လမ်းလျှောက်ထွက်သည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ

ညီထွေး

လေကြောင်းတိုက်ခိုက်မှုအပါအဝင် တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ်မှာ မြေမြုပ်မိုင်းနင်းပြီး အမျိုးသမီးတစ်ယောက် ဘယ်ဖက် ခြေထောက်ပြတ်သွားခဲ့ရကြောင်း မြို့ခံတွေဆီက သိရပါတယ်။

ကျောက်ဖြူ ဂုံးချွန်ကျေးရွာက ဒေါ်သိန်းမြကြည် ၆၀နှစ်ဟာ ဇွန်လ ၂၅ ရက်၊ နံနက် ၁၀ နာရီဝန်ကျင်းတွင်ကျေးရွာအနီး လမ်းလျှောက်ထွက်စဥ် မြေမြုပ်မိုင်းနင်းပြီး ခြေထောက် ပြတ်ထွက်သွားခဲ့ခြင်း ဖြစ်တယ်လို့ ကျောက်ဖြူမြိုခံ၊ အမျိုးသားတစ်ယောက်က ပြောပါတယ်။

” ဘယ်ဖက်ခြေထောက် ဒူးဆစ်အောက်ကနေ ပြတ်ထွက်သွားတာပါ။ အခုတော့ ဆေးကုသမှုခံယူနေရပါတယ်” ဟု ကျောက်ဖြူမြိုခံ အမျိုးသားတစ်ယောက်က ပြောပါတယ်။

 ဂုံးချွန်ကျွေးရွာမှာ ရမ်းဗြဲ – ကျောက်ဖြူ ကားလမ်းဘေးတွင်တည်ရှိပြီး စစ်ကောင်စီရဲ့ ခမရ ၅၄၃ တပ်ရင်းနဲ့နီးကပ်တာကြောင်း စစ်ကောင်စီ ထောင်ထားတဲ့မိုင်းလို့ ဒေသခံတွေက ခန့်မှန်းပြောဆိုမှုတွေရှိပါတယ်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီ စခန်းချနေထိုင်ခဲ့တဲ့နေရာတွေ၊ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရာကနေ မြေမြုပ်မိုင်းနင်ပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားခဲ့ရသူတွေနဲ့ သေးဆုံးသွားသူတွေ လစဥ်ရှိနေပါတယ်။

ဇန်နဝါရီ ၂၆ ရက်ကလည်း တောင်ကုတ်ဒေသခံအမျိုး သားတစ်ယောက်မှာ မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင်း ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကလည်း တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်က အမျိုးသမီးတစ်ယောက်မှာ မြေမြုပ်မိုင်းနင်းပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရပါတယ်။

အခုလို စစ်ကျန်မိုင်းတွေ ပေါက်ကွဲပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူတွေမှာ လူမှုဘဝရပ်တည်ရေးအတွက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူတွေက ပြောပါတယ်။

” တစ်ခုခုလိုအပ်ရင်လည်း အိမ်ကူလူတွေကိုပဲ အားကိုးနေရတယ်။ တစ်ခုတလေးဆို ကျမဘဝကျမ စိတ်ပျက်လာတယ်။ ခြေအတုဖြစ်ဖြစ် ကျမသွားလာနိုင်ဖို့ အထောက်အကူပစ္စည်းတစ်ခုခုတော့ လိုချင်ပါတယ်” လို့ မြေပုံမြို့နယ်မှ မြေမြုပ်မိုင်းနင်းပြီး ခြေထောက်ဆုံးရှုံးသွားရတဲ့  မဖြိုးဖြိုးဇံ က ပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့လည်း ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေကို လုပ်နေပေမဲ့ စက်ယန္တယားတွေ ၊ နည်းပညာတွေ အခက်အခဲရှိနေကြောင်း စုံစမ်းသိရပါတယ်။

Author: