Home သတင်း ရခိုင်တိုက်ပွဲပြန်ဖြစ်ပြီး လမ်းပိတ်ထားတာကြောင့် စစ်တွေမြို့ကို သင်တန်းတက်ဖို့ရောက်ရှိနေတဲ့ ကျောင်းဆရာ/မတွေ ပိတ်မိနေ

ရခိုင်တိုက်ပွဲပြန်ဖြစ်ပြီး လမ်းပိတ်ထားတာကြောင့် စစ်တွေမြို့ကို သင်တန်းတက်ဖို့ရောက်ရှိနေတဲ့ ကျောင်းဆရာ/မတွေ ပိတ်မိနေ

ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ကြား နှစ်ဖက်နားလည်မှုနဲ့ အပစ်အခတ်ရပ်ထားတဲ့ ရခိုင်မှာ ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်မှာ တိုက်ပွဲတွေပြန်လည် ဖြစ်ပွားပြီး ကုန်လမ်း၊ ရေလမ်းတွေကို စစ်ကောင်စီဘက်က ပိတ်လိုက်တာကြောင့် ရခိုင်မြောက်ပိုင်းမြို့နယ်တွေက စစ်တွေမြို့ကို သင်တန်းတက်ဖို့ ရောက်ရှိနေကြတဲ့ ဆရာ/မတွေ ပိတ်မိနေကြပါတယ်။

မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် ပေါက်တောမြို့နယ်တွေက အခြေခံပညာ ဆရာ/မ ငါးထောင်ကျော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်စပြီး စစ်တွေမြို့မှာ သင်တန်းတွေ တက်ရောက်နေကြရတာ ဖြစ်ပါတယ်။

ဆရာ/မတွေရဲ့ သင်တန်းဟာ နိုဝင်ဘာ ၁၂ ရက်က ပြီးဆုံးခဲ့ပြီးတော့ ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်မှာ အိမ်ပြန်ဖို့လုပ်တဲ့အခါ တိုက်ပွဲတွေကြောင့် လမ်းတွေပိတ်လိုက်တဲ့အတွက် နေရပ်မပြန်နိုင်တော့ဘဲ စစ်တွေမြို့မှာ သောင်တင်နေရတယ်လို့ မောင်တောမြို့ကနေ စစ်တွေမြို့ကို သင်တန်းသွားတက်နေတဲ့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ကျောင်းဆရာမများ
ဓာတ်ပုံ-ရခိုင်ဆရာမများအဖွဲ့

“ဆရာ/မ ငါးထောင်ကျော်မှာ လေးထောင်ကျော်က ဆရာမတွေဖြစ်ပါတယ်။ တချို့ဆရာမတွေမှာ အမေနဲ့ ခွဲထားလို့မရတဲ့ ကလေးတွေပါလာသလို၊ တချို့မှာတော့ ရက်တိုသင်တန်းဆိုပြီး ကလေးတွေကို အိမ်မှာထားခဲ့ကြပါတယ်။ အခု ကုန်းလမ်းရော၊ ရေလမ်းပါ ပိတ်လိုက်တဲ့အတွက် ကျမတို့ စစ်တွေမြို့က ဘယ်မှသွားမရတော့ပါဘူး။”လို့ ကျောင်းဆရာမက ပြောပါတယ်။

ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့ဟာ ပြီးခဲ့နှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ကစပြီး နားလည်မှုနဲ့ နှစ်ဖက် အပစ်အခတ်ရပ်နားခဲ့တာဖြစ်ပြီး အပစ်အခတ်ရပ်နားချိန် တစ်နှစ်ပြည့်ဖို့

ကိုးရက်အလိုမှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“ဒီမှာဘယ်လောက်နေရမယ်ဆိုတာ မသိတော့ဘူး။ ကျမတို့ ကိုယ့်အိမ်ကိုယ်ပြန်ချင်တယ်။ ပြန်ခွင့်ရဖို့ တာဝန်ရှိသူတွေက စီစဉ်ပေးရပါမယ်။”လို့ ဘူးသီးတောင်မြို့က ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ် မောင်တော-အငူမော်ကားလမ်းက ဒုံးပစ်ကျေးရွာနှင့် ချိန်ခါလီကျေးရွာ နယ်ခြားစောင့်ရဲစခန်းတွေကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားပြီး မြောက်ဦး၊ မင်းပြားမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

Author:

Related Articles