Home ကဗျာ “ရင်ထဲက ဆူညံသံ”

“ရင်ထဲက ဆူညံသံ”

 ဖြစ်စဉ်(၁)                                                         

တဝုန်းဝုန်း တဖြန်းဖြန်း

ဘေးတိုက်ခန်းဆီက အိမ်တွင်းအကြမ်းဖက်မှု

အမျိုးသားရဲ့ အမျိုးသမီးအပေါ်

ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှု

ကိုယ်တွယ်ပြသမရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု

သာမန်ဖြစ်ရိုးဖြစ်စဉ်ထက် မပိုတဲ့ ဒီလူ့အသိုင်းအဝိုင်း

ဘယ်သူမှ ဝင်မဆွဲရဲကြဘူး

ဘယ်သူမှ ဝင်မပြောရဲကြဘူး

လှောင်ချိုင့်ထဲ မွန်းကြပ်နေတဲ့ ငှက်ငယ်လေးကို ကြည့်သလို

အကုန်လုံး တိတ်တိတ်လေး ထိုင်ကြည့်နေခဲ့ကြတယ်

ဒါဟာ လင်မယားကိစ္စ၊ သဘာဝ ပါလို့ ပြောနေကြတယ်။

ဖြစ်စဉ်(၂)

ငယ်စဥ်အချိန် ကျောင်းကဆရာ

စာစီစာကုံးပြိုင်ပွဲလေးမှာ ပြိုင်ရဖို့

ထူးချွန်ပြိုင်ရဖို့

ထိကပါး ရိကပါး

အခုတော့ အထက်လူကြီး

အလုပ်တစ်နေရာအတွက် ခန္ဓာကိုယ်ကို ပေးရမှာ

သူစိတ်မကြည်ရင် ငါ့ဘဝပါ မကြည်လင်တော့မှာလား

ခေါင်းထဲမှာ ထူပူမှုတွေနဲ့

ဘာဆို ဘာမှမမြင်နိုင်တော့

ငါ့အမှားလား

ငါဒီလို ဝတ်ဆင်မိလို့လား

ငါဒီလို နေထိုင်မိလို့လား

ငါ့ကိုမို့လို့ ပြက်ရယ်ပြုကြမှာလား

ဒီမိန်းမက ဒီလိုပဲလို့ သမုတ်ကြမလား

လှောင်ပြောင်အပြစ်တင်နေကြမလား

ဘယ်သူ့ကိုတိုင်ပင်ရပါ့မလဲ

သူများတွေ သိသွားရင်

သူများတွေ သိသွားခဲ့ရင်…….

အရှက်တရားက ကြီးစိုးလာတယ်

မေးခွန်းတွေ ပဲ့တင်ထပ်

အတွေး‌တွေ ပဲ့တင်ထပ်

ဆူညံသံတွေ ပဲ့တင်ထပ်။

 ဒီဂျစ်တယ်ခေတ်

 သို့ပေမယ့် စည်းမရှိသူ

 အွန်လိုင်းကနေ လွယ်လွယ်ပြောထွက်ကြတဲ့ ဗရမ်းဗတာ စကား‌

  ကိုယ်ချင်းမစာသူတွေရဲ့ မီးလောင်ရာ လေပင့်ချက်များ။

 စိတ်ဒဏ်ရာလိုဖြစ်လာတဲ့ အကြောက်တရား‌

 အကြမ်းဖက်မှုကို ခံစားရသူရဲ့ ရင်ထဲက ဆူညံသံတွေ…..

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု‌တွေထိ ဦးတည်လာတတ်တယ်။

စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

အကြမ်းဖက်မှုဟာ မွေးရာပါမဟုတ်ဘူး

သင်ယူလေ့လာမှုကနေ ဖြစ်လာတဲ့အမူအကျင့်

 အကြမ်းဖက်မှုကို အကြမ်းဖက်မှုလို့ ရှုမြင်ဖို့ လိုအပ်နေတာ။

လိင်အခြေပြု ဘက်လိုက်မှု

 ခွဲခြားဆက်ဆံမှု‌တွေမပါဘဲ

လေးစားပါ

တန်းတူညီမျှကို အလေးထားပါ

ကူညီပါ ဖေးမပါ

ဒီအချိန် ဒီကာလအတွင်း

တော်လှန်ရေးကာလ အကြပ်အတည်းတွေကြား

ပန်းပွင့်လေးတွေကို ဂုဏ်ပြုပါ

ဆူညံသံတွေကို နားထောင်ပါ

ဆူညံသံတွေဟာ လုံခြုံမှုကို လိုအပ်နေတာ

ရဲရင့်သူဟာ အားငယ်တတ်သူကို ဖေးမကာ

အမျိုးသမီးထုတို့ လက်တွဲလို့

အားလုံးတူတူကျော်ဖြတ်ကြရမှာ။ ။

ခမ်းမို

Author:

Related Articles