စစ်တပ်ရဲ့ အပြစ်၊ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာ
ရှင်ငြိမ်း၊ ခင်ဘုန်းမို့၊ ဒေဝီ တို့ စုစည်းတင်ဆက်သည်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှာတော့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံး သတ်ဖြတ်မှု သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲနဲ့ အပြီးသတ် စီရင်ချက် ချမှတ်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ်လတုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး လို့ဆိုပြီး ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ဖြစ်ပွားခဲ့ပြီးနောက် ရိုဟင်ဂျာ ခုနစ်သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။
ဒီလုပ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်ပြီး ၁၉၄၈ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်တာဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တာပါ။
အခုဆိုရင်၂၀၁၉ ခုနှစ်မှာ စတင်ခဲ့တဲ့ ဒီအမှုဟာ ၇ နှစ်အကြာမှာ အခုလို အဆုံးအဖြတ် ထွက်ပေါ်ခဲ့တာဖြစ်တယ်။ အရေးကြီးတဲ့အချက်က ICJ တရားရုံးဟာ လူပုဂ္ဂိုလ်တဦးချင်းစီကို အပြစ်ပေးတာမဟုတ်ဘဲ “နိုင်ငံတော်” (State) တခုလုံးရဲ့ တာဝန်ရှိမှုကို ဆုံးဖြတ်တာပါ။
ဒါကြောင့် စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် တရားစွဲဆိုချမှတ်ခံရတဲ့ ဒီစီရင်ချက်ဟာ မြန်မာနိုင်ငံသားအားလုံးနဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေအပေါ်မှာပါ နိုင်ငံတကာ မျက်နှာစာက ဂုဏ်သိက္ခာပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရေရှည် အကျိုးဆက်တွေအဖြစ် ဘယ်လိုရိုက်ခတ်လာနိုင်မလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ဒီလို သမိုင်းဝင်စီရင်ချက် ထွက်ပေါ်လာပြီးနောက် နိုင်ငံတော်အဆင့် တာဝန်ယူမှုတွေ၊ ပြည်သူတွေအပေါ် သက် ရောက်လာနိုင်တဲ့ ရေရှည်အကျိုးဆက်တွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားက ဂုဏ်သိက္ခာပိုင်း စိန်ခေါ်မှုတွေ အပေါ် ပြည်သူလူထုရဲ့ သဘောထားအမြင်တွေကို HI – Honest Information က စုစည်းတင်ဆက်လိုက် ပါတယ်။
ဂျာဆိုင်းအိန်
လူ့အခွင့်အရေးလှုပ်ရှားသူ
ဒီ ICJ လိုမျိုး နိုင်ငံတကာ တရားရုံးမှာ နိုင်ငံအနေနဲ့ တရားရင်ဆိုင်ရတဲ့အခါမှာ အမှန်တကယ်ကတော့ ဒီတရားရုံး က စစ်ဆေးတာက နိုင်ငံတော်ရဲ့ တာဝန်ဝတ္တရားက ဘယ်လောက် ချိုးဖောက်မှု ဖြစ်သွားသလဲဆိုတာကို စစ်ဆေး တာဖြစ်တယ်။ အဲ့ဒီအပေါ်မှာ နိုင်ငံတော်ရဲ့ တာဝန်ဝတ္တရားကို မူတည်ပြီးတော့မှ သူတို့အနေနဲ့ လူ့အခွင့်အရေး အားဖြင့် တာဝန်ယူရမယ့်၊ တာဝန်ခံရမယ့်ဟာတွေကို အမိန့်ချတာ ဖြစ်တယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ မြန်မာနိုင်ငံရဲ့ စစ်တပ်လိုမျိုး အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်ကြောင့် အကျိုးဆက်တွေကို ကျမတို့ ဒီလက်ရှိ နိုင်ငံသားတွေရော၊ နောင်မျိုးဆက်တွေပါ ပူးတွဲပြီးတော့ ခံစားနေရတဲ့ ပုံစံမျိုး ဒါမှမဟုတ် တာဝန်ခံရသလိုမျိုး ဖြစ်လာတာပေါ့။ ကိုယ်တိုင် မကျူးလွန်ပေမဲ့ ကိုယ့်နိုင်ငံရဲ့ နာမည်၊ ကိုယ်က ဒီနိုင်ငံရဲ့ နိုင်ငံကူးလက်မှတ်တွေနဲ့ ဆက်ပြီးတော့ ရှင်သန်နေရတဲ့အခါမှာ နိုင်ငံရဲ့ နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ ရှောင်လွှဲလို့ မရတဲ့ အခြေအနေတခု ပုံစံမျိုး ဖြစ်လာတယ်။
မြန်မာနိုင်ငံက လူတွေအတွက်ကို ရေရှည်မှာ ဂုဏ်သိက္ခာပိုင်း ထိခိုက်မလားလို့ ပြောမယ်ဆိုရင်တော့ လူ့အခွင့်အရေးရှုထောင့်ကနေပဲ ရှင်းရှင်းလင်းလင်း ကြည့်မယ်ဆိုရင် အမှန်တရား ရှိတယ်လေနော်။ အဲ့ဒီ အမှန်တရားက ဖြစ်ခဲ့တဲ့ဟာတခုကို ဒီစစ်တပ်လိုမျိုး အဖွဲ့အစည်းတွေကနေပြီးတော့မှ မျက်ကွယ်ပြုထားတဲ့ အတွက်ကြောင့် ဒီအခြေအနေ ရောက်လာတာ။ ဒါကြောင့်မို့ ကျမတို့ နိုင်ငံသားတွေ အပေါ်မှာတော့ ဂုဏ်သိက္ခာ ပိုင်းက လာပြီးတော့ သက်ရောက်စေတယ်ဆိုတဲ့ဟာမျိုးလိုတော့ မမြင်မိဘူး။ ဒါပေမဲ့ ကျမတို့ရဲ့လက်တွေ့ နေ့တဒူဝ ဘဝမှာ ထိခိုက်လာနိုင်တဲ့ အရာတွေတော့ရှိတယ်။
ဥပမာအားဖြင့် ဒီ မြန်မာပြည်ရဲ့ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားတဲ့ လူတွေအနေနဲ့ ကျမတို့ နိုင်ငံတကာမှာ ခရီးသွားလာ ရတာ၊ အခြား နိုင်ငံမှာ ရွှေ့ပြောင်းသွားလာဖို့အတွက် လုပ်ဖို့ စဉ်းစားတာ၊ ပညာရေးကြောင့်သော်လည်းကောင်း၊ စီးပွားရေး အလုပ်ကိုင်အခွင့်လမ်းသော်လည်းကောင်း၊ ပညာသင်ဆုတွေ ကျောင်းသူ ကျောင်းသားတွေ အတွက် ဆို ပညာသင်ဆုတွေ ရပ်တန့်သွားတာ ဒါမှမဟုတ် လျော့နည်းသွားတာ လည်း ဖြစ်နိုင်တယ်။ တနိုင်ငံနဲ့ တနိုင်ငံ ဒီငွေလွှဲစီးဆင်းမှုမှာ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်မို့ ဒီ Sanction လိုမျိုး ပိတ်ပင်မှုတွေ ပိုပြီးတော့ ကျဉ်းကျပ်လာတာနဲ့အမျှ ငွေကြေးလည်ပတ်မှုတွေ ခက်လာတယ်။
ICJ ဖြစ်ခင်ကတည်းက တခြားသော ဒီဥရောပနိုင်ငံ တော်တော်များများမှာဆို မြန်မာ Passport ဆိုရင် ဒီသူတို့က စီးပွားရေး ပိတ်ဆို့မှုတွေလုပ်ထားတာဖြစ်တဲ့အတွက် ငွေလဲ ကောင်တာတွေမှာ လဲလို့မရတာ၊ ဒါမှမဟုတ် ငွေဘယ်လောက်ပမာဏပဲ လဲလို့ရတယ်ဆိုတဲ့ဟာမျိုးကအစ ရှိနေပြီ။ ဆိုတော့ အဲ့လိုမျိုး စီးပွားရေး အလုပ်ကိုင် အခွင့်လမ်းတွေ၊ ပညာရေးမခွင့်လမ်းတွေ အပေါ်မှာ သွားပြီးတော့ အတိုင်းအတာတခုထိ သက်ရောက်တာမျိုး ဖြစ်နိုင်တယ်။ ဥပမာ အဲ့ဒီအတွက် ဗီဇာလျှောက်တာမျိုးဆိုရင်လည်း ပိုပြီးတော့ စစ်ဆေးခံရတာ ဒါမှမဟုတ် အငြင်းပယ်ခံရတာ၊ ခက်ခဲတာမျိုးပေါ့။ နောက် နိုင်ငံတကာ အသိုင်းအဝိုင်း ကြားထဲမှာ၊ အထူးသဖြင့် ပြည်ပမှာ နေထိုင်နေနေရတဲ့လူတွေ၊ ပြည်ပမှာ အလုပ်လုပ်နေရတဲ့ လူတွေအနေနဲ့ မြန်မာနိုင်ငံလို့ ပြောလိုက်ပြီဆိုရင် ဆိုင်းငံ့ထားတာနဲ့ တွဲပြီးပိုပြီးတော့ ရှင်းပြရတာမျိုးတွေ ရင်ဆိုင်ရနိုင်တယ်ပေါ့။
နောက်တခုက အခု ဒီသမိုင်းကြောင်းဆိုင်ရာ ဒုက္ခဝန်ထုပ်ဝန်ပိုးတွေကို လာမယ့် မျိုးဆက်သစ်တွေအတွက် အတတ်နိုင်ဆုံး လျှော့ချနိုင်ဖို့၊ ဒီယုံကြည်မှုတွေ ပြန်ပြီးတည်ဆောက်နိုင်ဖို့ဆိုတဲ့ ဟာမျိုးမှာ ကျမတို့က ပြည်သူတွေဘက်ကနေ အမှန်တရားကို မျက်ကွယ်မပြုဘဲနဲ့ လူ့အခွင့်အရေး ရှုထောင့်အရ လူလူချင်းမြင်တဲ့ လူသားဆန်တဲ့ အခြေအနေတခု၊ လူသားဆန်မှုဘက်ကနေပြီးတော့ တကယ်ပဲ ရပ်တည်ပြသနိုင်ဖို့ လိုမယ်လို့ ကျမကတော့ မြင်တယ်ပေါ့။ ဒီစစ်တပ်လို အဖွဲ့ အစည်းတစ်ခုရဲ့ လုပ်ရပ်နဲ့ သာမန်ပြည်သူတွေရဲ့ ခံယူချက်က ဘယ်လိုမျိုး ကွဲပြားနေလဲဆိုတဲ့ဟာကို ခွဲခွဲခြားခြား မြင်နိုင်အောင် ကျမတို့က လူ့အခွင့်အရေးအပေါ်မှာ ပြောဆိုရပ်တည်တာမျိုးတွေ ပိုပြီးလုပ်ဖို့လိုသလို ကျမတို့ရဲ့ နိုင်ငံထဲမှာလည်း စုံလင်ကွဲပြားတဲ့ လူမျိုးစုတွေ အများကြီးရှိတယ်။ အဲ့ဒီ လူမျိုးစုတွေအပေါ်မှာလည်း ကြုံတွေ့နေရတဲ့ ခွဲခြားဆက်ဆံမှုတွေကလည်း ရှိပြီးသား ပေါ့။ အဲ့ဒီ ခွဲခြားဆက်ဆံမှုတွေကို ဆန့်ကျင်နိုင်ပြီးသွားတဲ့အခါကျတော့မှပဲ တန်းတူညီမျှမှုနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူ ဆက်ပြီးတော့ ယှဉ်တွဲသွားနိုင်မယ်။ အတင်းအကြပ် ယှဉ်တွဲနေထိုင် ခိုင်းတာမျိုး မဟုတ်ဘဲ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးအပေါ်မှာ အခြေခံတဲ့ တဦးနဲ့တဦး လေးစားပြီးတော့ ယှဉ်တွဲနေထိုင်နိုင်ရေးကို ဦးတည်တာမျိုး ပေါ့။ အဲ့ဒါမျိုး လုပ်နိုင်မယ်ဆိုရင် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့အတွက်ကို အရေးကြီးတဲ့ အချက်တွေ ဖြစ်လာမယ်လို့ ကျမ မြင်ပါတယ်။
နောက် ကိုယ့်နိုင်ငံရဲ့ နာမည် ဂုဏ်သိက္ခာဆိုတဲ့ ကိစ္စမျိုးမှာ ငြင်းလို့မရတာကတော့ သမိုင်းစာမျက်နှာမှာ မြန်မာနိုင်ငံက Genocide ကျူးလွန်တဲ့ နိုင်ငံအနေနဲ့ သတ်မှတ်ခံထားရပြီ။ တကယ်လည်း ဖြစ်ခဲ့တယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီထဲမှာ ပိုပြီးတော့ ဂရုစိုက်ရမယ့်ကိစ္စက မြန်မာနိုင်ငံနဲ့ တချိန်မှာ ပြန်လည်ပြီးတော့ တည်ဆောက်ရတဲ့ ကာလတွေ ဖြစ်လာလိမ့်မယ်။ အဲ့ဒီ ကာလမှာ ကျမတို့ အချင်းချင်း ကြားထဲက ယုံကြည်မှုကို ဘယ်လို ပြန်တည်ဆောက်မလဲ၊ ဘယ်လိုမျိုး သင့်မြတ်ရေးလမ်းကြောင်းတွေကို ပိုပြီးတော့မှ လုပ်နိုင်မလဲ၊ အဲ့ဒါမျိုးကို ကျမကတော့ ပိုပြီးတော့လုပ်ဖို့အတွက်စဉ်းစားမိတယ်။ ဥပမာ ရိုဟင်ဂျာနဲ့ အခြားသော လူမျိုးစုတွေ ကြားထဲ မှာလည်း ယုံကြည်မှု တည်ဆောက်တာကအစပေါ့၊ ကျမတို့တွေ အတူတကွ လက်တွဲ လုပ်ဆောင်နိုင်ဖို့အတွက် အဲ့လို လမ်းကြောင်းတွေကို ရှာဖွေဖို့ကိုပဲ ပိုပြီးတော့မှ စိတ်ဝင်စားတယ်။ အဲ့ဒီအပေါ်မှာ မလုပ်နိုင်မှာကိုလည်း ပိုပြီးတော့ စိုးရိမ်တယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ကျူးလွန်ခဲ့တဲ့ ကျူးလွန်သူတွေ ရှိနေတဲ့ နိုင်ငံမှာ မွေးဖွားလာရတဲ့ မြန်မာပြည်သား တယောက်အနေနဲ့ကတော့ ကျမတို့မှာ ဒီ Genocide ကျူးလွန်တယ် လို့ သတ်မှတ်ခံရတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် ခုနက ပြောသလို ခက်ခဲတွေ ရှိလာနိုင်တယ်။ ကျမတို့ရဲ့ သွားလာရေးက အစ အကုန်လုံး ရှိလာနိုင်တာ မှန်တယ် ဆိုပေမဲ့ ဒီဆုံးဖြတ်ချက်တခုက ကျမတို့အတွက်ကို မှားတယ်ဆိုရင် မှားနေတာကို မှားတယ်လို့ ပြောနိုင်အောင် ဒါမှမဟုတ် ပိုပြီးတော့ မြင်တတ်လာတဲ့ စိတ်ပေါ့၊ ဒီအပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ ဒုက္ခကို ဒီနားလည်ပြီးတော့ စာနာလာတတ်တဲ့စိတ်နဲ့ ပိုကောင်းတဲ့ အနာဂတ်တခုကို အတူတူ လျှောက်လှမ်းနိုင်ဖို့အတွက် အသိပေး၊ နှိုးဆော်လိုက်တဲ့ အရေးကြီးတဲ့ နှိုးဆော်ချက်တခုလို ကျမကတော့ မြင်တယ်။
ပြီးတော့ ရှေ့ဆက်လျှောက်ရမယ့်လမ်းမှာ ဒါစစ်တပ်တို့၊ အာဏာရှိတဲ့ လူတွေရဲ့ လုပ်ရပ်တခုတွေကပဲ ဒီနိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာဆိုတဲ့ဟာအပေါ်မှာ သွားပြီးတော့မှ သက်ရောက်နေတာ မဟုတ်ဘဲနဲ့ နောင်တချိန် ဒီလူ့အခွင့်အရေးအပေါ်မှာ ဘယ်လိုတန်ဖိုးထားသလဲ၊ ဘယ်လို ရှေ့ဆက်လုပ်မလဲဆိုတဲ့ဟာတွေကို အခုကတည်း က လုပ်ဆောင်မှုတွေက သက်သေပြသွားမှာ ဖြစ်တယ်ပေါ့။ တဖြည်းဖြည်းနဲ့ ရှေ့ကို ကျမတို့ ဘယ်လို ဆက်လုပ် သွားမလဲဆိုတဲ့ဟာက အချိန်က ကျမတို့ကို အဖြေပေးသွားမှာ ဖြစ်တယ်။ ကျမတို့ရဲ့ လုပ်ဆောင်မှုတွေက ဒီလမ်းကြောင်းတွေ အပေါ်မှာ ပြန်ပြီးတော့ မူတည်သွားမယ်လို့ ဆိုလိုချင်ပါတယ်။
Dr. Tin Mar Oo
Rohingya Feminist Scholar
ICJ ဆုံးဖြတ်ချက်ချတာနဲ့ ရိုဟင်ဂျာတွေတရားမျှတမှုရလားဆို တရားမျှတမှုဆိုတာက တကယ့်ကို ခရီးရှည်ကြီး ပေါ့။ နောင်နှစ် ၁၀၀အထိလည်းတရားမျှတမှုရမယ်၊ မရဘူး မပြောနိုင်ဘူး။ တရားမျှတမှုရဲ့ နောက်မှာ လုပ်ငန်းစဉ်တွေ အများကြီးပါလာတာကိုး။ တဖက်မှာလည်းခံခဲ့ရတဲ့သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကုစားမှု အစီအစဉ်တွေပါလာတယ်။သူတို့ကိုနဂိုအနေအထားအတိုင်းပြန်ရောက်အောင်လို့ ဆောင်ရွက်ပေးရတာတွေရှိ တယ်။ နဂိုအနေအထားအတိုင်းလို့ပြောတာတောင်မှ နောက်ဆက်တွဲ အကြမ်းဖက်မှုတွေ၊ အလားတူဖြစ်စဥ်တွေ မရှိတော့အောင် ဆောင်ရွက်ရမှာတွေရှိတယ်။
အခုချိန်မှာက လောလောလတ်လတ်ဖြစ်လို့လည်းဖြစ်မှာပေါ့၊ AAတို့ စစ်တပ်တို့ကိုယ်တိုင်ရော၊ NUGရော ဒါကို ပူးပေါင်းပါမယ်ပြောတယ်။ ဒါပေမဲ့ အဲ့ဒါရဲ့နောက်ဆက်တွဲမှာ လုပ်ရမယ့်လုပ်ငန်းစဥ်ထုထည်ကြီး အနေအထား ကို ဘယ်သူ့မှ နားလည်မနေကြဘူးပေါ့။ မြန်မာစစ်တပ်ကိုယ်တိုင်ကတော့ သူကကျူးလွန်ထားတော့ လက်လွတ် စပယ်ပဲပြောတယ်။ NUG ဆိုရင်လည်း သူနားလည်နေတာမဟုတ်ဘူး သူ့အတွက်နာမည်ဝင်ယူနေတဲ့အပိုင်းပဲ။ AA ဆိုရင်လည်း အတူတူပဲ သူတို့ နိုင်ငံရေးအနေနဲ့ ပြောနေတာပဲဖြစ်တယ်။ ဒီနောက်မှာပါတဲ့ လုပ်ငန်းစဉ်တွေ အသိအမှတ်ပြုမှုတွေ ပြန်ခေါ်ဖို့ဆိုတာတွေအားလုံးရဲ့ထုထည်ကို တာဝန်ယူတာဝန်ခံနိုင်တဲ့သူ ရှိမနေဘူးပေါ့။
ရိုဟင်ဂျာတွေရဲ့အနေအထားကို ပြောင်းလဲပေးနိုင်မယ့် အနေအထားမရှိသေးဘူး။ ဒါမြန်မာပြည်ရဲ့ အရွှေ့အပြောင်းက ဆက်ဖြစ်လာမယ့်အနေအထားပေါ်မူတည်ပြီးတော့မှ မျှော်လင့်ချက်မရှိဘူးလို့လည်း ပြောလို့ မရဘူးပေါ့။ မျှော်လင့်ချက်က ပြောင်းလဲချင်စိတ်ရှိတဲ့အစိုးရမျိုး ရလာရင်တော့ပြောင်းလဲလို့ရတယ်ပေါ့။ အထူးသဖြင့် AAတို့ ၊ NUGတို့၊ ပြည်ပရဲ့အထောက်အပံ့လည်းပါမယ်ဆိုရင် ဒါတွေကတဖြည်းဖြည်း အကောင်အထည် ဖော်လို့ရတယ်။ သို့သော်ငြားလည်းချက်ချင်းကြီး ရိုဟင်ဂျာတွေရဲ့ အနေအထားကို ပြောင်းလဲ ပေးနိုင်ဖို့ ကျမအမြင်ဆို နောင်လာမယ့် နှစ် ၄၀၊ ၅၀အထိမလွယ်ကူတဲ့ပြဿနာဖြစ်တယ်ပေါ့။ တဖက်မှာ လူမျိုးရေး ဒိုင်းနမစ်တွေရှိတယ်။ သဘာဝပတ်ဝန်းကျင်၊ သယံဇာတဒိုင်းနမစ်တွေရှိတယ်။ ဒါတွေနဲ့ ထည့်သွင်း စဉ်းစားတဲ့ အခါမှာ အများကြီးကိုခက်ခဲဦးမယ့်ပြဿနာတခုလို့မြင်တယ်။
နောက်တခုက ပြန်လည်ကုစားရေး။ ပြန်လည်ကုစားရေးဆိုတာ တကယ့်ကို Long Process ဖြစ်တယ်။ စီရင်ချက် ချမှတ်ရုံ တခုတည်းနဲ့တင် အလုံးစုံပြန်လည်ကုစားဖို့ဆိုတာမဖြစ်နိုင်ဘူး။ လက်ရှိမှာဆိုရင် ဒါတွေက မလုံခြုံမှုတွေလေ။ ကမ့်ထဲမှာ လူ့အခွင့်အရေးကောင်းကောင်းမရနေတာတွေအောက်မှာအမျိုးသမီးတွေက ထပ်ခါထပ်ခါ အကြမ်းဖက်ခံနေရတုန်း။ အကာအကွယ်မဲ့နေတဲ့ လူတွေအတွက်ဆို ပြောရရင် ရိုဟင်ဂျာ တခုတည်းမဟုတ်ပါဘူး၊ မြန်မာတနိုင်ငံလုံး၊ မြန်မာနိုင်ငံသားမှန်ရင် မြန်မာပတ်စ်ပို့ကိုင်ထားသည်ဖြစ်စေ မကိုင်ထားသည်ဖြစ်စေ မြန်မာပြည်မှာမွေးခဲ့သမျှသူအားလုံးဟာ မလုံခြုံမှုတွေနဲ့ အကြမ်းဖက်ခံနေရခြင်းကို ပြည်တွင်းပြည်ပအကုန်လုံးမှာကြုံနေကြရတယ်။ ရိုဟင်ဂျာအမျိုးသမီးတွေရဲ့အနေအထား ဆိုရင်လည်း ပိုဆိုးသွားတာပေါ့၊
မြန်မာလို့ပြောရင်ကို ပြဿနာကောင်လို့သတ်မှတ်ထားတာက အခုမှမဟုတ်ဘူးလေနော်။ ရိုဟင်ဂျာအရေးမှာ သာ တနိုင်ငံလုံးက နာတတ်သွားကြလို့သာ နာစရာဆိုပြီးပြောနေကြတယ်။ မြန်မာဒုက္ခသည်တွေက အိမ်နီးချင်း နိုင်ငံတွေမှာ နှစ်ပေါင်းများစွာသောင်တင်နေကတည်းက ဒီနိုင်ငံရဲ့ ဂုဏ်သိက္ခာက ဘယ်လိုအဆင့်အတန်းလဲဆိုတာ သိမြင်ပြီးကြပြီ။ မီဇိုရမ်မှာကြည့်မလား အာသံ၊ ထိုင်းမှာကြည့်မလား အိမ်နီးချင်းနိုင်ငံတွေက မြန်မာရဲ့ဒုက္ခကို တနည်းတဖုံ ခံပေးကြရတယ်။ ဒုက္ခသည်တွေကိုခေါ်ထားပေးကြရတယ်။ အဲ့ဒါတွေပေါ်မှာ အခြေခံပြီး ပြဿနာကောင်ဖြစ်လာခဲ့တဲ့အတွက် ထူးပြီးတော့ မြန်မာနာမည်တွေက နာနေစရာတော့မရှိပါဘူး။
ဒေါ်ဇာလီအေး
တရားလွှတ်တော်ရှေ့နေ
အပြည်ပြည်ဆိုင်ရာ တရားရုံးတော်က ချမှတ်လိုက်တဲ့ အပြီးသတ်စီရင်ချက်အမိန့်က သာမန်နိုင်ငံရေး ကြေညာချက်မျိုး မဟုတ်သလို၊ အကြံပြုချက်လည်းမဟုတ်ဘူး။ လမ်းညွှန်ချက်လည်းမဟုတ်ပါဘူး။ နိုင်ငံတကာ ဥပဒေအရ မြန်မာနိုင်ငံအပေါ်မှာ တရားဝင်လိုက်နာဆောင်ရွက်ရမယ့် တာဝန်တွေကို သတ်မှတ်ပေးလိုက်တဲ့ စီရင်ချက် အမိန့်ဖြစ်ပါတယ်။ ဒီစီရင်ချက် အမိန့်မှာဆိုရင် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို နိုင်ငံအပေါ်မှာ တာဝန်ရှိကြောင်း ဆုံးဖြတ်တာပဲဖြစ်ပါတယ်။
ဒါ့အပြင် လူမျိုးတုန်းသတ်ဖြတ်မှုတွေကို တားဆီးဖို့၊ ကျူးလွန်သူတွေကို အရေးယူအပြစ်ပေးဖို့၊ ဂျီနိုဆိုက် ကွန်ဗန်းရှင်တွေကို ပြည်တွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ ဥပဒေတွေပြဌာန်းဖို့ ပျက်ကွယ်တယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတာကို တွေ့ရတယ်။ ဒီစီရင်ချက်အမိန့်မှာ မြန်မာနိုင်ငံအပေါ်မှာ အဓိက ဥပဒေ တာဝန် ၅ ရပ်သတ်မှတ်ထားတယ်။ အမိန့်က ၁၃ချက် ချမှတ်ခဲ့ပေမယ့် အဓိက လိုက်နာရမယ့် ၅ ရပ်ကို ဖြေကြားချင်ပါတယ်။
ပထမအချက်က ချိုးဖောက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ဖြစ်တယ်။ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူ စာချုပ်ကို ချိုးဖောက်နေတဲ့လုပ်ရပ်တွေ ဆက်လက်ရှိနေမယ်ဆိုရင် ရပ်တန့်ရမှာဖြစ်သလို သဘောတူစာချုပ်ပါ တာဝန်တွေကို အကောင်အထည်ဖော်နိုင်မယ့် ဥပဒေတွေကို ဆက် လက် ပြဌာန်းရမှာ ဖြစ်ပါတယ်။ ဒုတိယတချက်ကတော့ ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးဖို့ရန်နဲ့ အရေးယူဖို့ အတွက်ဖြစ်ပါတယ်။ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့သက်ဆိုင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ သံသယရှိဖို့ရန်အတွက် ကျိုးကြောင်း ဆီလျော်တဲ့ အထောက်အထားတွေရှိသူကို စုံစမ်းစစ်ဆေးပြီးတော့ ပြစ်မှုကျူးလွန် ကြောင်း သက်သေပြနိုင်ရင် တရားစွဲဆိုအရေးယူ အပြစ်ပေးဖို့တာဝန်ရှိတာပဲဖြစ်ပါတယ်။
တတိယတချက်ကတော့ ထပ်မံမဖြစ်ပွားစေရန် အာမခံချက်နဲ့ စတုတ္ထအနေနဲ့ကတော့ နစ်နာသူတွေရဲ့ အခွင့်အရေးကို ပြန်လည် ဖြည့်ဆည်းပေးရန်တို့ ဖြစ်ပါတယ်။ စတုတ္ထအချက် နစ်နာကြေးနဲ့ ပြန်လည်ကုစားမှု ဖြစ်ပါတယ်။ နစ်နာတဲ့သူတွေအတွက် ထိခိုက်ဆုံးရှုံးမှုတွေကို ပြန်လည်ကုစားပေးဖို့တာဝန်ရှိတယ်။ ဒါပေမဲ့ နစ်နာကြေးပမာဏနဲ့ပေးအပ်ရမဲ့ နည်းလမ်းတွေကိုတော့ တရားရုံးက အပြီးသတ်စီရင်ချက်အမိန့်မှာတော့ မချမှတ်ထားဘူးပေါ့။ နောက်ထပ် တရားရုံးလုပ်ငန်းစဥ်တွေမှာ ဆက်လက် ဆုံးဖြတ်မှာဖြစ်ပါတယ်။
၂၀၁၈ နိုဝင်ဘာ ၁၉ ရက်နေ့မတိုင်ခင် ၂ နှစ်အတွင်း နေရပ်ပြန်လည်နေထိုင်ရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက် တွေ နစ်နာကြေးဆိုင်ရာအချက်အလက်တွေကို တရားရုံးထံ အစီရင်ခံစာ တင်ပြသွားရမှာ ဖြစ်ပါတယ်။ ခြုံပြော ရရင် ဒီစီရင်ချက်အမိန့်က အတိတ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အသိအမှတ်ပြုဆုံးဖြတ်တာတင် မကဘူး အနာဂတ်မြန်မာနိုင်ငံတော်က အလားတူ ရာဇဝတ်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်ဆိုရင် ဘယ်လို တာဝန်ယူ ဖြေရှင်းရမလဲဆိုတဲ့ ဥပဒေရေးရာ အခြေခံအချက်တွေကိုလည်း သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။
စီရင်ချက်ကိုမလိုက်နာခြင်းဟာ နိုင်ငံတကာ ဥပဒေအရ တာဝန်ပျက်ကွက်မှုဆက်လက်ရှိနေခြင်းကိုဆိုလိုပါတယ်။ အခြားသောနိုင်ငံတွေက သံတမန်ရေးအရ ဖိအားတွေတိုးမြင့်တာတွေ ပစ်မှတ်ထား အရေးယူပိတ်ဆို့တာတွေ၊ စစ်ရေးပစ္စည်းတွေရောင်းချမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ်တာတွေ ပြုလုပ်နိုင်တာဖြစ်ပါ တယ်။ နိုင်ငံတကာဆက်ဆံရေးနဲ့ သံတမန်ဖိအားတွေကို မလွဲမသွေတွေ့နိုင်မှာဖြစ်ပါတယ်။ ICJက နိုင်ငံတော်ရဲ့ တာဝန်ရှိမှုကိုဆုံးဖြတ်တာဖြစ်ပြီးတော့မှ ICCနဲ့ အခြားသော ပြည်တွင်းရာဇဝတ်တရားရုံးတွေက လူပုဂ္ဂိုလ်တဦး ချင်းစီရဲ့ ရာဇဝတ်မှုဆိုင်ရာတာဝန်ရှိမှုကို စစ်ဆေးဆုံး ဖြတ်တာဖြစ်ပါတယ်။
ICJ စီရင်ချက်က ICC မှာ အလို အလျောက်တဦးချင်းစီကို အပြစ်ရှိကြောင်းသတ်မှတ်ပေး လိုက်တာတော့မျိုး မဟုတ်ပြန်ဘူး၊ ဒါပေမဲ့ အချက် အလက်တွေသက်သေအထောက်အထားတွေ ဥပဒေရေးရာသုံးသပ် ချက်တွေ ကတော့ အခြားသော တရားစီရင် ရေး လုပ်ငန်းစဉ်တွေအတွက် အရမ်းကိုအရေးပါတဲ့ ကိုးကားစရာတွေ ဖြစ်လာ နိုင်တယ်။ နောက်ဆုံးအနေနဲ့ အလေးနက်ထားပြီး ပြောချင်တာက စီရင်ချက်ကို မလိုက်နာဘူး၊ ဒီစီရင်ချက်က မမျှတဘူးလို့ပြောရုံနဲ့ နိုင်ငံတော်ရဲ့ တာဝန်ရှိမှုဟာပျောက်ကွယ်သွားမှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို ပြောချင်ပါ တယ်။
စစ်တပ်ရဲ့ဆိုးမွေကို မြန်မာနိုင်ငံပြည်သူမျိုးဆက် တခုလုံးကနောက်ဆက်တွဲခံစားရမယ့်အခြေအနေနဲ့ပြောရရင် နိုင်ငံတော်ရဲ့ တာဝန်ရှိမှုကို ပြည်သူအားလုံးရဲ့ တာဝန်ရှိမှုနဲ့ တန်းတူ သတ်မှတ်လို့မရဘူးဆိုတာ ပြောချင်တယ်။ ICJရဲ့ စီရင်ချက်ဟာ မြန်မာနိုင်ငံတော်က ဂျီနိုဆိုက်ကွန်ဗန်းရှင်းအရ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကို ချိုးဖောက်ခဲ့ကြောင်းဆုံးဖြတ်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားအားလုံးက လူမျိုးတုန်းသတ်ဖြတ်မှုမှာ ပူးပေါင်း ပါဝင်ကျူးလွန်တယ်ခဲ့လို့ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ဒီကွဲပြားချက်ကို အလေးနက်ထား နားလည်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ပြည်သူအများအပြားဟာလည်း စစ်အုပ်ချုပ်ရေး၊ လက်နက်ကိုင်ပဋိပက္ခ၊ အတင်းအကြပ်နေရပ်စွန့်ခွာရမှုတွေ မတရားဖမ်းဆီးခံရမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ နစ်နာသူတွေဖြစ်နေကြတယ်။ နိုင်ငံတကာဥပဒေရဲ့ သဘောသဘာဝအရ နိုင်ငံတော် တရပ်မှာ ဖြစ်ပေါ်လာတဲ့တာဝန်ရှိမှုဟာ အစိုးရအပြောင်းအလဲနဲ့လည်း အဆုံးသတ်သွားတာ မဟုတ်ပြန်ဘူး။
ဥပမာ အနာဂတ်မြန်မာနိုင်ငံတော်ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်နိုင်ငံတော်တရပ်ကို တည်ဆောက်နိုင်ရင်တောင်မှ အတိတ်က နိုင်ငံတော်ရဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေအတွက်ပြန်လည် ကုစားရေးဆိုင်ရာ တာဝန်တွေကို ဆက်လက်ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်။ အနာဂတ်အစိုးရက သူတို့ကိုယ်တိုင်မကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု တွေအတွက် နိုင်ငံတော်ကိုယ်စား ဥပဒေရေးရာတာဝန်တွေကို ဆက်လက် ထမ်းဆောင်ရမှာဖြစ်ပါတယ်။
နောက် အရေးကြီးတဲ့ မေးခွန်းကခုကလည်း ပေါ်ပေါက်လာပြန်တယ်။ ရာဇဝတ်မှုကို မကျူးလွန်ခဲ့တဲ့ မျိုးဆက် သစ်တွေက ဘာကြောင့်အတိတ်က ရာဇဝတ်မှုတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ခံစားကြရမှာလဲဆို တာဖြစ်တယ်။ ဥပဒေရေး ရာရှင်းပြရမယ်ဆိုရင် နိုင်ငံတော်ရဲ့တာဝန်ရှိမှုက အစိုးရသက်တမ်းနဲ့ မကန့် သတ်ထား လို့ပဲ ဖြစ်တယ်။ အဲ့ဒီအချက်က မျိုးဆက်သစ်တွေမှာ ရာဇဝတ်ဆိုင်ရာအပြစ်ရှိတယ်၊ တာဝန်ရှိတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ နောက် ထပ်တခုစိုးရိမ်စရာ ရှိတာက နိုင်ငံတော်ရဲ့ ပြန်လည်ကုစားရေးအစီအစဥ်ဆောင်ရွက်တဲ့အခါ ဘဏ္ဍာရေးဆိုင်ရာ ဖိအားတွေ ဖြစ်ပေါ်လာနိုင်တယ်။ နစ်နာသူတွေအတွက် နစ်နာကြေးပေးအပ်ရတာ၊ ပျက်စီး ဆုံးရှုံးခဲ့တဲ့ အဆောက်အဦတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေကို ပြန်လည် ထူထောင်တာ၊ တရားစီရင်ရေးနစ် ပြုပြင် ပြောင်းလဲခြင်းနဲ့ ပတ်သက်တဲ့ နိုင်ငံတော်ရဲ့ အရင်းအမြစ်တွေ အသုံးပြုရနိုင်ပါတယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားသော ပြည်သူ့ ဝန်ဆောင်မှုတွေကလည်း အလိုအလျောက်လျော့ချရမယ်လို့ ရည်ညွှန်းတာ မဟုတ်ဘဲနဲ့ အနာဂတ်အစိုးရအတွက် ဘဏ္ဍာရေးဆိုင်ရာ ဦးစားပေးမှုတွေကို ခက်ခက်ခဲခဲဆုံးဖြတ်ရတဲ့အခြေအနေကတော့ ကြုံတွေ့ရမှာဖြစ်ပါတယ်။
နောက် အရေးကြီးတယ်လို့မြင်တဲ့အချက်က မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူနည်းစု၊ ဘာသာရေးလူနည်းစုတွေ ရင်ဆိုင်ရတဲ့ သမိုင်းကြောင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမှန်အတိုင်းအသိအမှတ် ပြုဖို့ရန်အတွက် လိုအပ်တယ်။ အနာဂတ်မျိုးဆက်တွေက အတိတ်ကကျူးလွန်ခဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ရှိသူ မဟုတ် ပါဘူး။ ဒါပေမဲ့ အတိတ်ကမဖြေရှင်းခဲ့တဲ့ တရားမှုတွေရဲ့အကျိုးဆက်ကို ဆက်လက်ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ အနာဂတ်မျိုးဆက်တွေပေါ်ကျရောက်လာမယ့်ဝန်ထုတ်ဝန်ပိုးတွေကို လျော့ချနိုင်ဖို့ဆိုရင် အတိတ်က မတရားမှု တွေကို ဖုံးကွယ်တာထက် အမှန်တရားကိုအသိအမှတ်ပြုပြီး တာဝန်ယူဖြေရှင်းခြင်းက ပိုပြီးအရေးကြီး တယ်လို့ မှတ်ချက်ပြုချင်ပါတယ်။
August
Advocacy Manager
C.A.N- Myanmar
နိုင်ငံတကာ တရားမျှတမှုဆိုင်ရာဆောင်ရွက်ချက်တွေကို မြန်မာပြည်သူတွေအနေနဲ့ ကြိုဆို လက်ခံ သင့်တယ်လို့ ယူဆတယ်။ ဒါက မြန်မာနိုင်ငံကိုအပြစ်ပေးဖို့သက်သက်မဟုတ်ဘဲနဲ့ ရိုဟင်ဂျာတွေအတွက် တကယ်လိုအပ်နေတဲ့ တရားမျှတမှုနဲ့ ကျုးလွန်ခဲ့တဲ့သူတွေက တာဝန်ခံမှုဆိုတာ ကျနော်တို့တွေအားလုံးလက်ခံရမယ်။ ဝိုင်းပြီး ဖော်ဆောင်ရမယ်လို့ပြောတာဖြစ်တယ်။
ကျနော်တို့ကိုယ်တိုင် လူမျိုးတုန်းသတ်ဖြတ်မှုမှာတိုက်ရိုက်မပါဝင်ခဲ့ဘူး၊ ကိုယ်တိုင် လက်နက်တွေကိုင်ပြီး ပါဝင်ခဲ့တာ မဟုတ်ဘူးလို့ ပြောကောင်း ပြောနိုင်မယ်၊ ဒါပေမဲ့ ရိုဟင်ဂျာတွေ ညှင်းပန်းနှိပ်စက်ခံနေရတဲ့ အချိန်၊ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အချိန်၊ ရက်ရက်စက်စက်သတ်ဖြတ်ခံနေရချိန်မှာ ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းက လုပ်ထားတဲ့ နှူတ်ဆိတ်တာ၊ လူမျိုးရေးခွဲခြားပြီး အမုန်းတရားတွေ ဖြန့်ဝေခဲ့ကြတာ၊ သတ်ဖြတ်မှုတွေဖြစ်အောင် စစ်တပ်ကို တနည်းတဖုံအားဖြင့် အတွေးအခေါ်အယူအဆတွေ၊ လေလှိုင်းပေါ်က အမုန်းစကားတွေနဲ့ အားဖြည့် ပေးခဲ့တာက ငြင်းလို့ မရဘူးလို့ ပြန်ပြီးသတိချပ်သင့်ပါတယ်။ လူတိုင်းမှာ တူညီတဲ့ရာဇဝတ်မှုဆိုင်ရာ အပြစ်ရှိတယ်လို့ မဆိုလိုပေမယ့် လူ့အဖွဲ့ အစည်းအနေနဲ့ တနိုင်ငံလုံးအနေနဲ့ ကျနော်တို့ရဲ့ပျက်ကွက်မှုတွေကို အသိအမှတ်ပြုပြီး ပြုပြင်ပြောင်းလဲဖို့ တာဝန် ရှိပါတယ်။ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုမရှိဘဲနဲ့ မြန်မာနိုင်ငံအတွက် တရားမျှတမှုဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။
ပြည်ပရောက်နေတဲ့မြန်မာနိုင်ငံသားတွေ၊ ပညာသင်ယူနေတဲ့ကျောင်းသားတွေက နိုင်ငံတကာအမြင်မှာ၊ အတွေး မှာ မြန်မာနိုင်ငံရဲ့လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာသမိုင်းကြောင့် မေးခွန်းထုတ်ခံရတာ၊ အမြင်စောင်းခံရတာ၊ ခွဲခြား ဆက်ဆံခံရတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတနိုင်ငံရဲ့ ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိခြင်းနဲ့ နိုင်ငံသားတဦးချင်းစီရဲ့ အပြစ်ရှိခြင်းကိုတော့ နိုင်ငံတကာအနေနဲ့လည်းခွဲခြားသိမြင်ဖို့လိုတယ်ဆိုတာ ကျနော်တို့ တွေ အသံထွက်ရပါမယ်။ မြန်မာပတ်စ်ပို့ကိုင်ထားရုံနဲ့ လူမျိုးတုန်းသတ်ဖြတ်ခံရမှုအတွက် အပြစ်ရှိသူ ဖြစ်မသွား ဘူး၊ ခွဲခြားဆက်ဆံခံရမှုကို လက်ခံပေးရမယ့်တာဝန်လည်းမရှိဘူးဆိုတာ ကျနော်တို့ရဲ့ လူ့အခွင့်အရေး ဖြစ်တယ် ဆိုတာ ကိုယ်တိုင်နားလည်ထားဖို့လိုအပ်သလို၊ ကျနော်တို့ကို မေးခွန်းထုတ်တာ၊ အမြင်စောင်းတာနဲ့ ခွဲခြား ဆက်ဆံမှု လာပေးတဲ့သူတွေကိုလည်ပြန်သိအောင် ပြောပြဖို့လိုပါတယ်။
နိုင်ငံရဲ့ပုံရိပ်ကို ကာကွယ်ဖို့ အမှန်တရားကို ငြင်းဆန်မှာလား ဒါမှမဟုတ် တကမ္ဘာလုံးမှာ ပထမဆုံးဖြစ်သွားတဲ့ သမိုင်းကို အသိအမှတ်ပြုပြီးတော့မှ အသက် ရှင်ကျန်ရစ်ခဲ့တဲ့ ရိုဟင်ဂျာမောင်နှမတွေနဲ့အတူတူ ရပ်တည်မလား၊ လူ့အခွင့်အရေးကို တူတူ ကာကွယ်ကြမလား ဆိုတာ ဒီနှစ်ခုထဲက တခုကိုရွေးချယ်ရပါလိမ့်မယ်၊ ကျနော့်အတွက် တော့ နိုင်ငံတကာရဲ့ဝေဖန်မှုကိုကြောက်နေမဲ့အစား ရိုဟင်ဂျာမောင်နှမတွေအတွက် တရားမျှတမှုကို ရရှိအောင် ဘာတွေ ဝိုင်းဝန်းလုပ်ဆောင်ပေးကြမလဲ ဆိုတာကို ပိုပြီးစဉ်းစားဖို့သင့်တယ်လို့ယူဆတယ်။
ICJရဲ့ ဆုံးဖြတ်ချက်ကရိုဟင်ဂျာမောင်နှမတွေအတွက်သမိုင်းဝင် အောင်မြင်မှုဖြစ်တယ်။ သူတို့ကြုံတွေ့ ခံစားနေ ရတဲ့ ထိခိုက်နာကျင်ရမှုတွေကို ကမ္ဘာကြီးက မမေ့ထားဘူး၊ လူသားဆန်မှုတွေက မမေ့ထားဘူးဆိုတာ နားလည် တယ်။ ဒါက တရားမျှတမှုကြီးတစုံလုံးကို ရသွားတာမဟုတ်ဘဲနဲ့ အရေးကြီးတဲ့တရားမျှတမှုခရီးစဉ်ကို ဆက်ပြီး လျှောက် လှမ်းရတဲ့ ပထမဆုံးခြေလှမ်းတခုဖြစ်တယ်ဆိုတာ မြင်မိတယ်။ တရားမျှတမှုဆိုတာ တရားရုံးရဲ့ စီရင်ချက်တခုတည်းနဲ့ ပြီးသွားတာတော့မဟုတ်ဘူး။ ကျူးလွန်သူတွေကို အရေးယူပြီးတော့ အပြစ်ပေးတာ အသက်ရှင်ကျန်ရစ်သူတွေ၊ ကြုံတွေ့ခံစားရသူတွေအတွက် လျော်ကြေးတွေ၊ ပြန်လည်ကုစားတာ၊ သူတို့တွေ ဆုံးရှုံးခဲ့ရတဲ့ ပစ္စည်းတွေ၊ မြေယာ၊ အိုးအိမ်ပိုင်ဆိုင်ခွင့်၊ နိုင်ငံသားအခွင့်အရေးတွေ၊ လုံခြုံပြီးတော့ လူ့ဂုဏ်သိက္ခာ ရှိရှိနဲ့ နေရပ်ပြန်နိုင်ရေးတွေ အလားတူ ထပ်မံကျူးလွန်မှုတွေ မဖြစ်စေဖို့အာမခံချက်တွေလည်း အများကြီး လိုပါတယ်။
ကိုယ်တိုင်က ကွီယာ ဖီးမနစ်တဦးလို့ ခံယူတဲ့အတွက် အထူးအလေးပေးစေချင်တာတရားမျှတမှု လုပ်ငန်းစဥ်တွေ မှာ ရိုဟင်ဂျာ LGBTQ+ လူပုဂ္ဂိုလ်တွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းသူတွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးသူ တွေ ကို ချန်လှပ်ထားလို့မရဘူး။ သူတို့တွေပါဝင်အောင် ဦးစားပေးပြီးတော့မှ အောင်မြင်မှုရရှိဖို့ တရားမျှတမှုကို အဆုံးသတ်ရရှိဖို့ ဦးစားပေးကြည့်ရမယ်ဆိုတာ သတိပေးချင်ပါတယ်။ LGBTQ+ တွေရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ဂျဲန်ဒါ အခြေပြုအကြမ်းဖက်မှုကနေ ကာကွယ်ခွင့်ရပိုင်ရေး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တရားမျှတမှု ရှိရေးအတွက် အစီအစဉ်အများကြီးလိုအပ်ပါတယ်။
နောက်ဆုံးအနေနဲ့ နိုင်ငံရဲ့နာမည် သမိုင်း၊ ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး ဘာတွေထိခိုက်မလဲဆိုတာပြောရရင် ကျနော် တို့ မေးသင့်တဲ့မေးခွန်းက ICJရဲ့ဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာဘယ်လောက်ထိခိုက်သွားမှာလဲ၊ မြန်မာနိုင်ငံရဲ့ပြည်သူပြည်သားတွေ ဘယ်လိုအမြင်ခံရမှာလဲဆိုတာထက် တကယ်ထိခိုက်ကြုံတွေ့ခံစားရတဲ့ ရိုဟင်ဂျာ ညီအကိုမောင်နှမတွေ လူ့ဂုဏ်သိက္ခာနဲ့လူ့အခွင့်အရေးကို ပြန်ပြီးတော့အသိအမှတ်ပြုကြမလဲ ဘယ်လို ဝိုင်းဝန်းပြီးတော့ ကာကွယ်ကြမလဲ ဆိုတာဖြစ်သင့်တယ်လို့တော့ထင်တယ်။ နိုင်ငံရဲ့ဂုဏ်သိက္ခာက သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အားလုံးဝိုင်းဝန်းပြီးဖုံးကွယ်ထားတယ်၊ အားလုံးကငြင်းဆိုထားခဲ့တယ်ဆိုတာ အပေါ် မတည်ဆောက်သင့်ဘူး။ အမှန်တရားကို လက်ခံမှု၊ တာဝန်ယူမှုတွေ နစ်နာကြုံတွေ့ခံစားရသူတွေအတွက် တရားမျှတမှုကိုဖော်ဆောင်ပေးမှုတွေ အပေါ်မှာ တည်ဆောက်သင့်တယ်။
ပြည်ပရောက်နိုင်ငံသားတဦးအနေနဲ့ ကျနော်စိုးရိမ်တာက နိုင်ငံရဲ့ပုံရိပ်တွေ၊ နာမည်တွေပျက်သွားမှာထက် တကမ္ဘာလုံးမှာ ပထမဦးဆုံး ဂျီနိုဆိုက်ကျူးလွန်ပါတယ်လို့အမိန့်ချခံရတဲ့ သမိုင်းကနေ ဘာမှ မသင်ယူဘဲနဲ့ တူညီတဲ့ ဖိနှိပ်မှုတွေ တူညီတဲ့ ကျူးလွန်မှုတွေကို နောက်ထပ်တကြိမ်ထပ်လုပ်မိမှာကို ပိုပြီးတော့ စိုးရိမ်သင့်တယ်လို့ သတိပေးချင်ပါတယ်။
မဝတ်ရည်ချမ်းမြေ့
CDM Student
ကျမအနေနဲ့ ဒီစီရင်ချက်ကို တရားမျှတမှုအတွက် အရေးကြီးတဲ့ ခြေလှမ်းတခုလို့ မြင်ပါတယ်။ ရိုဟင်ဂျာတွေ ဟာ နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံခံခဲ့ရပြီး အသက်အိုးအိမ်၊ မိသားစုနဲ့ နေရပ်တွေ ဆုံးရှုံးခဲ့ရတယ်။ ဒါပေမဲ့ ကျမတို့ သတိပြုရမှာက စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေဟာ ၂၀၁၇ခုနှစ်မှာပဲ ရပ်တန့်သွားခဲ့တာ မဟုတ်ပါဘူး။ လက်ရှိ အချိန်ထိလည်း မြန်မာနိုင်ငံတဝှမ်းလုံးမှာ အပြစ်မဲ့တဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက် ခိုက်မှုတွေ၊ နေအိမ်နဲ့ အရပ်ဘက်အဆောက်အအုံတွေ ဆေးရုံ၊ စာသင်ကျောင်းတွေကို တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေပါတယ်။
ဒါကြောင့် ICJ စီရင်ချက်ဟာ အတိတ်ကဖြစ်ရပ်တခုအတွက် တရားမျှတမှု ဖော်ဆောင်ခြင်းသာမက လက်ရှိ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက်ပါ တာဝန်ခံမှု ရှိလာဖို့ နိုင်ငံတကာကို သတိပေးနေတဲ့ အရေးကြီးတဲ့ အချက် တခုလို့ မြင်ပါတယ်။ အနာကျင်ရဆုံးက အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရပ်တွေအတွက် အပြစ်မဲ့တဲ့ ပြည်သူတွေ အထူးသဖြင့် ကလေးငယ်တွေနဲ့ လူငယ်တွေက နောက်ဆက်တွဲအကျိုးဆက်တွေကို ခံစားနေရ တာပါ။
လက်ရှိမှာလည်း အရပ်သားပြည်သူတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ရေး ပဋိပက္ခတွေရဲ့ တိုက်ရိုက်သားကောင်တွေ ဖြစ်နေကြပါတယ်။ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ နေအိမ်တွေပါ လုံခြုံမှု မရှိတော့ပါဘူး။ ကျမတို့မျိုးဆက်ဟာ ပညာရေး၊ စီးပွားရေးနဲ့ အနာဂတ်အခွင့်အလမ်းတွေ ဆုံးရှုံးနေရသလို ဒီအကျိုးဆက်တွေဟာ နောင်လာမယ့်မျိုးဆက်တွေအထိ ရောက်ရှိသွားနိုင်ပါတယ်။ ကျမတို့ဟာ ကိုယ်တိုင် မကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေရဲ့ အကျိုးဆက်ကို ခံစားနေရတဲ့ မျိုးဆက်တခုပါ။ ဒါပေမဲ့ အဲ့ဒီအတွက် တနိုင်ငံလုံးကို အပြစ်ရှိသူတွေလို့ သတ်မှတ်လို့မရပါဘူး။ အမှန်တကယ် ကျူးလွန်ခဲ့တဲ့သူတွေကသာ ပြစ်ဒဏ် ကျခံသင့်တာပါ။
မြန်မာနိုင်ငံရဲ့ ဒီအခြေအနေ နောက်ဆက်တွဲတွေကြောင့် ပြည်ပရောက်မြန်မာပြည်သားအားလုံးဟာ အစစ အရာရာမှာ အကုန်ကြပ်တည်းကုန်ကြပါတယ်။ အဓိက ပြောချင်တာကတော့ ပတ်စပို့ကိစ္စတွေမှာ တိုက်ရိုက် သက်ရောက်လာတယ်။ အလုပ်သမားတွေအပါအဝင် ပြည်ပရောက်မြန်မာပြည်သားတွေဟာ Daily Politics ကို နေ့စဉ်နဲ့ အမျှ ခံစားနေကြတာမျိုးကို ကြည့်မယ်ဆိုရင် တရက်ပြီးတရက် ဆိုးရွားတဲ့ အခြေအနေတွေကို မျက်ဝါး ထင်ထင် ကြုံတွေ့နေရတာပေါ့။ နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ်နဲ့ပတ်သက်ပြီး အထင်အမြင်လွဲမှားမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံသားဖြစ်တာနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ် အတွက် တာဝန်ရှိတာမဟုတ်ပါဘူး။
တကယ်တော့ မြန်မာပြည်သူတွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို ကိုယ်တိုင်ခံစားနေရသူတွေ ဖြစ်ပါတယ်။ ပြည်ပရောက်မြန်မာပြည်သူတွေအနေနဲ့လည်း နိုင်ငံတကာကို ကိုယ့်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ပြောပြပြီး အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ ရပ်တန့်ဖို့ အသံထုတ်ပေးနေကြ ပါတယ်။ မြန်မာနိုင်ငံကို လူ့အခွင့်အရေးချိူးဖောက်မှုတွေ၊ စစ်အာဏာရှင်စနစ်တွေနဲ့ပဲ ကမ္ဘာက မှတ်မိသွားမှာ ကိုတော့ စိုးရိမ်မိတယ်။ အထူးသဖြင့် အတိတ်က ရိုဟင်ဂျာလူမျိုးတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ လက်ရှိ အချိန်ထိ နိုင်ငံအနှံ့အပြားမှာ အရပ်သားပြည်သူတွေအပေါ်ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်မှု တွေဟာ နိုင်ငံရဲ့သမိုင်းအပေါ် ကြီးမားတဲ့ အမာရွတ်တွေ ဖြစ်နေပါတယ်။ ဒါပေမဲ့ နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ အုပ်ချုပ် နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တူညီနေတာတော့ မဟုတ်ပါဘူး။ အမှန်တရားကို လက်ခံခြင်း၊ ကျူးလွန်သူတွေကို တာဝန်ခံစေခြင်းနဲ့ လူမျိုးဘာသာမခွဲခြားတဲ့ လူ့အဖွဲ့အစည်းတခုတည်ဆောက်ခြင်းကသာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်နိုင်မှာပါ။
ကျမကတော့ မြန်မာနိုင်ငံမှာ မွေးဖွားလာခဲ့တဲ့အတွက် အမြဲဂုဏ်ယူပါတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေအတွက်လည်း နာကျင်ရပါတယ်။ ကျမတို့ဟာ ကျူးလွန်သူတွေရှိတဲ့နိုင်ငံက နိုင်ငံသားဖြစ်နေပေမယ့် ကျူးလွန်သူတွေမဟုတ်ပါဘူး။ တကယ်တော့ ကျမတို့ကိုယ်တိုင်လည်း စစ်ကောင်စီရဲ့ ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုတွေကို ခံစားနေရသူတွေပါ။ ဒီနေ့အချိန်အထိ အပြစ်မရှိတဲ့ အရပ်သားပြည်သူတွေ ကလေး တွေ အမျိုးသမီးတွေဟာ ကိုယ့်အိမ်ထဲမှာတောင် လုံလုံခြုံခြုံမနေနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရ ပါတယ်။ ကျမတို့ တိုင်းပြည်မှာ အချိန်နဲ့အမျှ စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေးဒုက္ခတွေလည်း အများကြီး ရှိနေပါတယ်။
ကျမတို့လိုချင်တဲ့နိုင်ငံဟာ ဘယ်သူတဦးတယောက်ကိုမှ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးအမြင်တွေကြောင့် ပစ်မှတ်ထား အကြမ်းဖက်ခြင်းမရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံကို ချစ်တယ်ဆိုတာ အမှားတွေကို ကာကွယ်ပေးတာမဟုတ်ဘဲ အမှန်တရားကို ရင်ဆိုင်ပြီး တရားမျှတမှုအတွက် ရပ်တည်တာလို့ ကျမ ယုံကြည်ပါ တယ်။
မခင်ပြည့်ဝ
CDM Student
ကောက်စာ – ကျမတို့ နိုင်ငံမှာ ရိုဟင်ဂျာတွေအပြင် စစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို လူတိုင်းအပေါ်မှာ ကျူးလွန်နေတာဖြစ်တဲ့အတွက် ဒါတွေကို အမြစ်ဖြတ် တော်လှန်သွားဖို့ လိုအပ်တယ်။
ကျမတို့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးတွေနဲ့ ပတ်သက်ပြီး ICJ ဘက်က အခုလို မြန်မာနိုင်ငံအပေါ် စီရင်ချက် ချလိုက်တာဟာ တရားမျှတမှုအတွက် ပထမဆုံး ခြေလှမ်းလို့ မြင်မိတယ်။ ရိုဟင်ဂျာ လူမျိုးတွေဟာ နှစ်ပေါင်း များစွာ ကြာတဲ့အထိ ခွဲခြားဆက်ဆံမှုတွေကို ကြုံတွေ့ခံစားခဲ့ရပြီး သူတို့ရဲ့ အခြေခံ ရပိုင်ခွင့်တွေကို ဆုံးရှုံးခဲ့ရတာ ကျမတို့ မျက်မြင်ပါပဲ။ အခု ဒီလို စီရင်ချက် ချလိုက်တဲ့အပေါ် ပထမခြေလှမ်းအစလို့မြင်ဖို့ လိုပါတယ်။ ကျမတို့ နိုင်ငံမှာ ရိုဟင်ဂျာတွေအပြင် စစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို လူတိုင်းအပေါ်မှာ ကျူးလွန်နေတာ ဖြစ်တဲ့အတွက် ဒါတွေကို အမြစ်ဖြတ် တော်လှန်သွားဖို့ လိုအပ်တယ်။ ဒီလိုဖြစ်ဖို့ဆိုရင် ကျမတို့ ပြည်သူလူထု အကုန်လုံး၊ လူမျိုးစု အကုန်လုံး ပါဝင် တော်လှန်သွားဖို့ လိုအပ်ပါတယ်။
စစ်တပ်ရဲ့ ဆိုးမွေကို ကျမတို့ လူထုတွေ ခံစားလာခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒါတွေကို ကြည့်ရင် ကျမတို့ ဟာ မျိုးဆက်ပေါင်းများစွာ ကြုံတွေ့ခံစားလာရတာ မျက်မြင်ပါပဲ။ ကျမတို့နိုင်ငံမှာ အခုလက်ရှိအခြေအနေနဲ့ ယှဉ်ထိုးပြီး ပြောရရင် နောက်ဆက်တွဲ ခံစားရမယ့်အခြေအနေတွေ အများကြီးပဲ ကြုံလာရလိမ့်ဦးမယ်။ တနှစ်ပြီး တနှစ် ပိုခက်ခဲတဲ့ အရာတွေကို မြင်လာရလိမ့်မယ်။ ဒီလိုနောက်ဆက်တွဲဆိုးကျိုးတွေ နည်းနိုင်သမျှ နည်းသွား အောင်၊ ဖြစ်နိုင်မယ်ဆိုရင်အပြီးတိုင် ပပျောက်သွားအောင် လူထုရဲ့ စည်းလုံးပါဝင်နိုင်မှုက အင်မတန်မှ အရေးကြီး မယ်လို့ထင်ပါတယ်။
ဒီအခြေအနေက အစတည်းက ကြုံတွေ့နေရပြီးသား ဖြစ်တယ်။ ဒီအခြေအနေကြောင့် ကျမတို့ ကြုံရမဲ့ အရာ နှစ်ခု တော့ မြင်တယ်။ အာဏာသိမ်းစစ်အုပ်စုဘက်က ပိုပြီးတင်းကြပ်လာမယ့်အခြေအနေက တခု၊ မြန်မာ ပတ်စပို့ ကိုင်ဆောင်ထားတဲ့ ပြည်သူလူထုတွေ နိုင်ငံတကာမှာ ပိုပြီး အထင်အမြင်သေးခံရမယ့် အခြေအနေက တခုပေါ့။ ဒါဟာ ကျမတို့ လက်မခံချင်လည်း လက်ခံရတော့မယ့်အခြေအနေလို့ မြင်မိပါတယ်။ နောက် ရွှေ့ပြောင်းလုပ်သားတွေအပေါ် တိုက်ရိုက်ထိလာမှာက မိသားစုလွှဲငွေ ကိစ္စတွေ၊ CI စာအုပ် ပြုလုပ်ရေးတွေမှာ ပိုပြီး ကြပ်တည်းလာ မယ်ထင်တယ်။ ပြည်ပမှာ ရောက်ရှိနေကြတဲ့ ပြည်သူတွေ အားလုံးအပေါ် အဘက်ဘက် ကနေ ဖိနှိပ်မှုတွေ တိုက်ရိုက်အားဖြင့်ရော သွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့ပါ ရိုက်ခတ်မှုတွေ ရှိလာမယ်ထင်တယ်။
ကျမတို့ မြန်မာနိုင်ငံဟာ အာဏာသိမ်းပြီးစတည်းက အရာရာ ဖိနှိပ်ခံရပြီးသားကိုမှ အခုက ကျမတို့ နိုင်ငံတကာ အလယ်မှာ ပိုပြီး မျက်နှာငယ်ရတော့မယ့် အခြေအနေမှာ ရောက်သွားတာပေါ့။ ဒီလိုဖြစ်ရပ်မျိုးတွေကို ကမ္ဘာက တသမတ်တည်း ဒီပုံစံအတိုင်းမြင်သွားမှာကို စိုးရိမ်မိပါတယ်။ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ နာမည်ကို ပြန်လည် အဖတ်ဆယ်ဖို့အတွက် ကျမတို့နိုင်ငံမှာ ကြုံနေရတဲ့ စစ်ပွဲတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှု တွေကို မှတ်တမ်းတင်ထားဖို့လိုအပ်တယ်။ သက်သေအချက်အလက်တွေ သေချာအောင် စုဆောင်းထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကျမတို့ နိုင်ငံရဲ့ အခြေအနေတွေကို နိုင်ငံတကာမှာ အခြေအနေအမှန်အတိုင်းသိထားဖို့ လိုအပ်တယ်။ နိုင်ငံရဲ့ လူမှုအသိုက်အဝန်း၊ လူ့အဖွဲ့အစည်းနဲ့ တိုင်းရင်းသားလူမျိုးစု အားလုံး ပူးပေါင်းပါဝင်မှပဲ ကျမတို့ နိုင်ငံရဲ့ အနေအထားကို ပြန်လည်တည့်မတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုကျူးလွန်သူတွေ ရှိနေတဲ့ နိုင်ငံမှာ မွေးဖွားလာရတဲ့အတွက် သိမ်ငယ်ရတာတွေ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရတာတွေ အများကြီးကြုံရတယ်။ ဒီကျူးလွန်မှုတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်။ အာဏာသိမ်းစစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ အတွက် အပြည့်အဝ တာဝန်ခံရမှာဖြစ်တယ်။ ဒီလိုကျူးလွန်မှုတွေကို ကမ္ဘာက သိထားဖို့ လိုအပ်တဲ့အတွက် ကျမတို့တွေ အသံထွက်ဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ ကျမမှာ မြန်မာနိုင်ငံသားတယောက်အနေနဲ့ မွေးဖွားလာရတာကို ကျေနပ်တယ်။ မြန်မာစာပေဘာသာ စကားကို ချစ်မြတ်နိုးသူ တယောက်အနေနဲ့ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို တန်ဖိုးထားတယ်။ ကျမတို့နိုင်ငံဟာ ဟိုးအရင်ကတည်းက သဘာဝသယံဇာတ အရင်းအမြစ်တွေ ပေါကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တဲ့အလျောက် ကျမတို့တိုင်းပြည်မှာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တာဆိုတော့ ဒီအခြေအနေကို ပြန်လည် ရောက်ရှိဖို့ ကျမတို့ ရောက်တဲ့နေရာကနေ တတ်နိုင်တဲ့ စွမ်းအားနဲ့ အားတက်သရော ပါဝင်သွားဖို့ လိုအပ်တယ်။ အဆုံးထိလဲ ဆက်လက် ပါဝင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
နန်းပပထွန်း
ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူ
ဒါက အင်မတန်မှ မတရားသလို ခံစားရပေမဲ့ နိုင်ငံတကာ ဥပဒေစနစ်အရ ရှောင်လွှဲလို့မရတဲ့ လက်တွေ့အမှန် တရားပါ။ စစ်တပ်ဆိုတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတခုရဲ့ အာဏာရှင်ဆန်ဆန် ကျူးလွန်မှုတွေကြောင့် ဘာမှ မသိနားမလည်တဲ့ ပြည်သူတွေနဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေကပါ ‘လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ နိုင်ငံသား’ ဆိုတဲ့ သမိုင်းတံဆိပ်ကပ်ခံရတာဟာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကြီးပါ။
ကျမတို့ တိုင်းရင်းသားဒေသတွေမှာလည်း ဒီစစ်တပ်ရဲ့ ဖိနှိပ်မှုကို ဆယ်စုနှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရတာပါ။ အခုတော့ သူတို့လုပ်ခဲ့တဲ့ အပြစ်ကြွေးကို ကျမတို့ ပြည်သူတစ်ရပ်လုံးက မျက်နှာငယ်စွာနဲ့ ဝိုင်းပြီး ပေးဆပ်နေရ တဲ့ အခြေအနေ ဖြစ်နေတယ်။
ဂုဏ်သိက္ခာပိုင်းအရ ပြောရရင် မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကိုင်ဆောင်ထားရုံနဲ့ ကမ္ဘာ့အလယ်မှာ ခေါင်းမော့ရဲဖို့ ခက်ခဲသွားပါလိမ့်မယ်။ ‘လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ နိုင်ငံက လာတဲ့သူ’ ဆိုတဲ့ အကြည့်တွေ၊ သံသယတွေကို လူငယ်တွေ ခံစားရပါမယ်။ လက်တွေ့ဘဝမှာလည်း နိုင်ငံတကာ ပညာသင်ဆု (Scholarship) လျှောက်ထားတာတွေ၊ ပြည်ပထွက်ပြီး အလုပ်အကိုင် ရှာဖွေတာတွေနဲ့ နိုင်ငံတကာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ မှာ အကြီးအကျယ် ကန့်သတ်ပိတ်ဆို့ခံရနိုင်ပါတယ်။ တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျ လေလေ၊ အခြေခံပြည်သူ တွေနဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေရဲ့ ဘဝလုံခြုံရေးက ပိုပြီး ဆိုးရွားလေလေ ဖြစ်လာမှာပါ။
ကျမတို့ ပြည်သူတွေဘက်က အမှန်တရားကို ရဲရဲဝံ့ဝံ့ လက်ခံဖို့ လိုပါတယ်။
‘ငါတို့ လူမျိုး၊ ငါတို့ နိုင်ငံ’ ဆိုတဲ့ အမျိုးသားရေး အစွန်းရောက် အမြင်တွေကို ဖယ်ရှားပြီး စစ်တပ်ရဲ့ လုပ်ရပ်ဟာ မှားယွင်းကြောင်း ပြတ်ပြတ်သားသား ဆန့်ကျင်ရပ်တည်ပြရပါမယ်။ ကျူးလွန်ခံရသူတွေဘက်ကနေ စာနာစိတ် အပြည့်နဲ့ ရပ်တည်ပေးခြင်း၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional Justice) ကို ဖော်ဆောင်ဖို့ ကြိုးပမ်းခြင်းကသာ ကမ္ဘာ့အလယ် မှာ ကျမတို့ ပြည်သူတွေဟာ စစ်အာဏာရှင်တွေနဲ့ တသားတည်း မဟုတ်ဘူးဆိုတာကို သက်သေပြနိုင်မှာပါ။
ကျမက ရိုဟင်ဂျာအမျိုးသမီး မဟုတ်ပေမဲ့ တိုင်းရင်းသူ အမျိုးသမီးတယောက်အနေနဲ့ ဒီအမိန့်အပေါ်မှာ လေးလေးနက်နက် စာနာခံစားမိပါတယ်။ စစ်ပွဲနဲ့ ပဋိပက္ခတိုင်းမှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို စစ်လက်နက် သဖွယ် အသုံးချပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေဟာ ရှမ်းပြည်မှာရော၊ ရခိုင်ပြည်မှာပါ အတူတူပါပဲ။
ဒီအမိန့်ဟာ ရိုဟင်ဂျာအမျိုးသမီးတွေ ခံစားခဲ့ရတဲ့ မဖော်ပြနိုင်လောက်တဲ့ နာကျင်မှုတွေကို ကမ္ဘာက အသိအမှတ် ပြုလိုက်တာ ဖြစ်တဲ့အတွက် တရားမျှတမှုရဲ့ ပထမဆုံး ခြေလှမ်းလို့ မြင်တယ်။ ဒါပေမဲ့ စာရွက်ပေါ်က အမိန့် တခုတည်းနဲ့ မလုံလောက်ပါဘူး။ တကယ်တမ်း ကျူးလွန်ခဲ့သူတွေကို လက်တွေ့ အပြစ်ပေးနိုင်မှသာ သူတို့ အတွက် စစ်မှန်တဲ့ တရားမျှတမှု ဖြစ်လာမှာပါ။
အစိုးရိမ်ဆုံးကတော့ မြန်မာဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ ငြိမ်းချမ်းရေး၊ ယဉ်ကျေးမှုတွေထက် ‘သွေးချောင်း စီးမှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု’ ဆိုတဲ့ ပုံရိပ်ဆိုးကြီးက သမိုင်းစာမျက်နှာပေါ်မှာ အမည်းစက်ကြီးအဖြစ် ထာဝရ စွန်းထင်းကျန်ရစ်မှာကိုပါ။ နောင်နှစ်ပေါင်းရာချီ ကြာတဲ့အထိ ကမ္ဘာ့သမိုင်းသင်ခန်းစာတွေထဲမှာ ကျမတို့ နိုင်ငံရဲ့ နာမည်ဟာ အဆိုးရွားဆုံး ဥပမာတခုအဖြစ် ပါဝင်နေမှာကို စိုးရိမ်မိတယ်။
ကျူးလွန်သူတွေနဲ့ တနိုင်ငံတည်းမှာ အတူမွေးဖွားလာရတဲ့အတွက် ရှက်ရွံ့မိသလို နာကြည်းမိပါတယ်။ ဒါပေမဲ့ ကျမတို့ ပြည်သူတွေဟာ ကျူးလွန်သူတွေ မဟုတ်သလို၊ အဲဒီစစ်အာဏာရှင်တွေရဲ့ သားကောင်တွေပဲ ဖြစ်တယ်။ ကျမ ပြောချင်တာကတော့ ဘယ်လူမျိုး၊ ဘယ်ဘာသာပဲ ဖြစ်ဖြစ် လူသားချင်း စာနာစိတ်နဲ့ အတူတကွ ရပ်တည်ပြီး ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို အမြစ်ဖြတ်နိုင်မှသာ ကျမတို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆယ်နိုင်မှာပါ။










