“ထိုင်း-မြန်မာနယ်စပ်က  ၁၃၆ကြိမ်မြောက် မေဒေးနေ့ အခမ်းအနားမြင်ကွင်းများ”

//ဓာတ်ပုံအက်ဆေး//

HI – Honest INformation

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နဲ့  အလုပ်သမားအခွင့် အရေးဆောင်ရွက်တဲ့ အဖွဲ့တွေက ဦးဆောင်ပြီး မေ ၁ရက်နေ့မှာ ကျရောက်တဲ့ ၁၃၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေးနေ့) အခမ်းအနားကို  ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကျင်းပခဲ့ကြပါတယ်။

အလုပ်သမားတွေဟာ  အခြေခံရပိုင်ခွင့်များ ဆုံးရှုံးနေရဆဲဖြစ်ပြီး အထူးသဖြင့် အမျိုးသမီး အလုပ်သမားတွေအပေါ်  လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေနဲ့ ခွဲခြား ဆက်ဆံမှုတွေကို အရေးပေါ်တားဆီးပေးဖို့ ဒီအခမ်းအနားကနေ တောင်းဆိုခဲ့ကြပါတယ်။  

ဖိနပ်ချုပ် စက်ရုံတခုမှာ လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးအလုပ်သမားတဦးက “ကျမတို့မှာ နေ့ဆိုင်း ညဆိုင်း အတင်းအကြပ် ခိုင်းစေခံရရုံတင်မကဘူး၊ လုပ်ငန်းခွင်ထဲမှာ တာဝန်ရှိသူတချို့ရဲ့ နှုတ်ပိုင်း ဆိုင်ရာ၊ ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေကိုလည်း ကြုံနေရပါတယ်၊ အလုပ်က ထုတ်ပယ်ခံရမှာ ကြောက်လို့ ငြိမ်ခံနေ ရတာတွေ ရှိတယ်၊ ဒါတွေဟာ ချက်ချင်းရပ်တန့်ဖို့ လိုတယ်” လို့ ပြောပါတယ်။  

ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ရွေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူ မထက်ထက် ကလည်း လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲများနဲ့  ပတ်သက်ပြီး ဒီလိုထောက်ပြပါတယ်။

“ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဘာသာစကား အခက်အခဲကြောင့် သူတို့နားမလည်တဲ့ စာချုပ်တွေကို လက်မှတ်ထိုး နေရတယ်၊ ဒါကို အလုပ်ရှင်တွေက အလွဲသုံးစားလုပ်ပြီး အလုပ်ထုတ်တာ၊ လုပ်အားခ ဖြတ်တောက်တာတွေလုပ်နေ ကြတယ်၊ အထောက်အထား လက်မှတ်တွေ သိမ်းဆည်း ခံထားရတာကြောင့် သူတို့မှာ သွားလာလှုပ်ရှားခွင့်ပါ ကန့်သတ်ခံ နေရတာပါ”

အခြေခံလုပ်အားခ ပြည့်ဝစွာမရတာ၊  အကြောင်းမဲ့ အလုပ်ထုတ်ခံရတာတွေကြောင့် ဘဝရပ်တည်ရေး ခက်ခဲလာတာ၊ ထိုင်းနိုင်ငံရဲ့  Work Permit နဲ့ ပတ်သက်တဲ့ ပေါ်လစီအပြောင်းအလဲတွေကြောင့် အလုပ်သမားတွေဟာ ပွဲစားတွေကို  အဆမတန် ငွေပေးနေရပြီး တရားဝင်မှု ဆုံးရှုံးနေကြရပါတယ်။

ဒါ့အပြင် 3D လို့ အတိုကောက်ခေါ်ကြတဲ့ ညစ်ပတ်၊ အန္တရာယ်ရှိပြီး၊ ခက်ခဲသည့် အလုပ်တွေကို လုပ်ကိုင်နေရပေမယ့် လုပ်ငန်းခွင်အာမခံချက်နဲ့  လူမှုဖူလုံရေး ခံစားခွင့်တွေ ကင်းမဲ့နေတာကြောင့် အလုပ်သမားတွေက အခုလို တောင်းဆိုနေကြတာဖြစ်ပါတယ်။

အခြေခံလုပ်အားခ မပြည့်ဝတာ၊ အကြောင်းမဲ့ အလုပ်ထုတ်ခံရတာတွေကြောင့်  အခက်တွေ့နေရတဲ့ အမျိုးသမီးအလုပ် သမားတဦးဖြစ်သူ မရတနာကလည်း “စက်ရုံမှာ အချိန်ပိုတွေ ဆက်တိုက် ဆင်းပေး ခဲ့ပေမဲ့ လကုန်တော့ ဒီသတ်မှတ် ထားတဲ့ အခြေခံလုပ်အားခတောင် အပြည့်အဝ မရခဲ့ဘူး၊ အဲဒါကို သွားမေးတဲ့အခါကျတော့ အလုပ်ရှင်ဘက်က ‘နင်တို့က စာချုပ်ပါ အချက်အလက်တွေကို ချိုးဖောက် တယ်’ ဆိုပြီး ဘာအထောက်အထားမှမပြဘဲ တခါတည်း အလုပ်ထုတ်ပစ် ခဲ့တာပါ”လို့ သူ့အတွေ့အကြုံ ကို ရင်ဖွင့်ပါတယ်။  

မရတနာဟာ  ၈ နှစ်အရွယ် သားတယောက်ကို ပြုစုစောင့်ရှောက်နေရတဲ့ တကိုယ်တော် မိခင်တဦး ဖြစ်ပါတယ်။  သူဟာ ထိုင်းနိုင်ငံကို တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်ခဲ့ပြီး နယ်စပ်က အထည်ချုပ် စက်ရုံတခုမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

ဘာသာစကား အခက်အခဲကြောင့် မရတနာလက်မှတ်ထိုးခဲ့တဲ့ စာချုပ်ပါအချက်တွေကို နားမလည်ခဲ့ဘဲ အလွဲသုံးစားလုပ်ခံရခြင်းဖြစ်ကာ၊ ကြိုတင်အကြောင်းကြားတာမရှိဘဲ ရုတ်တရက် အလုပ်လက်မဲ့ ဖြစ်သွားတဲ့အတွက် ရှေ့ဆက်ရမယ့် စားဝတ်နေရေးအတွက် စိုးရိမ်မှု မြင့်တက်နေပါတယ်။

“အခုဆိုရင် လက်ထဲမှာ ဘာမှမရှိတော့သလို နေထိုင်ခွင့် အထောက်အထား လက်မှတ်တွေပါ စက်ရုံမှာ ကျန်ခဲ့တာကြောင့် အပြင်ကိုတောင် လွတ်လွတ်လပ်လပ် ထွက်လို့မရတော့ဘူး”လို့ သူက ဆက်ပြော ပါတယ်။

လုပ်အားခမရဘဲ အလုပ်ထုတ်ခံရတဲ့အပြင် အာဏာပိုင်တွေရဲ့  ဖမ်းဆီးစစ်ဆေးတာတွေကိုပါ ထပ်ဆင့် စိုးရိမ်နေရတဲ့အတွက်  သူတို့သားအမိဘဝရပ်တည်ရေးလည်း ခက်ခဲနေကြတာဟာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအများစု ရင်ဆိုင်နေကြရတဲ့ အခက်အခဲကို ပြသနေတဲ့ ဖြစ်စဉ်တွေ ထဲက တခုဖြစ်ပါတယ်။

၂၀၂၆ ခု အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အတွက် အဓိကဆောင်ပုဒ်ဖြစ်တဲ့  “လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု နှင့် ခွဲခြားဆက်ဆံမှုများ ရပ်တန့်ဖို့” ဆိုတဲ့အတိုင်း အလုပ်သမားထု အနေနဲ့  မိမိတို့ရဲ့  အခွင့်အရေးအတွက် သွေးစည်းညီညွတ်စွာ နိုးထကြရန်ဖို့နဲ့ နိုင်ငံရေး အပြောင်းအလဲ တွေမှာလည်း  တထောင့်တနေရာမှ ပါဝင်ကြရန် တိုက်တွန်းထားပါတယ်။

စက်ရုံအလုပ်ရုံနဲ့ တောင်ယာလုပ်ငန်းတွေမှာလုပ်ကိုင်တဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ အများစု နေထိုင်ရာဒေသတွေထဲက တခုဖြစ်တဲ့ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ မယ်တောင်မိုင် ရပ်ကွက် မှာ ကျင်းပပြုလုပ်ခဲ့ကြတဲ့ ဒီအခမ်းအနားကို HI – Honest Information က မှတ်တမ်းတင် ရိုက်ကူး ခဲ့ပြီး၊ စာဖတ်သူအတွက် ပြန်လည်မျှဝေဖော်ပြအပ်ပါတယ်။

လုပ်ငန်းခွင်တွေထဲ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုနဲ့ ခွဲခြားဆက်ဆံတာတွေ လျော့နည်းပပျောက်ဖို့ ရည်ရွယ်ပြီး တက်ရောက်လာသူတွေကို မျှဝေခဲ့တဲ့ ကမ်ပိန်းစာသားပါ ဦးထုတ်။
မေဒေးနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို BWU ဖွဲ့ဝင်တွေက  အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်တဲ့ အသိပညာပေး လက်ကမ်းစာစောင်၊ ကမ်ပိန်း အသုံးအဆောင်တွေ မျှဝေနေစဉ်။
ကမ်ပိန်းဦးထုပ်ကိုယ်စီနဲ့ မေဒေးနေ့အခမ်းအနားကို တက်ရောက်နေတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေနဲ့ မိသားစုဝင်တွေကို တွေ့ရစဉ်။  
Migrant Rights Promotion Working Group –  MRPWG နဲ့ အခမ်းအနားကို တက်ရောက်လာတဲ့ အဖွဲ့အသီးသီးက အဖွဲ့အကြောင်းတွေကို မိတ်ဆက်ကြပါတယ်။  
မေဒေးနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို BWU ဖွဲ့ဝင်တွေက  အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်တဲ့ အသိပညာပေး လက်ကမ်းစာစောင်၊ ကမ်ပိန်း အသုံးအဆောင်တွေ မျှဝေနေစဉ်။
မေဒေးနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို Migrant Rights Promotion Working Group – MRPWG ဖွဲ့ဝင်တွေက  အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်တဲ့ အသိပညာပေး လက်ကမ်းစာစောင်၊ ကမ်ပိန်းအသုံးအဆောင်တွေ မျှဝေနေစဉ်။ 
မေဒေးနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ထိုင်း-မြန်မာနယ်စပ်ရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို တွေ့ရစဉ်။
မေဒေးနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ထိုင်း-မြန်မာနယ်စပ်ရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို တွေ့ရစဉ်။
မေဒေးနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို Migrant Rights Promotion Working Group – MRPWG ဖွဲ့ဝင်တွေက  အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်တဲ့ အသိပညာပေး လက်ကမ်းစာစောင်၊ ကမ်ပိန်းအသုံးအဆောင်တွေ မျှဝေနေစဉ်။
မေဒေးနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို BWU ဖွဲ့ဝင်တွေက  အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်တဲ့ အသိပညာပေး လက်ကမ်းစာစောင်၊ ကမ်ပိန်း အသုံးအဆောင်တွေ မျှဝေနေစဉ်။
မေဒေးနေ့ အခမ်းအနားမှာ အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်ပြီး အလုပ်သမားများအဖွဲ့တွေက သံချပ်ထိုးကြတယ်။  
မေဒေးနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ထိုင်း-မြန်မာနယ်စပ်ရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေကို တွေ့ရစဉ်။  
မေဒေးနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို Migrant Rights Promotion Working Group – MRPWG ဖွဲ့ဝင်တွေက  အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်တဲ့ အသိပညာပေး လက်ကမ်းစာစောင်၊ ကမ်ပိန်းအသုံးအဆောင်တွေ မျှဝေနေစဉ်။
လုပ်ငန်းခွင်အတွင်း လုပ်ခလုပ်စာ အပြည့်အဝ မရရှိတာ၊  အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာ တွေနဲ့ ပတ်သက်ပြီး တက်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတဦးက ရင်ဖွင့်စကားပြေနေစဉ်။
လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင်ယှက်မှု၊ ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး BWU က  ဦးဆောင်ဆွေးနွေးခဲ့တဲ့ စကားဝိုင်း။
အခမ်းအနားကို တက်ရောက်လာသူတွေက  ကိုယ်တိုင်ကြုံတွေ့ရင်ဆိုင်နေရတဲ့ လုပ်ငန်းခွင်အတွင်းက အတွေ့ကြုံတွေကို ဖလှယ်နေကြစဉ်။
တက်ရောက်လာသူတွေကို ရခိုင်ရိုးရာယိမ်းအဖွဲ့က ရခိုင့်ရိုးရာအကနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုနဲ့ ပတ်သက်တဲ့ အသိပညာပေး လက်ကမ်းစာစောင်၊ ကမ်ပိန်းအသုံးအဆောင်တွေ မျှဝေနေစဉ်။
လုပ်ငန်းခွင်တွေထဲ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုနဲ့ ခွဲခြားဆက်ဆံတာတွေ လျော့နည်းပပျောက်ဖို့ ရည်ရွယ်ပြီး တက်ရောက်လာတဲ့ အလုပ်သမ အမျိုးသမီးတွေကို မျှဝေခဲ့တဲ့ ကမ်ပိန်းစာသားပါ ဦးထုတ်။