The Rebel Riot ပန့်ခ်တီးဝိုင်း အဆိုတော် ကိုကျော်ကျော် စင်ပေါ်တွင် မိုက်ကို လက်အုပ်ချီကိုင်ကာ မျက်လုံးမှိတ်ထားစဉ်

စစ်အာဏာရှင်စနစ်တင်မက ဖိုဝါဒကြီးစိုးမှုကိုပါ ပုန်ကန်တဲ့ Women At The Front

ရှင်ငြိမ်း ဆက်သွယ်မေးမြန်းသည်။

အမျိုးသမီးတွေဟာ ခေတ်အဆက်ဆက် တော်လှန်ရေးတိုင်းမှာ ရဲရဲဝံ့ဝံ့ပါဝင်ခဲ့ကြပြီး စွန့်လွှတ်အနစ်နာခံတိုက်ပွဲ ဝင်ခဲ့ကြတာ ဒုနဲ့ဒေးပါပဲ။ ဒါပေမဲ့ မြန်မာ့သမိုင်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍတွေကို ဖော်ပြခြင်း မခံရပဲ မှေးမှိန်ပျောက်ကွယ်ခဲ့ကြရတာ များပါတယ်။

၂၀၂၁၊ စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ထွန်းလာတဲ့ နွေဦးတော်လှန်ရေးကာလမှာ ရန်ကုန်မြို့၊ လှိုင်သာယာရဲ့ လမ်းမတွေပေါ်ကနေ ထမင်းချိုင့်ကလေးတွေ ဆွဲ၊ ခြေညှပ်ဖိနပ် ခပ်ပါးပါးလေးတွေစီးပြီး စစ်အာဏာရှင်စနစ်ကို စတင်စိန်ခေါ်ခဲ့ကြတဲ့ အထည်ချုပ် အမျိုးသမီးအလုပ်သမား ၃,၀၀၀ ရဲ့ ခြေလှမ်းတွေဟာ မြန်မာ့သမိုင်းသစ်ကို စတင်သန္ဓေတည်စေခဲ့ပါတယ်။

ဒီလို ခေတ်အဆက်ဆက် တော်လှန်ရေးမှာ သွေးနဲ့ချွေး ရင်းပြီး ပါဝင်ခဲ့ကြပေမဲ့ သမိုင်းစာမျက်နှာတွေမှာ ဖော်ပြ မခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ဂုဏ်သိက္ခာကို ဂီတနဲ့ ပြန်လည်အသက်သွင်း ဂုဏ်ပြုခဲ့သူကတော့ The Rebel Riot ပန့်ခ်တီးဝိုင်းရဲ့ အဆိုတော် ကိုကျော်ကျော်ပဲ ဖြစ်တယ်။ သူဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရုံသာမက လူ့အဖွဲ့အစည်းထဲမှာ အမြစ်တွယ်နေတဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ ရှေးရိုးစွဲ ဖိုဝါဒကြီးစိုးမှုတွေ ကိုပါ စိန်ခေါ်တိုက်ဖျက်လိုတဲ့ ဖီးမနစ် ပန့်ခ်ဂီတသမားတဦး ဖြစ်ပါတယ်။

The Rebel Riot Band ဟာ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကာလမှာ သံဃာတော်တွေကို စစ်တပ်က  ပစ်ခတ်သတ်ဖြတ်နှိမ်နင်းတဲ့အဖြစ်အပျက်တွေကို ကိုကျော်ကျော် တွေ့မြင်ပြီးနောက်မှာတော့ ဖိနှိပ်မှုတွေကို ငြိမ်မခံဘဲ ဂီတနဲ့ တုံ့ပြန်ဆန့်ကျင်ဖို့ ရည်ရွယ်ပြီး သူငယ်ချင်းတွေနဲ့အတူ ဒီတီးဝိုင်းကို စတင် ဖွဲ့စည်းခဲ့တာပါ။ အဲ့ဒီကနေ စတင်ပြီး ရန်ကုန်မြို့ရဲ့ DIY ပန့်ခ်ဂီတ အသိုင်းအဝိုင်းနဲ့ လူမှုရေး လှုပ်ရှားမှုတွေမှာ ပါဝင်ရင်း တော်လှန်ရေးအသံတွေကို ဂီတနဲ့ ဖော်ထုတ်နေကြတာဖြစ်ပါတယ်။

“ငါတို့ ခန္ဓာကိုယ်ကို ငါတို့ ပိုင်တဲ့အထိ … ငါတို့ လုပ်အားကို ငါတို့ ပိုင်တဲ့အထိ … ငါတို့နဲ့ ထိုက်တန်တဲ့ လေးစားမှု ကို ငါတို့ ရတဲ့အထိ… စုရုံးလို့ ချီတက် … အနာဂတ်သစ်အတွက်…”

ဒါကတော့ အဲဒီအမျိုးသမီး ၃,၀၀၀ အပါအဝင်၊ နွေဦးတော်လှန်ရေးရဲ့ ရှေ့တန်းမှာ ရဲရဲဝံ့ဝံ့ မားမားမတ်မတ် ရပ်တည်ခဲ့ကြတဲ့ အမျိုးသမီးထုအတွက် သီဆိုထားတဲ့ “Women At The Front” သီချင်းထဲက ရင်ကို ထိမှန်စေတဲ့ သီချင်းစာသားအချို့ပဲ ဖြစ်တယ်။

The Rebel Riot Band ကို တည်ထောင်သူတွေထဲက တဦးဖြစ်တဲ့ ကိုကျော်ကျော်ကို အမျိုးသမီးတွေရဲ့ တိုက်ပွဲဝင်မှု၊ ဂျဲန်ဒါတန်းတူညီမျှရေး၊ ဂီတနဲ့ တော်လှန်ရေး ခံယူချက်တွေအကြောင်း HI – Honest Information က မေးမြန်း တင်ဆက်ထားပါတယ်။

လန်ဒန်မြို့ 100 Club ဖျော်ဖြေပွဲတွင် သီဆိုဖျော်ဖြေနေသည့် ကိုကျော်ကျော်။ Photo credit – Min Set Hein

HI – Honest Information  –  အရင်ဆုံး တော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေအကြောင်း စပ်ဆိုထားတဲ့ “Women At The Front” သီချင်းကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဖန်တီးဖြစ်ခဲ့တာပါလဲ။  ဘယ်တုန်း က ထွက်တာလဲ။ ထွက်ထားတာ မကြာသေးဘူးလား။

ကိုကျော်ကျော် – “Women At The Front” က စစ်အာဏာမသိမ်းခင်ကတည်းက အမျိုးသားကြီးစိုးတဲ့ ဝါဒတွေကြားမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရမ်းမှေးမှိန်နေတဲ့အခါကျတော့ ကျနော်တို့ ခံယူချက်က အမျိုးသမီးတွေမရှိရင် တော်လှန်ရေး မရှိဘူးဗျာ။

ဘာဖြစ်လို့လဲဆိုတော့ ဒီတော်လှန်ရေးမှာ အမျိုးသမီးတွေဟာ CDM အခန်းကဏ္ဍ၊ သပိတ်အတွက် စုရုံးတဲ့နေရာ တွေ၊ လူထုအုံကြွပါဝင်လာအောင် သူတို့က ရှေ့တန်းက ပုံစံအမျိုးမျိုးနဲ့ ပါဝင်ခဲ့ကြတယ်။ ပွင့်ပွင့်လင်းလင်း ပြော မယ်ဆိုရင် လှိုင်သာယာက အလုပ်သမတွေ လမ်းလျှောက် သပိတ်ထွက်တာက စတင်ပြီး နောက်ပိုင်း လူထုကို စည်းရုံးတာ၊ မိသားစုကို ကာကွယ်တာတွေကအစ အမျိုးသမီးတွေက ဦးဆောင်လုပ်ခဲ့ကြတာ။ အဲ့တော့ အမျိုး သမီးတွေက အမြဲတမ်း ထိပ်ဆုံးကနေ ပါဝင်နေတယ်ပေါ့ဗျာ။ အဲ့ဒါကို ကျနော်တို့က အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ Women at the Front ဆိုတဲ့ သီချင်းကို သီဆိုဖန်တီးခဲ့တာပါ။

ဒီသီချင်းကို ၂၀၂၁ ဖေဖော်ဝါရီလ ၆ ရက်၊ အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ သပိတ်ထွက်ပြီးနောက်ပိုင်း ရေးခဲ့တာပါ။ နွေဦးတော်လှန်ရေးအစပိုင်းမှာ သူတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးလိုက်တာပေါ့။

HI  –  အနုပညာရှင် အမျိုးသားတယောက်အနေနဲ့ တော်လှန်ရေးထဲက အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ ဂျဲန်ဒါ စိန်ခေါ်မှုတွေကို သီချင်းထဲ ရောက်လာအောင် ဘယ်လို လေ့လာစုံစမ်းပြီး ခံစားပုံဖော်ခဲ့ ပါသလဲ။

ကိုကျော်ကျော် – အာဏာမသိမ်းခင်ကတည်းက ကျနော်က ဖီးမနစ်(Feminist)တယောက်ပါ။ အမျိုး သမီးတွေရဲ့ အခွင့်အရေးနဲ့ တရားမျှတမှုတွေကို အမြဲစိတ်ဝင်တစား လေ့လာဖြစ်သလို၊ အချိုလှုပ်ရှားမှုတွေမှာ လည်း ပါဝင်ဖူးတယ်။ ဥပမာ လိင်ပိုင်းဆိုင်ရာစော်ကားမှုကိစ္စတွေကို ရပ်တန့်ဖို အမျိုးသမီးအဖွဲ့တချို့လုပ်တဲ့ ကန်ပိန်းတွေမှာ ပါဝင်ဖူးသလို အဲ့လို ကိစ္စတွေနဲ့ ပတ်သတ်တဲ့ စာပေတွေဘာတွေကိုလည်း လေ့လာဖတ်ဖူးတယ်။

 ဆိုတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ လှိုင်သာယာကနေ ထွက်ပေါ်လာတဲ့ အမျိုးသမီး အလုပ်သမား ၃၀၀၀ ကျော်ရဲ့ အာဏာသိမ်းဆန့်ကျင်မှု ချီတက်ပွဲဟာ နွေဦးတော်လှန်ရေးကို စတင်သန္ဓေတည်စေခဲ့ပြီး သူတိုအပါ အဝင် လက်ရှိကာလအထိ တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီးတိုင်းအတွက် ဂုဏ်ပြုချင်လို ဒီသီချင်းမျိုးကို ကျနော်အဖွဲ့က အမျိုးသမီးအဆိုတော်(Female vocalist)နဲ့ တိုင်ပင်ပြီး ဒီသီချင်းကို ရေးဖြစ်တာပါ။ အစအဆုံးရေးတာကတော့ သူပါ။ ကျနော်တို့က Music အပိုင်းပဲ ရေးဖြစ်တာပါ။

HI  – မြန်မာ့လူ့အဖွဲအစည်းရဲ့ အစဉ်အလာ သမိုင်းမှာရော၊ လက်ရှိ တော်လှန်ရေးမှာပါ အမျိုးသမီးတွေကို “ကူညီသူ/နောက်တန်းထောက်ပံ့သူ” လိုပဲ သတ်မှတ်လေ့ရှိကြပေမဲ့ သီချင်းခေါင်းစဉ်မှာ ကိုက “At The Front” (ရှေ့တန်းမှာရှိသူများ) လို သုံးထားတာတွေ့ရပါတယ်။ ဒီစကားလုံး ရွေးချယ်မှု နောက်က (gender) ဆိုင်ရာ သတင်းစကားက ဘာဖြစ်မလဲ။

ကိုကျော်ကျော် – ဂျဲန်ဒါဆိုင်ရာ သတင်းစကားကတော့ အမျိုးသမီးတွေကို “ကူညီသူ/နောက်တန်း ထောက်ပံ့သူ” လို သတ်မှတ်မထားပဲ သူတိုတွေလည်း ရှေ့တန်းမှာ အမျိုးသားတွေထက် မညံ့ဘဲတိုက်ခိုက်နေကြ သူတွေပါ။ ရှေ့တန်းဆိုတာ စစ်မြေပြင်တစ်ခုထဲကို ဆိုလိုတာမဟုတ်ပါဘူး။ တော်လှန်ရေးမျက်နှာစာတိုင်းမှာ နေရာအသီးသီးက ပါဝင်နေကြသူတိုင်းကို ပြောချင်တာပါ။

HI – နောက် အဖွဲ့ရဲ့ “Rebel Riot” ဆိုတဲ့နာမည်ရဲ့အဓိပ္ပါယ်ကို ရှင်းပြပေးပါလား။

ကိုကျော်ကျော် – တိုက်ရိုက်ကြီး ဘာသာပြန်ရင်တော့ သူပုန် အဓိကရုန်းပေ့ါ။ ဒါပေမယ့် ကျနော်ကတော့ “ပုန်ကန်သူ အုံကြွမှု” လို သုံးပါတယ်။

HI  – ပန့်ခ် (Punk) ယဉ်ကျေးမှုဟာ ဖိနှိပ်မှုကို တော်လှန်တာဖြစ်သလို Patriarchy (ဖိုဝါဒကြီးစိုးတဲ့စနစ်) ကိုလည်း စိန်ခေါ်တာဖြစ်တယ်။ တော်လှန်ရေးအဖွဲတွေနဲ့ လူ့အဖွဲအစည်း အတွင်းမှာ ကျန်ရှိနေသေးတဲ့ အမျိုး သမီးအပေါ် ခွဲခြားဆက်ဆံမှုတွေကို ပန့်ခ်ဂီတကနေတဆင့် ဘယ်လိုမျိုး တိုက်ဖျက်နိုင်မယ်လို ယူဆပါသလဲ။

ကိုကျော်ကျော် – ကျနော်ကတော့ သီချင်းကနေသော်လည်းကောင်း၊ လှုပ်ရှားမှုတွေကနေ လည်းကောင်း၊ တခြားဘယ်လို ပလက်ဖောင်းမျိုးကမဆို အလျဉ်းသင့်သလို ဒီလိုကိစ္စတွေကို အမြဲထုတ်ဖော်ပြောကြားနေပြီး တိုက်ပွဲဝင်နေမှာဖြစ်သလို အချင်းချင်း အသိပညာပေးရင်းလည်း ခွဲခြားမှုတွေကို ဆက်လိုက်တိုက်ဖျက်နေမှာပါ။

HI – တော်လှန်ရေးရဲ့ ရှေ့တန်းနဲ့ နောက်တန်းမှာ အမျိုးသမီးတွေဟာ မရှိမဖြစ် ပါဝင်နေပေမဲ့ “အမျိုးသားတွေ ကမှ တိုက်ခိုက်ရေးစွမ်းရည်ရှိတယ်/ခေါင်းဆောင်နိုင်တယ်” ဆိုတဲ့ အယူအဆဟောင်းတွေ ပျောက်ပျက်သွားဖို ဂီတနဲ့ အနုပညာက ဘယ်လို အခန်းကဏ္ဍကနေ ကူညီနိုင်မလဲ။

ကိုကျော်ကျော် – ဂီတ၊ ရုပ်ရှင်၊ စာပေ အစရှိတဲ့ အနုပညာတွေက လူ့အဖွဲအစည်းကို ပိုမိုစည်းလုံး သလို၊ ပိုမို ကောင်းမွန်တဲ့ လူနေမှုတစ်ခုဖြစ်အောင်လည်း ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ အဲ့ဒီလိုစွမ်းအားတွေကို အသုံးပြုပြီး မှားယွင်းနေတဲ့ ရှေးရိုးစွဲအယူအဆအဟောင်းတွေကို ချေဖျက်နိုင်ပါတယ်။

ဒါကြောင့် အနုပညာ သမားတိုင်းဟာ နိုင်ငံရေးကိုစိတ်ဝင်စားသင့်သလို၊ လူနေမှုထဲမှာ ကင်ဆာရောဂါလို နှစ်ပေါင်း များစွာ စွဲမြဲလာခဲ့တဲ့ လူလူချင်းခွဲခြားမှုမှန်သမျှကို ကိုယ်ရဲ့ အနုပညာကနေတဆင့် ကိုယ့်ပတ်ဝန်းကျင် လူနေမှုကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲနိုင်လိမ့်မယ်လို ယုံကြည်ပါတယ်။

HI  – The Rebel Riot အနေနဲ့ ဒီသီချင်းကနေတစ်ဆင့် အမျိုးသားရဲဘော်တွေနဲ့ လူထုအသိုင်းအဝိုင်းကို အမျိုး သမီးတွေရဲ့ဂျဲန်ဒါတန်းတူခွင့်နဲ့ လေးစားမှုဆိုင်ရာ ဘယ်လို သတင်းစကား ပေးချင်တာပါလဲ။

ကိုကျော်ကျော် – လူတယောက်ရဲ့ အမျိုး၊ ဘာသာ၊ အသားအရောင်နဲ့ ဂျဲန်ဒါ မတူကွဲပြားမှုတွေအပေါ် မူတည်ပြီး လူ၊ လူချင်း ခွဲခြားဆက်ဆံနေကြတာတွေဟာ ရူးနှမ်းပြီး လုံးဝ အဓိပ္ပာယ်မရှိတဲ့၊ အလဟဿ အမှိုက် သရိုက်တွေ (Bullshits) ပဲလို့ ပြောချင်တယ်။

HI – သီချင်းထွက်ရှိလာပြီးတဲ့နောက် တော်လှန်ရေးအသိုင်းအဝိုင်း (အထူးသဖြင့် အမျိုးသမီးရဲဘော်တွေနဲ့ အမျိုးသားရဲဘော်တွေ) ထံကနေ ဘယ်လို တုံပြန်မှုတွေ ရရှိခဲ့ပါသလဲ။

ကိုကျော်ကျော် –  Social media မှာ သူတို ဝိုင်းရှယ်ကြပါတယ်။ ကြည့်ရှုသူကလည်း 40K ရှိနေတယ်။ အဲ့ဒါတင်ပြီး အခြားသော အမျိုးသမီး အဖွဲအစည်းတွေကလည်း သူတိုပေ့ချ်တွေ ချယ်နယ်တွေမှာ ဒေါင်းလော့ လုပ်ပြီး ပြန်တင်ကြတာလည်း ရှိပါတယ်။ ကျနော်သီချင်းတွေကို လွတ်လပ်စွာ ယူသုံးခွင့်လည်းပြုထားတယ်။ ဘာလို့လဲဆိုတော့ ဒါက တော်လှန်ရေးပဲလေ။

HI – တော်လှန်ရေး အောင်မြင်ပြီးနောက် ရရှိလာမယ့် အနာဂတ် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ ဂျဲန်ဒါ တန်းတူညီမျှမှုနဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍ ဘယ်လို ပုံစံရှိသင့်တယ်လို မျှော်လင့်ပါသလဲ။

ကိုကျော်ကျော် –             အမျိုးသားနဲ့ အမျိုးသမီးကြား ခေါင်းဆောင်မှု အခန်းကဏ္ဍမှာ ညီရင်းအစ်ကို၊ မောင်နှမ တွေလိုပဲ တယောက်ကို တယောက် အပြန်အလှန် လေးစားတန်ဖိုးထားကြဖို့ လိုပါတယ်။ အားလုံးအကြားမှာ အာဏာနဲ့ လုပ်ပိုင်ခွင့် ချိန်ခွင်လျှာ ညီမျှနေတဲ့ စနစ်မျိုးကိုပဲ မျှော်လင့်ပါတယ်။

HI –  လန်ဒန်မြိုလို နေရာကနေ နိုင်ငံတကာ အသိုင်းအဝိုင်းဆီ မြန်မာ့တော်လှန်ရေး အကြောင်း ပြောပြတဲ့ အခါ မြန်မာအမျိုးသမီးတွေရဲ့ တော်လှန်ရေးပါဝင်မှုကို နိုင်ငံတကာက ဘယ်လိုအမြင်နဲ့ ရှုမြင်အောင် ချဉ်းကပ် ပြောဆိုနေပါသလဲ။

ကိုကျော်ကျော် -အမျိုးသမီးတွေသာ မပါဝင်လာရင် အဲ့ဒါကို တော်လှန်ရေးလိုမခေါ်ထိုက်ဖူးဆိုတဲ့ အမြင် ရှုထောင့်ကနေ ချဉ်းကပ်ပြီး သီချင်းတွေ အင်တာဗျူးတွေကနေလည်း အဲ့ဒီသတင်းစကားမက်ဆေ့နဲ့ လူတိုင်းကို မျှဝေပါတယ်။

HI  –  နောက် အာဏာသိမ်းတဲ့အခြေအနေကို သိရတဲ့အနေအထား၊ ကိုယ်ခံစားချက်၊ အာဏာသိမ်းပြီးနောက် ပိုင်း လှုပ်ရှားမှုတွေအကြောင်းလည်း အနည်းငယ်လောက်ရှင်းပြပေးပါ။

ကိုကျော်ကျော် – အဲ့နေ့ မနက်က အိပ်ရာနိုးနိုးချင်း ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ မရတော့ တခုခု တော့ ဖြစ်နေပြီဆိုပြီး တမျိုးတော့ ထင်လိုက်တယ်။ လူတွေကလည်း အိမ်ရှေ့က လမ်းတွေမှာ စိုးရိမ်ကြောင့်ကြ နေကြတဲ့ မျက်နှာတွေနဲ့ တီးတိုး၊ တီးတိုးပြောဆိုနေကြတယ်။ အဲ့အချိန်မှာ သူငယ်ချင်းတယောက် အိမ်တံခါးလာ ခေါက်ပြီး အကျိုးအကြောင်းလာရှင်းပြတော့ လူက မယုံနိုင်သလို၊ အံ့ဩသလို၊ ဒေါသထွက်သလို၊ စိုးရိမ်သလို ခံစားချက်မျိုးတွေ ဝင်လာတယ်။ အဲ့ဒါနဲ့ စက်ဘီးကောက်ယူပြီး အနီးအနားကို ပတ်ပြီးကြည့်ဖြစ်တယ်။

လူတွေကတော့ စုရုံးစုရုံးနဲ့ စိုးရိမ်ဖွယ်မျက်နှာတွေနဲ့ ကျနော်လည်း တော်တော်ကို စိတ်မကောင်းဖြစ်သွားတယ်။ အထူးသဖြင့် လူငယ် မျိုးဆက်တွေအတွက်ပါ။ သူတိုအနာဂတ်တွေ ရိုက်ချိုးခံလိုက်ရပြီဆိုတဲ့ ခံစားချက်မျိုး၊ အဲ့ဒါနဲ့ ၄ ရက်နေ့ရောက်တော့ (ဒေါက်တာတေဇာဆန်းတို့ ထွက်တဲ့နေ့) တာမွေမှာ ညနေပိုင်း ဘော်ဒါတွေနဲ့ လက်သုံး ချောင်းထောင် ဆန္ဒထွက်ပြဖြစ်ကြတယ်။

နောက်ပိုင်းတော့ ဒီမတရားအာဏာသိမ်းမှုနဲ့ ပတ်သတ်ပြီး တော်လှန်ရေးကို အားပေးထောက်ခံတဲ့ သီချင်းတွေ လုပ်ဖြစ်ပါတယ်။ One day ဆိုတဲ့ အခွေလည်း ထုတ်နိုင်ခဲ့ပြီး၊ Bella ciao cover music video အပါအဝင် အခြားအာဏာရှင်ဆန့်ကျင်ရေး သီချင်းတွေ ထုတ်ဖြစ်ခဲ့သလို မြိုပေါ်မှာ ဆန္ဒပြပွဲတွေမှာလည်း တက်ကြွစွာ ပါဝင်ခဲ့ပြီး ဆန္ဒပြသူတွေကို အစားအသောက်ဝေတာတွေလည်း လုပ်ခဲ့တယ်။

တောင်ဒဂုံအလုပ်သမား သပိတ်

HI –  The Rebel Riot အနေနဲ့ အမျိုးသမီးလိင်လုပ်သားတွေကို အသက်မွေး ဝမ်းကျောင်း သင်တန်း ပေးခဲ့ဖူးတယ်လို့ သိရတယ်။ အဲ့ဒါက ဘယ်အချိန်က ဘယ်လိုအကြောင်းနဲ့ လုပ်ခဲ့တယ်ဆိုတာလည်း ရှင်းပြပေးစေလိုပါ တယ်။

ကိုကျော်ကျော် – လိင်အလုပ်သမတချိုကို ဆေးဆိုးပန်းရိုက် လုပ်ငန်းခွင် သင်ကြားပေးဖူးပါတယ်။ သူတို့ တွေ ဒီလိင်လုပ်ငန်းကနေ ရုန်းထွက်လွတ်မြောက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး  ၂၀၂၂ ခုနှစ်မှာ သင်ပေးခဲ့ တယ်။ သူတို့ နဲ့ စပြီး ဆက်သွယ်မိတာက ကိုဗစ်ကာလမှာ အကုန်လုံး အခက်အခဲ ဖြစ်နေကြတဲ့အချိန်ပေါ့။ ဒီစက်ရုံအလုပ်သမား တွေ၊ အိမ်ခြေယာမဲ့တွေ၊ ကျူးကျော်ရပ်ကွက်က လူတွေနဲ့ လိင်အလုပ်သမားတွေ (Sex Worker )တွေလည်း ဒီလို အချိန်မှာ ဘယ်လိုရပ်တည်ကြမလဲလို့ ကျနော်စဉ်းစားဖြစ်တယ်။

ကိုဗစ် ကာလမှာဆိုတော့ သူတို့လည်း အလုပ်အကိုင် ခက်ခဲမှာပဲဆိုပြီး စ၊ စချင်းတော့ လမ်းတွေပေါ်မှာ မတ်တပ် လေးရပ်ပြီး ဖောက်သည်ရှာနေတဲ့ အမျိုးသမီးလေးတွေကို အခြေခံစားသောက်ကုန်ဝေတာပေါ့။ ကျနော်တို့က သူတို့ရှိနိုင်တဲ့နေရာလေးတွေ ကားနဲ့ပတ်ပြီး ဆန်၊ ဆီ၊ ကြက်သွန်စတာတွေကို ဒါလေးတွေ ဝေပေးပါရစေလို့ ခွင့်တောင်း၊ ပေးပါတယ်။ သူတို့ကလည်း လက်ခံယူရင်းနဲ့ အဲ့ဒီမှာ လိင်အလုပ်သမတွေကို သီးသန့် ကူညီပေးနေတဲ့ (Swim network Sex Worker Organization) အဖွဲ့နဲ့ သွားချိတ်ဆက်မိတယ်။ အသိတယောက် လမ်းညွှန့်ပေးတာ ပေါ့။

ဒီအဖွဲ့ကို ထူထောင်သူကိုယ်တိုင်ကလည်း အရင်က လိင်အလုပ်သမအဖြစ် လုပ်ကိုင်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူ့မှာ HIV (ကာလသားရောဂါ)ဖြစ်ပြီး နောက်ပိုင်းကျ သူလိုလူတွေကို ကိုယ်ချင်းစာလာတယ်။ အဲ့ဒီကနေ သူက ဒီအဖွဲ့ကို ဦးဆောင်ပြီး ဒီလိင်အလုပ်သမားတွေ လမ်းကြောင်မှန်ရောက်အောင် ကူညီပေးတယ်။ လိင်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးတွေ သူကိုယ်တိုင်ကလည်း ဒီထဲကနေ ရုန်းထွက်နိုင်ခဲ့သလို မရုန်းထွက်နိုင်တဲ့သူတွေကိုလည်း တခြား နည်းတွေနဲ့ သူက ကူညီပေးတာပေါ့။

အဲဒီအမနဲ့ ချိတ်ဆက်ပြီးတော့မှ  ကိုဗစ်ကာလမှာလည်း သူတို့ဆီကို ဆန်၊ ဆီနဲ့ တခြားအိမ်သုံး ပစ္စည်းတွေ ပို့ပေး တယ်။ အာဏာသိမ်းပြီး နောက်ပိုင်းကျတော့လည်း သူနဲ့ ချိတ်ဆက်ပြီးတော့ ကျနော်တို့လည်း အိုင်ဒီယာတခု ရတယ်ပေါ့။ ကျနော်တို့ လုပ်နေတာကလည်း ဒီ T-shirt ဆေးဆိုးပန်းရိုက်လုပ်ငန်း လုပ်နေတော့ အဲဒီဟာလေးတွေ ကို သူတို့ အသက်မွေးဝမ်းကြောင်းလေး တခုအနေနဲ့ ကျနော်တို့ ထောက်ပံ့ပေးချင်တယ် ဆိုပြီးတော့ လုပ်ဖြစ်သွား တယ်။ သူကလည်း လက်ခံတယ်။  သူတို့ဆီမှာလည်း တခြား စက်ချုပ်သင်တန်းတို့၊  အိမ်တွင်း လက်မှုပညာတွေ အများကြီး လုပ်ကြတော့ ကိုယ်လည်း အဲဒါလေးကို လုပ်ပေးဖြစ်တယ်။

 တဖက်ကလည်း သူတို့ လိုအပ်တဲ့ အခြေခံ စားသောက်ကုန်တွေကိုလည်း တခါထဲ ကူခဲ့တယ်။ ပြီးတော့ ဆေးဆိုး ပန်းရိုက်အတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ၊ စက်တွေ၊T-shirt တွေ၊ ဆေးတွေ ပေါ့လေ။ အဲဒီ လိုအပ်တဲ့ဟာ တွေလည်း သူတို့ လုပ်ပြီးတော့ သင်တန်း(workshop) ကတော့ တရက်ထဲပါပဲ။ ဒီတရက်ထဲကို အခြေခံ ဘယ်လို လုပ်လို့ရလဲ၊ ဘယ်လို ရိုက်လို့ရလဲဆိုတာကို သင်ပေးတယ်။ အဲဒါလေးတော့ ပြီးသွားတယ်။ သူတို့ နားမလည်လို့ရှိ ရင်လည်း နားလည်အောင် ဗီဒီယိုဖိုင်လေးတွေ၊ သင်ခန်းစာ(tutorial) ကြည့်လို့ရအောင်လေ၊ အဲဒီဗီဒီယိုဖိုင်လေး တွေလည်း ပေးခဲ့တယ်။

HI  – အမျိုးသမီး လိင်လုပ်သားတွေနဲ့ တွေ့ဆုံတော့ သူတို့ပြောပြတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ သူတို့ရဲ့ ဖြစ်တည်မှုအကြောင်း ပြောပြတာမျိုးရှိရင် ရှင်းပြပေးပါ။

ကိုကျော်ကျော် – သူတို့ရဲ့ ဖြစ်တည်မှုတွေကို မေးမြန်းကြည့်တဲ့အခါမှာတော့  အဓိကကတော့ မိသားစုစားဝတ် နေရေး အဆင်မပြေမှုတွေကနေ လာတယ်။  အိမ်တွင်းအကြမ်းဖက်မှု ကိစ္စတွေ၊ အိမ်ကနေ ထွက်ပြေးလာတဲ့ ကိစ္စ တွေနဲ့ အကြောင်းအရာကတော့ ပေါင်းစုံပါပဲ။ ဒါပေမဲ့ ဘယ်အကြောင်းအရာကမှ လှပမနေဘူး။

သူတို့ကို  တော်တော်ကို ဆိုးဆိုးဝါးဝါးတွေ ကြုံတွေ့ခဲ့ရတဲ့ ဘဝဒဏ်ရာတွေ၊ ခံစားချက်တွေကတော့ အများကြီးပဲ။ အထူးသဖြင့် သူတို့ခေါ်တဲ့ ခေါင်းလို့ခေါ်တဲ့  သူတို့ကို ထိန်းကျောင်းအုပ်ချုပ်သူတွေကိုလည်း ကြောက်ရတယ်။  နောက် ရဲတွေကလည်း သူတို့အပေါ်မှာ လိင်အမြတ်ထုတ်တာ၊ ငွေကြေးအမြတ်ထုတ်တာ ဆိုတော့ တော်တော်ဆိုး ဆိုးပဲ၊ ဘက်ပေါင်းစုံက ဖိနှိပ်ခံနေရတာ။

ပြီးတော့ မြန်မာနိုင်ငံမှာက ဒီအလုပ်နဲ့ပတ် သက်ပြီးတော့ တရားဝင် လိုင်စင်တို့၊ သူတို့ဘက်က ကာကွယ်ပေးတဲ့ ဥပဒေတွေက မရှိတဲ့အခါကျတော့ အမျိုး စုံ အဖိနှိပ်ခံရတာပေါ့။ အဲဒါတွေတော့ ကြုံရတယ်။ အဆိုးဆုံးကြားရတာ တွေကတော့  အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်နေတယ်ဆိုတဲ့ ကိစ္စတွေ။ သူတို့မှာ ရွေးချယ်စရာ မရှိဘူး၊ မိသားစုရဲ့ အဆင်မပြေတာ တွေ၊ ကျပ်တည်းတာတွေကြောင့်မို့လို့ ဒါတွေလုပ်နေကြရတယ်။ အဲ့ဒါတွေ တော့ ကျနော်သိခွင့်ရခဲ့တယ်။

HI – နောက်ဆုံးက ကိုကျော်ကျော်အနေနဲ့အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဘာတွေထပ် လုပ်ဆောင်ဖို့ ရှိပါ သေးလဲ။

ကိုကျော်ကျော် – ပန့်ခ်ဂီတကို အခြေပြုပြီး ကျနော် ရှုထောင့်ကနေ မတရားမှုတွေကို အမြဲထုတ်ဖော် ပြောကြားနေဦးမှာပါ။ ဘယ်တော့မှအသံတိတ်နေမှာတော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေနဲ့ ပတ်သတ်ပြီးတော့ အလျဉ်းသင့်သလိုလည်း ကျနော်တို့ သီချင်းတွေ လုပ်ချင်ပါသေးတယ်။ ကိုယ်တိုင်ရေးဆိုတာထက် မြေမြင်က တကယ့်အမျိုးသမီးတွေရဲ့အသံတွေနဲ့ ခံစားချက်တွေကို ပိုပြီး ဖန်တီးပေးချင်တာပါ။ ဥပမာ ရှေးတန်းက အမျိုး သမီးတွေရဲ့ ဓမ္မတာရာသီဒုက္ခလိုမျိုးပေါ့။ ကျနော်ကျတော့ အဲ့လို ဒုက္ခမျိုး မကြုံဖူးတော့ ဘယ်လိုမှ ရေးနိုင်မှာ မဟုတ်ဘူး။

HI –  နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ။

ကိုကျော်ကျော်  –  ဖြည့်စွက်ပြီးပြောချင်တာကတော့ ကျနော်တို့်လက်ခံထားတဲ့ တော်လှန်ရေးဆိုတာ ကျနော်တို့ မုန်းတီးစက်ဆုပ်တဲ့ စစ်အာဏာရှင် တရပ်ကို ဖြိုချပစ်ရုံသက်သက်မဟုတ်ပဲ ကျနော်တို့ တန်ဖိုး ထားရမယ့် စံနူန်းတွေ၊ ကျင့်ဝတ် တွေနဲ့ အချင်းချင်းကြားမှာလည်း ခွဲခြားမှုတွေဖြိုချပြီး၊ အပြန်အလှန် လေးစား တာတွေ တပြိုင်တည်းမှာ ဖန်တီးကြဖို့ လိုအပ်ပါတယ်။

 မဟုတ်ရင် ကိုယ့်တော်လှန်ရေးအသိုင်းအဝိုင်းထဲမှာလည်း စစ်အာဏာရှင်လို စရိုက်တွေ၊ အမျိုးသမီးတွေကို ဖိနှိပ် တဲ့ဓလေ့တွေနဲ့  ခွဲခြားမှုတွေအပြင် အခြားသော ပါဝါယစ်မူးတဲ့ ယဉ်ကျေးမှုတွေဟာ ဆက်လက် အမြစ် တွယ်နေဦးမှာပါ။ အသွင်သဏ္ဌန်သာပြောင်းပြီး အနှစ်သာရမပါတဲ့ တော်လှန်ရေးမျိုးကို ကျနော်တို့ မလိုအပ် ပါဘူး။