တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဒေဝီ စုစည်းတင်ဆက်သည်။
နိုဝင်ဘာ ၈ ရက်ကနေ ၁၄ ရက်နေ့အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က စုစည်းဖော်ပြလိုက်ပါတယ်။
ယခုတပတ်တာ အမျိုးသမီးဖြစ်ရပ်တွေထဲမှာ HI က ဆွေးနွေးလိုတဲ့ သတင်းတခုကတော့ ရခိုင်ပြည်၊ မောင်တော မြို့ထဲမှာ တောင်းရမ်းတဲ့ အမျိုးသမီးနှင့် ကလေးငယ်တွေ တွေ့ရပိုများလာတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။
စစ်ရေးပြင်းထန်လာခဲ့တာ ၂နှစ်တာကာလရှိပြီဖြစ်တဲ့ ရခိုင်ပြည်မှာ နေရပ်စွန့်ခွာသူ ၆သိန်းနီးပါးရှိနေပြီး၊ စစ်ဘေးသင့်ပြည်သူတွေမှာ အကူအညီ မရသလောက် ရှိနေတဲ့အပြင် အလုပ်အကိုင်ရှားပါးတာ၊ ကုန်စည်စီးဆင်းမှု နှေးကွေးတာ၊ ကုန်စျေးနှုန်းမြင့်မားတာတွေကြောင့် ဒေသခံတွေဟာ စားဝတ်နေရေး အကြပ်အတည်းတွေကို အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရသလို ခင်ပွန်းမရှိတဲ့ချိန် ကျန်နေခဲ့တဲ့ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးပိုင်းသူတွေရဲ့ ကူရာမဲ့ အခြေအနေကို အရေးတယူဖြေရှင်းဖို့ မီးမှောင်းထိုးပြနေတာပဲဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်မှာ ရခိုင်ပြည်နယ်မှာ လူဦးရေ ၂သန်းကျော် အငတ်ဘေးကြုံနိုင်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီစဉ် (UNDP) က ခန့်မှန့်ထားတဲ့အတွက် တနေ့ထက်တနေ့ကြီးထွားလာတဲ့ ရခိုင်ပြည်သူလူထုရဲ့ လူမှုဒုက္ခအကြပ်အတည်းကို လစ်လျူမရှု့သင့်ဘူးလို့ HI က သုံးသပ်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ကြောင့် တလအတွင်းမှာ အမျိုးသမီး ၇၀ သေဆုံးခဲ့တာကလည်း အမျိုးသမီးတွေရဲ့ မလုံမခြုံအခြေအနေကို ရည်ညွှန်းနေတဲ့သတင်းတခုဖြစ်သလို ပဋိပက္ခဒေသတွေက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေမှာ အချိန်အခါ အကြောင်းမရွေး အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကို ဖော်ပြနေတဲ့ သတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားဖွယ်ရာ သတင်း ၁၀ ပုဒ်ကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။
- တစ်လအတွင်း စစ်တပ်ကြောင့် အမျိုးသမီး ၇၀ သေဆုံးခဲ့တယ်လို့ BWU ပြော
- တိုင်းရင်းဆေးကုသခွင့်လက်မှတ်မရှိဘဲ ဆေးကုတာကြောင့် အမှုဖွင့်တရားစွဲခံထားရတဲ့ ရွှေလက်ဒေါ်ခင်စန်းရီကို ဖမ်းဝရမ်းထုတ်
- မော်လမြိုင်တွင် LGBT သုံးဦး သေနတ်ဖြင့် ပစ်ခံရပြီး နှစ်ဦးပွဲချင်းပြီးသေဆုံး
- သံတောင်တွင် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အသတ်ခံရ၊ ကျူးလွန်သူ လွတ်မြောက်ဆဲ
- မြေပုံမြို့က မွတ်ဆလင်ဒုက္ခသည်စခန်းမှာ ၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ယောက် ရေနစ်သေဆုံး
- မောင်တောမြို့ထဲမှာ တောင်းရမ်းတဲ့ အမျိုးသမီးနှင့် ကလေးငယ်တွေ တွေ့ရ ပိုများလာ
- မှော်ဘီတွင် ခွေးစာကျွေးနေသည့် မိန်းကလေးငယ်အား ရိုက်နှက်ခဲ့တဲ့ တိဂေဟာပိုင်ရှင် အမျိုးသမီးကို ဖမ်းဆီး
- ကျောက်ဆည်ကနေ ပုဂံကို ခရီးထွက်လာတဲ့ မိသားစုနှစ်စု ပျောက်ဆုံး
- ဖားကန့်ကို စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲ ၊ ဗုံးဆန်ထိမှန်သည့် သားအမိ ၂ ဦးအနက် မိခင်ဖြစ်သူ သေဆုံး
- ကလောမြို့အနီး တန်ဆောင်တိုင်အပြန် ခရီးသည်တင်ကား တိမ်းမှောက်၊ အမျိုးသမီးနှင့် ကလေး အပါ ၃ ဦးသေဆုံး
တစ်လအတွင်း စစ်တပ်ကြောင့် အမျိုးသမီး ၇၀ သေဆုံးခဲ့တယ်လို့ BWU ပြော
နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၇၀ သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က နိုဝင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၆ ဦး၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ၈ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁ ဦးနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၅ ဦး ပါဝင်ပြီးသေဆုံးသူတွေထဲ အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူတွေနဲ့ ကလေးငယ်တွေလည်းပါဝင်သလို ထိခိုက်ဒဏ်ရာရသူ ၈၀ ဦး ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသမီးသေဆုံးမှုအရ ရှမ်းပြည်နယ်မှာ ၂၃ ဦး၊ မန္တလေးတိုင်းမှာ ၁၃ ဦး၊ စစ်ကိုင်းတိုင်းမှာ ၁၀ ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး နေပြည်တော်ကလွဲပြီး ကျန်ဒေသတွေမှာ အမျိုးသမီး သေဆုံးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ နိုဝင်ဘာ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကော်မရှင်တပ်ကြောင့် အရပ်သားပြည်သူ ၇၅၀၀ နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ Source – သံလွင်တိုင်းမ်
တိုင်းရင်းဆေးကုသခွင့်လက်မှတ်မရှိဘဲ ဆေးကုတာကြောင့် အမှုဖွင့်တရားစွဲခံထားရတဲ့ ရွှေလက်ဒေါ်ခင်စန်းရီကို ဖမ်းဝရမ်းထုတ်
တိုင်းရင်းဆေးကုသခွင့်လက်မှတ်မရှိဘဲ ဆေးကုတာကြောင့် အမှုဖွင့်တရားစွဲခံထားရတဲ့ ရွှေလက်ဒေါ်ခင်စန်းရီကို မန္တလေးတိုင်း၊ အမရပူရမြို့နယ် တရားရုံးကနေ နိုဝင်ဘာ ၇ ရက်ရုံးချိန်းမှာ ဖမ်းဝရမ်း ထုတ်လိုက်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီက ဒေါ်ခင်စန်းရီကို ဇူလိုင် ၂၁ ရက်မှာ တိုင်းရင်းဆေးကောင်စီဥပဒေပုဒ်မ ၆၁ နဲ့ အမရပူရမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပြီး ၇ ချိန်း မြောက်ဖြစ်တဲ့ ဒီကနေ့ရုံးချိန်းအထိ တရားရုံးကို လာရောက်တာမရှိလို့ ဖမ်းဝရမ်းထုတ်ခံရတာလို့ ဆိုပါတယ်။
ဒီ ပုဒ်မ ၆၁ အရ ကောင်စီကသတ်မှတ်ထားတဲ့ ဆေးကုသခွင့်လိုင်စင်မရှိဘဲ တိုင်းရင်းဆေးဆရာအမည်ခံပြီး ဆေးကုသရင် ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ငွေကျပ် ၅ သိန်းကနေ ၁၀သိန်းအထိဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေချမှတ်နိုင်တယ်လို့ သိရှိရပါတယ်။
တိုင်းရင်းဆေးပညာဦးစီးဌာနကလည်း ဒေါ်ခင်စန်းရီကို မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆေးမေတ္တာနာမည်နဲ့ ဆေးဝါးတွေ ထုတ်လုပ်တာကြောင့် တရားစွဲဆိုထားတာလည်းရှိပြီး အဲဒီအမှုအတွက်လည်း လာရောက်ရင်ဆိုင်တာ မရှိသေးပါဘူး၊ အမရပူရမြို့နယ်တရားရုံးကနေ ဒေါ်ခင်စန်းရီစွဲတင်ခံထားရတဲ့ အမှုအတွက် နောက်ထပ် တရားရုံးချိန်းကို နိုဝင်ဘာ ၁၉ ရက်မှာ ထပ်မံချိန်းဆိုထားတယ်လို့ အမှုအခြေအနေသိရှိသူက ပြောပါတယ်။
Source – BBC
မော်လမြိုင်တွင် LGBT သုံးဦး သေနတ်ဖြင့် ပစ်ခံရပြီး နှစ်ဦးပွဲချင်းပြီးသေဆုံး
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ပွဲစျေးမှ ပြန်လာတဲ့ LGBT သုံးဦးကို နောက်မှ လိုက်လာတဲ့ အမျိုးသားနှစ်ဦးက သေနတ်နဲ့ ပစ်ခဲ့တာကြောင့် နှစ်ဦးပွဲချင်းပြီးသေဆုံးပြီး တဦးဒဏ်ရာ ရခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
သေနတ်ပစ်ခံရတဲ့ LGBT သုံးဦးက မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းမှာ “မြင်သလန်း” ဆံပင်မိတ်ကပ် အလှပြင်ဆိုင်ဖွင့်ထားပြီး မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခံရသည်ကို မသိရသေးပေမယ့် ယင်းတို့သုံးဦးမှာ နိုင်ငံရေးပတ်သက်ဆက်နွယ်မှုမရှိဘဲ မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်ဆက်နွယ်မှုရှိတယ်လို့ မြို့ခံတွေကြား ပြောဆိုမှုရှိ ပေမယ့် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လက်ရှိမှာတော့ စစ်ကော်မရှင်လက်အောက်ခံလက်နက်ကိုင်အဖွဲ့အစည်းတွေက အခင်းဖြစ်ရပ်နေရာတွေရဲ့ CCTV ကတဆင့် လိုက်လံစစ်ဆေးမှုများ လုပ်ဆောင်တာ၊ မြို့အနှံ့ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေပေမယ့်တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
Source – MPA
သံတောင်တွင် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အသတ်ခံရ၊ ကျူးလွန်သူ လွတ်မြောက်ဆဲ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တောအူး (တောင်ငူ) ခရိုင်/ တပ်မဟာ (၂)၊ သံတောင် ကြီးမြို့နယ် ရွှေညောင်ပင်ရွာမှာ နိုဝင်ဘာလ ၄ ရက်နေ့က အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံရမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံများထံမှ သိရပါတယ်၊
အသတ်ခံရသူမှာ ကလေးတစ်ယောက်မိခင် နော်ထီးထာဖောဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်နေ့ ညအချိန် ကလေးဖြစ် သူနှင့်အတူ နေအိမ်မှာ နှစ်ယောက်တည်းရှိနေချိန် အဓမ္မပြုကျင့်ခံရပြီး ဓါးဒဏ်ရာတွေနဲ့ သေဆုံးသွား ခဲ့တာဖြစ်သလို အသက် တနှစ်သုံးလ အရွယ်ကလေးဖြစ်သူကတော့ ထိခိုက်ဒဏ်ရာ မရှိခဲ့ဘူးလို့ဆိုတယ်။
လက်ရှိအချိန်ထိ ကျူးလွန်သူတွေရဲ့ အချက်အလက်တွေရရှိထားတာ မရှိပေမယ့် နယ်မြေခံတာဝန်ရှိသူတွေနဲ့ ဒေသခြေစိုက် လူမှုအဖွဲ့အစည်းတို့က အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။
ဒ့ါပြင် အခင်းဖြစ်ပွားတဲ့ ကျေးရွာမှာ အာဏာသိမ်းစစ်တပ်စခန်းရှိတဲ့ နေရာနဲ့ နီးကပ်လျက်ရှိသလို ရံဖန်ရံခါ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ အဝင်အထွက် အသွားအလာလည်း ရှိနေတာကြောင့် ယခုအမှုဖြစ်စဉ်ကို စစ်အုပ်စုတပ်က လုပ်ဆောင်တာလို့ ဒေသခံပြည်သူတို့ကြား ပြောဆိုလျက်ရှိပါတယ်။
Source – KIC
မြေပုံမြို့က မွတ်ဆလင်ဒုက္ခသည်စခန်းမှာ ၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ယောက် ရေနစ်သေဆုံး
ရခိုင်ပြည်၊ မြေပုံမြို့၊ တောင်ပေါ်ရပ်ကွက်မှာရှိတဲ့ မွတ်ဆလင်ဒုက္ခသည်စခန်းက ၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ယောက် မှာ နိုဝင်ဘာလ ၁ဝ ရက်၊ နေ့လယ် ၁ နာရီက သူမနေထိုင်ရာ ဒုက္ခသည်စခန်းမှာရှိတဲ့ ရေကန်ရဲ့ ကန်ဘောင်ပေါ်မှာ ကစားနေစဉ် ရေကန်ထဲသို့ ပြုတ်ကျနစ်မြုပ်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၆၄၂ စုနဲ့ လူဦးရေ ၃၀၆၇ ယောက်ရှိပြီး ၂၀၁၂ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် အခုစခန်းမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။
ဒါ့အပြင်ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကလည်း မြေပုံမြို့၊ ငမန်းရဲကျွန်း၊ ပြင်ချောင်းကျေးရွာမှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ယောက် ရေနစ်သေဆုံးခဲ့ပါသေးတယ်။
အလားတူ ပြီးခဲ့တဲ့ မေလ ၃ဝ ရက်ကလည်း မြေပုံမြို့က ဆယ်ကျော်သက်လူငယ်နှစ်ယောက်ဟာ မြေပုံမြို့က အငူပင်လယ်ကမ်းခြေမှာ ရေကစားရင်း ရေနစ်မြုပ်သေဆုံးသွားခဲ့ပြီး၊ရခိုင်မှာ အခုနှစ်မိုးရာသီအတွင်း ရေနစ်မြုပ်သေဆုံးသူ ၄ဝ ကျော်အထိမြင့်တက်ခဲ့တယ်လို့ နိရဉ္စရာက ကောက်ယူထားတဲ့စာရင်းအရ သိရပါတယ်။
Source – နိရဉ္စရာ
မောင်တောမြို့ထဲမှာ တောင်းရမ်းတဲ့ အမျိုးသမီးနှင့် ကလေးငယ်တွေ တွေ့ရ ပိုများလာ
ရခိုင်ပြည်မှာ အထွေအထွေအကျပ်အတည်းနှင့် ပဋိပက္ခ၊ တိုက်ပွဲဒဏ်တွေကို အများဆုံး ခံခဲ့ရတဲ့ မောင်တော နယ်စပ်ဒေသက မြို့တွင်းဈေးဆိုင်တွေမှာ တောင်းရမ်းတဲ့ မွတ်စလင်အမျိုးသမီးနှင့် ကလေးငယ်တွေ ပိုများလာတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီ မွတ်စလင်အမျိုးသမီးတွေထဲမှာ သက်လတ်ပိုင်းအရွယ် ကလေးအမေ၊ သက်ကြီးပိုင်းနှင့် အသက် ၆ နှစ်ကနေ ၁၀ နှစ်ကြား ကလေးငယ်တွေ ပိုများတာကို တွေ့ရတယ်လို့ ဆောက်လုပ်ရေးသုံးပစ္စည်း အရောင်းဆိုင်သည် တဦးက ပြောပါတယ်။
“မောင်တောတိုက်ပွဲအတွင်းမှာ လင်ယောကျ်ားသေသွားတဲ အမျိုးသမီးတွေများတယ်၊ ကလေးတွေဆိုရင်လည်း အဖေမရှိတဲ့ ကလေးတွေဖြစ်တယ်၊ တချို့က အဖေ အမေရှိပေမယ့် အလုပ်မလုပ်နိုင်တဲ့သူတွေဖြစ်တယ်၊ နိုင်ငံရေး မငြိမ်မသက်ဖြစ်ပြီး အလုပ်လည်း မရှိဆိုတော့ တောင်းရမ်းကြတာပေါ့”လို့ အထက်ပါ ဆိုင်သည်က ပြောပါတယ်။ (ဆိုင်သည် ဆိုသည်မှာ ဆိုင်ပိုင်ရှင်ကို ခေါ်ဝေါ်သည့် ဒေသိယဝေါဟာရဖြစ်သည်)
မောင်တောနယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ မွတ်စလင်တွေထဲမှာ ငွေရှာ၊ အပြင်ထွက်အလုပ်လုပ်တဲ့ အလုပ်တွေကို လင်ယောကျ်ားတွေကသာ လုပ်ကြပြီး အမျိုးသမီးတွေဟာ ချက်ပြုတ်၊ လျှော်ဖွတ်၊ ကလေးပြုစုတဲ့ အလုပ်တွေနဲ့သာ ကျင်လည်ခဲ့ရတဲ့အတွက် လင်ယောကျ်ားမရှိတဲ့ အချိန်မှာ ဒုက္ခတွေ့ရတာလို့ မွတ်စလင် အမျိုးသား ကိုဖာရုခ်က ပြောပါတယ်။
“မိန်းမဆိုရင် အပြင်ကိုမထွက်ရဘူး၊ အပြင်ထွက် ငွေရှာတဲ့အလုပ်ကိုလည်း မလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်ရဲ့ ဆိုးကျိုးတွေက အမျိုးသမီးတွေအပေါ်မှာ ရိုက်ခတ်မှု ပြင်းထန်လာတယ်၊ ခေတ်နဲ့လည်း မကိုက်ညီတော့ဘူး”လို့ ကိုဖာရုခ်က ဆက်ပြောပါတယ်။
အရင်တည်းက ဆက်သွယ်သွားလာရခက်ခဲနေတဲ့ မောင်တောနယ်စပ်ဒေသဟာ လက်ရှိကုန်စည်စီးဆင်းမှုလည်း နှေးကွေးနေတာကြောင့် လူဦးရေ ၃ယောက်ရှိတဲ့ အခြေခံလူတန်းစား မိသားစုတစုအတွက် စားစရိတ် ကုန်ကျငွေဟာ တနေကို ၁၅,၀၀၀ ကျပ်အထက်မှာ ရှိတယ်လို့ အခြေခံလူတန်းစားတွေက ပြောပါတယ်။
အခုလို ကုန်ဈေးနှုန်းကြီးမားမှုတွေနှင့်အလုပ်အကိုင်ရှားပါးမှုတွေကြောင့် လင်ယောကျ်ား မရှိတော့တဲ့ မွတ်စလင် အမျိုးသမီးတွေဟာ တဆိုင်ဝင်တဆိုင်ထွက် အလှူခံကြရတာလို့ အလှူခံအမျိုးသမီးတဦးက ပြောပါတယ်။
“ယောကျ်ားက တိုက်ပွဲအတွင်းမှာ လက်နက်ကြီးကျလို့ ဆုံးသွားတယ်၊ ယောကျ်ားလုပ်တာကို ထိုင်စားလာတဲ့ ကျမတို့အမျိုးသမီးတွေက ယောကျ်ားမရှိတော့ တခြားဘာမှမလုပ်တတ်ဘဲ အလှူခံစားရတာပဲ”လို့ အဲဒီအမျိုး သမီးက ပြောပါတယ်။
တချို့ အမျိုးသမီးတွေကတော့ မြို့တွင်းမှာ အလှူခံတောင်းရမ်းတာမျိုး မလုပ်ပေမယ့် နိုင်ငံခြားရောက်နေတဲ့ ဆွေမျိုးတွေဆီကနေ အကူအညီတောင်းနေကြရတယ်လို့ သိရပါတယ်။
မောင်တောဒေသသာမက အာဏာသိမ်းမှုနဲ့ စစ်ဘေးစစ်ဒဏ်ကြောင့် ရခိုင်ပြည်နယ်အနှံ့အပြားမှာရှိတဲ့ မြို့ရွာတွေက အခြေခံလူတန်းစား ရခိုင်တိုင်းရင်းသားတွေဟာ အလှူခံတာ၊ တောင်းရမ်းစားသောက်တာတွေကို လုပ်နေရတယ်လို့ ရခိုင်ဒေသသတင်းတွင်းတွေကို ဦးစားပေးဖော်ပြနေတဲ့ သတင်းဌာနတွေမှာ ခပ်စိပ်စိပ် ရေးသားထုတ်ဖော်လာတာကို တွေ့ရပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်(အေအေ)နဲ့ အာဏာသိမ်းစစ်အုပ်စုကြား တကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာ ၂နှစ်တာကာလ ရှိလာပြီဖြစ်ပါတယ်။ စစ်အုပ်စုက မြို့နယ်အများစုကို လက်လွှတ်ဆုံးရှုံးထားရပြီး၊ အေအေသိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ အန္တရာယ်ကို ဒေသခံအရပ်သားတွေ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီစဉ် (UNDP) ကတော့ လက်ရှိ ၂၀၂၅ ခုနှစ်အတွင်းမှာ ရခိုင်ပြည်ထဲက လူဦးရေ ၂ သန်းကျော်ဟာ အငတ်ဘေးနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ဟောကိန်းထုတ်ခဲ့ပါ တယ်။
Source – HI
မှော်ဘီတွင် ခွေးစာကျွေးနေသည့် မိန်းကလေးငယ်အား ရိုက်နှက်ခဲ့တဲ့ တိဂေဟာပိုင်ရှင် အမျိုးသမီးကို ဖမ်းဆီး
အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို ကိုယ်တွင်းဒဏ်ရာရအောင် ရိုက်နှက်ခဲ့တဲ့ မှော်ဘီမြို့နယ်၊ သရက်ညိုပင်ရွာက မေအိ တိဂေဟာပိုင်ရှင် အမျိုးသမီးကို နိုဝင်ဘာ ၁၂ ရက်က စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၁ ရက် နေ့လယ်က တိဂေဟာမှာ စောင့်ရှောက်ထားတဲ့ ခွေးလေခွေးလွင့်တွေ အစာကျွေးနေတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ဂေဟာပိုင်ရှင်ဖြစ်သူ ဒေါ်မေအိလွင်က စိတ်တိုင်းမကျလို့ တနေကုန် ရိုက်နှက်ခဲ့ရာ ညပိုင်းမှာ ကလေးငယ်က ထွက်ပြေးခဲ့ပြီး ရေသိုးကျေးရွာထိပ်မှာ ဒဏ်ရာတွေနဲ့ သတိလစ် လဲကျနေတာကြောင့် ကျေးရွာအုပ်ချုပ်ရေး မှူးနဲ့ ကယ်ရီသမားတွေက ကူညီပေးခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
မေအိ & Kids Animals Lover ဂေဟာမှာ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်ကျေးရွာအုပ်စု သရက်ပင်ညိုကျေးရွာရဲ့ အရှေ့ပိုင်းမှာ တည်ရှိပြီး ခွေးလေခွေးလွင့်အပါအဝင် တခြားတိရစ္ဆာန် ၂၀၀ ကျော်ကို လူမှုကွန်ရက်မှာ အလှူခံပြီး ကျွေးမွေးစောင့်ရှောက်နေတာလို့ ပြောပါတယ်။
လတ်တလောမှာ မေအိ & Kids Animals Lover ပိုင်ရှင် ဒေါ်မေအိ(ခ)မေအိလွင်ကို မှော်ဘီမြို့မရဲစခန်းက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
Source – DVB
ကျောက်ဆည်ကနေ ပုဂံကို ခရီးထွက်လာတဲ့ မိသားစုနှစ်စု ပျောက်ဆုံး
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ ကနေ ပုဂံ- ညောင်ဦး-ပုပ္ပါးကို အားလပ်ရက် ခရီးထွက်ကြတဲ့ မိသားစုနှစ်စုဟာ ပျောက်ဆုံးနေတာ ၁၀ ရက် ကြာပြီဖြစ်ပေမဲ့ သတင်းအစအန မကြားရသေးဘူးလို့ မိသားစုဝင်တွေကပြောပါတယ်။
ကျောက်ဆည်မြို့ KK ဖိနပ်ဆိုင်က ဦးထွန်းနိုင်၊ ဇနီးဖြစ်သူ မကေသီအောင်၊ သားဖြစ်သူ မောင်ဟယ်ရီနိုင် မိသားစု နဲ့ ကျောက်ဆည်မြို့၊ ညောင်ရွှေရွာနေ မခင်နှင်းဝေ၊ မသင်းသင်းမြတ်နဲ့ သားဖြစ်သူ မောင်စိုင်းလင်းလတ်တို့ မိသားစုနှစ်စုက တန်ဆောင်တိုင်ရုံးပိတ်ရက် နိုဝင်ဘာ ၂ ရက်မှာ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးဘက်ကို ခရီးထွက်ခဲ့ပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတာလို့ ဆိုပါတယ်။
KK ဖိနပ်ဆိုင်ဖွင့်ထားတဲ့ ဦးထွန်းနိုင်တို့ မိသားစုဟာ ပုဂ္ဂိုလ်ရေးအရ အတိုက်အခိုက်တွေမရှိသလို ကျောက်ဆည်မြို့မှာ လူချစ်လူခင်ပေါများတဲ့ မိသားစုဖြစ်သလို သူတို့ စီးလာတဲ့ ကားဟာ 7M-9611 Mark II အရပ်ခေါ် ရွှေငါး ကားဖြစ်ပြီး ဝိုင်းဝန်းစုံစမ်းပေးဖို့ကိုလည်း မိသားစုဝင်တွေက တောင်းဆိုထားကြပါတယ်။
Source – BBC
ဖားကန့်ကို စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲ ၊ ဗုံးဆန်ထိမှန်သည့် သားအမိ ၂ ဦးအနက် မိခင်ဖြစ်သူ သေဆုံး
ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာအုပ်စု ၊ ကထန်ကွက်သစ် ကျေးရွာကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ သားအမိနှစ်ဦး ဗုံးဆန်ထိမှန်ဒဏ်ရာရပြီးနောက် မိခင်ဖြစ်သူ သေဆုံးပြီး သုံးနှစ်အရွယ် ကလေးငယ်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒါ့အပြင်လက်နက်ကြီးကျည်က နိုဝင်ဘာလ ၈ ရက်က ယူမာကျေးရွာ ဘုန်းကြီးကျောင်းနှင့် နိုဝင်ဘာလ ၉ ရက်တွင် မှော်စီစာကျေးရွာ ဘုန်းကြီးကျောင်းအနီး လမ်းမကြီးပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၂၀ အရွယ် အမျိုးသမီး ကျည်ထိမှန်သေဆုံးခဲ့ပါသေးတယ်။
Source – Mizzima
ကလောမြို့အနီး တန်ဆောင်တိုင်အပြန် ခရီးသည်တင်ကား တိမ်းမှောက်၊ အမျိုးသမီးနှင့် ကလေး အပါ ၃ ဦးသေဆုံး
သျှမ်းပြည် ကလောမြို့နယ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာတဲ့ခရီးသည်တင် ကားတစ်စီးဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာအကြားတွင် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲတိမ်းမှောက်ခဲ့ရာ အမျိုးသမီးနဲ့ ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့ပါတယ်။
အဆိုပါ ခရီးသည်တင် ယာဉ်ပေါ်မှာ စုစုပေါင်း (၁၇)ဦး လိုက်ပါလာပြီး တောင်ကြီးမြို့မှ မန္တလေးမြို့သို့ အပြန်လမ်း၊ ကလောမြို့နယ်အတွင်း ယာဉ်တိမ်းမှောက်ခဲ့ရာ အမျိုးသမီးနဲ့ကလေး အပါအဝင် ၃ ဦး သေဆုံးခဲ့ကာ ကျန်ခရီးသည်များ ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
သေဆုံးသွားသည့် ခရီးသည် ၃ ဦးထဲတွင် ၇ နှစ်အရွယ်ခန့် ကလေးငယ် ၁ ဦးနဲ့ အဖွားဖြစ်သူသည် ရွှေညောင်မြို့တွင် နေထိုင်ပြီး အခြားအမျိုးသမီးတစ်ဦးသည် မိတ္ထီလာမြို့နယ် ဇာတိဖြစ်ကြောင်း သိရပါတယ်။
အလားတူ ယခုလ နိုဝင်ဘာ (၂) ရက်တွင်လည်း ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် စပယ်ရှယ်တောင် အဆင်းလမ်း၌ လိုက်ထရပ်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသား (၂) ဉီး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့ထံမှ သိရပါတယ်။
Source – Shan News






