Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

အောက်တိုဘာ ၈ ရက်ကနေ ၁၅ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ရပါတယ်။

  • မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်ခံရတာကြောင့်ကလေးသူငယ်အပါအဝင် ဒုက္ခသည် ၂၉ဦးသေဆုံး

ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ  မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း အောက်တိုဘာ ၉ရက်နေ့ ညသန်းခေါင်မှာ ရုတ်တရက် တိုက်ခိုက်ခံရတာကြောင့် ဒုက္ခသည် ၂၉ ဦးသေဆုံးခဲ့ရာ ကလေးသူငယ်နဲ့ အမျိုးသမီးအများဆုံးပါဝင်နေတယ်လို့ သိရပါတယ်။

လူဦးရေ ၅၀၀ ခန့်နေထိုင်တဲ့ မုန်လိုင်ခက်ရွာစစ်ရှောင်စခန်းကို ည ၁၁ နာရီဝန်းကျင်မှာ ဖျက်အားပြင်း ဗုံး၄လုံး ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေး ၁၁ ဦး အပါအဝင် ဒုက္ခသည် ၂၉ဦး သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသည့် ကလေးသူငယ်တွေမှာ ၁လနဲ့၄ရက်အရွယ် မိန်းကလေး ၁ ဦး၊ ၃နှစ်မှ ၁၀ နှစ်အောက်၊ ၁၃နှစ်မှ ၁၈နှစ်အတွင်းရှိ ယောကျ်ားလေး ၅ ဦး၊ အမျိုးသမီးငယ် ၆ဦး၊ ပါဝင်ပြီး  အသက် ၃၀ မှ ၇၀ အရွယ်အတွင်း စစ်ရှောင်ပြည်သူ၁၈ ဦး သေဆုံး တယ်လို့သိရပါတယ်။

ဗုံးကြဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၅၀ ကျော်အနက် ၄၀ ကျော်မှာ ကုသမှုခံယူ နေရသလို ကလေး ၇ဦးအပါ ဝင် စုစုပေါင်း ၂၀ ကျော်မှာ စိုးရိမ်ရပြီး၊သေဆုံးသူတွေရဲ့ နာရေးကို အောက်တိုဘာ ၁၀ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်ပြီး ဖြစ်တယ်လို့သိ ရပါတယ်။

Source- Myanmar Now

  • ပိုးလမ်းမ စီမံကိန်းရပ်တန့်ပေးရန်ကချင်အမျိုးသမီးအစည်းအရုံးတောင်းဆို

အာဏာသိမ်းစစ်ကောင်စီနဲ့ပူးပေါင်းပြီးတိုးမြှင့်လုပ်ဆောင်နေတဲ့ BRI (ပိုးလမ်းမ)စီမံကိန်းရဲ့ အစီအစဉ်တွေကို ရပ်တန့်ပေးရန် ကချင်အမျိုးသမီးအစည်းအရုံး (KWAT)ထိုင်းနိုင်ငံ က အောက်တိုဘာ ၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာအာဏာသိမ်းမှုဖြစ်ပြီးနောက် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) အကြားတိုက်ပွဲများ ပိုမိုဖြစ်ပွားလာပြီး၊ယင်း တိုက်ပွဲတွေမှာ စစ်ကောင်စီက BRI စီမံကိန်းအတွက် သယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းတွေကို လုံခြုံရေး ပေးရန် ကြိုးပမ်းမှု နဲ့ဆက်စပ်နေတယ်လို့ KWAT ကထောက်ပြပါတယ်။   

တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ စီမံကိန်းကြီးတရပ် ဖြစ်တဲ့ခေတ်သစ် ပိုးလမ်းမ စီမံကိန်း (BRI )က ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ နီးပါးနဲ့ ချိတ်ဆက်ရေကြောင်း၊ ကုန်းကြောင်းအားဖြင့် စီးပွားရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်မှာဖြစ်သလို စီမံကိန်း ဖြတ်သန်းမယ့် နိုင်ငံတွေထဲမြန်မာနိုင်ငံလည်းပါဝင်ပြီး BRI စီမံကိန်း ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ တရုတ်– မြန်မာ စီးပွားရေး စင်္ကြံလမ်း စီမံကိန်း ကိုအကောင် အထည် ဖော်ရန် လည်း ရှိနေပါတယ်။

Source – Irrwaddy

  • စစ်ကိုင်းမြို့က CDM အင်ဂျင်နီယာလင်မယားကို မြို့မရဲစခန်းတွင် ထိန်းသိမ်းထား

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင်ပါဝင်ထားတဲ့  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင် နီယာတွေဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ဦးအောင်ဆန်းဝင်းနဲ့ဇနီး ဒေါ်မျိုးစုသက်၊ ညီမဝမ်းကွဲတော်စပ်သူ ဂျပန်ဘာသာ စကားဆရာမတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားပြီးနောက် စစ်ကိုင်းမြို့မရဲစခန်းမှာ ဖမ်း ဆီး ထိန်းသိမ်းထားတယ်လို့ ဒေသခံများထံက သိရပါတယ်။

ဖမ်းဆီးခံရသူများနေထိုင်တဲ့ စိန်ကုန်းရပ်ကွက်ကနေအိမ်သို့ စက်တင်ဘာ ၃၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ဆက်သွယ်ပြီး ထောက်ပံ့မှုများ ပြုလုပ်တယ်လို့ စွပ်စွဲ ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာပုဒ်မများဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရပါတယ်။

ဖမ်းဆီးခံရတဲ့ CDM အင်ဂျင်နီယာလင်မယားမှာအသက် ၂ နှစ်ကျော်အရွယ် သားယောင်္ကျားလေးတဦးရှိပြီး လက်ရှိတွင် မြို့မ ရဲစခန်းက မိသားစုဝင်များဖြင့် တွေ့ခွင့်ပေးထားကြောင်း သိရသည်။

Source – Irrwaddy

  • ညောင်တုန်းမှာ သက်ကြီးအမျိုးသမီး တဦးနေအိမ်အတွင်း လုယက်သတ်ဖြတ်ခံရ

ဧရာဝတီတိုင်း၊ညောင်တုန်းမြို့ပေါ်မှာ တဦးတည်းနေထိုင်ပြီး အိမ်ဆိုင်ဖွင့်ထားတဲ့ အသက် ၇၀ကျော်အရွယ် ဒေါ်ရင်မေဆိုတဲ့ သက်ကြီးအမျိုးသမီးဟာ နေအိမ်မှာပဲ လုယက်သတ်ဖြတ်ခံလိုက်ရပါတယ်။  

သတ်ဖြတ်ခံထားရတဲ့ ဒေါ်ရင်မေရဲ့ရုပ်အလောင်းကို အိမ်နီးချင်းတွေက ဒီကနေ့မနက်ပိုင်းမှာမှတွေ့ခဲ့ရာ သေဆုံးသူရဲ့ ရုပ် အလောင်းအခြေအနေအရ တုတ်နဲ့ရိုက်နှက်သတ်ဖြတ်ခံထားရတာဖြစ်ပြီး နေအိမ်အတွင်း မွှေနှောက် ခံထားရတဲ့အခြေ အနေ ကြောင့် လုယက်သတ်ဖြတ်ခံရတာဖြစ်နိုင်တယ် လို့ဒေသခံ တွေကယူဆကြပါတယ်။

Source-Delta News Agency

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အယူခံအမှုပယ်ချခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေနဲ့ ပတ်သက်တဲ့ အထူးအယူခံအမှုတွေကို အောက်တိုဘာ ၆ ရက်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်တယ်လို့ တရားရေးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်း ကနေ သိရပါတယ်။

နေပြည်တော်က လရောင်တောနဲ့ပတ်သက်တဲ့အမှု၊ ရန်ကုန်ကဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့အမှု၊ စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်နဲ့ပတ်သက်တဲ့အမှုတွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အထူးအယူခံတင်ထားပြီး ဒီအမှု တွေကို လက်ခံသင့်မသင့် ဆုံးဖြတ်တာမှာ ပယ်လိုက်တာ လို့တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အမှုတွေနဲ့ပတ်သက်ပြီး အမှုသည်နဲ့ ရှေ့နေတွေ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တာကြောင့် တွေ့ဆုံခွင့်တောင်းထားတာကိုလည်း စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ တွေ့ခွင့်မပေးသေးပါဘူး။ စစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို အမှု ၁၉ မှုနဲ့ တရားစွဲဆိုကာ ထောင်ဒဏ်စုစုပေါင်း ၂၇ နှစ် အမိန့်ချထားပါတယ်။

Source-DVB

  • စစ်ကောင်စီတပ်က ဓားစာခံအဖြစ်ဖမ်းဆီးခံရတဲ့အမျိုးသမီးတစ်ဦး ကိုယ်ဝန်ပျက်ကျခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ၊ ပင်းတယမြို့တွင် စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ခေါ်ဆောင်စစ်ဆေးခဲ့တဲ့ အမျိုးသမီး တစ်ဦး ကိုယ်ဝန်ပျက်ကျခဲ့တယ်လို့ဒေသအခြေစိုက်အဖွဲ့အစည်းများထံမှ သိရပါတယ်။

စစ်ကောင်စီတပ်က ဆင်ခေါင်းရပ်ကွက်မှာနေတဲ့ ကိုဝင်းကျော်ဆိုသူကို သွားရောက်ရှာဖွေရာ မတွေ့တာကြောင့် ထိုသူရဲ့ ဇနီးဖြစ်သူကိုယ်ဝန် ၃ လ ရှိအသက် ၃၀ ဝန်းကျင်အရွယ် မပိုးပိုး (ခ) မပိုးဥကို ဖမ်းခေါ်သွားကာ ရွာငံမြို့နယ်ရဲစခန်းတွင် ချုပ်နှောင် စစ်ဆေးခဲ့ပြီး၊ နောက်တစ်နေ့မှာမပိုးပိုး ပြန်လွတ်လာပေမယ့် ကိုယ်ဝန်ပျက် ကျခဲ့တဲ့အတွက်ပင်းတယဆေးရုံမှာ အရေးပေါ် ကုသမှု ခံယူခဲ့ရပါတယ်။

Source-Myanmar Now

  • လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်သူတွေကို အရေးယူနိုင်မယ့် အစီအမံတွေချမှတ်ဖို့ NUG ကို တိုက်တွန်း

စစ်အာဏာသိမ်းပြီးနောက် လက်ရှိကြားကာလအတွင်း တော်လှန်ရေးနယ်ပယ်က လိင်ပိုင်းဆိုင်ရာစော်ကားမှု ကျူးလွန်သူ တွေကို ထိရောက်တဲ့ပြစ်ဒဏ်တွေပေးနိုင်ရေးစီမံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို သပိတ်အင်အားစုတွေက အောက် တိုဘာ ၈ရက်နေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

နွေဦးဆရာတော်ရဲ့ အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာစော်ကားမှုအပါအဝင် တော်လှန်ရေးကာလ နှစ်နှစ်ခွဲကျော်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲမေတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်အမြတ်ထုတ်မှု၊ မဖွယ်မရာပြုမှုနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေက နေရာအနှံ့အပြားမှာ ခပ်စိပ်စိပ် ဖြစ်လာတယ်လို့ သပိတ်အင်အားစုတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။

ဒီလိုအခြေအနေတွေကို တားဆီးကာကွယ်ဖို့ မူဝါဒချမှတ်ထားတာရှိပေမယ့် လက်တွေ့အကောင်အထည် ဖော်နိုင်မှု အားနည်း နေတာကြောင့် ကျူးလွန်သူတွေကို အပြစ်မပေးနိုင်သလို နစ်နာသူတွေကိုလည်း အကာအကွယ်ပေးနိုင်မှု မရှိ ဖြစ်နေတယ်လို့ လည်း ထောက်ပြထားပါတယ်။

လက်ရှိကာလအတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးမှုကျူးလွန်သူတွေကို လူမှုရေးပြစ်ဒဏ်ပေးမှု မရှိသလောက် အားနည်းနေပြီး လက်ရှိကာလမှာသာမက အသွင်ကူးပြောင်းရေးကာလအထိ ပြစ်ဒဏ်ပေးနိုင်ဖို့အတွက် NUG အပါအဝင် တော်လှန်ရေး အင် အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းသင့်တယ်လို့လည်း ဆိုထားပါတယ်။

Source-Delta News Agency

  • စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၁၄ နှစ်သမီး သေဆုံးပြီး ဒေသခံ ၄ ဦး ဒဏ်ရာရခဲ့

နန္ဒမိတ်ကျေးရွာနှင့် ကျော်လှရွာသို့ ကညွတ်ကွင်းမြို့အခြေစိုက် စစ်ကောင်စီအထိုင်တပ်က လက်နက်ကြီး ပစ်ခတ်ရာ ကျော် လှရွာမှ အသက် ၁၄နှစ် ကိုးတန်းကျောင်းသူ မယုရတီခိုင်မှာ လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ပြီး ဒေသခံ၄ဦး ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။

ယင်းကိုးတန်းကျောင်းသူမှာ  လက်နက်ကြီးထိမှန်မှုကြောင့် ဝမ်းဗိုက်ဖောက်ဒဏ်ရာရပြီး အချိန်ပိုင်းအတွင်း သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်ကလည်း ညောင်လေးပင်မြို့နယ် ပျည်ရေကြီးကျေးရွာအတွင်း လက်နက်ကြီးကျည် ကျတာကြောင့် ၇ နှစ်သမီးအရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

Source – Myanmar Now

  • စစ်ကောင်စီတပ် လက်ချက်နဲ့ သုံးလအတွင်း အမျိုးသမီး ငါးဆယ်ကျော်သေဆုံး 

ယခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း စစ်ကောင်စီတပ်လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အမျိုးသမီး ၅၆ ဦး ရှိတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က အောက်တိုဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ဦး၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ၃၀ဦး၊ မီးရှို့သတ်ဖြတ်ခံရသူ သုံးဦး၊ သေနတ်နဲ့ ပစ်သတ်ခံရသူ ၁၄ ဦးနဲ့ ရိုက်နှက်သတ်ဖြတ်ခံရသူ နှစ်ဦး ပါဝင်ပြီး မုဒိမ်း ကျင့်ပြီးမှ သတ်ဖြတ်ခံရသူလည်း တဦးပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သုံးလတာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာ ခံခဲ့ရတဲ့ အမျိုးသမီး ၄၃ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရတော့ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် စက်တင်ဘာလကုန်အထိ အမျိုးသမီး သေဆုံးသူဦးရေ ခြောက်ရာကျော်အထိရှိပြီး စစ်ကိုင်းတိုင်းကတော့ သုံးရာနီးပါးနဲ့ အများဆုံးဖြစ်ပါတယ်။

Source-Delta News Agency

  • ခင်ဦးမြို့မှာစစ်တပ်က မောင်နှမနှစ်ဦးကို သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှ နှစ်မိုင်ခန့်အကွာ ကံသာယာကျေးရွာ(မြောက်)မှာ နေထိုင်တဲ့ ၃၃ နှစ်အရွယ် ကိုဖိုးခိုင်၊ နှမဝမ်းကွဲ တော်စပ်သည့် ၂၉ နှစ်အရွယ် မပြားညိုတို့ကို ၎င်းတို့၏ လယ်စောင့်တဲအတွင်း စစ်တပ်က သတ်ဖြတ် သွားပြီး၊အမျိုးသမီး၏ ခင်ပွန်းသည်ကို ဖမ်းခေါ်သွားတယ်လို့ ဒေသခံများက ပြောပါတယ်။

အကိုဖြစ်သူ ကိုဖိုးခိုင်ရဲ့ရုပ်အလောင်းမှာ ကျည်ထိဒဏ်ရာ တွေ့ရပြီး မပြားညိုရဲ့ရုပ်အလောင်းမှာ လည်ပင်းညှစ်ထားတယ်လို့ ယူဆရတဲ့ ညိုမည်းစွဲဒဏ်ရာနဲ့ ပါးမှာအပေါက်ငယ်တစ်ခု တွေ့ရသလို အင်္ကျီအဝတ်အစားတွေမှာ အဓမ္မကျင့်ခံခဲ့ရတဲ့ပုံစံ နဲ့တွေ့ရတယ်လို့   ကျေးရွာပကဖတာဝန်ခံက ဆိုပါတယ်။

မပြားညိုရဲ့ အသက် ၅ နှစ်နှင့် တစ်နှစ်ခွဲခန့်အရွယ် ကလေး ၂ ဦးကို တောင်ယာတဲတစ်ခုအတွင်း အသက်ရှင်လျက် ပြန် တွေ့ခဲ့ကြပြီး ၎င်းတို့မှာ မိခင်နှင့်အတူ ဖမ်းဆီးခံရတာဟု ကလေးတစ်ဦးက ပြောကြားတယ်လို့ သိရပါတယ်။

Source-Myanmar Now

  • မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်ခံရတဲ့ သတင်းလူမှုကွန်ယက်မှာမျှဝေတဲ့ CDM ဆရာမဖမ်းဆီးခံရ

ကချင်ပြည်နယ်ကမုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်ခံခဲ့ရတဲ့သတင်းကို လူမှုကွန်ရက်မှာ ပြန်ပြီးမျှဝေခဲ့တဲ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်က CDM ကျောင်းဆရာမ ၁ ဦးကို  စစ်တပ်က ဖမ်းဆီးသွားပါတယ်။

ယင်းဆရာမမှာ CDM လုပ်ဆောင်ပြီးနောက်အွန်လိုင်းကနေအစားအသောက်က ရောင်းချနေတာဖြစ်ပြီး  အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်က သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။

CDM ဆရာမကမုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်ခံရတဲ့ သတင်းကို မိတ်ဆွေအချင်းချင်းသာမြင်နိုင်အောင် တင်ထားတာ ဖြစ်ပေမယ့် အကြောင်းကြောင်းကြောင့် စစ်တပ်ထောက်ခံသူတွေသိရှိသွားပြီး ဟော့ပေါ့မှာမယ်လို့ ဆက်သွယ်ကာလာရောက် ဖမ်းဆီးတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်အထိ ဖေ့စ်ဘွတ်ခ်၊ TikTok နဲ့ Telegram လူမှုကွန်ယက် စာမျက်နှာတို့မှာ အာဏာသိမ်းစစ်တပ်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက် အကြောင်းအရာတွေ ရေးသားပြောဆိုခဲ့လို့ ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိပြီး ဖေ့စ်ဘွတ်ခ်သုံးသူက အများစုဖြစ်တယ်လို့ Data For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Source-DVB

  • စာသင်ကျောင်းရှေ့လက်နက်ကြီးကျတာကြောင့် ကျောင်းသူတစ်ဦးသေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အ.လ.က(၃) စာသင်ကျောင်းရှေ့မှာ အောက်တိုဘာ ၁၀ရက်နေ့ နေ့ လည် ၁၂ နာရီ‌ဝန်းကျင်က စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့  လက်နက်ကြီးကျရောက် ပေါက်ကွဲတာကြောင့် ကျောင်းသူ၄ဦး ထိမှန်ပြီး တစ်ဦးမှာ ပွဲချင်းပြီးသေဆုံးကာ နှစ်ဦးမှာ ပြင်ထန်းစွာဒဏ်ရာရရှိခဲ့တယ်လို့ ဒေဿခံတွေကပြောပါတယ်။

သေဆုံးသွားသည့်ကျောင်းသူမှာ ၁၂ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ နော်မိုးမိုး‌အေးဖြစ်ပြီး ဒဏ်ရာ ပြင်းထန် သူနှစ်ဦးမှာ ၁၆ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ‌ နော်စုရင်‌အေး၊ ပထမတန်းကျောင်းသူ ၆ နှစ်အရွယ် နော်ဝေဝေနှင်းနဲ့ ဒဏ်ရာ အနည်း ငယ်ရရှိသူမှာ အသက် ၁၂ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ နော်ခူခူဖောတို့ဖြစ်ပြီး ဒဏ်ရာပြင်းထန်တဲ့ကျောင်းသူ နှစ်ဦး ကို ဖားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Source- KIC

Author:

Related Articles