Home ဆောင်းပါး ရှာလေဝေးဝေးငြိမ်းချမ်းရေးနဲ့ တိုက်ပွဲထဲက အမျိုးသမီးနှင့်ကလေးငယ်များထိခိုက်သေဆုံးမှု

ရှာလေဝေးဝေးငြိမ်းချမ်းရေးနဲ့ တိုက်ပွဲထဲက အမျိုးသမီးနှင့်ကလေးငယ်များထိခိုက်သေဆုံးမှု

နန်းဆိုင်နွမ်။ ။


တိုက်ပွဲများနှင့် စစ်ပဋိပက္ခများအကြား အမျိုးသမီးများနှင့် ကလေးငယ်များ သေဆုံးဒဏ်ရာရရှိမှု ပိုမိုများပြားလာသည်ကို တွေ့ ရှိနေရသည်။

အဓိကအားဖြင့် လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ နေထိုင်ကြသည့် အမျိုးသမီးများနှင့် ကလေးသူ ငယ်များ၏လုံခြုံရေးကို ပိုမိုအလေးထား လုပ်ဆောင်ရန် လိုအပ်နေသည်ဟု ဒေသတွင်းက လူ့အခွင့်အရေး တက်ကြွလှုပ်ရှား သူများက ပြောဆိုလာကြသည်။

မည်သည့်လက်နက်ကိုင် တိုက်ပွဲတွင်မဆို ရပ်ရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခြင်း၊ တိုက်ပွဲမရှိဘဲ လူအများသွားလာသောနေ ရာများကို ပစ်ခတ်ခြင်းများကို စစ်စည်းမျည်းစည်းကမ်းများအရ တားမြစ်ထားသော်လည်း မြန်မာနိုင်ငံတွင် တပ်မတော်က လက်နက်ကြီးဖြင့် ရမ်းပစ်ခြင်း၊ လေယာဉ်များ၊ ရဟတ်ယာဉ်များ သုံးပြီး လက်နက်ကြီးပစ်ခြင်းများကြောင့် အပြစ်မဲ့ရွာသားများ၊ အဓိကအားဖြင့် သက်ကြီးရွယ်အိုများနှင့် အမျိုးသမီး၊ ကလေးများကို ထိခိုက်စေကြောင်း ရှမ်းပြည်အခြေစိုက် အမျိုးသမီး အရေးဆောင်ရွက်သူများက ပြောဆိုကြသည်။

လက်ရှိ ရခိုင်ဒေသနှင့် ရှမ်းမြောက်တိုက်ပွဲများကြားမှာ အမျိုးသမီးနှင့် ကလေးငယ်တွေ သေဆုံးဒဏ်ရာရရှိမှု များပြားနေပြီး၊ မြန်မာ့တပ်မတော်နှင့် ပတ်သက်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် အဖြေမရှိသဖြင့် နိုင်ငံတကာ ဥပဒေနှင့် ဖြေရှင်းမှ သာ ရနိုင်မည်ဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂)လွေးပိုးငယ်က သုံးသပ်ပြော ဆိုသည်။

“စစ်တပ်နဲ့ ပတ်သက်တဲ့အမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဘယ်သူမှ မဖြေရှင်းရဲဘူး။ စစ်တပ်နဲ့ ပတ်သက်လာရင် အဖြေမရှိဘူး” ဟု လွေးပိုးငယ်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အရပ်သားများ နေထိုင်သော ရွာများတွင် ဝင်ရောက်ပုန်းခိုပြီး တိုက် ပွဲများလုပ်ဆောင်နေသဖြင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး တပ်မတော်အနေဖြင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ မရှိကြောင်း တပ်မတော်က သတင်းမီဒီယာများတွင် ငြင်းဆိုထားသည်။

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (၁၃၂၅)သည် လက်နက်ကိုင် တပ်ဖွဲ့များ လိုက်နာရန် ကတိကဝတ်ဖြစ်သော်လည်း လက်ရှိမြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့အစည်းများကတော့ အလေး ထားလိုက်နာကျင့်သုံးမှု အားနည်းနေသည်။

“ ကျမတို့ ရခိုင်ပဋိပက္ခအကြား သေဆုံးတဲ့အမျိုးသမီးတွေ (၃၀) အထက်ရှိပြီး ဒဏ်ရာရတဲ့သူတွေ (၆၀)ကျော်ရှိပါတယ်။ ကျမ တို့ မကောက်နိုင်သေးတဲ့ အချက်အလက်တွေ ရှိနေသေးတယ်” ဟု ရခိုင်အခြေစိုက် ရခိုင်အမျိုးသမီးကွန်ရက်ပြည်နယ်လုံး ဆိုင်ရာ ဥက္ကဌဒေါ်ညိုအေးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားသည့် တိုက်ပွဲများတွင် သေဆုံးသွားသော အမျိုးသမီးများနှင့် ကလေးငယ်များ၏မြေပြင်စာရင်းကို အတိအကျကောက်ယူရန် ခက်ခဲနေပြီး သေဆုံးစာရင်းမှာ(၃၀)ဦးနှင့်အထက်ရှိသည်ဟု ခန့်မှန်းထားကာ ပျောက်ဆုံးနေသော အမျိုးသမီးများလည်း ရှိနေပါသည်ဟု ဒေါ်ညိုညိုအေးက ပြောဆိုပါသည်။

“ ကျမတို့ ဒီစာရင်းမြေပြင်ဆင်းပြီးတော့ ကောက်နေပါတယ်။ အန္တရာယ်ကတော့များတယ်။ အမျိုးသမီးနဲ့ကလေးငယ်တွေ ထိခိုက်မှု နည်းအောင်နဲ့ ထိုးစစ်ဆင်မှုတွေ ရပ်ပေးဖို့ပဲ ပြောချင်ပါတယ်” ဟု ဒေါ်ညိုညိုအေးက လက်နက်ကိုင်အဖွဲ့အစည်း များကို တောင်းဆိုသည်။

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်ပွားနေသောတိုက်ပွဲတွေမှာ အမျိုးသမီးများသေဆုံးမှုနှင့် ထိ ခိုက်ဒဏ်ရာရရှိမှုတွေအတွက် မည်သည့်အဖွဲ့ကို တိုင်ကြားရမှန်း မသိပဲဖြစ်နေပါသည်ဟုလည်း ဒေသတွင်းရှိ အရပ်ဖက်အဖွဲ့ အစည်းများကပြောဆိုကြသည်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်လျှင် ဥပေဒေကြောင်းအရ တရားစီရင်ရန် ခက်ခဲမှုတွေ ရှိကြောင်း ရခိုင်ပြည်နယ် ရမ်းဗြဲနှင့် အမ်းမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဒေါ်ထုမေကလည်း ပြောပါသည်။

“ ၁၃၂၅ တွေ ဘယ်လောက်ပဲရှိရှိ မြန်မာနိုင်ငံက ဥပဒေအကောင်အထည်ဖော်မှုနဲ့ ဥပဒေစိုးမိုးမှုဟာ အားနည်းပါတယ်” ဟု ဒေါ်ထုမေက ပြောလိုက်ခြင်းဖြစ်သည်။

“လက်ရှိသေဆုံးသူတွေ၊ ဒဏ်ရာရရှိသူတွေအရေးမှာ သက်သေများရှိသော်လည်း ပြောဖို့ခွန်အားမရှိတဲ့ဘဝဖြစ်နေတယ်” ဟု လည်း ဒေါ်ထုမေက ဆက်ပြောပါသည်။

ဆက်လက်ပြီး လူ့အခွင့်အရေးပညာပေးမှုများ ဆောင်ရွက်နေသည့် ညီမျှခြင်းမြန်မာ (Equality Myanmar) မှ ဦးအောင်မျိုး မင်းက “ပဋိပက္ခအတွင်း သေဆုံးသွားသူတွေဟာ မည်သည့်အဖွဲ့ရဲ့ ကျည်ကြောင့် သေဆုံးသလဲဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့ လိုအပ်နေပြီး လက်ရှိမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ ငြင်းပယ်မှုတွေရှိနေတယ်”ဟုဆိုပါသည်။

“ ကျနော်တို့တွေ့ရတဲ့ ကိစ္စတွေဟာ ပစ်လို့ သေသွားတယ်ဆိုရင် ဟိုဘက်လည်း တာဝန်မယူ၊ ဒီဘက်လည်း တာဝန်မယူ၊ သူ့ကျည်မဟုတ် ကိုယ့်ကျည်မဟုတ် ငြင်းဆန်ရင်းနဲ့ ရှေ့ဆက်မသွားနိုင်တဲ့ကိစ္စတွေဖြစ်တယ်” ဟု ဦးအောင်မျိုးမင်းက ဆက် လက်ပြောဆိုပါသည်။

“လက်နက်ကိုင်(၂)ဖက်ရဲ့ ငြင်းဆန်မှုရှိနေသရွေ့ တရားစီရင်ဖို့ ခက်ခဲနေဦးမှာပါ” ဟု လည်း ဦးအောင်မျိုးမင်းက မှတ်ချက်ပြု သည်။

ယခုနှစ်အတွင်း အမျိုးသမီးများနှင့် ကလေးငယ်များ ပဋိပက္ခအတွင်းသေဆုံးဒဏ်ရာရမှု များပြားလာခြင်းကို ဖြေရှင်းနိုင်ရန် ပထမဆုံးအနေဖြင့် အရပ်သားများနေထိုင်သည့် နေရာများတွင် လက်နက်ကိုင်ပဋိပက္ခများ မဖြစ်ပွားရေး ကြိုတင်ကာကွယ်မှု များ လုပ်ဆောင်နိုင်ရန် လိုအပ်နေသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုကြပါသည်။

လက်နက်ကိုင်ပဋိပက္ခနှင့် စစ်ပွဲများကြား အမျိုးသမီးနှင့် ကလေးများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်မှုမရှိစေ ရန် လက်နက်ကိုင်တပ်ဖွဲ့တွေမှာ တာဝန်ရှိသကဲ့သို့ နိုင်ငံတော်အစိုးရအနေနှင့်လည်း တာဝန်ယူဖြေရှင်းမှုများ ရှိရန်လိုပါသည်။
အစိုးရအနေဖြင့် စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများအပေါ် တာဝန်ယူမှု မပြုတွေမပြုပဲ လစ်လျူရှုမထား ရန် အစိုးရကို ဖိအားပေးရန် လိုအပ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုကြသည်။

“ ဘယ်သူမှ မပစ်ဘဲ သေချာတယ်။ လက်နက်ကြီးက ပေါက်ကွဲမှာ မဟုတ်ရင် သေမှာလည်း မဟုတ်ဘူး။ တကယ်တန်း ဖြစ် သင့်ဖြစ်ထိုက်တာက အစိုးရ ကိုယ်တိုင်က စုံစမ်းစစ်ဆေးပေးဖို့ ဖော်ထုတ်ပေးဖို့လိုတယ်” ဟု ကျား၊မ တန်းတူညီမျှရေး ( Gender Equality) မှ ဒေါ်မေစံပယ်ဖြူက ပြောသည်။

“ဘယ်အစိုးရပဲဖြစ်ဖြစ် နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် ဆုံးရှုံးမှုကို တာဝန်ယူဖြေရှင်းရမယ်၊ တာဝန်ရှိတယ်” ဟု ဒေါ်မေစံ ပယ်ဖြူက ထောက်ပြပြောဆိုလိုက်ခြင်းဖြစ်သည်။

ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း(SWAN) မှ နန်းခမ်းအွန်ကလည်း “တရားမျှတမှုရရှိဖို့ ဖြစ်လာ ဖို့က ပြည်တွင်းဥပဒေတွေ၊ တရားစီရင်ရေးဖြစ်စဉ်တွေ အဓိကကျတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ တရားရေးဆိုင်ရာ ယန္တရား တွေအားနည်းပြီး ဥပဒေစိုးမိုးမှုတွေ ရှိမနေဘူး။ အလုပ်မဖြစ်ဘူး။ နိုင်ငံတကာ ဖိအားတွေလည်း လိုနေပါတယ်” ဟုပြောဆို သည်။

အထက်တန်းရှေ့နေဦးသိန်းသန်းဦးကတော့ တိုက်ပွဲအတွင်း အမျိုးသမီးနှင့် ကလေးငယ်တွေ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းတို့ကို မြန်မာပြည်တွင်း ဥပဒေဖြင့် ဖြေရှင်းနိုင်ကြောင်း နိုင်ငံတကာ ဥပဒေအထိ သွားရောက်ရန် မလိုအပ်ကြောင်း ပြော သည်။

“ အမှန်တော့ နိုင်ငံတကာ ဥပဒေ မဟုတ်ဘူး။ ပြည်တွင်းဥပဒေ ရှိပါတယ်။ တပ်မတော်ဘက်ကလည်း ၁၉၅၃ စစ်ဥပဒေရှိ တယ်။ စစ်ဥပေဒေကို လိုက်နာကျင့်သုံးရတာတွေရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်ဘက်က မရှိဘူး။ တပ်ဘက်ကပစ်ရင် တော့ ရာဇသတ်ကြီး ဥပဒေအရ အရေးယူနိုင်တယ်။ အခုဟာ ဘယ်တပ်မှ ကိုယ်ပစ်တယ်ဆိုတာ ဝန်မခံဘူး”

တိုက်ပွဲများတွင် ဖြစ်ပေါ်လာသည့်ပြဿနာများကို တရားစွဲဆိုရန် ခက်ခဲကြောင်း၊ တိကျသေချာသောပိုင်ရှင် မရှိသည့်ကျည် ဖြစ်ပြီး အထောက်အထားခိုင်မာမှုမရှိတဲ့အတွက် တရားစွဲဆိုရန် ခက်ခဲနေခြင်းဖြစ်ကြောင်း ဦးသိန်းသန်းဦးက ဆက်လက်ရှင်းပြ သည်။

“ နိုင်ငံတကာ ဥပဒေက ကျနော်တို့ကို အကာအကွယ်မပေးနိုင်ပါဘူး။ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချတာပဲလုပ်ကြ မယ်။ အာနိသင် သိပ်မရှိပါဘူး” ဟု ဦးသိန်းသန်းဦးက သူ၏အမြင်ကိုဆက်လက်ပြောဆိုသည်။

တိုက်ပွဲအတွင်း အမျိုးသမီးနှင့် ကလေးငယ်တွေ သေဆုံးဒဏ်ရာရမှုအပေါ် အစိုးရအာဏာပိုင်ဖက်က သေချာစိစစ်မှုလုပ်သင့် ကြောင်းလည်း ဦးသိန်းသန်းဦးက ဆိုသည်။

အမျိုးသမီးနှင့် ကလေးငယ်များ သေဆုံးမှုကို ကြည့်ခြင်းအားဖြင့် တိုင်းပြည်မှာ အထူးကာကွယ်ပေးရမည့်သူများကို အစိုးရ အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အကာအကွယ်မပေးနိုင်သည်ကို သက်သေပြနေသည်ဟု အမျိုးသမီး အရေးနှင့် ကလေးများအရေး လုပ်ဆောင်နေသူများကလည်း ပြောဆိုလိုက်သည်။

အစိုးရအနေဖြင့် ပြည်တွင်းစစ်ပွဲများကြောင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ အမျိုးသမီးများနှင့် ကလေးငယ်များအရေး ပါဝင်ဖြေရှင်းပေးရန် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက လိုလားလျက်ရှိသည်။

ပြီးခဲ့သည့်အပါတ်၊ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့၊ မြန်မာနိုင်ငံကလေးများနေ့တွင်လည်း ရခိုင်ပြည်နယ်၊ ဘူးသီး တောင်မြို့နယ်၊ ခမွေချောင်းကျေးရွာ၏ မူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းရှေ့တွင် ကစားနေကြသော ကလေး(၂၁)ဦးထိခိုက် ဒါဏ်ရာရရှိခဲ့ကာ ကျောင်းသူ(၂)ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟုသိရသည်။

Author:

Related Articles