နွေဦးမောင်။ ။
မျဥ်းဖြောင့်တစ်ကြောင်းသဖွယ် ရပ်ကွက်ထိပ်မှာ ကန့်လန့်ကြီးရှိနေတဲ့ ကားလမ်းမကြီးကနေ ရေတွေလျှံကျနေတယ်။ ပြီး တော့ အဲဒီရေတွေဟာ ဒေါ်မြမေတို့နေထိုင်ရာ ရပ်ကွက်ထဲ ဒလဟောစီးဝင်နေတာပါ။ ဒါကို ဒေါ်မြမေတစ်ယောက် နေအိမ် ပေါ်ကနေ လှမ်းမြင်နေရတယ်။
ကားလမ်းမတာရိုးပေါ်ကျော်ပြီး စီးဝင်လာတဲ့ရေတွေကြောင့် ဒေါ်မြမေတို့မိသားစုပိုင် ခြေတန်ရှည်အိမ်လေးမှာ အိမ်ရဲ့ ဆင့် သားနဲ့ ရေမျက်နှာပြင် ထိလုနီးပါးဖြစ်နေပါပြီ။
ရေမျက်နှာပြင်ဟာ တစတစ ပိုမြင့်လာသလို မိုးကလည်း အဆက်မပြတ်ရွာနေတာပါ။ ဒါကြောင့် ဒေါ်မြမေတို့လင်မယား နှစ်ယောက် ညမိုးမချုပ်ခင် ဘေးလွတ်ရာရွှေ့ဖို့ ပြင်ဆင်ရပါတော့တယ်။
အဲဒီအခါ အရေးကြီးစာရွက်စာတမ်းနဲ့ အဝတ်အစားတချို့ကို အိတ်ထဲစုထည့်ပြီး လာကြိုမယ့်လှေကို ဒေါ်မြမေစောင့်နေ လိုက်ပါတယ်။ ဟော…အိမ်ရှေ့မှာ လှေဆိုက်လာတယ်ဆိုရင်ပဲ ဒေါ်မြမေတို့လင်မယားနှစ်ယောက် လှေပေါ်သတိထားတက် ပြီး ရေကျော်နေတဲ့ ကားလမ်းမတာရိုးဆီ ထွက်လာခဲ့တယ်။
သူတို့ရပ်ကွက်ထိပ်တာရိုးပေါ်မှာတော့ ရေကဒူးသာသာပဲရှိတယ်။ ဒါပေမဲ့ တာရိုးအောက်ဘက်က ရပ်ကွက်ထဲမှာတော့ လူ တစ်ရပ်မမီတော့ပါဘူး။ လှေပေါ်ကဆင်းပြီး တာရိုးပေါ်ကနေ နေအိမ်ရှိရာဆီ လှမ်းမျှော်ကြည့်လိုက်တဲ့အခါ ဒေါ်မြမေတစ် ယောက် ရင်ဘတ်ပါဖိလိုက်ရတယ်။
” တာပေါ်ကကြည့်တော့မှ တစ်ရပ်ကွက်လုံးရေမြုပ်နေတာကိုမြင်ပြီး အမလေးတမိတယ်။ မတော်လို့ ညအိပ်နေရင်း အိမ်သာ ကျွတ်ပါသွားရင် ဒုက္ခပါလားလို့ တွေးမိပြီး ကိုယ့်ဟာကို ကြောက်စိတ်ဝင်နေတာ။”လို့ သူက ရင်ဖွင့်ပါတယ်။
ဒေါ်မြမေတို့နေထိုင်တဲ့ ပဲခူးမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အောက်တိုဘာ ၈ ရက်ကစပြီး ရေကြီးရေလျှံမှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ အခုတစ်ကြိမ် ပဲခူးမြို့မှာ ရေကြီးနစ်မြုပ်တာဟာ ၂၀၂၃ ခုနှစ်အတွင်း လေးကြိမ်မြောက်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရေဘေးသုံးကြိမ်ဟာ ခုလောက် မဆိုးပါဘူး။ လေးကြိမ်မြောက်ဖြစ်တဲ့ ခုအကြိမ်မှာတော့ ပဲခူးတစ်မြို့လုံးရဲ့ ၈၀ ရာခိုင် နှုန်းလောက် ရေကြီးနစ်မြုပ်တဲ့ဒဏ်ကို ခံနေကြရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ဆိုပါတယ်။
မြို့ခံလူမှုအဖွဲ့အစည်းတွေနဲ့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေထံက ရတဲ့အချက်အလက်တွေအရ ပဲခူးတစ်မြို့လုံးမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၂၂ ခု ဖွင့်ထားရပြီး လူဦးရေ ၆,၀၀၀ ခန့်ဟာ အဲဒီစခန်းတွေမှာ နေထိုင်ကြရတယ်လို့ဆိုပါတယ်။ ဒီကိန်းဂဏန်းတွေဟာ ကယ်ဆယ်ရေးစခန်းတွေဆီ ရောက်လာသူတွေကိုသာ ကောက်ယူထားတာဖြစ်လို့ မြေပြင်အခြေ အနေမှာ အဲဒီထက်ပိုနိုင်ပါတယ်။
ပဲခူးမြို့ ပြင်စည်စျေးဟောင်းအနီးနေထိုင်တဲ့ ဒေါ်မြမေဟာ အသက် ၅၀ ကျော်ရှိပါပြီ။ ရေ ကြီးမှုနဲ့ အကြိမ်ကြိမ်ကြုံခဲ့ရပေမယ့် ပဲခူးမှာ ခုလောက် ဆိုးဆိုးဝါးဝါးရေနစ်မြုပ်တာမျိုး သူ့တစ်သက်မကြုံဖူးဘူးလို့ ဆိုပါတယ်။
ဒါကြောင့် အခုတစ်ကြိမ် ပဲခူးမြို့ရေကြီးတော့ ဒေါ်မြမေတို့ ဇနီးမောင်နှံဟာ အိမ်ကိုပစ်ထားခဲ့ပြီး ဘေးလွတ်ရာမှာ သွားရောက် ခိုလှုံနေရပါတယ်။
ဒေါ် မြမေတို့လို အိုးအိမ်စွန့်ပြီး ကယ်ဆယ်ရေးစခန်းမှာ သွားရောက်နေထိုင်ရသူကတော့ ကလေးသုံးယောက်မိခင် ဒေါ်စန်းမြင့် ဖြစ်ပါတယ်။ သူဟာ အသက် ၅၀ ကျော်ရှိပြီဖြစ်ပြီး ဆေးပင်စင်နဲ့ ကျောင်းဆရာမအလုပ်ကနေ အနားယူထားသူပါ။
သားသမီးသုံးယောက်ရဲ့ မိခင်ဆိုပေမယ့် လက်ရှိမှာ အသက် ၂၀ အရွယ်သူ့သားကြီးက အဝေးကိုရောက်နေပါတယ်။ သူ့သား ကြီးရော သူ့အမျိုးသားပါ နွေဦးကာလနဲ့အတူ စီးမြောရင်း မိသားစုရဲ့အဝေးကို ရောက်နေကြတာလည်း ဖြစ်ပါတယ်။ ဒီတော့ ခုလိုရေဘေးအန္တရာယ်နဲ့ကြုံရချိန် သူနဲ့အတူ သမီးအလတ်မရယ်၊ သားအငယ်ဆုံးလေးရယ် ဒါပဲ ရှိပါတယ်။
အောက်တိုဘာ ၈ ရက် ပဲခူးမြို့မှာ ရေစကြီးတော့ ဒေါ်စန်းမြင့်ရဲ့ တစ်ထပ်အိမ်လေးထဲ ရေတွေဝင်တာဟာ အိပ်တဲ့ကုတင် လောက်ပဲ လွတ်ပါတယ်။ အိမ်မှာ ယောကျ်ားသားမရှိ၊ သားကြီးလည်းမရှိဆိုတော့ သူတို့ချည်းပဲ ဆက်မနေရဲတော့ပါဘူး။
ဒါကြောင့် နောက်တစ်နေ့မနက်မှာ သူတို့နဲ့တစ်လမ်းထဲက နှစ်ထပ်အိမ်ဆီ ယာယီပြောင်းရွှေ့လိုက်ပါတယ်။ သို့ပေမဲ့ ရေက ထပ် တက်လာပါတယ်။ အဲဒီနေ့မှာ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာကနေ စင်တီမီတာ ၁,၀၀၀ ကျော်အထိ ထပ် တက်သွားပါတယ်။ အဲဒီအချိန် ဒေါ်စန်းမြင့်ရဲ့ တစ်ထပ်အိမ်လေးထဲ ဘုရားစင်ပါ ရေထိနေပါပြီ။
ဒီတော့ သူတို့မိသားစု ယာယီရွှေ့နေရတဲ့ နှစ်ထပ်အိမ်မှာ ဆက်နေဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ မိုးဆက် ရွာပြီး ရေထပ်တက်လာရင် အဲဒီအိမ်လေးထဲ အကုန်ပိတ်မိတော့မှာပါ။ သူတို့ တစ်လမ်းလုံးသာမက တစ်ရပ်ကွက်လုံး ရေ လွှမ်းသွားပြီဆိုတော့ ဒေါ်စန်းမြင့် ဆက်မနေရဲတော့ဘူး။
ဒါနဲ့ သူတို့ရပ်ကွက် အနောက်ဘက်ထိပ်နားက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းဆီ တခြား မိသားစုတွေနဲ့အတူ ရွှေ့ရတော့တယ်။
” ဘုန်းကြီးကျောင်းကိုရွှေ့တော့ လမ်းထဲမှာ ရေကလည်ပင်းနားရောက်တယ်။ ခေါင်းကိုမော့ပြီး ဖြေးဖြေးချင်း စမ်းစမ်းပြီး လျှောက်ရတယ်။ တခါမှ မကြုံဖူးပါဘူး၊ ဒီလောက်အထိရေကြီးတာ။” လို့ သူက ဆိုပါတယ်။
ဒေါ်စန်းမြင့်တို့ သွားရောက်ခိုလှုံတဲ့ ကယ်ဆယ်ရေးစခန်းမှာ ရေဘေးသင့်သူ ၈၀၀ နီးပါးရှိတယ်။ ရောက်စနေ့က အစား အသောက်အတွက် ကိုယ့်ရှိတာလေးတွေနဲ့ ကိုယ့်ဟာကို စီစဥ်စားသောက်ရပါတယ်။
သူတို့ရောက်နေတဲ့စခန်းက ရပ်ကွက်တစ်ခုရဲ့ အစွန်ဘက်မှာပါ။ ပြီးတော့ မြို့ထဲမိန်းလမ်းကြီးကနေ သူတို့ဆီရောက်ဖို့ လှေနဲ့ပဲ သွားလို့ရတယ်။ ရပ်ကွက်ထဲဝင်လို့ရတဲ့ လမ်းမှန်သမျှ ရေတွေပြည့်နေလို့ တော်ရုံနဲ့ သူတို့ဆီ မရောက်နိုင်ဘူး။ မရောက်ဆို ပထမတစ်ရက်မှာ သူတို့စခန်းကို ဘယ်ကယ်ဆယ်ရေးမှ ရောက်မလာဘူး။
ဒီလိုနဲ့ ရေကြီးတာ သုံးရက်မြောက်ဖြစ်တဲ့ အောက်တိုဘာ ၁၀ ရက်နေ့မှ အစားအသောက်တွေဝေတဲ့ အဖွဲ့တချို့ သူတို့ဆီ ရောက်လာတော့တယ်။ ပြောမယ်ဆို ဒေါ်စန်းမြင့်တို့သားအမိသုံးယောက်နဲ့ တခြားမိသားစုတွေဟာ ရေးဘေးအန္တရာယ်က မလွတ်မြောက်သေးပေမယ့် ရှင်သန်ခွင့်ရဖို့ အစားအစာလေးရလို့ အသက်ရှူချောင်နေသေးတယ်လို့ ဆိုရမယ်။
တကယ်တမ်း အသက်ရှူမချောင်သူက မနွဲ့ရီ။ သူကစျေးရောင်းတယ်။ တစ်လငါးသောင်းပေးရတဲ့ ၁၀ ပေသာသာအခန်း လေးရဲ့မျက်နှာစာမှာ အဖီချပြီး ဆိုင်ဖွင့်ထားတာ။ ဖြစ်ချင်တော့ စက်တင်ဘာလကုန်ကမှ ကပ်လျက်အခန်းတစ်ခန်းထပ်ယူပြီး ဆိုင်ထပ်ချဲ့မယ်ကြံကာရှိသေး ရေဘေးနဲ့ ကြုံပါလေရော။
မနွဲ့ရီဟာ အသက် ၃၅ ခန့်ရှိပြီဖြစ်တဲ့ သမီးနှစ်ယောက်ရဲ့မိခင်ဖြစ်ပါတယ်။ သူ၊ သူ့အမျိုးသားနဲ့ သမီးနှစ်ယောက်အပါအဝင် မိသားစုလေးယောက်လုံး အဲဒီဆိုင်ခန်းလေးမှာပဲ နေထိုင်ကြပါတယ်။ သူ့ဆိုင်မှာ နှပ်ဖျော်လက်ဘက်ရည်ရသလို မုန့်ဖတ်သုတ် ၊ ထမင်းသုတ်၊ ထမင်းကြော်စတဲ့ အစားအသောက်တွေ ရောင်းပါတယ်။
ရေစတက်တဲ့ ပထမဆုံးနေ့က သူတို့ဆိုင်ခန်းရေလွတ်ပါသေးတယ်။ ဆိုင်နဲ့မလှမ်းမကမ်း ရပ်ကွက်လမ်းထောင့်မှာတော့ ရေ တွေရောက်နေပါပြီ။ အဲဒါနဲ့ ခါတိုင်းလို ရေထပ်မတက်တော့ဘူးထင်ပြီး ဆိုင်အတွက်ဝယ်ထားတဲ့ မီးသွေးအိတ်တွေ၊ တစ်ရှူး လိပ်တွေကို မသိမ်းလိုက်မိဘူး။ တစ်နေကုန် တမတ်တပ်တပ်နဲ့ စျေးရောင်းစားရတာဆိုတော့ ညောင်းညောင်းကိုက်ကိုက်နဲ့ မိုးအေးအေးမှာအိပ်လိုက်တာ တချိုးထဲ အိပ်ပျော်သွားတယ်။
ဟော…ည ၁ နာရီလောက်လည်းရောက်ရော ကိုယ်မှာ အေးစက်စက်ထိတွေ့ခံစားရမှ ရေတွေကျောအောက်ရောက်နေတာ သိတော့တယ်။ ညကြီးသန်းခေါင်း မီးကမလာ၊ မိုးကရွာ၊ မှောင်မှောင်မဲမဲ အခန်းကျဥ်းလေးထဲ မိ သားစုလေးယောက် အိပ်ချင် မူးတူး ဘာကစလုပ်ရမှန်း မသိဘူး။ ပင်ပန်းပြီး အိပ်ချင်တာပဲသိတယ်။
” ကဲ ရေဝင်လည်း ဝင်ပါစေတော့ဆိုပြီး ဒီအတိုင်းလွှတ်ထားလိုက်တော့တယ်။ လုပ်လည်းမထူးတော့ဘူးလေ။ ရေကဝင်ပြီး နေပြီ။ အကုန်စိုလို့ရွှဲလို့။ အိပ်စရာနေရာလည်း မရှိတော့ဘူး။ အဲတော့ ဒီအတိုင်း ငုတ်တုတ်မိုးလင်း။” လို့ ရေဘေးဒုက္ခကြုံရပုံ ကို မနွဲ့ရီက ပြောပါတယ်။
ခုတော့ သူတို့မိသားစုရဲ့ တစ်ခုတည်းသော ဝင်ငွေရရာ အသုပ်ဆိုင်လေးပိတ်ထားရတာ နှစ်ရက်ရှိပြီ။ ခါတိုင်းလို အဲဒီဆိုင်ခန်း လေးထဲ နေမရတော့လို့ အနီးနားဘုန်းတော်ကြီးကျောင်းထဲမှ ကယ်ဆယ်ရေးစခန်းဆီ ရွှေ့နေရတယ်။ လကုန်ရင်တော့ အခန်း နှစ်ခန်းစာအတွက်လခရယ်၊ စျေးပြန်ရင်းရမယ့် အရင်းအနှီးရယ်၊ မိသားစုစားဝတ်နေရေးရယ် လိပ်ပတ်လည်အောင် ဘယ်လို ဖြေရှင်းရမယ်ဆိုတာ သူမတွေးနိုင်သေးဘူး။
မနွဲ့ရီလိုပဲ လကုန်ရက်ကို တွေးပူနေရတဲ့ နောက်ထပ်မိသားစုတစ်စုလည်း ရှိနေပါသေးတယ်။ အဲဒါက ကိုဌေးတို့မိသားစုပါ။ သူတို့က ပဲခူးမြို့စွန်က ရပ်ကွက်တစ်ခုမှာနေကြပါတယ်။ အခုဖြစ်နေတဲ့ ပဲခူးရေဘေးမှာ ကိုဌေးတို့မိသားစုလည်း မလွတ်ပါဘူး။
မြို့စွန်ဖြစ်ပြီး လူနေအနည်းငယ်ကျဲတော့ သူတို့ရပ်ကွက်မှာ ကယ်ဆယ်ရေးစခန်းမရှိသလို ကူညီမယ့်သူတွေလည်း ခုထိ ရောက်မလာပါဘူး။ ရေကြီးနေတဲ့ သုံးရက်အတွင်း သူတို့အိမ်လေးထဲမှာပဲ ရအောင်ကုပ်ကပ်ပြီး နေနေရပါတယ်။
တကယ်ဆို သူ့အမျိုးသမီးဟာ ကိုယ်တစ်ခြမ်းလေဖြန်းရာက ပြန်ပြီးနလန်ထရာက တောင်ဝှေးကိုင်ပြီး လမ်းပြန်လျှောက်နိုင် ကာစ ရှိပါသေးတယ်။ ခုတော့ အိမ်ထဲရေတွေဝင်လို့ မြေတိုက်တစ်ထပ်အိမ်လေးထဲ အုတ်ပေါင်မှာ ဆင့်ထိုးပြီး ဖြစ်သလို နေ နေကြပါတယ်။
ပိုဆိုးတာက သူ့အမျိုးသမီးဟာ ကိုယ်ဝန်နေ့ စေ့လစေ့ကြီးကို လွယ်ပိုးထားရတာပါ။ ကျန်းမာရေးမကောင်းလို့ သွေးသားမမှန် ရာကနေ အမှုမှတ်မဲ့နေရာက မမျှော်လင့်ဘဲ သန္ဓေသားလွယ်ရတဲ့အဖြစ်နဲ့ ကြုံရတာလို့ ကိုဌေးက ပြန်ပြောပြတယ်။
ဒီအောက်တိုဘာလကုန်ဆို သူ့အမျိုးသမီးက မီးဖွားရမယ့်ရက်ရောက်ပြီ။ ကိုဌေးတို့မိသားစုဟာ မနွဲ့ရီတို့မိသားစုလို အစား အသောက်ရောင်းပြီး အသက်မွေးကြတာပါ။ သူရယ်၊ အသက် ၁၆ နှစ်ရှိပြီဖြစ်တဲ့ တစ်ဦးတည်းသော သမီးလေးရယ် ၊ သူ့ ယောက္ခမကြီးရယ် သုံးယောက်လုပ်အားနဲ့ စက်ရုံစျေးတန်းမှာ ထမင်းဟင်းရောင်းပါတယ်။
ခုတော့ မိုးကဆွေ၊ ရေကကြီး၊ လမ်းတွေပါ သွားမရအောင်ဖြစ်သွားလို့ ပဲခူးမြို့က စက်ရုံ၊ အလုပ်ရုံတွေ ပိတ်ထားကြပါတယ်။ ဒီကြားထဲ ရေကသိသိသာသာ ကျမသွားလို့ ကိုဌေးတစ်ယောက် ပူပန်နေရသလို တဖက်မှာ ဝင်ငွေက မရှိပြန်ပါဘူး။ ပြီးတော့ သူ့ဇနီး နလန်ထဗိုက်ကြီးသည်ကို မိုးထဲရေထဲ ဆင့်ထိုးပြီးထားရတော့ “ဘုရား” တရုံရှိပါတော့တယ် ။
တစ်ကယ်ဆို မိုးဆက်မရွာဘူး၊ ရေတွေဆက်မတက်တော့ဘူးဆိုခဲ့ရင်တောင် ကိုဌေးတို့ မိသားစုအပါအဝင် ပဲခူးဒေသခံ တွေ ဟာ ပုံမှန်အခြေနေပြန်ရောက်ဖို့ အချိန်ယူကြရဦးမှာပါ။ ဆောင်းပါးရေးနေဆဲမှာပဲ ပဲခူးမှာ ရေတွေကျဆင်းလာနေပါပြီ။
သည်တော့ ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ သားထောက်သမီးခံမရှိလို့ အသက် ၅၀ ကျော်တဲ့အထိ ကိုယ်တိုင် ရှာဖွေစားသောက်နေရတဲ့ ဒေါ်မြမေ၊ အားကိုးစရာ ယောကျ်ားနဲ့သားကြီး အိမ်ပြန်ခွင့်မရသေးလို့ ကလေးနှစ်ယောက်တာဝန် သူ့ချည်းထမ်းနေရတဲ့ ဒေါ်စန်းမြင့်၊ သေမယ့်နှစ်မှ စစ်ထဲလိုက်မိသူလို ဆိုင်ခန်းတစ်ခန်းကနေ နှစ်ခန်းငှားမိသူ စျေးသည်မနွဲ့ရီ၊ လကုန်ရက်မှာ မီးဖွားရမယ့် ကိုဌေးရဲ့ဇနီး ပြီးတော့ ဘဝတူအိမ်ရှင်မတွေ ဘယ်ပုံရှိမယ်မသိနိုင်တော့ပြီ။