“သားမွေး ပေးရင် ပြန်လွှတ်မယ်”
ရှင်ငြိမ်း
အိမ်ရှေ့က သစ်ရွက်ခြောက်တွေ လေတိုးလို့ တဖျတ်ဖျတ်မြည်နေတဲ့ အသံကတောင် ဆုသက်အတွက် ရင်ဝကို တူနဲ့ ထု နေသလို လန့်ဖျပ်စိုးထိတ်စေပါတယ်။
လယ်ကွင်းထဲသွားတဲ့ အိမ်သားတွေမပြန်ခင်၊ အိမ်ခန်းထဲမှာ ဟောက်နေတဲ့ ယောက္ခမကြီးမနိုးခင် လှုပ်ရှားရတဲ့ ဒီမိနစ်ပိုင်း လေးဟာ ၅ နှစ်တာ ငရဲခန်းကနေ လွတ်မြောက်ဖို့ သူမအတွက် တခုတည်းသော ထွက်ပေါက် ဖြစ်ပါတယ်။
အဝတ်အစား အပိုတထည်ပင် လှည့်မယူအားဘဲ အဝတ်တထည်ကိုယ်တခုနဲ့ အိမ်တံခါးကို အသံမမြည်အောင် ဖွင့် လိုက်ချိန်မှာ ဆုသက်ရဲ့လက်ချောင်းတွေဟာ တုန်ရီလွန်းလို့ သော့ခလောက်ကို မနည်းကိုင်ထားခဲ့ရတာပါ။
ရင်ဘတ်ထဲက နှလုံးခုန်သံက အပြင်ကို လျှံထွက်မတတ်၊ မိသွားရင် ဘာဖြစ်မလဲဆိုတဲ့ အတွေးနဲ့ ခြေဖျားလက်ဖျားတွေ ရေခဲတုံးလို အေးစက်နေပေမဲ့ အိမ်နဲ့ဝေးရာကို ခပ်သုတ်သုတ် ပြေးထွက်ခဲ့မိတယ်။
မြို့ထဲလမ်းမကြီးပေါ် ရောက်တဲ့အခါ ကြောက်စိတ်ကိုဖျောက်၊ မျက်ရည်ကိုသုတ်ပြီး ခိုးမှတ်ထားတဲ့ တရုတ်စကားလုံး အနည်းငယ်နဲ့ နယ်စပ်သွားမယ့် ဘတ်စ်ကားဂိတ်ကို လိုက်ပို့ပေးဖို့ လမ်းသွားလမ်းလာတွေကို ငိုယိုတောင်းပန်ခဲ့ရတယ်။
ကံကောင်းစွာနဲ့ စိတ်ကောင်းရှိတဲ့ တရုတ်အမျိုးသမီးတဦးနဲ့ တွေ့ခဲ့ရလို့ ကားဂိတ်ကို ပို့ပေးခဲ့တဲ့အပြင် ငွေကြေးတချို့ပါ ပေးပြီး မြန်မာပြည်နယ်စပ်ပို့ပေးဖို့ ကားဆရာကို သေချာအပ်ကာ ပြောပေးခဲ့တာ ဖြစ်တယ်။
အဲ့ဒီလိုနဲ့ပဲ မြန်မာ-တရုတ်နယ်စပ် မူဆယ်ဂိတ်ကနေ မိခင်မြေဆီ ပြန်လည်ခြေချနိုင်ခဲ့တာပါ။
သူကတော့ လွန်ခဲ့တဲ့ ၅ နှစ် ကျော်က တရုတ်ပြည် ရွှေလီမြို့နယ်ထဲ လူကုန်ကူးခံခဲ့ရပြီး၊ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်ကမှ ပြန်လည်လွတ်မြောက် လာခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့နယ်၊ ကျေးရွာတရွာက မဆုသက်ပဲ ဖြစ်တယ်။
သူဟာ မိသားစုထဲမှာ အကြီးဆုံးသမီးဖြစ်ပြီး နေ့စားလယ်သမားဘဝနဲ့ ရုန်းကန်ရင်း၊ တလကို ငွေကျပ် ၂ သောင်းခွဲဝန်းကျင် ပင် ပုံမှန်မရတဲ့ ကြပ်တည်းမှုကြားမှာ နေထိုင်ခဲ့ရသူဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် နယ်စပ်မှာ တရားမဝင်အလုပ်လုပ်နေရတဲ့ အစ်ကို ၂ယောက်ကလည်း ကိုယ့်ကိုယ်ကိုယ် မနည်း ရုန်းနေရချိန်၊ မိဘတွေကလည်း ကျန်းမာရေးမကောင်းတော့တာကြောင့် ညီမငယ် ၂ယောက်နဲ့ မိဘတွေကို လုပ်ကိုင်ကျွေး ချင်ခဲ့ပါတယ်။
ဘဝအတွေ့အကြုံနုနယ်သေးတဲ့ ဆုသက်ဟာ ပွဲစားလင်မယားပေးတဲ့ ကြိုငွေသိန်း ၃၀ ရယ်၊ တရုတ်ပြည်မှာ စက်ရုံ လုပ်ရင် လစာကောင်းမယ်၊ တရုတ်အမျိုးသားနဲ့ ၁လလောက်နေရင် သိန်းတရာရမယ်ဆိုတဲ့ မက်လုံးတွေအောက်မှာ မျှောပါသွားခဲ့ ရတာပါ။
မူဆယ်ကနေ ရွှေလီထဲ ရောက်တဲ့အခါမှာတော့ စက်ရုံအစား လယ်ကွင်းတွေဖြတ်ပြီး အိမ်တအိမ်မှာ အပြတ်ရောင်းစား ခံလိုက်ရမှန်း ဆုသက်တယောက် သိလိုက်ရပါတော့တယ်။
ခြေမသန်တဲ့ တရုတ်အမျိုးသားနဲ့ အတင်းအကျပ် အတူနေခိုင်းတာကို ငြင်းဆန်တဲ့အတွက် ယောက္ခမဖြစ်သူရဲ့ ရိုက်နှက်နှိပ် စက်မှုကို စတင်ခံရပြီး၊ အသားမစားတတ်တဲ့ သူ့ကို ဝက်သား၊ အမဲသားတွေ အတင်းကျွေးကာ ခိုင်းဖတ်တခုလို ထားခဲ့ကြ တယ်။
ဒါ့အပြင် ကလေးရအောင် တရုတ်တိုင်းရင်းဆေးတွေ အတင်းတိုက်၊ ဆီးစစ်ခိုင်းပြီး ဆေးသောက်လို့အန်ရင် ဆေးမေ့ရင် ရိုက်နှက်လေ့ရှိပါတယ်။ အိမ်လွမ်းလို့ ငိုတိုင်း “သားမွေးပေးရင် ပြန်လွှတ်မယ်“ဆိုတဲ့ စကားကြောင့်ပဲ မျှော်လင့်ချက်တခု တည်းနဲ့ ကိုယ်ဝန်ဆောင်ခဲ့ရတယ်။
သားလေးမွေးပြီးတော့ သွေးလွန်လို့ ဆေးရုံတက်ရစဉ်မှာ ဗမာလိုပြောတတ်သူတွေဆီကနေ လမ်းကြောင်းမေး၊ တရုတ် စကား ခိုးသင်ဖြစ်ခဲ့တယ်။ ယခုတော့ သားလေးက ၂ နှစ်သားအရွယ် ရောက်လို့ နို့ပြတ်ခဲ့ပေမဲ့ သူတို့က ကတိမတည်ခဲ့ပါဘူး။
“သူတို့က ကျမကို ကလေးမွေးစက်လိုသဘောထားတာ၊ မယားရယ်လို့ အသိအမှတ်ပြုပြီး လူကြားထဲခေါ်သွားတာ မရှိဘူး၊ တရုတ်နှစ်ကူးလုပ်ရင် ကျမ မပါဘူး၊ ကလေးကိုတော့ ဦးစားပေးတယ်” လို့ ဆုသက်က ဝမ်းနည်းစွာ ဖွင့်ဟပါတယ်။
ဒီအိမ်မှာ ဆက်နေရင် တသက်လုံး သူတို့ရဲ့ကျွန်ဘဝနဲ့ပဲ မြေကျသွားရတော့မယ်ဆိုတာ သိလို့ ဆုသက်တယောက် အသက်လု ပြီး ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်။
ဒါ့ကြောင့် အခွင့်သာတဲ့ နေ့တနေ့မှာတော့ အနောက်ကို လှည့်မကြည့်စတမ်း အိမ်တံခါးကို ဆွဲပိတ်ကာ လွတ်မြောက်ရာ လမ်းဆီ ဦးတည်ပြီး အဝတ်တထည် ကိုယ်တခုနဲ့ ပြေးထွက်မိခဲ့တာပါ။
သူအနေနဲ့ ငရဲခန်းထဲကနေ ရုန်းထွက်လွတ်မြောက်လာနိုင်ခဲ့တယ်ဆိုပေမဲ့၊ ဝမ်းနဲ့လွယ်ပြီး အသက်နဲ့လဲကာ မွေးဖွားခဲ့ရတဲ့ ကိုယ့်ရင်သွေးအရင်းခေါက်ခေါက်ကို စိမ်းကားရက်စက်စွာ ထားပစ်ခဲ့ရတဲ့ အပြစ်မကင်းစိတ်နဲ့ သားကို လွမ်းတဲ့ နာကျင်မှုက ဆုသက်ရဲ့ ရင်ဝကို ဓားနဲ့ အစိမ်းလိုက် မွှန်းနေသလိုပါပဲလို့ ဆိုပါတယ်။
“မအေဆိုတော့ သားကို ရူးမတတ်လွမ်းတာပေါ့၊ ပြန်ရောက်စက နားထဲမှာ သားအသံပဲကြားနေရတာ၊ ခဏခဏထကြည့် မဟုတ်တာသိရင် ငိုနဲ့တော်တော်ခံစားရတယ်၊ သားကိုလွမ်းနာက ဘာနဲ့တူသလဲဆို ရင်ထဲမှာစူးတဲ့ ဆူးလိုပဲ တဆစ်ဆစ်နဲ့ နာတာ”လို့ ဆုသက်က သူ့ရင်ထဲက ခံစားချက်ကို ရင်ဖွင့်ပါတယ်။
မိခင်မြေဆီ ပြန်ရောက်လာတဲ့ ဆုသက်တယောက် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ပြစ်တင်မှုဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရပါတယ်။
“တရုတ်မယား ဖြစ်ခဲ့တာပဲ၊ ပိုက်ဆံတွေ အများကြီး ရလာမှာပေါ့” ဆိုတဲ့စကားလုံးတွေ၊ သားကို ထားခဲ့လို့ “ရက် စက်တဲ့အမေ” လို့ သမုတ်တာတွေ ဝေဖန်မှုတွကြားမှာ သူရဲ့စိတ်ဒဏ်ရာဟာ ပိုပြီး နက်ရှိုင်းလာခဲ့ပါတယ်။
“သူတို့ဘာပြောပြော ကျမဂရုမစိုက်ဘူး၊ ကျမခံစားရတာ ကျမပဲသိတယ်၊ ကျမကိုဆို ကွယ်ရာမှာ တရုတ်မယား၊ တရုတ် မယားလို့တောင် ခေါ်ကြတယ်၊ ဒါအမှန်ပဲလေ၊ အဲ့တော့ သူတို့လည်း ပြောချင်တာပြော၊ ကျမလည်း ကိုယ့်အလုပ်ကိုယ်လုပ် တယ်”လို့ ဆုသက်က ဆိုပါတယ်။
နိုင်ငံတဝှမ်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် နေရပ်စွန့်ခွာဖို့ ဖိအားပေးခံနေရတဲ့ မြန်မာ အမျိုးသမီးတွေအတွက် တရုတ်နိုင်ငံက လစာကောင်းတဲ့ အလုပ်ဆိုတဲ့ ကတိတွေဟာ တခါတရံ မျှော်လင့်ချက်မဟုတ်ဘဲ လူကုန်ကူးမှုရဲ့ ထောင်ချောက်တခုဖြစ်နေတာကို တွေ့ရပါတယ်။

ဆုသက် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဆိုးတွေဟာ စစ်ပွဲနဲ့ တိုင်းပြည်မငြိမ်သက်မှုတွေရဲ့ နောက်ကွယ်မှာ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာနဲ့ ဘဝတွေကို ဈေးကွက်ထဲက ရောင်းကုန်တခုလို အရောင်းအဝယ်လုပ်နေတဲ့ အမှောင်ကမ္ဘာတခု ရှိနေတယ် ဆိုတာကို မီးမောင်းထိုးပြနေတာပါ။
မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး အခက်အခဲ၊ စစ်ပွဲတွေနဲ့ စစ်မှုထမ်းဥပဒေတွေဟာ လူကုန်ကူးသူတွေ ပွဲစားတွေအတွက် အခွင့်အလမ်း ဖြစ်နေပါတယ်။
ရင်သွေးတယောက် ရတဲ့အထိ ပေါင်းသင်းရတဲ့ ပေါက်ဈေးငွေဟာ အနည်းဆုံး ကျပ်သိန်း ၆၀ ကနေ အများဆုံး ကျပ်သိန်း ၁၀၀ ခန့်ထိ ရှိတယ်လို့ နယ်စပ်မှာ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို ကယ်ထုတ်ပေးနေတဲ့ လူမှုကူညီရေးအသင်းတခု ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါက ပါးစပ်ဈေးဖြစ်ပြီး ပွဲစားတွေဟာ လူကုန်ကူးခံရတဲ့ အမျိုးသမီးငယ်တွေကို သိန်း ၆၀၊ ၁၀၀ စသဖြင့် အပြည့်ပေးလေ့ မရှိဘဲ စရံသဘောမျိုး သိန်း ၃၀၊ ၄၀၊ အများဆုံးမှ သိန်း ၆၀ လောက်သာ ပေးလေ့ရှိတယ်။ တကယ်အကျိုးအမြတ်အရဆုံး သူက ပွဲစားတွေပါ။
ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့အတူ တလကို ငွေကျပ် ၁ သိန်းရှာနိုင်ဖို့ ခက်ခဲတဲ့ အခြေ အနေမှာ ရုန်းကန်နေရတဲ့ အမျိုးသမီးတွေဟာ တရုတ်မှာ လစာကောင်းအလုပ်ရမယ်ဆိုတဲ့ မက်လုံးတွေနဲ့ အခုလိုပဲ လူကုန်ကူးမှု ထောင်ချောက်ထဲ သက်ဆင်းနေကြရတာ ဖြစ်ပါတယ်။
ဆုသက်ဟာ ဒီလို ထောင်ချောက်ထဲကို ရောက်ခဲ့ရပြီး သူ့လိုပဲ သားကောင်ဖြစ်ခဲ့ကြသူတွေကတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ထဲက ဂျာနူးနဲ့ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်ထဲက ဖြိုးဖြိုးတို့ ဖြစ်ကြပါတယ်။
ဆုသက်လိုပဲ တရုတ်ပြည် ဟိုနန်ပြည်နယ်ထဲမှာ ရက်ရက်စက်စက် လူကုန်ကူးခံခဲ့ရတဲ့ ကချင်အမျိုးသမီး “ဂျာနူး” ပါ။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ၁၀ လပိုင်းတုန်းက “တရုတ်ပြည်မှာ အလုပ်ရမယ်၊ စားသောက်ဆိုင်မှာ အလုပ် ကောင်းကောင်းလေး ရှာပေးမယ်” ဆိုပြီး သူရဲ့ အဒေါ်အရင်းက ခေါ်လို့ ယုံကြည်ပြီး ဂျာနူးတယောက် လိုက်သွားခဲ့တာပါ။ ဒါပေမဲ့ ဟိုနန်က အိမ်တခုကိုရောက်တဲ့ အခါမှာတော့ သူဟာငွေနဲ့ အဝယ်ခံလိုက်ရမှန်း သိလိုက်ရပါတော့တယ်။
အဲဒီအိမ်မှာ တရုတ်အမျိုးသားရဲ့ ဇနီးမယားအဖြစ် အတူနေပေးရပြီး တရုတ်နှစ်ကူးနီးမှ အဝတ်အစား ဝယ်ပေးတတ်တာက လွဲရင်ကျန်တဲ့ရက်တွေမှာ ထမင်းကျွေးတာတောင် နပ်မမှန်ပါဘူး။ မစားရတဲ့ရက်က ပိုများတဲ့အပြင် တခါတရံ ထမင်းသိုး တွေကိုပါ စားခဲ့ရတယ်။
ဟိုနန်ပြည်မှာ အိမ်ပိုင်ရှိပေမဲ့ မိသားစုမရှိတော့တဲ့ လင်ဖြစ်သူ တရုတ်အမျိုးသားက စားသောက်ဆိုင်တခုမှာ မန်နေဂျာ အလုပ် လုပ်ကိုင်နေသူပါ။ ထမင်းအပြင် အစားအသောက်မျိုးစုံလည်း ချက်ပြုတ်စားသောက်တတ်သူ ဖြစ်တယ်။
အရက်ကြိုက်သူဖြစ်လို့ ညတိုင်းပုံမှန် အနည်းဆုံး တခွက်တော့ သောက်လေ့ရှိပြီး မူးလာပြီဆိုရင် ဂျာနူးကို ရက်ရက်စက် စက် ရိုက်နှက်ပြီး အဓမ္မပြုကျင့်လေ့ရှိပါတယ်။ တခါက မူးပြီးရိုက်လိုက်တာ ဂျာနူးရဲ့ လက်အဆစ်လွဲသွားတာတောင် ဆေးမကု ပေးဘဲ ဒီအတိုင်း ပစ်ထားခဲ့တာပါ။
ဂျာနူးက“သူက ကျမကို သူ့မယားပါလို့ သတ်မှတ်ထားတာမဟုတ်ဘူး၊ သူနဲ့အိပ်ဖော်၊ ခိုင်းဖတ်၊ အနိုင်ကျင့်နှိပ်စက်လို့ရတဲ့ အရုပ်လို သဘောထားတာပါ၊ စကားတောင် သူပြောချင်မှ ပြောတာ”လို့ ရင်ဖွင့်ပါတယ်။
အိမ်ပြန်ချင်လို့ အကြိမ်ကြိမ်ငိုကြွေးခဲ့ပေမယ့်၊ ပေးမပြန်ဘဲ နောက်ဆုံး ကိုယ်ဝန်ရှိလာခဲ့ပါတယ်။ တရုတ်လင်ကတော့ ကလေးရှိလာရင် ဂျာနူးတယောက် ဗမာပြည်ပြန်ဖို့ တွေးတော့မှာမဟုတ်ဘူးလို့ ထင်နေပေမဲ့ ဂျာနူးရဲ့ရင်ထဲမှာတော့ အချိန်တိုင်း အိမ်ပြန်ဖို့ပဲ ကြိုးစားနေခဲ့တာပါ။
“တရက် သူတို့စားသောက်ဆိုင်ပိတ်နေတဲ့အချိန် ဧည့်သည်တွေနဲ့ ရန်ဖြစ်တယ်၊ ပြီးတော့ အမျိုးသားက ဆိုင်ပိတ်ပြီး အိမ် ပြန်လာတယ်၊ ခဏနေတော့ ရဲတွေရောက်လာပြီး ဖမ်းသွားတော့ ကျမလည်း လိုက်သွားရတယ်၊ ဟိုရောက်တော့ ကျမကို လည်း မေးတယ်၊ အဲဒီမှာ ကျမကို တရားဝင်နေထိုင်သူမဟုတ်ဘဲ လူကုန်ကူးခံရသူမှန်း ရဲတွေ သိသွားကြတယ်” လို့ ဂျာနူးက သူလွတ်မြောက်ဖို့ လမ်းစပွင့်ခဲ့ရပုံကို ပြန်ပြောပြပါတယ်။
ရဲစခန်းမှာ မှတ်ပုံတင်လည်းမရှိ၊ မြန်မာပြည်ကလို့ ပြောတာကို မယုံကြဘဲ နောက်ဆုံး ရဲအရာရှိတဦးက အိမ်ထောင်စု စာရင်းထဲက မိဘမောင်နှမ နာမည်တွေကို မမှားအောင် ရေးခိုင်းပြီး မြန်မာပြည်ဘက်ကို အချက်အလက်ပို့ကာ စစ်ဆေး ခဲ့ပါတယ်။
မြန်မာပြည်ဘက်က အချက်အလက်တွေမရမချင်း ဂျာနူးကို ထိန်းသိမ်းရေးစခန်း (ထောင်)မှာ ထားပါတယ်။ တလကျော် ကြာတော့မှ အိမ်ထောင်စုစာရင်း ရှာတွေ့လို့ လက်မှတ်ထိုးခိုင်းပြီး သူမျှော်လင့်ခဲ့တဲ့ နေရပ်ပြန်ခရီးကို စတင်နိုင်ခဲ့တာ ဖြစ်တယ်။
ရွှေလီမြို့က မူးယစ်ဆေးဝါးထောင်ထဲမှာ ၂ ညအိပ် ၃ရက်နေခဲ့ရပြီး တရုတ်လူဝင်မှုကြီးကြပ်ရေးကနေ မြန်မာပြည်ဘက်ကို သူ့လိုပဲ တရားမဝင် ဝင်ရောက်လာလို့ အထိန်းသိမ်းခံရတဲ့ အယောက် ၁၀၀ ကျော်နဲ့အတူ လွှဲပြောင်းပေးခဲ့တဲ့အထဲမှာ ဂျာနူးတယောက်ပါဝင်ခဲ့ပါတယ်။
သူဟာ အိမ်နဲ့အဆက်အသွယ် လုံးဝပြတ်တောက်နေခဲ့တာမို့ မူဆယ်နှစ်ခြင်းဘုရားကျောင်းက ဆရာတော်တွေရဲ့ကူညီမှုနဲ့ မြစ်ကြီးနားက အိမ်ကလေးဆီကို ပြန်လည်ရောက်ရှိလာနိုင်ခဲ့တာဖြစ်တယ်။
အရင်းနှီးဆုံး အဒေါ်အရင်းရဲ့ ရောင်းစားတားကို ခံခဲ့ရပြီး ငရဲခန်းကနေ မနည်းရုန်းထွက်ခဲ့ရတဲ့ ဂျာနူးကတော့ “မလာနဲ့ဆို လည်း ဆင်းရဲမှုဒဏ်မခံနိုင်ကြတော့ လာကြမှာပဲ၊ အဲ့တော့ လာမယ်ဆိုရင် ပွဲစားကို သေချာမေး၊ တရုတ်မယား လုပ်ရမယ် ဆို ငွေလုံလောက်အောင်တောင်း၊ မိဘကို ပေးခဲ့ပါ၊ ဖြစ်နိုင်ရင် ကိုယ်အိမ်မှာ ဖြစ်သလို နေ၊ စားနိုင်ရင်ကောင်းတာပေါ့”လို့ ဆိုပါတယ်။
ဆုသက်နဲ့ ဂျာနူးတို့ဖြတ်သန်းခဲ့ရတဲ့ ဘဝထက် ပိုပြီးစိတ်ထိခိုက်စရာအခြေအနေနဲ့ ကြုံတွေ့ခဲ့ရသူ နောက်တယောက် ကတော့ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အပိုင် ရွာလေးတရွာက ဖြိုးဖြိုးဆိုတဲ့ အမျိုးသမီးငယ်တဦးပါ။
သူဟာလည်း တခြားသူတွေလိုပဲ ငွေကြေးလိုအပ်ချက်ကြောင့် တရုတ်ပြည်မှာ အလုပ်လုပ်ကိုင်ဖို့ ထွက်လာရင်း “တရုတ်မယား” လို့ လူသိများတဲ့ နယ်စပ်ဖြတ်ကျော် ဇနီးမယားအဖြစ် လူကုန်ကူးခံခဲ့ရသူဖြစ်တယ်။
ဖြိုးဖြိုးဟာ တရုတ်ပြည်ကို ရောက်သွားပြီးတဲ့နောက်မှာ ၃ ကြိမ်တိုင်တိုင် ကိုယ်ဝန်ဆောင်ခဲ့ရတယ်။ ဗိုက်ထဲက ရင်သွေးဟာ မိန်းကလေးဖြစ်နေမှန်း အာထရာဆောင်းစစ်ဆေးချက်အရ သိရတဲ့ အကြိမ်တိုင်းမှာပဲ တရုတ်အမျိုးသားရဲ့ မိသားစုက သူ့ကို အဓမ္မ ကိုယ်ဝန်ဖျက်ချခိုင်းခဲ့ပါတယ်။
“ယောက်ျားလေးမှ လိုချင်တဲ့ အစွဲနဲ့ လူမဆန်အောင် ကျမကို ဇွတ်အတင်းဆေးတွေတိုက်၊ ဗိုက်ကို အတင်းနှိပ်ပြီး ဖျက်ချ ကြတယ်၊ အရမ်းကို ရက်စက်ကြတယ်”လို့ ဖြိုးဖြိုးက ပြောပါတယ်။
နောက်ဆုံး ၄ ကြိမ်မြောက် ကိုယ်ဝန်ကျမှပဲ သူတို့ တဖွဖွတောင်းတနေတဲ့ သားယောက်ျားလေးကို ဖြိုးဖြိုးတယောက် မွေးဖွားပေးနိုင်ခဲ့ပါတော့တယ်။
ဒါပေမဲ့ အကြိမ်ကြိမ် ကိုယ်ဝန်ဖျက်ချခဲ့ရတဲ့ ဒဏ်တွေရယ်၊ နောက်ဆုံး ကလေးမွေးတဲ့အချိန်မှာ သားအိမ်တွင်း သွေးလွန်မှု အပြင်းအထန် ဖြစ်ပွားခဲ့တာတွေကြောင့် နောက်ထပ် ကိုယ်ဝန်ဆောင်နိုင်စွမ်း မရှိတော့ဘဲ သားအိမ်တခုလုံး ထုတ်ပစ် လိုက်ရတဲ့ အခြေအနေအထိ ဆိုက်ရောက်သွားခဲ့ရတယ်။
တရုတ်မိသားစုရဲ့ တခုတည်းသော ရည်ရွယ်ချက်က သားယောက်ျားလေး ရရှိရေးဖြစ်ပြီး၊ ဖြိုးဖြိုးရဲ့ ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးက သူတို့အတွက် ထည့်သွင်းစဉ်းစားရမယ့် အရာတခု မဟုတ်ခဲ့ပါဘူး။ သူ့ကို ဇနီးအဖြစ် မဟုတ်ဘဲ ကလေးမွေးဖို့ ဝယ်ထားတဲ့ ကိုယ်ခန္ဓာတခုအဖြစ် မြင်ကြတာပဲဖြစ်ပါတယ်။
သားယောက်ျားလေး မွေးပေးပြီးပေမဲ့လည်း မျိုးဆက်ပွားနိုင်စွမ်း မရှိတော့တဲ့ မြန်မာအမျိုးသမီးငယ်တဦးကို အဲဒီ တရုတ်မိသားစုက အသုံးမဝင်တော့တဲ့ ပစ္စည်းတခုလို သဘောထားပြီး လမ်းဘေးမှာပဲ စွန့်ပစ်ခဲ့ပါတော့တယ်။
ဖြိုးဖြိုးက “လူပြတ်တဲ့လမ်းမကြီးရောက်တော့ ဆင်းဆိုပြီး မောင်းချထားခဲ့တာ၊ ကျမလည်း ငိုယိုပြီး ကားနောက် အတင်း ပြေးလိုက်ပေမဲ့ သူတို့က ပြန်မကြည့်ဘူး၊ ကျမလည်း ဘာလုပ်ရမှန်းမသိလို့ ငိုပြီး ကားလမ်းပေါ်လျှောက်သွားနေတာ၊ ကား တွေလည်း တားပါတယ်၊ ရပ်မပေးဘူး၊ အဲ့မှာ ဗမာလင်မယားကကယ်လို့ ပြန်လွတ်လာတာ”လို့ ရင်ဖွင့်ပါတယ်။
လမ်းဘေးမှာ သေလုမတတ် ဒုက္ခရောက်နေတဲ့ ဖြိုးဖြိုးကို ဗမာမိသားစုက နယ်စပ်ဂိတ်ထိလိုက်ပို့ပေးပြီး ဗမာပြည်ထဲ ပြန် ပို့ဖို့ စီစဉ်ပေးခဲ့တာကြောင့် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့က ဇာတိရွာလေးကို ပြန်ရောက်ခဲ့တာဖြစ်တယ်။
သူအနေနဲ့ အသက်ဘေးက လွတ်မြောက်ပြီး အိမ်ပြန်လာနိုင်ခဲ့တယ်ဆိုပေမဲ့လည်း ခန္ဓာကိုယ်မှာ အမျိုးသမီးဖြစ်ခြင်း အမှတ် အသား အင်္ဂါအစိတ်အပိုင်းတခု ထာဝရဆုံးရှုံးသွားခဲ့ရတဲ့အပြင်၊ ပြန်မကောင်းနိုင်တော့တဲ့ စိတ်ဒဏ်ရာကို အကြီးအကျယ် ခံစားနေရဆဲဖြစ်တယ်။
“လူတစ်ယောက်လို တန်ဖိုးမထားဘဲ အသုံးချခံခဲ့ရတဲ့ စိတ်ဒဏ်ရာက ဘယ်တော့မှ ပျောက်တော့မှာ မဟုတ်ဘူး”လို့ ဖြိုးဖြိုးက သူရဲ့နာကျည်းမှုကို ရင်ဖွင့်ပါတယ်။
ပိုပြီးဆိုးတာက ဇာတိရွာလေးဆီ ပြန်ရောက်တော့လည်း မိသားစုက နွေးထွေးစွာ ကြိုဆိုပေမဲ့ သားအိမ်မရှိတော့တဲ့ ဖြိုးဖြိုး ကို ပတ်ဝန်းကျင်က “မိန်းမမစစ်တော့ဘူး” လို့ နောက်ကွယ်မှာ ကဲ့ရဲ့လှောင်ပြောင်ပြီး စိတ်ဒဏ်ရာပေါ် ဆားနဲ့ပက်ခဲ့ကြ ပါတယ်။
“ဒါတွေကြားတော့ ကိုယ့်ကိုကိုယ်သတ်သေဖို့ လုပ်သေးတယ်၊ အမေက တွေ့ပြီး ငါတို့ကိုခွဲသွားတော့မှာလားဆိုတော့ ကျမ မထိန်းနိုင်ဘဲ ငိုခဲ့မိတယ်၊ အဲ့ဒီတညလုံး ကျမဘာလုပ်သင့်တယ်ဆိုတာ စဉ်းစားတယ်၊ နောက်တော့ ဘာဖြစ်ဖြစ် ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တာ”လို့ ဖြိုးဖြိုးက ပြောပြပါတယ်။
မဖြိုးဖြိုးဟာ အခုတော့ ဒေသတွင်းအမျိုးသမီးအရေးကာကွယ်စောင့်ရှောက်ပေးတဲ့ အဖွဲ့တဖွဲ့ရဲ့အကူအညီနဲ့ သူ့ရဲ့ စိတ်ဒဏ်ရာတွေကို လျှော့ပါးသက်သာစေမယ့် စိတ်ကျန်းမာရေးနှစ်သိမ့်ဆွေးနွေးမှုတွေခံယူရင်း ဘဝကို ရှေ့ဆက်နေ ပါတယ်။
သူတို့ ၃ဦးဟာ ငရဲတွင်းထဲက လွတ်မြောက်လာခဲ့ကြပေမယ့် ပတ်ဝန်းကျင်ရဲ့ စူးရှတဲ့ အကြည့်တွေ၊ ကွယ်ရာတင်မက ရှေ့တင်ပါ ပြောဆိုကြတဲ့ ခွဲခြားနှိမ်ချမှုတွေနဲ့အတူ “ဒုတိယစစ်မြေပြင်” တခုကို အလူးအလဲ ရင်ဆိုင်ရင်း ဘဝကို ခက်ခဲစွာ ရှေ့ဆက်နေကြရဆဲဖြစ်ပါတယ်။
အရင်းနှီးဆုံးလူတွေရဲ့ သစ္စာဖောက်မှု၊ ကိုယ်ခန္ဓာအစိတ်အပိုင်းနဲ့ ရင်သွေးတွေကို ထာဝရစွန့်လွှတ်ခဲ့ရတဲ့ စိတ်ဒဏ်ရာ တွေရှိနေပေမဲ့ သူတို့ဟာ ပြစ်တင်ဝေဖန်မှုတွေကနေ ရုန်းထွက်ပြီး မိသားစု စားဝတ်နေရေးအတွက် ကြုံရာအလုပ်တွေ လုပ်ကိုင်ရင်း ရှင်သန်နေကြရတာဖြစ်တယ်။
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ တဦးက ဒီလို လူကုန်ကူးခံရသူတွေဟာ ပြစ်မှုကျူးလွန်ကြသူတွေမဟုတ်ဘဲ စစ်ပွဲနဲ့ ဆင်းရဲမွဲတေမှုတွေရဲ့ ဓားစာခံသားကောင်းတွေဖြစ်တယ်ဆိုတာကို ပတ်ဝန်းကျင်က နားလည်လက်ခံပေးဖို့လိုအပ်တယ်လို့ ထောက်ပြပြောဆိုပါတယ်။
“သူ့ကို အပြစ်တင်မယ့်အစား လူပွဲစားတွေကို ရွာထဲမဝင်ခိုင်းဘဲ မောင်းထုတ်ရမှာ၊ တရုတ်မယား၊ မိန်းမ မစစ်ဘူးလို့ ပြောမယ့်အစား နစ်နာတဲ့မိန်းကလေးတွေကို နွေးထွေးစွာကြိုဆိုတဲ့ အလေ့အထမျိုးရှိအောင် အသိပညာပေးရမယ်၊ ဒါတွေလည်း ကျမတို့တတ်နိုင်သလောက်လုပ်နေပါတယ်၊ ဒါမဲ့ အခုက အရင်လိုမလုပ်နိုင်တော့ဘူး၊ စစ်ကြောင်းကြောက် နေရတယ်”လို့ သူက ဆိုပါတယ်။
လက်တွေ့မှာ သူတို့ရှေ့ရေးအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးတာ၊ ကဲ့ရဲ့အနိုင်ကျင့်မှုတွေကနေ ကာကွယ်ပေးနိုင်မယ့် လုံခြုံတဲ့ ဝန်းကျင်တခု ဖန်တီးပေးတာတွေကို လုပ်ဆောင်ရမှာဖြစ်ပေမယ့် ငွေကြေးနဲ့ လုံခြုံရေးအခြေအနေတွေအရ ဒါတွေကို အခုလတ်တလောမှာ လုပ်ကိုင်ရခက်ခဲနေတယ်လို့ သူက ရင်ဖွင့်ပါတယ်။
ဆုသက်၊ ဂျာနူးနဲ့ ဖြိုးဖြိုးတို့ရဲ့ အတွေ့အကြုံတွေဟာ သီးခြားဖြစ်ရပ်တွေ မဟုတ်ဘဲ ပိုပြီး ကျယ်ပြန့်လာနေတဲ့ လူကုန်ကူးမှုပြဿနာရဲ့ အစိတ်အပိုင်းတခုပဲဖြစ်တယ်ဆိုတာကို ကိန်းဂဏာန်းတွေက ဖော်ပြနေပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ကနေ ဇွန်လ ၂၀ ရက်ထိ လူကုန်ကူးမှု ၈၀ မှုအထိ ဖော်ထုတ်အရေးယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“လူကုန်ကူးခံရမှုတွေက တော်တော်များလာတယ်၊ အားလုံးက စစ်ပွဲပဲ အာရုံရောက်နေကြတော့ လူကုန်ကူးမှုကို ထိထိ ရောက်ရောက် မလုပ်ကြတော့ဘူး၊ အရင်က နယ်စပ်ဒေသက မိန်းကလေးတွေလောက်ပဲ လူကုန်ကူးခံရတာ၊ အခုက စစ်ဖြစ်တဲ့အညာဒေသက မိန်းကလေးတွေပိုများတယ်”လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။
ကချင်အမျိုးသမီး အစည်းအရုံး – ထိုင်းနိုင်ငံ Kachin Women’s Association Thailand(KWAT )ရဲ့ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ကောက်ယူထားတဲ့ စာရင်းအရ လူကုန်ကူးခံရပြီး ရှင်သန်လွတ်မြောက်သူ ၁၈၇ ဦး ရှိပြီး တရုတ်နိုင်ငံ ကို ဇနီးမယားအဖြစ် လူကုန်ကူးခံရမှုအများစုမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က အမျိုးသမီးအများဆုံးဖြစ်တယ်လို့ ဆို ပါတယ်။
“တရုတ်ဇနီးမယား အဖြစ် အတင်းအဓမ္မ ရောင်းစားခံရခြင်း” အစီရင်ခံစာသစ်မှာ ယခုနှစ် ကာလတွေထဲ အမျိုးသမီး တွေကို ဇနီးမယားအဖြစ် တရုတ်နိုင်ငံကို အတင်းအဓမ္မ ရောင်းစားနေတာဟာ မြန်မာနိုင်ငံဒေသအသီးသီးမှာ စိုးရိမ်ဖွယ် ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပွားနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ (KWAT) ရဲ့ အစီရင်ခံစာတခုမှာလည်း ရေးသား ဖော်ထားပါတယ်။
အဲ့ဒီ ၂၀၂၅ ခုနှစ်ကာလမှာ တရုတ်မယားအဖြစ်ရောင်းချခံရမှုဟာ ယခင်ထက် ၃ ဆမြင့်တက်လာတယ်လို့ KWAT မှ တာဝန်ရှိ သူ ဆန်ထွယ်က ၂၀၂၅ ခုနှစ်၊ မတ်လပိုင်းမှာ “တရုတ်မယားပြုလုပ်ရန် မြို့ပြနဲ့ လူမှုကွန်ရက်တွေမှာ ပေါ်တင် စည်းရုံးမှုတွေ ပြုလုပ်လာ”ဆိုတဲ့ဆောင်းပါးမှာ HI – Honest Information ကို ဖြေကြားခဲ့ဖူးပါတယ်။
ကချင်အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတဦးက အာဏာမသိမ်းခင်ကထက် လူကုန်ကူးခံရမှုအခြေအနေတွေက ပိုတိုးလာပြီး၊ KTV လောင်းကစားတွေနဲ့ တရုတ်အမျိုးသားတွေနဲ့ ချိတ်ဆက်ပေးတာ ပေါ်ပေါ်တင်တင် ရှိလာတယ် လို့ ပြောပြပါတယ်။
ဆုသက်၊ ဂျာနူးနဲ့ ဖြိုးဖြိုးတို့ရဲ့ အဖြစ်တွေဟာ တရုတ်မယားဈေးကွက်ရဲ့ နောက်ကွယ်မှာ လူသားတဦးချင်းစီရဲ့ ကိုယ်ခန္ဓာ၊ မိခင်ဘဝနဲ့ အနာဂတ်တွေ ဘယ်လောက်အထိ ဈေးနှုန်းသတ်မှတ်ခံနေရသလဲ၊ အမျိုးသမီးတွေရဲ့ မျိုးပွားနိုင်စွမ်းကို ဈေးကွက်တခုလို အသုံးချခံနေကြရသလဲဆိုတာကို သက်သေပြနေတာပဲဖြစ်ပါတယ်။
“အခက်အခဲတွေ ဘယ်လောက်ပဲရှိရှိ၊ ဘယ်သူကပဲ ဘယ်လိုမက်လုံးတွေပေးပေး မျက်စိမှိတ်ပြီး မယုံကြနဲ့၊ စကား၊ ဘာသာ၊ လူမျိုးမတူတော့ နည်းမျိုးစုံနဲ့ နှိပ်စက်ခံရတယ်၊ ငွေဘယ်လောက်ရရ မိသားစုနဲ့ ခွဲမသွားကြပါနဲ့လို့ ပြောချင်တယ်” ဆိုတဲ့ ဆုသက်ရဲ့ သတိပေးစကားဟာ လူကုန်ကူးကွန်ရက်တွေရဲ့ ထောင်ချောက်ထဲ နေ့စဉ် တိုးဝင်နေကြရတဲ့ မြန်မာအမျိုးသမီး တွေအတွက် သတိပေးခေါင်းလောင်းသံတခုပဲဖြစ်ပါတော့တယ်။






