ့သူ ပြောပုံအရကျတော့ သူတို့က TikTok တို့ Facebook တို့လို လိုင်းပေါ်မှာပဲ ဖြစ်ဖြစ်ပေါ့၊ တရုတ်ပြည်ဘက်မှာ အထည်ချုပ်စက်ရုံတွေရှိတယ်၊ လစာကောင်းရမယ်၊ အဲလိုမျိုးကျတော့ ညာပြီးတော့ ခေါ်လာတဲ့သူလည်း ရှိတယ်ပေါ့။ လမ်းစရိတ်ကျတော့ ဒီဘက်က ပွဲစားကနေ တာဝန်ယူမှလည်း သူတို့ လိုက်လာတဲ့ အမျိုးသမီးက တပိုက်ဆံတပြားတချပ်မှ မကုန်ခဲ့ဘူးပေါ့။ အလကားခေါ်လာတယ်။ ရောက်လာတဲ့အချိန်ကျတော့ သူတို့ ဒီပွဲစားက တဆင့်ပြီးတဆင့် တရုတ်ပြည် ရောက်တဲ့အထိကို သူတို့ကတော့ အဆင့်ဆင့်နဲ့ လက်ကမ်းပေးတာပေါ့။ ဒီပွဲစားတွေကခေါ်သွားတာ။ တချို့သူကတော့လည်း တကယ်လည်း အထည်ချုပ်စက်ရုံမှာ အသေအချာခေါ်တဲ့သူလည်း ရှိပါတယ်။ တချို့ကျတော့လည်း လိမ်ခဲ့တဲ့သူကတော့ အများကြီးရှိပါတယ်။
HI – လက်ရှိနောက်ဆုံးကယ်ထုတ်ခဲ့ဖူးတဲ့ဖြစ်စဉ်မျိုးရှိရင်ပြောပြပေးပါလား။သူဘယ်လို ရောက်လာလဲ၊သူဘယ်ကလဲပေါ့။အဲဒီအခြေအနေလေးသိချင်လို့ပါ။
ဖြေ – ဟုတ်ကဲ့၊ လွန်ခဲ့တဲ့လလောက်က မိန်းကလေး ၃ ယောက်ကလည်း ပွဲစားတွေခေါ်လာတယ်။ ခေါ်လာတဲ့အချိန် ကျတော့ သူတို့ကို ဒီရိုးရိုးအနှိပ်ခန်းပေါ့၊ ပြောပြပြီးခေါ်တာပေါ့။ ဒါပေမဲ့ အနှိပ်ခန်းရောက်တဲ့အချိန်မှာ ရိုးရိုး အနှိပ်ခန်း မဟုတ်တော့ဘူး၊ သူတို့က အရောပါသွားပြီလေ။ ပြည့်တန်ဆာကို လုပ်ခိုင်းတာပေါ့။ သူတို့ကတော့ မလုပ်ချင် ကြဘူးလေ။ မလုပ်ချင်ကြတော့လည်း နေရပ်ကို ပြန်ချင်တာပေါ့၊ တခြားအလုပ်ဆို လုပ်မှာပေါ့။ အဲဒီမှာ ခေါ်ထားတဲ့ သူက ‘အေး၊ မင်းတို့ ပိုက်ဆံပြန် ပေးမယ်ဆိုရင်တော့ ပြန်လွှတ်ပေးမှာပါ’ တဲ့။ ကုန်ခဲ့တဲ့ လမ်းစရိတ်တွေ ဘာတွေညာတွေပေါ့။ အဲဒီ အချိန်မှာ မိန်းကလေးတွေကလည်း ပိုက်ဆံမရှိတော့ လူမှုကူညီရေးအသင်းကို အကူအညီတောင်းရတာပေါ့။ ကျနော်တို့ လည်း ပိုက်ဆံတွေ ရှာပြီးတော့ အဲဒီခေါ်ထားတဲ့ ပိုင်ရှင်ဆီပိုက်ဆံပေးပြီး ကလေးမလေးတွေကို ညသန်းခေါင်ကျော်မှ ပြန်ကယ်ထုတ်ခဲ့တာမျိုးလည်း ရှိပါတယ်။
အချို့ တရုတ်ပြည်ကနေ ဝင်သွားတဲ့သူတွေကို အထည်ချုပ်စက်ရုံတွေ သွားလုပ်မယ်ဆိုပြီးတော့ မဟုတ်မမှန်တဲ့ ဟာတွေကို ပြောပြီးတော့ အလုပ်မရသေးဘူး ဘာညာနဲ့ ပြန်လွှတ်လာတဲ့သူလည်း ရှိတယ်။ လွှတ်လာတော့ ကျနော်တို့ မူဆယ်ကနေ ပြီးတော့ သူတို့ရဲ့ ထောက်ခံစာတွေ လမ်းမှာ တခုခုဖြစ်မှာစိုးလို့လေ ဂိတ်မှာ ထောက်ခံချက်တွေပေးပြီးတော့ ပြန်ပို့ပေးတာ မျိုးလည်း ရှိပါတယ်။
HI – နောက်ဆုံးအနေနဲ့နယ်စပ်ဒေသဖြစ်ဖြစ်၊ပြည်တွင်းမှာဖြစ်ဖြစ်၊ပြည်ပမှာဖြစ်ဖြစ်အလုပ်သွားရောက် လုပ်ကိုင်မယ့်အမျိုးသမီးတွေကိုဘယ်လိုသတင်းစကားပါးချင်ပါသလဲရှင့်။
ဖြေ – ဘယ်နေရာ၊ ဘယ်ဒေသသွားသွား အလုပ်လုပ်ကိုင်မယ်ဆိုရင် သတိထားကြဖို့ပြောချင်ပါတယ်။ ကိုယ့်လုပ်မယ့် လုပ်ငန်းက တကယ်ရှိလား။ အခုခေတ်က အလွယ်တကူရှာလို့လွယ်နေတာလေ။ TikTok တော့ဆော့တာလည်းလျော့စေချင်တယ်။အဲ့ဒီပေါ်မှာတင်တာတွေလည်းအလွယ်တကူမယုံကြပါနဲ့လို့မှာချင်ပါတယ်။
(ဝန်ခံချက် – “ယခုဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားထားသည့် လူမှုကူညီရေး အဖွဲ့များ၏ အမည်များကို လုံခြုံရေးအခြေအနေများကြောင့် ချန်လှပ်ထားပါသည်” )







