သဘာဝဘေးသင့်ဒေသတွေက အမျိုးသမီးများ၊ ရှင်သန်ကျန်ရစ်သူအမျိုးသမီးများရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု တွေကို ဘယ်လိုပုံစံနဲ့ ဖြတ်ကျော်ကြမလဲ
အင်တာဗျူး
ခင်ဘုန်းမို့
မတ်လ ၂၈ ရက်က ပြင်းအား ၇.၇ ရှိတဲ့ ငလျင်ကြောင့် လူအများထိခိုက်သေဆုံးတာ၊ နေအိမ်ပျက်စီးဆုံးရှုံးတာ၊ မိသားစုဝင်တွေ အသက်ဆုံးရှုံးခဲ့ကြတဲ့ဖြစ်စဉ် အမြောက်အမြားရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်စဉ်တွေကြောင့် အမျိုးသမီးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေကြမှာဖြစ်ပြီး အဆိုပါစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုဘယ် လိုပုံစံနဲ့ဖြတ်ကျော်ကြမလဲ၊ ဘယ်လိုအပြုအမူတွေဆောင်ရွက်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး စီတာကုထုံးသင်တန်းနည်းပြတစ်ဦးဖြစ်တဲ့အပြင် စိတ်ကျန်းမာရေး Counsellor(အတိုင်ပင်ခံ) တစ်ဦးလည်းဖြစ်တဲ့ မချယ်ရီစိုးမြင့် ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ လက်တလောဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးဒဏ်ကြောင့် ပြည်သူလူထုအပါအဝင် အထူးသဖြင့် အမျိုးသမီးတွေအပေါ်မှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဘယ်လိုသက်ရောက်မှုတွေရှိနိုင်ပါသလဲရှင့်။
ဖြေ။ ။ဒီလိုကြီးမားတဲ့ သဘာဝဘေးအန္တရာယ်တွေက လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို ကြီးမားတဲ့ သက်ရောက်မှုတွေဖြစ်စေနိုင်ပါတယ်။ တစ်ဦးချင်းအဆင့်မှာဆိုရင် ပြင်းထန်တဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ် ဒဏ်ရာတွေ ဖြစ်စေနိုင်ပါတယ်။ မိသားစုဘဝကို ပြိုပျက်စေတာ၊ ကလေးတွေ၊ မိဘတွေနဲ့ ဝေးကွာရတာ၊ မိသားစု ငွေကြေးအခက်အခဲတွေကြုံကြရပါတယ်။ လူတွေအများကြီး သေကြေပျက်စီးတာ၊ အိုးမဲ့အိမ်မဲ့ဖြစ်ကြတာ၊ လူမှုဘဝပျော်ရွှင်စရာတွေ ပျောက်ဆုံးသွားတာ၊ ဓလေ့ထုံးတမ်းဆိုင်ရာတွေ ထိန်းသိမ်းမှု လျော့ပါးသွားတာတွေ ဖြစ် လေ့ရှိပါတယ်။
စိတ်ပိုင်းဆိုင်ရာဖိစီးမှုနဲ့ စိတ်ဒဏ်ရာ လက္ခဏာတွေက အဖြစ်အပျက်တွေပြီးတဲ့နောက်မှာ နေ့စဥ်ဘဝ ဖြတ်သန်းမှု တွေမှာ အနှောင့်အယှက်တွေ ဖြစ်လာစေပါတယ်။
ဘေးဒုက္ခကြုံခဲ့ရတဲ့သူတွေဟာ ပင်ပန်းဆင်းရဲမှု၊ အဆင်မပြေမှု၊ ပြောင်းရွေ့မှုတွေလုပ်ရတဲ့အခါ ပိုပြီးစိုးရိမ် ပူပန် စိတ်ဖြစ်ကြပါတယ်။ စိတ်ရှုပ်ထွေးတာ၊ မှတ်ဥာဏ်စွမ်းရည် ကျဆင်းတာ၊ သာမန်အားဖြင့် သူတို့လုပ်နိုင်တဲ့ ဒါမှမ ဟုတ် လွယ်ကူတဲ့ဆုံးဖြတ်ချက်တွေကိုတောင် မချနိုင်ကြတော့ပါဘူး။ သူတို့ရဲ့ ခံနိုင်ရည်နဲ့ ပြန်လည်ကောင်းမွန် လာမှုမှာ အဟန့်အတားတွေ ဖြစ်နေနိုင်ပါတယ်။ တချို့လူတွေဟာ သိမြင်မှုစွမ်းရည် ကျဆင်းသွားတာကြောင့် မျှော်လင့်ချက်မဲ့သွားတာ၊ ကိုယ့်ကိုကိုယ်သတ်သေလိုတဲ့အတွေးတွေပေါ်လာတာ၊ အခြားလူကိုအန္တရာယ်ပြုလို တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာခံစားမှုပိုင်းမှာဆိုရင် အလွယ်တကူ ကြောက်ရွံ့မှု၊ ဝမ်းနည်းမှု၊ စိတ်တိုမှု၊ ဒေါသဖြစ်မှု၊ စိတ်ပျက်မှု၊ အပြစ်တင်စိတ်၊ စိုးရိမ်စိတ်တို့ ဖြစ်တတ်ပါတယ်။ မကြာခဏဆိုသလို လူတွေက ကိုယ့်ကိုယ်ကိုသေသွားတော့ မလားလို့ ထင်မြင်လာတာတွေလည်း ရှိတတ်တယ်။ အသက်ဝဝမရှူနိုင်တာမျိုးတွေ ဖြစ်တတ်တယ်။
စိတ်ဖိစီးမှုပမာဏအရမ်းမြင့်နေတဲ့ သူတွေမှာဆိုရင်သူတို့ကိုယ်သူတို့မကူညီနိုင်သလို သူတို့ကိုအားကိုးနေတဲ့သူ တွေကိုလည်း အကူအညီမပေးနိုင်တော့တာ မျိုးတွေဖြစ်လာပါတယ်။ ဥပမာ – ကလေးမိခင်တွေဆိုရင် ကလေး ကိုဂရုမစိုက်နိုင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ တချို့ဆိုရင် အနားယူလို့မရဘဲ အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေတဲ့ အိပ်မက်ဆိုးတွေမက်လာတတ်တယ်။ အချိန်ကာလတစ်ခုရောက်တဲ့အခါ ကောင်းမွန်တဲ့ စိတ်ဖိစီးမှုဖြေ လျှော့တဲ့နည်းလမ်းတွေ၊ အထောက်အပံ့တွေမရထားဘူးဆိုရင် စိတ်ဒဏ်ရာလွန်စိတ်ဖိစီးမှုရောဂါ (Post-traumatic stress disorder – PTSD)အထိ ခံစားရစေနိုင်ပါတယ်။
ဘေးအန္တရာယ်တွေကြုံတွေ့ပြီးတဲ့နောက်ပိုင်းမှာ အပြုအမူဆိုင်ရာတုံ့ပြန်မှုတွေလည်း အပြောင်းအလဲ ဖြစ်လာ တတ်ပါတယ်။ အကြောက်တရားနဲ့ စိုးရိမ်ပူပန်စိတ်ကြောင့် လုံခြုံတဲ့နေရာတွေမှာတောင် မနေရဲတာ၊ ရှောင်တာ မျိုးတွေရှိလာနိုင်ပါတယ်။ ပုံမှန်လုပ်ဆောင်မှုတွေကို အနှောင့်အယှက်ပေးနိုင်တဲ့အထိ တစ်ခုခုကိုထပ်ခါတလဲလဲ လုပ်နေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဥပမာပြောရရင် – စုဆောင်းခြင်း၊ အစာသိုလှောင်ခြင်း၊ ရေသို လှောင်တာမျိုးတွေ ဖြစ်လာပြီး တချို့တွေဆိုရင် အစားမစားတာ၊ မအိပ်တာ၊ ထိတ်လန့်လွယ်တာမျိုးတွေတွေ့ရ လေ့ရှိပါတယ်။
နောက်ထပ်ထိခိုက်နိုင်မှုတစ်ခုကတော့ ယုံကြည်မှုပိုင်းဆိုင်ရာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူ နိုင်ပါဘူး။ တချို့တွေက ယုံကြည်ရာဘာသာတရားကိုပါ စွန့်လိုက်ကြတာမျိုးထိ ဖြစ်လာနိုင်တယ်။ ဥပမာ – သူတို့ ယုံကြည်ကိုးကွယ်မှုတွေအပေါ်မှာ မေးခွန်းထုတ်လာတာမျိုးပေါ့။ ဘုရားသခင်က ဒီလို ဆိုးညစ်မှုတွေ၊ ဒုက္ခတွေကို ဘယ်လိုဖန်တီးလိုက်နိုင်တာလဲလို့ မကြာခဏပြောတတ်ကြတယ်။ ဘာသာတရားကနေလမ်းလွဲတဲ့ အခြားသော အားကိုးရာတွေကို ရှာကြတာမျိုးတွေလည်း ဖြစ်လာတတ်ပါတယ်။ ဥပမာ – သဘာဝလွန်ကိစ္စတွေ၊ သဘာဝလွန် အဖြစ်အပျက်တွေပေါ်မှာအထူးအာရုံစိုက်လာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
အထူးသဖြင့် ကြီးမားတဲ့ ဘေးအန္တရာယ်များကြုံပြီးနောက်မှာ ဒါမျိုးတွေ အများကြီးကြားရပါလိမ့်မယ်။ ဒါက လူတွေမှာ စိတ်ပိုင်းဆိုင်ရာကမောက်ကမဖြစ်ခြင်း ၊ ယုံကြည်ခြင်းဆိုင်ရာ စိတ်ခံစားမှုများအပေါ် သက်ရောက်မှု ကိုပြတာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ဇီဝကမ္မတုံ့ပြန်မှုဆိုင်ရာ ရုပ်ပိုင်းတုံ့ပြန်မှုတွေကို သက်ရောက်မှုဖြစ်စေပါတယ်။ အစာစား ချင်စိတ်ပြောင်းလဲမှုတွေ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ ကိုယ်ခံစွမ်းအားကျဆင်းတဲ့ အတွက်ကြောင့် ဗိုင်းရပ်စ်များနှင့် ဘက်တီးရီးယားပိုးဝင်ခြင်းကဲ့သို့သော ကူးစက်ရောဂါတွေကိုလည်း အထူး သတိထားသင့်ပါတယ်။ နှလုံးရဲ့လုပ်ဆောင်ချက် အပြောင်းအလဲတွေ ဖြစ်တာ၊ သတိလစ်တာ၊ ရင်ဘတ်အောင့် တာ၊ ခေါင်းမူးတာတွေလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လက်၊ ခြေထောက်၊ မျက်နှာ ထုံကျင်တာတွေလည်း ဖြစ်နိုင်ပါတယ်။
မေး။ ။သဘာဝဘေးဒဏ်ကို လက်တွေ့ကြုံတွေ့ခဲ့ရသူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုသက်သာအောင် ဘယ်လိုနည်းလမ်းတွေ ပြုလုပ်သင့်တယ်လို့ အကြံပေးချင်ပါသလဲ။
ဖြေ။ ။ဘေးအန္တရာယ်တွေကြုံတွေ့ပြီးတဲ့အခါ အဓိကအရေးကြီးတဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ဆေးကုသမှု၊ အစားအစာ၊ အဝတ်အထည်၊ နားခိုစရာ၊ လုံခြုံမှုရှိဖို့ ဒါတွေရရှိဖို့ အရင်လုပ်ဆောင်ကြရပါတယ်။ အဲဒီအချိန်မှာ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်အောင်လုပ်ဖို့ အခက်အခဲရှိနေရင် ခုနပြောခဲ့တဲ့အခြေခံလိုအပ်ချက်တွေ ကို ရှာဖွေဖို့ ချိတ်ဆက်ဖို့ ကိစ္စတွေမှာလည်း အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ပထမအဆင့်အနေနဲ့ နာကျင်မှုကို အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ ကိုယ်ခံစားနေရတာတွေ ဘာတွေ လဲဆိုတာသိပြီး ဆုံးရှုံးမှုတွေအတွက်ဝမ်းနည်းခွင့်ပြုပေးပါ။ လောလောဆယ် အဆင်မပြေနေသေးဘူးဆိုတာကို လည်း လက်ခံဖို့လိုအပ်ပါတယ်။
ဒုတိယအဆင့်အနေနဲ့ ချိတ်ဆက်မှုတွေလုပ်ပေးပါ။ ကျန်ရှိတဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ မိမိအသိုင်းအဝိုင်းတွေနဲ့ ဆက်သွယ်ပါ။ ကိုယ့်အတွက်ပံ့ပိုးမှုပေးနိုင်မယ့် ယုံကြည်ရတဲ့ပုဂ္ဂိုလ်များနှင့် စကားပြောတာမျိုးတွေ လုပ်နိုင် ပါ တယ်။
“ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး၊ တစ်ယောက်တည်း ဒါကိုရင်ဆိုင်ရမှာ မဟုတ်ဘူး”ဆိုတာကိုလည်းသတိ ရပေးပါ။
ကိုယ့်စိတ်နဲ့ခန္ဓာက မတည်မငြိမ်ဖြစ်လာတယ်ဆိုရင် တည်ငြိမ်မှုပြန်လည်တည်ဆောက်ဖို့ နည်းလမ်းလေးတွေကို လေ့ကျင့်ပေးဖို့လိုပါတယ်။ အသက်ပြင်းပြင်းရှုတဲ့ လေ့ကျင့်ခန်းလုပ်တာ၊ အကြောဖြေလျှော့တာ၊ ကိုယ့်ရှေ့မှာရှိ တဲ့ ပစ္စည်းတစ်ခုခုပေါ်မှာအာရုံစိုက်ပြီး ထိတွေ့ကိုင်တွယ်ကြည့်တာ စသဖြင့်လုပ်နိုင်ပါတယ်။
သေးသေးလေးပဲဖြစ်ဖြစ် ကိုယ်လုပ်နိုင်တာကနေ စလုပ်ကြည့်ပါ။ နည်းနည်းလေးပိုပြေလည်သွားအောင် ဒီနေ့ ကိုယ်လုပ်နိုင်တာက ဘာလဲဆိုတာကို စဥ်းစားကြည့်ပါ။
မေး။ ။ အသက်ဘေးကလွတ်လာပြီးနောက် နောက်ဆက်တွဲကြုံတွေ့နေရတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိအောင်ဘယ်လိုပြုလုပ်သင့်ပါသလဲရှင့်။
အသက်ဘေးကလွတ်မြောက်လာသူတွေအနေနဲ့ အခုအခြေအနေမှာ အနားယူဖို့ခက်ခဲနေနိုင်ပေမယ့် နားလို့ရတဲ့ အချိန်မှာ ကြိုးစားပြီးအနားယူဖို့ လိုပါတယ်။ တတ်နိုင်သမျှ အစားအသောက်နဲ့ ရေကိုမှန်မှန်ဖြည့်တင်းပေးဖို့ လိုပါ တယ်။ ကူညီနိုင်တဲ့ မိတ်ဆွေတွေနဲ့ စကားပြောရပါမယ်။ ကိုယ်လုပ်နိုင်တဲ့ စိတ်သက်သာရာနည်းလမ်းတွေကို လုပ် ဆောင်ဖို့လိုပါတယ်။ ဆုတောင်းတာ၊ အသက်ရှုလေ့ကျင့်ခန်းလုပ်တာ၊ အခြေခံ တကိုယ်ရည်သန့်ရှင်းမှုလုပ်တာ၊ လမ်းလျှောက်တာ၊ တစ်ယောက်တည်းမနေဘဲ ချစ်ခင်ရသူတွေနဲ့ ချိတ်ဆက်မှုလုပ်ပေးတာစသဖြင့်လုပ်နိုင်ပါ တယ်။
ကိုယ်တစ်ယောက်တည်းဖြေရှင်းဖို့အခက်အခဲရှိနေတယ်ဆိုရင် အကူအညီယူပါ။ ဒါကိုတစ်ယောက်တည်း ဖြတ် ကျော်ဖို့ မလိုပါဘူး။ စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ပေးနေတဲ့ အဖွဲ့တွေလည်း ရှိနေပါတယ်။ ကိုယ့်ကိုယ်ကို ဒီလို ပြောပေးလို့ရတယ်။ “မယုံနိုင်လောက်အောင်ခက်ခဲတဲ့အရာတစ်ခုကနေ ငါလွတ်မြောက်ခဲ့ပြီးပြီ၊ နောက်ထပ်ခက် ခဲတာတွေရှိနိုင်ပေမယ့် ငါဆက်ကျော်ဖြတ်ဖို့ ခွန်အားကိုပြန်တည်ဆောက်နိုင်တယ်” ဆိုတာမျိုးပြောပေးလို့ ရပါ တယ်။
မေး။ ။ လူအများကြီးသေကြေပျက်စီးမှုသတင်းတွေ၊ စိုးရိမ်မှုတွေ၊ ကြောက်လန့်မှုတွေ၊ ရာသီဥတုပူတာ စတာတွေကြောင့် စိုးရိမ်ကြောင့်ကျမှု၊ အိပ်မပျော်၊ စားမဝင်တာတွေကို အမျိုးသမီးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုရအောင် ဘယ်လိုပြုမူနေထိုင်သင့်ပါသလဲရှင့်။
ဖြေ။ ။အဓိကကတော့ အမျိုးသမီးတွေဟာဒီလိုဘေးအန္တရာယ်ကာလတွေမှာ စိုးရိမ်ပူပန်စိတ်ပိုများ တတ်ကြပါတယ်။ ဒီအတွက်အပေါ်မှာပြောခဲ့တဲ့ အချက်တွေအတိုင်း လုပ်ကြည့်နိုင်ပါတယ်။ ကိုယ့်စိတ်ကို ထိခိုက် စေတဲ့အကြောင်းအရာတွေ၊ သတင်းတွေကြည့်တာကို အကန့်အသတ်နဲ့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ သတင်း တွေကိုအချိန်တိုင်းကြည့်နေတာထက် လုံခြုံမှုကိုပံ့ပိုးပေးနိုင်တဲ့ မှန်ကန်တဲ့သတင်းရင်းမြစ်တွေ၊ ချိတ်ဆက်မှုတွေ ရှာဖွေတာကို ပိုလုပ်ပေးနိုင်ပါတယ်။
မေး။ ။စိတ်ပိုင်းဆိုင်ရာနဲ့ ဆက်စပ်ပြီးအမျိုးသမီးတွေအပေါ် ဓမ္မတာရာသီသွေးကဘယ်လိုဆက်စပ် မှုတွေရှိနိုင်ပါသလဲ။ ဒီအပေါ်မှာရော ဘယ်လိုဆောင်ရွက်နေထိုင်သင့်ပါသလဲ။
ဖြေ။ ။ကြီးမားတဲ့စိတ်ဖိစီးမှုက အမျိုးသမီးတွေရဲ့ ရာသီသွေးဆင်းမှုကိုလည်း သက်ရောက်မှုဖြစ်စေနိုင် ပါတယ်။ ဟော်မုန်းအပြောင်းအလဲတွေက စိတ်ခံစားချက်ကို လွှမ်းမိုးပြီး ဦးနှောက်လုပ်ဆောင်ပုံကို ကမောက်ကမ ဖြစ်စေတာလည်း ရှိပါတယ်။ ဒီလိုအချိန်တွေဆိုရင် အမျိုးသမီးတွေ ဘာကိုသတိထားမိနိုင်လဲဆိုတော့ စိတ် အပြောင်းအလဲမြန်တာ၊ စိတ်အလိုမကျတာ၊ စိတ်တိုတာ၊ ထိလွယ်ရှလွယ်ဖြစ်တာမျိုးတွေ ဖြစ်လာလေ့ရှိပါတယ်။ ဒီလိုအချိန်တွေမှာ ဒီလိုခံစားရတာကပုံမှန်ပဲဖြစ်တဲ့အကြောင်းနဲ့ ဒါကိုဖြေရှင်းနိုင်တယ်ဆိုတာကို သတိရပေးစေ ချင်ပါတယ်။ မိမိရဲ့ ရာသီစက်ဝိုင်းကို ပြန်ပြီး မှတ်သားထားပေးပါ။ ဘယ်ရက်တွေမှာ စိတ်ခံစားချက် ပိုပြင်းထန် တယ်ဆိုတာကို အသိအမှတ်ပြုပေးပါ။ အနားယူပေးပါ။ လေ့ကျင့်ခန်းလုပ်တာ၊ အကြောလျှော့တာစတဲ့ သက် သောင့်သက်သာဖြစ်စေမယ့် လှုပ်ရှားမှုလေးတွေလုပ်ပေးကြည့်နိုင်ပါတယ်။ အာဟာရပြည့်အောင်စားပေးဖို့ လည်းလိုအပ်ပါတယ်။
မေး။ ။ငလျင်ဒဏ်ကိုလက်တွေ့ကြုံတွေ့ရတဲ့ အမျိုးသမီးတွေတင်မကပြည်တွင်းမှာနေထိုင်တဲ့သူတွေ၊ ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ရော စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုရအောင် ဘယ်လိုနေထိုင်သင့်ပါသလဲ ရှင့်။
ဖြေ။ ။ဘေးအန္တရာယ်အလွန်ကာလတွေမှာ လုပ်နိုင်တာလေးတွေကတော့
(၁) စိတ်နဲ့ခန္ဓာကို တည်ငြိမ်မှုရအောင် လုပ်ပေးသင့်ပါတယ်။
(၅-၁၀) မိနစ်လောက် အသက်ပြင်းပြင်းရှုပေးပါ။ လေကိုနှာခေါင်းကရှုပြီး ပါးစပ်ကပြန်ထုတ်တာမျိုး လုပ်နိုင်ပါ တယ်။ ရှုသွင်းတဲ့အချိန် (၁ ကနေ ၄ အထိ) ရေတွက်ပါ။ ရှုထုတ်တဲ့အချိန် (၁ ကနေ ၆ ထိ) ရေတွက်ပြီး ပြန်ရှု ထုတ်ကြည့်ပါ။
နောက်တစ်နည်းက မိမိရဲ့ အာရုံခံစားမှုကို အသုံးချပြီး လက်ရှိကာလမှာ နေကြည့်ပါ။ အရာဝတ္ထုပစ္စည်း တစ်ခုခုကို ထိတွေ့ကိုင်တွယ်ကြည့်တာ၊ ခြေထောက်က ကြမ်းပြင်ကိုနင်းတာ (ဖိနပ်မပါဘဲ) တွေလုပ်ကြည့် နိုင်ပါတယ်။ ဒါက အခြေခံစိတ်တည်ငြိမ်အောင် လုပ်တဲ့နည်းတွေ ဖြစ်ပါတယ်။
နောက်ထပ် မိမိရဲ့ကြံ့ခိုင်မှုကို တည်ဆောက်ဖို့ အရေးကြီးပါတယ်။ ဒီဘေးအန္တရာယ်ကြီး မကြုံခဲ့ခင်ကရော ကိုယ် ကျော်ဖြတ်နိုင်ခဲ့တဲ့ အခက်အခဲဆုံးအချိန်တွေရှိခဲ့လား၊ ပြန်စဥ်းစားကြည့်ပါ။ အဲဒီအချိန်တုန်းကရော ဘယ်လို ကျော်ဖြတ်ခဲ့သလဲ။ ဘာတွေက ကိုယ့်အတွက် အထောက်အကူ ဖြစ်ခဲ့သလဲ။ ဒီအချိန်မှာရော ဒီအခက်အခဲတွေကို ကျော်ဖြတ်ဖို့ ဘာတွေကအကူအညီဖြစ်စေနိုင်မလဲ စဥ်းစားကြည့်နိုင်ပါတယ်။
မေး။ ။တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
ဖြေ။ ။ ကုစားဖို့အတွက်က အချိန်ယူရနိုင်ပါတယ်။ လိုအပ်ရင် အကူအညီပေးမယ့်သူတွေ ရှိနေတယ်ဆိုတာ သတိရစေချင်ပါတယ်။