ဖမ်းဆီးခံရခြင်းနဲ့ “ဒလန်” တံဆိပ်ကြားက  မြေပြင်သတင်းသမားတွေ

(ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အထိမ်းအမှတ်ဆောင်းပါး)

ကံ့ကော်  

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း  ဖမ်းဆီးထောင်ချမှုတွေနဲ့ ဒလန်လို့ စွပ်စွဲမှုပြစ်တင် မှုတွေကြား မြေပြင်သတင်းတွေကို  လွတ်လွတ်လပ်လပ် သတင်းရယူခွင့် နည်းပါးနေသေးတယ်လို့  သတင်းသမားတွေက တညီတညွတ်တည်း သုံးသပ်ပါတယ်။

မြန်မာပြည်ရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် ဆိုးဆိုးရွားရွားကျဆင်းနေတဲ့ အခြေအနေကြား မြေပြင်မှာ သတင်းရယူရတဲ့အခါ စိန်ခေါ်မှုတွေ ကြီးမားနေဆဲ ဖြစ်တယ်လို့ မြေပြင်မှာ သတင်းလိုက်၊ သတင်းရေးနေတဲ့ အမျိုးသမီးသတင်းသမားတွေက ပြောပါတယ်။    

ပဋိပက္ခဒေသတွေမှာ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့နယ်မြေမှာ “သတင်းထောက်တယောက်ပါ” လို့ မိတ်ဆက်လိုက်တာနဲ့ “မင်းတို့က ဒလန်တွေလား” ဆိုပြီး ရှေ့တင်ရော ကွယ်ရာမှာပါ စွပ်စွဲပြောဆို ခံရတာ  ၂ နှစ်ကျော်ကာလအတွင်းမှာ အနည်းဆုံး ၃ ကြိမ် ကြုံတွေ့ခဲ့ရဖူးတယ်လို့ ကရင်နီ၊ ရှမ်းမြောက် ဒေသနဲ့ အညာဒေသတွေမှာ သတင်းလိုက်နေတဲ့  အသက် ၃၀ ကျော်အရွယ် အမျိုးသမီး သတင်းသမား တဦးက ပြောပါတယ်။  

ကရင်နီဒေသမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားစဉ် ရှေ့တန်းအထိ ဆေးအဖွဲ့နဲ့ အတူ သတင်းလိုက်ယူခဲ့တဲ့ အမျိုးသမီးသတင်းသမားတဦးကို တော်လှန်ရေးရဲဘော်တချို့က “သတင်းပေါက်ကြားလို့ စစ်တပ်ဘက်က ပိုအဖိခံရတာ” ဆိုပြီး စွပ်စွဲခဲ့ကြပါတယ်။

“သတင်းပေါက်လို့ သတင်းထောက်တွေ နောက်နည်းနည်းဆုတ်ပေးပါလို့ ပြောတယ်၊ တကယ်က ဘာသတင်းမှလည်း မတင်ရသေးဘူး၊ ဘယ်သူ့ဆီမှလည်း မပို့ရသေးဘူး၊ အဲဒီလိုလာပြောတော့ ကျမတို့ကို ဒလန်လို့ စွပ်စွဲတဲ့ပုံ ပေါက်တယ်” လို့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး သတင်းသမား တဦးက ပြောပါတယ်။

အဲဒီလို စွပ်စွဲခံရမှုကို ပြန်လည်ရှင်းပြခဲ့ပေမယ့် ရှေ့တန်းအထိ သတင်းလိုက်ယူခွင့် ကန့်သတ်ခံလိုက် ရပြီး တခြားနေရာကို ရွှေ့ပြောင်းသတင်းယူခဲ့ရတယ်လို့ သူက ပြောပါတယ်။

သူ့အတွက် စိတ်ဒဏ်ရာ ရသွားစေတဲ့အထိ ရင်ဆိုင်ခဲ့ရတဲ့ မှတ်မှတ်ရရ အဖြစ်အပျက်တခုကိုလည်း သူကြုံခဲ့ရပါသေးတယ်။ စစ်တပ်ဘက်က အင်တာနက်ဖြတ်တောက်ခံထားရတဲ့ နယ်မြေတခုက အင်တာနက်ဆိုင်မှာ အင်တာနက်သုံးနေတုန်း သူရှိတဲ့နေရာကို လေယာဉ် ထိုးစိုက်ဆင်းကာ နီးနီးကပ်ကပ် ပျံလာတဲ့ လေယာဉ်ဟာ သူတို့ရှိရာ အရပ်ကို လေကြောင်းဗုံးကြဲခံရတော့မယ်လို့ သူတွေးခဲ့ပါတယ်။

“ဒါပေမယ့် မကြဲသွားဘူး၊ အဲဒီဖြစ်ရပ်ပြီးသွားတော့ ကိုယ့်ကိုယ် ဒလန် ဆိုပြီး ပြောနေကြတာ ပြန်ကြား ရတယ်၊  နောက်ကျတော့ ကိုယ်သွားခဲ့တဲ့နေရာမှာ လေယာဥ်ကြဲခံရမှာ ကြောက်နေတာ၊ ကိုယ်ရှိနေတုန်း ကြဲခံရမှာထက်ကို ကိုယ်သွားပြီးမှ ကြဲခံရရင် ငါ့ကြောင့်များ ဖြစ်တယ်လို့ထင်မလားဆိုပြီး တွေးမိသွား တဲ့ ထရော်မာ ရသွားတယ်” လို့ သူကဆက်ပြောပြပါတယ်။  

ဒီလို စွပ်စွဲခံရမှုတွေကြောင့် နယ်မြေမရင်းနှီးသေးတဲ့နေရာတွေမှာ ဗုံးကြဲခံရတာကို မျက်စိရှေ့မြင်နေရ ရင်တောင် သတင်းမယူရဲတော့သလို ဓာတ်ပုံရိုက်ဖို့လည်း စိုးရိမ်လာတယ်လို့ သူက ဆိုပါတယ်။

သတင်းထောက်တဦးရဲ့ တည်ရှိမှုကို “ဒလန်” လို့ သံသယထားပြီး စွပ်စွဲခြင်းတွေဟာ သတင်းသမားတွေ ရဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို ထိခိုက်စေရုံသာမက သတင်းရင်းမြစ် တည်ဆောက်ရေးကိုပါ အဟန့် အတားဖြစ်စေတယ်လို့ Myanmar Women in Media အဖွဲ့က ပြီးခဲ့တဲ့ မတ်လအတွင်း ထုတ်ပြန်ခဲ့တဲ့ “ရှေ့တန်းမျက်နှာစာမှ အမျိုးသမီးတို့၏ အသံများ” သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် သတင်းဌာနတွေဘက်က  သတင်းတင်ဆက်နိုင်ရေးထက် မြေပြင်မှာ သတင်းရယူတဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးကို နံပါတ် ၁ ဦးစားပေး စဉ်းစားရတယ်လို့ သတင်းခန်းစီမံခန့်ခွဲ နေသူတွေက ပြောပါတယ်။ 

မြန်မာနိုင်ငံအတွင်းက သတင်းသမားတွေရဲ့  လုံခြုံရေးအခြေအနေကို အာဏာသိမ်းစစ်တပ်ကလည်း ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်။  ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က  သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကန့်သတ်ပိတ်ပင်ခဲ့ပြီး သတင်းစာ၊ ဂျာနယ်၊ ရုပ်သံ၊ ရေဒီယို ထုတ်ဝေခွင့်လိုင်စင်တွေ ပိတ်သိမ်းတာ၊ သတင်းသမားတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးထောင်ချတာတွေ ဆက်တိုက်ပြုလုပ်နေ ပါတယ်။  

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက် နေတဲ့ အသံအဖွဲ့ရဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်အတွင်း သတင်းသမား ၈ ဦး သေဆုံးခဲ့ပြီး ၂၁၄ ဦး ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။ လက်ရှိအချိန်အထိလည်း သတင်းသမား ၅၈ ဦး အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေကလည်း ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၆၆ မှာ ရှိနေတယ်လို့ ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့က Reporters Without Borders (RSF) က ထုတ်ပြန် ထားပါတယ်။ အာဏာမသိမ်းခင်က မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အဆင့်က ၁၃၉ နေရာမှာ ရှိခဲ့ပြီး အာဏာသိမ်းပြီး ၅နှစ်အတွင်း အဆင့် ၂၇ ဆင့် ကျဆင်းသွားတာ ဖြစ်ပါတယ်။

ပဋိပက္ခဒေသမှာ သတင်းရယူတဲ့အခါမှာ လေကြောင်းဗုံးကြဲခံရတဲ့ ဖြစ်ရပ်မျိုး၊ ပြည်သူတွေ စစ်ရှောင် နေရတဲ့ အခြေအနေကို သတင်းဓါတ်ပုံ ရိုက်ယူတာ၊ ဗွီဒီယိုရိုက်ကူးတာတွေလည်း လုံခြုံရေး စည်း ပေါက်မယ် ဆိုတဲ့ အကြောင်းပြချက်ကြောင့် ကန့်သတ်ခံရတယ်လို့ အညာဒေသက အသက် ၄၀ ဝန်းကျင် အရွယ်ရှိ အမျိုးသမီးသတင်းထောက် တဦးက  ဆိုပါတယ်။

“လေကြောင်းတိုက်ခိုက်မှုလုပ်ခံရတယ်၊ ရွာတွေ မီးရှို့သွားတယ် ဆိုရင် ဒီမြို့နယ်ရဲ့ အာဏာပိုင် အဖွဲ့ အစည်းကိုဖြစ်စေ ၊ တပ်ရင်းတပ်ဖွဲ့ကို ဖြစ်စေ သူတို့ ခွင့်ပြုပေးမှရတယ်၊  မဟုတ်ရင် လုံခြုံရေး အကြောင်းပြချက်ဆိုပြီး မပြောဘဲ သွားပြီး ဓါတ်ပုံရိုက်တာဆိုရင် ဖမ်း၊ ဖမ်း ဆိုပြီး ကြုံရတယ်၊ တချို့ ဒေသတွေမှာ တရားဝင်ခွင့်တောင်းပြီး ရိုက်တာတောင် အောက်ကလူက တားတာ မျိုး ကြုံရတယ်”လို့ တော်လှန်ရေးနယ်မြေမှာ သတင်းရယူရေးသားရတဲ့ အတွေ့အကြုံကို သူကပဲ ဆက်ပြီးပြောပြပါတယ်။

လက်ရှိ မြေပြင်သတင်းသမားတွေဟာ  ပဋိပက္ခဒေသအတွင်းမှာ သတင်းယူချင်တယ် ဆိုရင် ကိုယ်နဲ့သိ တဲ့သူကို အရင် ချိတ်ဆက်ပြီး သွားလာသတင်းရယူကြရပါတယ်။ အဲဒီအခါ ကြုံတွေ့ရတဲ့ နောက်ထပ် ပြဿနာကလည်း နယ်မြေမှာ အဖွဲ့ကွဲတွေ ရှိပြီး ကိုယ်ချိတ်ဆက်တဲ့သူနဲ့ အဆင်မပြေတဲ့ တဖက်အဖွဲ့က မကြည်တာတွေ၊ လက်မခံတာတွေ ကြုံရတယ် လို့လည်း ပဋိပက္ခဇုန်တွေထဲမှာ သတင်းရယူနေကြတဲ့ သတင်းသမားတွေဆီက သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပြီးမှာ ရှမ်း‌မြောက်ဒေသကို သတင်းသွားယူရာမှာ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေအတွင်းက စစ်ဆေးရေးဂိတ်တခုမှာ သတင်းထောက်ပါလို့ ပြောလိုက်တာနဲ့ ပါလာတဲ့ ပစ္စည်း တွေ ပိုက်စိတ်တိုက်ရှာခံရတာ ကင်မရာတွေ ပါလာလို့ ဆိုပြီး နာရီနဲ့ချီပြီး စစ်ဆေးခံရတာအပြင် မြို့ထဲ ပေးမဝင်တာ ကြုံခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး သတင်းသမားတဦးက ပြောပါတယ်။

“ဟိုးအရင်ကလို သတင်းသမားပါ၊ ကဒ်လေး ထုတ်ပြလိုက်တာနဲ့ သတင်းယူလို့မရဘူး၊ သတင်းသမား ဖြစ်ပါတယ်ဆိုတာကို သက်သေပြပြီး တနေရာကနေ တနေရာကို အချိတ်အဆက်နဲ့ သွားပြီး ယူရတာ” လို့ အညာဒေသက အမျိုးသမီးသတင်းသမားတဦးကလည်း သူ့အတွေ့အကြုံကို ပြောပါတယ်။

စစ်ဘေးရှောင်သတင်းနဲ့ပတ်သက်လို့ ဒေသခံတွေကို မေးချင်တယ်ဆိုရင်တောင် သူတို့နဲ့ သက်ဆိုင်တဲ့ လက်နက်ကိုင်အဖွဲ့ကို ခွင့်ပြုချက် တောင်းခံရတာမျိုး ရှိနေတဲ့အခြေအနေမှာ ဒေသတွင်းဖြစ်နေတဲ့ အကြောင်းအရာတွေ စုံစမ်းထောက်လှမ်‌ရေးသားဖို့အတွက် ပိုပြီး ခက်ခဲတယ် လို့ ပဋိပက္ခဒေသတွေမှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းသမားတွေက ပြောပါတယ်။

လက်ဒီရှိ ဖြစ်စဉ်တွေနဲ့ ပြန်လည်ချိန်ထိုးတဲ့ အခါမှာ သတင်းသမားတယောက်အနေနဲ့ ဘက်မလိုက်ဖို့ ကိစ္စဟာ အင်မတန်အရေးကြီးပြီး၊  တဖက်ကို ရပ်တာ၊ တဖက်ဖက်နဲ့ နီးစပ်မှုရှိကြောင်း ပြသမှုတွေသာ ရှိခဲ့မယ်ဆိုရင် ပိုအန္တရာယ်ကြီးနိုင်တယ်လို့ ဝါရင့်အမျိုးသမီးသတင်းသမားတဦးက သုံးသပ်ပြောဆို ပါတယ်။  

“သတင်းသမားရဲ့ အခြေခံစည်းမျဉ်းမှာ ဘက်မလိုက်ရဘူးဆိုတာ ပါပြီးသား၊ သတင်းသမားတိုင်း လိုက်နာရမယ်၊ ဘယ်ဖက်ကိုမှ မလိုက်ရဘူး၊ သတင်းသမားက လွတ်လပ်ရမယ်၊ ဘက်လိုက်တာ အများပြည်သူအတွက် မှန်တဲ့ဖက်က ရပ်တည်ရမယ် လို့ တချို့သူတွေက ပြောတာရှိတယ်၊ အာဏာရှိ၊ ပါဝါရှိသူတွေဆိုရင် ဘက်မလိုက်ရဘူး၊ အများပြည်သူအကျိုးစီးပွားကို ကြည့်ပြီး သတင်းရေးသား ရမယ်၊  ဒါကြောင့် ဘက်မလိုက်ရဘူးဆိုတာ အရေးကြီးပါတယ်” လို့ သတင်းစာပညာဆိုင်ရာ အမျိုးသမီး သင်တန်းနည်းပြတဦးက ပြောပါတယ်။

အလားတူ လက်ရှိသတင်းခန်းမှာ အယ်ဒီတာ အနေနဲ့ ဆောင်ရွက်နေသူ တဦးကလည်း ပဋိပက္ခ နယ်မြေတွေမှာ သတင်းသမားဟာ ၂ဖက်လုံးရဲ့ အမှားအယွင်းကိုထောက်ပြတာဖြစ်စေ၊ သူတို့ မကြိုက်တဲ့ အသုံးအနှုန်းအကြောင်းအရာကို ရေးသားမိရင်ဖြစ်စေ “ငါတို့ဘက်လူ မဟုတ်ဘူး၊ သူဟာ ဒလန်/သူလျှို” လို့ မြင်တတ်ကြတယ်လို့ ရှင်းပြပါတယ်။

“အဲဒါကတော့ မြေပြင်မှာ လုပ်ကိုင်နေရတဲ့ သတင်းသမားတွေရဲ့ စိန်ခေါ်မှုတခုဖြစ်သလို အန္တရာယ်ကြီး တဲ့ အခြေအနေပါပဲ၊ အဓိကကတော့ သတင်းသမားတွေအနေနဲ့ စာဖတ်သူကို အချက်အလက် အမှန်ပေးဖို့၊ အမှန်တရားကို ပြောပြဖို့နဲ့၊ ပြည်သူ့ဘက် ရပ်တည်ဖို့ပါပဲ” လို့ အထက်ပါ သတင်းခန်း အယ်ဒီတာတဦးက သုံးသပ်ပါတယ်။

ဒီလိုအခြေအနေကြားမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး မြေပြင်မှာပဲ ဆက်လက်သတင်းရေးသား တင်ဆက်နေတဲ့ သတင်းထောက်တွေကို “ဒလန်” လို့ စွပ်စွဲတာတွေ  မပြုလုပ်ရေးနဲ့ အောက်ခြေ တပ်သားများအထိ သိရှိစေမည့် အသိပညာပေးမှုများ လုပ်ဆောင်ရေးအရေးကြီးနေတယ် လို့  ရှေ့တန်းမျက်နှာစာမှ အမျိုးသမီးတို့၏ အသံများ  သုတေသနအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အစီရင်ခံစာမှာ သတင်းထောက်တွေရဲ့ လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ လူသားဂုဏ်သိက္ခာကို လေးစားရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပါဝင်နေတဲ့ နယ်မြေခံ အဖွဲ့အစည်းတွေရဲ့ ကျင့်ဝတ်စည်းကမ်းတွေမှာ ထည့်သွင်းဖို့လည်း လိုအပ်တယ်လို့လည်း အကြံပြုထားပါတယ်။