အမေရိကန်ရွေးကောက်ပွဲရလဒ်နှင့် မြန်မာ့အရေးအပေါ် လူငယ်အမျိုးသမီးများ၏ အမြင်
ခင်ဘုန်းမို့ စုစည်းတင်ဆက်သည်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်မှာ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတသက်တမ်းဝက် ကြားဖြတ် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ၂ရပ်လုံးမှာ အနိုင်ရရှိခဲ့ပါတယ်။
သမ္မတဒေါ်နယ်ထရမ့် အာဏာရလာပြီးနောက် အမေရိကန်အစိုးရရဲ့ မူဝါဒအပြောင်းအလဲတွေကြောင့် နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီ အစီအစဉ်တွေ လျှော့ချခံခဲ့ရသလို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများအပြားအပေါ်လည်း သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
အခုလို လွှတ်တော် ၂ရပ်လုံးမှာ ဒီမိုကရက်တစ်ပါတီ အနိုင်ရရှိခဲ့တဲ့အတွက် ထရမ့်အစိုးရရဲ့ မူဝါဒတွေကို လွှတ်တော်ကနေ ထိန်းကျောင်းနိုင်မယ့် အခွင့်အလမ်းတွေ ပိုမိုရရှိလာနိုင်ပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပေါ်မှာလည်း ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။
တဖက်မှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ ပေါင်းစပ်မဟာဗျူဟာ စာတမ်း (Integrated Country Strategy) ကို အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာတမ်းမှာ ၂၀၃၀ ပြည့်နှစ်မတိုင်မီ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တရပ် ရရှိနိုင်ရေးအတွက် အပစ်အခတ်ရပ်စဲရေးနဲ့ ဆွေးနွေးပွဲတွေကို အားပေးဖို့၊ အမေရိကန်ရဲ့ စီးပွားရေး အခွင့်အလမ်းနဲ့ သြဇာလွှမ်းမိုးမှု တိုးမြှင့်ဖို့၊ မြေရှားသတ္တုရင်းမြစ်တွေဆီ ဝင်ရောက်နိုင်ရေး အခွင့်အလမ်းဖန်တီးဖို့နဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ စတဲ့ ရည်မှန်းချက်တွေ ပါဝင်ပါတယ်။
ဒီလို အမေရိကန်နိုင်ငံရေးအပြောင်းအလဲနဲ့ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာအသစ်တွေကြားမှာ မြန်မာ့အရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်သလဲ။ အမျိုးသမီးအခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက် ဘယ်လိုမျှော်လင့်ချက်တွေ၊ စိုးရိမ်မှုတွေ ရှိနေကြသလဲတဲ့ မြန်မာလူငယ် အမျိုးသမီးတွေရဲ့ အမြင်အမျိုးမျိုးကို HI – Honest Information စုစည်းဖော်ပြလိုက်ပါတယ်။
မမေသူ
Program Coordinator
ကောက်စာ – အမေရိကန်နိုင်ငံရဲ့ မူဝါဒအပြောင်းအလဲတိုင်းကို မြန်မာနိုင်ငံအတွက် အကောင်းဘက်၊ အဆိုးဘက်ဆိုပြီး ချက်ချင်းသတ်မှတ်ဖို့ မသင့်ဘူးလို့ မြင်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်တွေဟာ အမေရိကန်ပြည်သူတွေအပေါ်သာမက နိုင်ငံတကာ ဆက်ဆံရေးနဲ့ မြန်မာ့အရေးအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်ပါတယ်။ အထူးသဖြင့် အမေရိကန် နိုင်ငံခြားရေးမူဝါဒမှာ နိုင်ငံတော်လုံခြုံရေး၊ စီးပွားရေးအကျိုးစီးပွားနဲ့ ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုတွေကို ပိုမိုဦးစားပေးလာတဲ့အခါ မြန်မာ့ဒီမိုကရေစီအရေး၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ ဒီနေရာမှာ အမေရိကန်နိုင်ငံရဲ့ မူဝါဒအပြောင်းအလဲတိုင်းကို မြန်မာနိုင်ငံအတွက် အကောင်းဘက်၊ အဆိုးဘက်ဆိုပြီး ချက်ချင်းသတ်မှတ်ဖို့ မသင့်ဘူးလို့ မြင်ပါတယ်။ ဘယ်လိုမူဝါဒ တွေကို လက်တွေ့ အကောင်အထည်ဖော်သလဲ၊ ဘယ်လိုအကူအညီတွေ ဆက်လက်ပေးအပ်သလဲ၊ ဘယ်လိုသံတမန်ရေး ဖိအားတွေ အသုံးပြုသလဲဆိုတာကို စောင့်ကြည့်သုံးသပ်ဖို့ လိုပါတယ်။
ကျမအတွက် အရေးကြီးဆုံးကတော့ အမေရိကန်မှာ ဘယ်ပါတီ အာဏာရသလဲဆိုတာထက် မြန်မာပြည်သူတွေရဲ့ လုံခြုံရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအနာဂတ်အတွက် လက်တွေ့ကျတဲ့ အထောက်အပံ့တွေ ဆက်လက်ရှိနေဖို့ ဖြစ်ပါတယ်။
လွှတ်တော်အသစ်အနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ၊ ဒီမိုကရေစီအရေးအတွက် ရန်ပုံငွေတွေ၊ စစ်တပ်နဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေအပေါ် အရေးယူ ပိတ်ဆို့ မှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ စစ်ဆေးကြီးကြပ်မှုတွေကို ပိုမိုဆွေးနွေးနိုင်တဲ့ အခွင့်အလမ်း ရှိလာနိုင်ပါတယ်။
ဒါပေမယ့် သမ္မတရဲ့ ဗီတိုအာဏာ၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နဲ့ ဘတ်ဂျက်ဆိုင်ရာ ညှိနှိုင်းမှုတွေ ကလည်း အရေးပါနေဆဲဖြစ်ပါတယ်။ ကျမမျှော်လင့်တာကတော့ မြန်မာ့အရေးကို အမေရိကန်နိုင်ငံရဲ့ ပါတီ နိုင်ငံရေးအပြိုင်အဆိုင်ထက် ကျော်လွန်ပြီး လူသားချင်းစာနာထောက်ထားမှုနဲ့ အခြေခံ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတခုအဖြစ် ၂ပါတီစလုံးက ဆက်လက်ဆွေးနွေးနိုင်ဖို့ ဖြစ်ပါတယ်။
နိုင်ငံတကာမူဝါဒတွေမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အလေးပေးမှု လျော့နည်းသွားမယ်ဆိုရင် အမျိုးသမီးဦးဆောင်တဲ့ အဖွဲ့အစည်းတွေအတွက်ရန်ပုံငွေ၊ နည်းပညာအကူအညီ၊ခေါင်းဆောင်မှု သင်တန်းနဲ့ နိုင်ငံတကာဆက်သွယ်ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ ထိခိုက်လာနိုင်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အမျိုးသမီးတွေကို ဆုံးဖြတ်ချက်ချမှတ်တဲ့ စားပွဲဝိုင်းမှာ ပါဝင်ခွင့်မပေးဘဲ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်မယ်ဆိုတာ ကိုယ်စားပြုမှုနဲ့ တန်းတူညီမျှမှု အပိုင်းမှာ အားနည်းချက်ရှိနေမှာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အရေးလှုပ်ရှားမှုတွေဟာ နိုင်ငံတကာမှာ လုံးဝလျစ်လျူရှုခံလိုက်ရပြီလို့ ပြောဖို့တော့ စောပါသေးတယ်။ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေက ဆက်လက်ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာအာရုံစိုက်မှု၊ ဘတ်ဂျက်နဲ့ သံတမန်ရေးဦးစားပေးမှုတွေ ပြောင်းလဲသွားတဲ့အခါ မြေပြင်မှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။
နိုင်ငံတကာအထောက်အပံ့တွေ လျော့နည်းသွားမယ်ဆိုရင် စစ်ကောင်စီက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကျူးလွန်မှုတွေအတွက် တရားမျှတမှုရှာဖွေတဲ့ လုပ်ငန်းစဉ်တွေ ပိုမိုခက်ခဲလာနိုင်ပါတယ်။ အထူးသဖြင့် ကျူးလွန်ခံရသူတွေအတွက် လုံခြုံတဲ့နေရာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနဲ့ ဥပဒေရေးရာအကူအညီတွေ ရရှိဖို့ အခက်အခဲတွေ ရှိလာနိုင် ပါတယ်။
အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာသစ်မှာ အမျိုးသမီးအခွင့်အရေးနဲ့ ဂျဲန်ဒါတန်းတူညီမျှမှု အတွက် သီးခြားရည်မှန်းချက် မတွေ့ရတာဟာ ကျမအနေနဲ့ အထူးသတိပြုမိတဲ့ မူဝါဒဆိုင်ရာ ကွာဟချက်တခု ဖြစ်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာ ထောက်ထားမှုနဲ့ ဒေသတွင်း တည်ငြိမ်ရေးကို ဆက်လက်အလေးထားဖော်ပြထားတာကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အမျိုးသမီးတွေဟာ ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရတဲ့ လူမှုအုပ်စုတခုသာ မဟုတ်ပါဘူး။ သူ တို့ဟာ လူမှုအသိုင်းအဝိုင်းတွေကို ဦးဆောင်နေသူတွေ၊ ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေမှာ ပါဝင်နေသူတွေနဲ့ နိုင်ငံရဲ့အနာဂတ်ကို ပုံဖော်နိုင်သူတွေလည်း ဖြစ်ကြပါတယ်။
ဒါကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးတဲ့အခါ အမျိုးသမီးနဲ့ မိန်းကလေးတွေရဲ့ သီးခြားလိုအပ်ချက်တွေကို ဘယ်လိုဖြည့်ဆည်းမလဲ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေ ဘယ်လိုပါဝင်ခွင့်ရမလဲ၊ အမျိုးသမီးဦးဆောင်တဲ့ အဖွဲ့အစည်းတွေကို ဘယ်လိုပံ့ပိုးမလဲဆိုတာတွေကို လည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
ကျမအမြင်အရတော့ မူဝါဒတစ်ခုရဲ့ အောင်မြင်မှုကို စီးပွားရေးသဘောတူညီချက် ဘယ်နှခုရရှိသလဲ၊ အပစ်အခတ်ရပ်စဲရေး ဘယ်နှစ်ခုရရှိသလဲဆိုတာနဲ့သာ တိုင်းတာလို့မရပါဘူး။ အဲဒီမူဝါဒကြောင့် သာမန် ပြည်သူတွေရဲ့ ဘဝမှာ ဘယ်လိုတိုးတက်မှုတွေ ရရှိလာသလဲ၊ အမျိုးသမီးနဲ့ လူငယ်တွေအတွက် ဘယ်လိုအခွင့်အလမ်းတွေ ဖန်တီးပေးနိုင်သလဲဆိုတာကိုလည်း ကြည့်ဖို့ လိုအပ်ပါတယ်။ အမျိုးသမီး တွေကို ငြိမ်းချမ်းရေးရဲ့ အကျိုးခံစားခွင့်ရှိသူတွေအဖြစ်သာမက ငြိမ်းချမ်းရေးကို ပုံဖော်နိုင်တဲ့ ခေါင်းဆောင်တွေအဖြစ် အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။
မဝေယမုံဖူး
ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခလေ့လာရေးဘာသာရပ် မဟာတန်းကျောင်းသူ
ကောက်စာ – အမေရိကန်ရဲ့ ကိုယ်ကျိုးစီးပွားရှေးရှုတဲ့မူဝါဒပြောင်းလဲရုံနဲ့တော့ မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ တန်းတူညီမျှရေးနဲ့ အခွင့်အရေး လှုပ်ရှားမှုတွေက နိုင်ငံတကာ မျက်နှာစာမှာ လျစ်လျူရှုမခံရပါဘူး။
အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲရလာဒ်က ထရမ့်အစိုးရအဖွဲ့သက်တမ်းကာလအတွင်းမှာတော့ မြန်မာ့အရေးအပေါ်ကြီးမားတဲ့ ရိုက်ခတ်မှုမရှိလာနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထရမ့်က သမ္မတဖြစ်ဆဲဖြစ်ပြီး သမ္မတယောက်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေရှိနေဆဲဖြစ်လို့ ထရမ့်ချမှတ်ထားတဲ့ မူဝါဒတွေကို အလွယ်တကူပြောင်းလဲလို့ရနိုင်မှာမဟုတ်သေးပါဘူး။
နောက်တချက်ကတော့ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ Democratic Party အနေနဲ့လည်း မြန်မာနိုင်ငံ အရေးထက် ဦးစားပေးပြီးဖြေရှင်းရမယ့် အရာတွေရှိပါတယ်။ ဥပမာ၊ သူတို့ရဲ့ ပြည်တွင်းရေး ပြဿနာတွေ၊ ပြည်သူလူထုကို ရွေးကောက်ပွဲမှာ ပေးထားတဲ့ ကတိကဝတ် အကောင်အထည်ဖော်မှု ဆိုင်ရာ ကိစ္စရပ်တွေ၊ သမ္မတနဲ့ လွှတ်တော်ကြားမှာ ပါတီမတူလို့ ဖြစ်လာမယ့် အငြင်းပွားမှုတွေကို ဖြေရှင်းရမှာတွေ စတာတွေကြောင့် အမေရိကန်ရဲ့ ရွေးကောက်ပွဲရလာဒ်က မြန်မာ့အရေးအပေါ် ရိုက်ခတ်မှုနည်းနိုင်ပါတယ်။
ပြောင်းလဲချမှတ်လိုက်တဲ့ မူဝါဒအရဆိုရင် ကုန်သွယ်မှုအပိုင်းကတော့ အများကြီးသက်ရောက်မှုရှိလာ မှာပါ။ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနဲ့ ကုန်သွယ်မှုပိုင်းဆိုင်ရာတွေကို ပြန်ပြီးလုပ်တော့မယ့် သဘောပါ။
အဲ့အတွက်လည်း တချို့ Sanction (ပိတ်ဆို့အရေးယူမှု) တွေကို ဖြေလျော့လာနိုင်ပါတယ်။ တချို့ Sanction (ပိတ်ဆို့အရေးယူမှု)တွေဆို ဒီမူဝါဒအသစ်မကြေငြာခင်ကတည်းက ဖြေလျော့ပြီးသား ဖြစ်နေပါပြီ။ ဒါကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် အမေရိကန်အနေနဲ့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လိုလားလို့ ဖြေလျော့ပေးတယ်၊ ဆက်ဆံရေး ပြန်လည်တည်ဆောက်တယ်လို့တော့ မမြင်ပါဘူး။ တကယ့်ဇာတ်ကောင်ကတော့ မြေရှားသတ္တုနဲ့ Scam Center (အွန်လိုင်းလိမ်လည်မှု) တွေဖြိုခွင်းရေးပါ။
တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံရေးအပေါ်အတိုင်းအတာတစ်ခုထိ လွှမ်းမိုးထားပြီး မြေရှားသတ္တုကိုပါ ရရှိနေတဲ့ အခြေအနေတွေကို အမေရိကန်ကသုံးသပ်ပြီး ဒီအချိန်မှာ မြန်မာနဲ့ ဆက်ဆံရေးပြန်လည် မတည်ဆောက်ဘဲ အချိန်သာထပ်စောင့်နေခဲ့ရင် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို တိုးမပေါက်တော့တဲ့ အချိန်ထိရောက်သွားမှာကို စိုးရိမ်တဲ့အတွက် အမေရိကန်အကျိုးအတွက် တွက်ချက်ပြီး ဆက်ဆံရေး ပြန်လည်တည်ဆောက်တယ်လို့မြင်ပါတယ်။
နောက်တခုကတော့ ငြိမ်းချမ်းရေးကိစ္စပေါ့နော်။ အားလုံးသိမြင်တဲ့အတိုင်းပဲ ထရမ့်ရဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ကြီးလုပ်ချင်တဲ့ ဆန္ဒက တော်တော်ကြီးပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ပြီး တကယ်အောင်မြင်သွားရင်လည်း သူ့အတွက်အကျိုးရလာဒ်ကကြီးမှာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းတွေကို လုပ်ဆောင်မယ်ဆိုပြီး မူဝါဒချမှတ်ခဲ့တာကတော့ မဆန်းပါဘူး။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ လုပ်ငန်းစဉ်တွေမှာ Actors (ပါဝင်ပတ်သက်သူတွေ) များတဲ့ အတွက် အခြားသော နိုင်ငံတွေ၊ ASEAN နိုင်ငံတွေပဲဖြစ်ဖြစ်၊ တရုတ်နိုင်ငံပဲဖြစ်ဖြစ် Actors အကုန်လုံး အပေါ်ကို နိုင်ငံရေးအရ လွှမ်းမိုးမှုမရှိပါဘူး။
ဥပမာ -တရုတ်နိုင်ငံဆိုရင်လည်း ထိစပ်နယ်မြေမှာရှိနေတဲ့ Actors တွေအပေါ် လွှမ်းမိုးမှုရှိနိုင်ပေမယ့် တခြားသော တောင်ပိုင်း၊ အနောက်ပိုင်းမှာရှိတဲ့ Actors တွေအပေါ်ကို လွှမ်းမိုးမှုမရှိနိုင်ပါဘူး။ ဆိုလို တာက မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အကျိုးတော်ဆောင်လုပ်မယ်ဆိုရင်တောင် တနိုင်ငံတည်းက လုပ်လို့မရဘူးဆိုတဲ့ အချက်ကို အမေရိကန်က နားလည်တဲ့အတွက် တရုတ်နဲ့ ဘက်မျှတဲ့ Power တည်ဆောက်နိုင်ဖို့အတွက်(မြန်မာ့မြေမှာ အင်အားပြိုင်မယ်လို့ မဆိုလိုပါ) မြန်မာ့ငြိမ်းချမ်းရေးကို တထောင့်နေရာကနေ ပါဝင်ကူညီတယ်လို့ သုံးသပ်ရပါတယ်။
ကျမအမြင်ကတော့ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခန်းကဏ္ဍဆိုတာ မူဝါဒမှာ ပါမှ၊ ထည့်မှ အကောင်အထည်ဖော်လို့ရတဲ့ ကိစ္စတွေမဟုတ်ပါဘူး။ အမေရိကန်ရဲ့ မဟာဗျူဟာမှာက သူ့အကျိုးစီးပွားကို တိုက်ရိုက်သက်ရောက်စေတဲ့အရေးကိစ္စတွေကိုပဲ ဦးစားပေးထားတာဖြစ်ပြီး လူ့အခွင့်အရေးနဲ့ အမျိုးသမီးကဏ္ဍကိုတော့ မြန်မာ့နိုင်ငံရေးအတွင်းစည်းထဲမှာပဲထားတဲ့ သဘောဖြစ်နိုင် ပါတယ်။ မဟာဗျူဟာအသစ်မှာ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခန်းကဏ္ဍ ထည့်သွင်းထားမှု နည်းတဲ့ အတွက် မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်တည်ဆောက်ရေးမှာ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခန်းကဏ္ဍကို ပိတ်ပင်ထားတယ်လို့ သတ်မှတ်လို့မရပါဘူး။ ဆိုလိုတာက မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်တည်ဆောက်ရေး မှာ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခန်းကဏ္ဍ မြှင့်တင်ဖို့က မြန်မာနိုင်ငံမှာရှိတဲ့ Stakeholder တွေ၊ လူ့အခွင့်အရေးဆိုင်ရာနဲ့ အမျိုးသမီးရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ အဓိက တာဝန်ပဲဖြစ်ပါတယ်။
အမေရိကန်ရဲ့ မဟာဗျူဟာအသစ်က မြန်မာ့လူအခွင့်အရေးနဲ့ အမျိုးသမီးအခန်းကဏ္ဍ မြှင့်တင်ဖို့ အတွက် တစိတ်တပိုင်းသက်ရောက်မှုရှိနိုင်ပေမယ့် တကယ့်လက်တွေ့ကျကျ ဆောင်ရွက်နိုင်ဖို့ကတော့ သက်ဆိုင်ရာအင်အားစုတွေရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ်မှာ အများကြီးမူတည်ပါတယ်။
အမေရိကန်ရဲ့ ကိုယ်ကျိုးစီးပွားရှေးရှုတဲ့မူဝါဒပြောင်းလဲရုံနဲ့တော့ မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ တန်းတူညီမျှရေးနဲ့ အခွင့်အရေး လှုပ်ရှားမှုတွေက နိုင်ငံတကာ မျက်နှာစာမှာ လျစ်လျူရှုမခံရပါဘူး။ နိုင်ငံတကာက အသိအမှတ်ပြုပြီးလေးစားရတဲ့ လူ့အခွင့်အရေးနဲ့ အမျိုးသမီးဆိုင်ရာ အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေကို နိုင်ငံတကာစာမျက်နှာနဲ့ စင်မြင့်တွေမှာတွေ့နေရတာက သက်သေပဲ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အမေရိကန်က အင်အားကြီးနိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ တန်းတူညီမျှရေးနဲ့ အခွင့်အရေး လှုပ်ရှားမှုတွေကို တရားဝင်ပံ့ပိုးကူညီရင်တော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့အမျိုးသမီးကဏ္ဍက အကျိုးကျေးဇူးတွေပိုပြီးများလာနိုင်တာပေါ့။ အဲ့ဒီတော့ အခုမဟာဗျူဟာအသစ်မှာတော့ လူ့အခွင့်အရေးနဲ့အမျိုးသမီးကဏ္ဍမြှင့်တင်မှုတွေမပါပေမယ့် နောက်ချမှတ်မယ့် မူဝါဒတွေမှာ ထည့်သွင်းနိုင်ဖို့ကို ဘယ်လိုနည်းနဲ့ချဉ်းကပ်ရမလဲဆိုတာ အခုကတည်းက စဉ်းစားထားဖို့ အရေးကြီးလာပါပြီ။
ထရမ့်အစိုးရ က တရုတ်ရဲ့ ဩဇာအာဏာကို မျှခြေညှိဖို့နဲ့ အကျိုးစီးပွားအတွက် မူဝါဒတွေချမှတ်သလို နောက်လာမယ့် သမ္မတတွေကလည်း အမေရိကန်ရဲ့ စံတန်ဖိုးတွေကို ထိန်းသိမ်းဖို့အတွက် လူ့အခွင့်အရေးနဲ့ အမျိုးသမီးကဏ္ဍတွေကိုမြှင့်တင်ဖို့အတွက် မူဝါဒတွေချမှတ်လာနိုင်ပါတယ်။ လွှတ်တော်ကို Democrat Party က လွှမ်းမိုးထားနိုင်ပြီဖြစ်တဲ့အတွက် နောက်လာမယ့် အစိုးရ သက်တမ်းမှာ ဒီလို အခန်းကဏ္ဍတွေကို တရားဝင်ပံ့ပိုးကူညီပေးဖို့အတွက် ကျမတို့ဘက်က အဆင်သင့် ပြင်ထားဖို့ လိုအပ်ပါတယ်။
နောက်ပြီးလူ့အခွင့်အရေးနဲ့ အမျိုးသမီးအခန်းကဏ္ဍတွေက အမေရိကန်ရဲ့ စံတန်ဖိုးတွေကအရေးကြီးတဲ့ ကဏ္ဍတွေဖြစ်တဲ့အတွက် အမြဲတမ်းလစ်လျူရှုထားမှာမဟုတ်ပါဘူး။ အဲ့လိုအခြေအနေတွေကို ပြည်တွင်းအင်အားစုတွေက အသုံးချပြီး အမေရိကန်ရဲ့ တရားဝင်ပံ့ပိုးကူညီမှုပေးနိုင်မယ့် နည်းလမ်းတွေ ကို ချဉ်းကပ်မယ်ဆိုရင်တော့ နောက်လာမယ့် အစိုးရအဖွဲ့ အသစ်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခန်းကဏ္ဍမြှင့်တင်ရေးမှာ အမေရိကန်ရဲ့ တရားဝင်ပံ့ပိုးမှုတွေကို မျှော်လင့်နိုင်မှာ ဖြစ်ပါ တယ်။
နောက်မေးခွန်းတခုပြန်မေးရမှာက အမေရိကန်ရဲ့မူဝါဒထဲမှာထည့်လိုက်ရုံနဲ့ရော မြေပြင်က အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှု ရှာဖွေရေးက လွယ်ကူသွား မှာလား၊ တရားမျှတမှုတကယ်ရမှာလားဆိုတဲ့ အချက်ပါပဲ။ အမေရိကန်ရဲ့ ဦးစားပေးမှု အားနည်းလာရင် Justice(တရားမျှတမှု) ရှာဖွေရေး ဘယ်လိုထိခိုက်နိုင်သလဲဆိုရင် ကျမမြင်တဲ့ အဓိကအန္တရာယ် ၂ ခုရှိပါတယ်။ ပထမတစ်ခုကတော့ International Accountability Pressure (နိုင်ငံတကာရဲ့ တာဝန် ယူမှု၊ တာဝန်ခံမှုဆိုင်ရာဖိအား) လျော့နည်းလာနိုင်ခြင်းဖြစ်ပါတယ်။ အမေရိကန်လို နိုင်ငံတကာ သြဇာကြီးတဲ့ နိုင်ငံတစ်နိုင်ငံက မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆိုင်ရာ တာဝန်ခံမှုကို သီးခြားဦးစားပေးမထားရင် နိုင်ငံတကာ သံတမန်ရေးရာ ဖိအားပေးမှု အားနည်း လာနိုင်ပါတယ်။ အထူးသဖြင့် UN Security Council၊ နိုင်ငံတကာညွန့်ပေါင်းအဖွဲ့တွေနဲ့ အခြားနိုင်ငံတွေ ရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ အဲဒီအကြောင်းအရာရဲ့ နိုင်ငံရေးအရေးပါမှု လျော့နည်းလာနိုင်ပါတယ်။ ဒုတိယကတော့ Documentation (မှတ်တမ်းတင်ခြင်း) နဲ့ Survivor Support (ရှင်သန်ကျန်ရစ်သူများ ကိုပံ့ပိုးမှု) အတွက် ရန်ပုံငွေ လျော့နည်းနိုင်ခြင်းဖြစ်ပါတယ်။ ဒီအချက်က မြေပြင်မှာ အလွန်အရေးကြီး ပါတယ်။ နိုင်ငံတကာရန်ပုံငွေနဲ့ နိုင်ငံရေးထောက်ခံမှု လျော့နည်းသွားရင် လိုအပ်ချက်တွေကို ပံ့ပိုးပေးနိုင် ဖို့ ခက်ခဲသွားနိုင်ပါတယ်။
ကျမအမြင်မှာ အဓိကစိုးရိမ်စရာက အမျိုးသမီးအခွင့်အရေးဆိုတဲ့ စကားလုံးကို မဟာဗျူဟာထဲမှာ ထည့်၊ မထည့်ဆိုတာထက် မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အမျိုးသမီးတွေကို ဘယ်လောက်အတိုင်းအတာအထိ အရေးပါတဲ့ Stakeholder အဖြစ် သတ်မှတ်ထား သလဲ ဆိုတာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခအခြေအနေမှာ အမျိုးသမီးတွေဟာ အကူအညီ လက်ခံရရှိသူ (Aid Recipients) တွေသက်သက် မဟုတ်ပါဘူး။ ပဋိပက္ခဒေသတွေမှာ လူမှုအသိုင်းအဝိုင်းကို ထိန်းသိမ်းပေးနေသူတွေ၊ အိုးအိမ်စွန့်ခွာသူတွေနဲ့ ထိခိုက်လွယ်တဲ့ လူအုပ်စု တွေကို ကူညီပံ့ပိုးနေသူတွေ၊ အောက်ခြေအဆင့်မှာ ပဋိပက္ခလျှော့ချရေးနဲ့ ကြားဝင်ညှိနှိုင်းရေး လုပ်နေသူတွေ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် လုပ်ဆောင် နေသူတွေ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားနေရသူတွေ ဖြစ်ကြပါတယ်။
မဟာဗျူဟာတစ်ခုမှာ Women, Peace and Security (WPS) (အမျိုးသမီးငြိမ်းချမ်းရေးနဲ့လုံခြုံရေး) ကို သီးခြားဖော်ပြမှု အားနည်းတာဟာ အမျိုးသမီးတွေအတွက် အကူအညီအားလုံး ရပ်ဆိုင်းသွားပြီလို့ မဆိုလိုပါဘူး။ လက်တွေ့အကောင်အထည်ဖော်မယ့် အစီအစဉ်နဲ့ ဘတ်ဂျက်ကိုပါ ဆက်လက်ကြည့်ဖို့ လိုပါတယ်။ အမေရိကန်က ဖယ်ချန်ထားလို့လည်း ကျမတို့ မြန်မာနိုင်ငံရဲ့ အမျိုးသမီးများရဲ့ အခန်းကဏ္ဍ ကလည်း မှေးမှိန်သွားမှာမဟုတ်သလို အမျိုးသမီးအခွင့်အရေး ဆောင်ရွက်မှုတွေကလည်း ရပ်တန့် သွားမှာမဟုတ်ပါဘူး။
မပန်ဆု
Sule-Collins Society Founder
ကောက်စာ – အမှန်အတိုင်းပြောရရင် အခုကာလတွေမှာ ပြည်ပက မူဝါဒတွေအပေါ်မှာ ဘာမှမျှော်လင့်ချက်တော့ သိပ်ရှိမနေတော့ဘူး။ သူတို့လည်း သူတို့ အကျိုးစီးပွားအတွက်ပဲ လုပ်နေတယ်လို့မြင်တယ်။
ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီးတော့တော့ အကောင်းဘက်ကို ပိုသွားမယ်လို့ထင်တယ်။ လောလောဆယ်မြင်တာကတော့ သူတို့ လွှတ်တော်ထဲမှာ Check and Balance ပြန်အားကောင်း လာနိုင်တယ် ဆိုတော့ မြန်မာပြည်နဲ့ပတ်သက်တဲ့ မူဝါဒတွေမှာပဲဖြစ်ဖြစ်၊ Immigrant (ရွေ့ပြောင်း နေထိုင်သူ)တွေကို ကိုင်တွယ်ဖြေတဲ့အခါမျိုးမှာဖြစ်ဖြစ် အရမ်းကြီးဆိုးတဲ့ဘက်ကို မသွားလောက် တော့ဘူးလို့ မျှော်လင့်မိတယ်။ ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့မူဝါဒအပြောင်းအလဲကတော့ အမေရိကန် အကျိုးစီးပွားတခုတည်းကိုပဲ ကြည့်ထားတာဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့ ဒီမိုကရေစီအတွက်တော့ ဘာမှ အထောက်အကူဖြစ်မနေဘူး။
အမေရိကန်ရဲ့ မဟာဗျူဟာအသစ်မှာ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခန်းကဏ္ဍ မြှင့်တင်ရေးနဲ့ ပတ်သက်ပြီးတော့က အချက်အနေနဲ့က နည်းတာထင်မဟုတ်ဘူး၊ တလုံးမှကို မပါတာ။ အဲ့တော့ ဘာမှကိုပြောစရာမရှိဘူးပေါ့နော်။ အမှန်တကယ်ဆို အခုကာလတွေမှာ ကဏ္ဍပေါင်းစုံက အမျိုးသမီး တွေက အနည်းနဲ့အများ ဖိနှိပ်ခံရတာ၊ လုံခြုံမှုပိုမရှိတာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာ၊ ကျူးလွန် ခံရတာ အများကြီးဒုက္ခရောက်နေတာကြတာ ဘာမှမဖော်ပြထားဘူးလေ။ ဦးဆောင်ကဏ္ဍလည်း အတူတူပဲ၊ သူတို့ မူဝါဒကြောင့်တော့ ဘာမှအပြောင်းအလဲရှိလာမှာ မဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် အခုကာလတွေမှာ ပြည်ပက မူဝါဒတွေအပေါ်မှာ ဘာမှမျှော်လင့်ချက်တော့ သိပ်ရှိမနေတော့ဘူး။ သူတို့လည်း သူတို့ အကျိုးစီးပွားအတွက်ပဲ လုပ်နေတယ်လို့မြင်တယ်။
မြေပြင်မှာ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကကျတော့ ပြည်တွင်းက တရားစီရင် ရေးနဲ့ သွားမှာပေါ့နော်။ လက်ရှိက တရားဥပဒေစိုးမိုးရေးက ပျက်သုန်းနေတာဆိုတော့ အဲ့အပိုင်းမှာ လည်း စစ်တပ်က အုပ်ချုပ်နေသ၍ တရားမျှတမှုက ရှိနေမှာမဟုတ်ဘူး။ တခုတော့ရှိတာပေါ့၊ အခုလိုမျိုး ဘာမှအလေးပေးမဖော်ပြထားတဲ့အခါကျတော့ နိုင်ငံတကာဖိအားက စစ်တပ်အပေါ်မှာ အနည်းနဲ့အများကို ရှိမနေတော့တာပေါ့။
မဟာဗျူဟာအသစ်ကတော့ အားလုံးလည်း မှတ်ချက်ပေးနေကျတဲ့အတိုင်း အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်။ မျှော်လင့်ချက်ကြီးကြီးမားမားရှိမနေသည့်တိုင် အခုလောက်ထိ ကိုယ်ကျိုးစီးပွားပဲ ရှေ့တန်းတင်ပြီး ထွက်လာတဲ့အခါမှာတော့ အံ့အားသင့်ပြီးကို စိတ်ပျက်မိတယ်။
မဆုပြည့်
နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် ဘွဲ့လွန်ကျောင်းသူ
ကောက်စာ – နိုင်ငံတကာမှာတင်ကို ဒီမိုကရေစီရဲ့ စံတန်ဖိုးတွေ နိမ့်ကျလာပြီး အမျိုးသားနိုင်ငံရေး စနစ်တွေ ခေါင်းထောင်လာတဲ့ အနေအထားမှာတော့ အမျိုးသမီးအခွင့်အရေးတွေ လူ့အခွင့်အရေး တွေက နေရာတော်တော်များများမှာ နိမ့်ကျနေတယ်လို့ မြင်တယ်။
အမေရိကန် ရွေးကောက်ပွဲနောက်ပိုင်းအပြောင်းအလဲမှာ မြန်မာ့ဆွေးနွေးမှုတွေ ဝေးကွာနေတဲ့ ကွန်ဂရက်မှာတော့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ ဆွေးနွေးမှုတွေ ပိုပြီးတွေ့လာရမယ်လို့ထင်ပါတယ်။ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုနဲ့ ပတ်သက်ပြီး ပိုပြီး တိုးတက်မှု ရှိလာမယ်လို့တော့ မြင်မိတယ်။ Burma Act ကို အကောင်အထည်မှုနဲ့ ပတ်သတ်ပြီး လွှတ်တော်ကနေ ဦးဆောင်ပြီး ထရမ့်အပေါ် ဖိအားတွေ ပေးလာနိုင်တယ်လို့ထင်တယ်။
လူသားချင်းစာနာထောက်ထားမှုအကူအညီတွေတော့ ရလာဖို့ ရှိနိုင်တယ်။ ထရမ့်အနေနဲ့ သမ္မတအနေနဲ့ ဆက်ရှိနေဦးမှာ ဖြစ်တာကြောင့်ရော မြေရှားကိစ္စကြောင့်ရောတော့ အမေရိကန်အနေနဲ့ နိုင်ငံရေး အစုအဖွဲ့တွေ အကုန်နဲ့ ဆက်သွယ်မှုရှိလာနိုင်တယ်လို့ထင်တယ်။ မြေရှားထုတ်လုပ်တဲ့ ဒေသတွေက တိုင်းရင်းသားလက်နက်ကိုင် နယ်မြေမှာ အဓိကဖြစ်တာကြောင့်ရယ်၊ တရုတ်ရဲ့ India Ocean ကို လွှမ်းမိုးဖို့ ကြိုးစားနေတာကြောင့်ရယ် နေပြည်တော် တော်လှန်ရေး အစိုးရအပြင် တိုင်းရင်းသား လက်နက်ကိုင်တွေ ပြည်သူ့လွတ်မြောက်ရေးတပ်တွေအထိပါ အဆက်အဆံရှိလာမယ်လို့တော့ ထင်တယ်။ ဒါပေမယ့် ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲအနေနဲ့တော့ ပြောဖို့ခက်သေးတယ်လို့ ထင်ပါတယ်။
၂၀၂၇ ဇန်နဝါရီမှာ စတင်မယ့် ဒီမိုကရက်အများစုရှိတဲ့ အမေရိကန်လွှတ်တော်အသစ်အနေနဲ့ လွှမ်းမိုးမှု ကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သမ္မတထရမ့် ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးလာနိုင်မယ်လို့ ထင်ပါတယ်။ Burma Act နဲ့ ပတ်သတ်ပြီး နောက်ဆက်တွဲ အကောင်အထည်ဖော်မှုတွေ ဖြစ်လာမယ် ထင်ပါတယ်။ US Aid ဖျက်သိမ်းပြီး ရန်ပုံငွေတွေ ရပ်ခဲ့တာတွေ ပြန်ပြီး ရလာနိုင်တယ်။ ပထဝီ နိုင်ငံရေးအရ တရုတ်ရဲ့ မြေရှားသန့်စင်ထုတ်လုပ်ရေးလုပ်ငန်းတွေက အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်လာနိုင်တဲ့အတွက် နိုင်ငံခြားရေးမူဝါဒအပြောင်းအလဲတွေလည်း ရှိလာမယ်လို့တော့ ထင်တယ်။ တရုတ်-အမေရိကန် ဆက်ဆံရေးကလည်း အမေရိကန်ရဲ့ မြန်မာအပေါ် နိုင်ငံခြားရေး မူဝါဒအပေါ် သက်ရောက်မှုတော့ ရှိမယ်လို့ထင်တယ်။
သမ္မတထရမ့် တက်လာပြီးတည်းက အမေရိကန်ရဲ့ မဟာဗျူဟာတွေမှာ လူ့အခွင့်အရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင်နဲ့ ရာသီဥတုဖောက်ပြန်မှုအရေးတွေကို လုပ်ဆောင်မှု နည်းတာကတော့ နောက်ပိုင်း သိသိသာသာကို မြင်ရပါတယ်။ ပြောရရင် အမေရိကန်ရဲ့ America First policy အရ သူတို့အကျိုးစီးပွားကိုပဲ ဦးတည်ပြီး နိုင်ငံခြားရေးမူဝါဒတွေကို လုပ်ဆောင် ခဲ့တာ ဖြစ်တယ်။ အဲ့လိုလုပ်နေတဲ့ ကာလအတွင်းမှာလည်း မြန်မာပြည်မှာ အမျိုးသမီးအရေးနဲ့ လုပ်ဆောင်မှုအပိုင်းတွေ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကတော့ လျော့နည်းသွားတယ်လို့တော့ ပြောလို့မရပါဘူး။ ဒီတော်လှန်ရေးနောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုတွေလည်း ရှိလာပါတယ်။ အဓိကကတော့ ဆုံးဖြတ်ချက်ချက်ရမယ့် နေရာတွေနဲ့ ပြည်သူတွေအသံကို နားထောင်တဲ့ နေရာမှာ အမျိုးသမီးတွေရဲ့ အတွေးအခေါ် ဆုံးဖြတ်ချက်တွေ ထည့်သွင်းရမှာတွေက လက်ရှိ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းကို ဦးဆောင်နေတဲ့ လူတွေကိုယ်တိုင် လုပ်ရမယ့် အရာတွေလို့ ထင်ပါတယ်။ ဖက်ဒရယ်တည်ဆောက်ရေးပဲဖြစ်ဖြစ်ဒီ၊ မိုကရေစီပြန်လည်ရရှိရေးပဲ ဖြစ်ဖြစ် အမျိုးသမီးတွေရဲ့ ပါဝင်ခွင့်နဲ့ ဆုံးဖြတ်ချက်တွေက အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒအပြောင်းအလဲတွေ ပေါ်မှာ မူတည်နေတာမျိုး မဖြစ်သင့်ပါဘူးလို့တော့ ထင်ပါတယ်။
အမေရိကန်အပြင် နိုင်ငံတကာတော်တော်များများမှာလည်း နိုင်ငံရေးခေတ်နောက်ပြန်ဆွဲမှုလို့ ပြောလို့ရနိုင်တဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေး၊ တန်းတူညီမျှရေး၊ အလုပ်သမားတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ အခွင့်အရေးတွေ တော်တော်လေးကို ထိခိုက်လာတာ ကိုတော့ တော်တော်လေး စိတ်မကောင်းစရာတွေ့ရပါတယ်။ နိုင်ငံတကာမှာတင်ကို ဒီမိုကရေစီရဲ့ စံတန်ဖိုးတွေ နိမ့်ကျလာပြီး အမျိုးသားနိုင်ငံရေးစနစ်တွေ ခေါင်းထောင်လာတဲ့ အနေအထားမှာတော့ အမျိုးသမီးအခွင့်အရေးတွေ လူ့အခွင့်အရေးတွေက နေရာတော်တော်များများမှာ နိမ့်ကျနေတယ်လို့ မြင်တယ်။ နိုင်ငံတော်တော်များများမှာ ဒီလိုဖြစ်နေတဲ့ အပြင် မြန်မာပြည်လို စစ်ဒဏ်နဲ့ အကြမ်းဖက်မှု ဒဏ်ခံနေရာတဲ့ အမျိုးသမီးတွေအတွက် ဒါကလည်း ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတခုဖြစ်မယ် လို့တော့ ထင်တယ်။
မြေပြင်က အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှု ရှာဖွေရေးက ခက်ခဲသွားနိုင်လားဆိုရင်တော့ အမေရိကန်ပါဝင်ပတ်သက်တဲ့ တရားမျှတမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေ ကျူးလွန်သူတွေ အရေးယူမှုကိစ္စတွေမှာတော့ အဟန့်အတား ဖြစ်တာမျိုးတွေ ရှိနိုင်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒါက လုံးဝ အခက်အခဲဖြစ်တဲ့ အရာတော့ မမြင်မိပါဘူး တရားမျှတမှု ရှာဖွေရေး နည်းလမ်းတွေကို လုပ်ဆောင်နိုင်မယ့် အခြားနည်းလမ်းတွေလဲ ရှိနေသေးတယ်လို့ ထင်ပါတယ်။
မအေမီ
Researcher
ကောက်စာ – မြေရှားတွေ၊ ဘဏ္ဍာရေးဆိုင်ရာ ခွဲဝေမှုတွေ၊ နယ်နမိတ်သတ်မှတ်မှုတွေအပေါ်ပဲ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖော်ဆောင်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိနေတဲ့ အမျိုးသမီးတွေ၊ ျအထူးသဖြင့် ပဋိပက္ခနဲ့ဆက်စပ်နေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အပြင်းအထန်ခံစားခဲ့ရတဲ့ သူတွေအနေနဲ့ တော့ တရားမျှတမှုကို အပြီးတိုင်ဆုံးရှုံးရနိုင်တဲ့ အနေအထားရှိတယ်။
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကြိုးပမ်းမှု ကာလတလျှောက်လုံးမှာ အမြဲတမ်း ထောက်ခံအားပေးခဲ့တဲ့ နိုင်ငံဖြစ်တယ်။ ဒါပေမဲ့ အခု အသစ်ထွက်ရှိလာတဲ့ မြန်မာ့ရေးရာမူဝါဒမှာတော့ အပြောင်းအလဲတွေအများကြီးရှိခဲ့တယ်။ အမေရိကန် အကျိုးစီးပွားဦးစားပေးမူဝါဒ အသစ်တရပ် ဖြစ်လာတယ်လို့လည်း ဝေဖန်ထောက်ပြမှုတွေ အများကြီးနဲ့ကြုံခဲ့ရတယ်။
တကယ်လည်းမြန်မာနိုင်ငံနဲ့ကုန်သွယ်ရေးတွေ မြန်မာနိုင်ငံမှာရှိတဲ့ ကျားဖြန့်အရေးနှိင်နင်းရေးတွေကို ပိုပြီးဦးစားပေးပြီး ပြောသွားတာတွေ့ရတယ်။ အသွင်ကူးပြောင်းမှုကာလ တရားမျှတရေးတွေနဲ့ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးတခု ဘယ်လိုဖော်ဆောင်မလဲဆိုတဲ့အပိုင်းမှာတော့ အများကြီး အားနည်းတယ်လို့ယူဆတယ်။
အမေရိကန်ရဲ့ရွေးကောက်ပွဲရလာဒ်တွေအရ အခု လွှတ်တော်မှာ ဒီမိုကရက်တွေပြန်ပြီးနေရာ ရယူနိုင် တယ်။ ဒါပေမဲ့ ဒီလိုနေရာရယူနိုင်တာက မြန်မာ့ရေးရာမူဝါဒတွေ ကြီးကြီးမားမား အပြောင်းအလဲ ရှိလာမယ်လို့တော့ အာမခံလို့မရဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံခြားရေးရာမူဝါဒတွေကို စီမံကွပ်ကဲ တာက အမေရိကန်နိုင်ငံရဲ့သမ္မတတွေရဲ့လုပ်ပိုင်ခွင့်အာဏာဖြစ်တယ်။ တချိန်ထဲမှာပဲ လွှတ်တော် ၂ရပ် လုံးမှာရှိနေတဲ့ ဒီမိုကရက်တွေရဲ့ တိုက်ပွဲဟာလည်း သူတို့ပြည်တွင်းရေးမှာ ရှိနေတဲ့ မူဝါဒရေးရာ တိုက်ပွဲမှာတောင်မှ တော်တော်လေးပြင်းထန်တယ်။ မြန်မာအရေးကလည်း ဦးစားပေး ထည့်သွင်း စဉ်းစားတဲ့ ကဏ္ဍမှာရှိမနေဘူး။
အမေရိကန်ရဲ့ မဟာဗျုဟာအသစ်မှာ ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုတဲ့ ကဏ္ဍကိုပဲကြည့်မယ် ဆိုရင်တောင် ၂၀၃၀မှာ ငြိမ်းချမ်းရေး သဘောတူညီချက်တခုထွက်လာဖို့ ပါဝင်ပတ်သက်သူအားလုံး စားပွဲ ဝိုင်းထိုင်တွေ့ဆုံညှိနှိုင်းဖို့နဲ့ နိုင်ငံရေးနဲ့စစ်ရေးအရ ဩဇာအာဏာရှိတဲ့သူတွေနဲ့ အဓိက စကားပြောမယ်ဆိုတဲ့ ပုံစံမျိုးတွေ့ရတယ်။ ဒီထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်ကတော့ ဘဏ္ဍာရေးဆိုင်ရာခွဲဝေမှု၊ စီးပွားရေးလုပ်ငန်းတွေကို ခွဲဝေမှုနဲ့ နယ်မြေဒေသဆိုင်ရာ နယ်နမိတ် သက်မှတ်ဖို့ကို ဗဟိုအစိုးရနဲ့ပြည်နယ်တိုင်းဒေသကြီး အစိုးရတွေကြားမှာမျှတစွာ ခွဲဝေရေးလုပ်မယ်၊ ဒီလိုမျှတစွာခွဲဝေရေးလုပ်ခြင်းအားဖြင့် အမေရိကန်နိုင်ငံကနေ မြန်မာပြည်မှာရှိနေတဲ့ မြေရှားသတ္တုတွေ ကို လက်လှမ်းမှီလာနိုင်မှာဖြစ်သလို အခု နယ်စပ်ဒေသတွေမှာရှိနေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းနိုင်မယ်ဆိုပြီးတော့ ယူဆချက်မျိုးကိုလည်းတွေ့ရတယ်။
မဟာဗျူဟာတခုလုံးမှာ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတရေး လုပ်ငန်းစဉ်အကြောင်းကို ဖော်ပြ မသွားဘူး။ အဲ့တော့စစ်ပဋိပက္ခတခုလုံးရဲ့အဓိက ထိခိုက်နစ်နာတဲ့သူတွေဖြစ်တဲ့ အမျိုးသမီးနဲ့ ကလေး သူငယ်တွေရဲ့ တရားမျှတမှုရှာဖွေရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေအားလုံးကို လျစ်လျူရှု ပြီး ပြောထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုဖြစ်တယ်။
ဒီလိုနည်းလမ်းနဲ့ မြေရှားတွေ၊ ဘဏ္ဍာရေးဆိုင်ရာ ခွဲဝေမှုတွေ၊ နယ်နမိတ်သတ်မှတ်မှုတွေအပေါ်ပဲ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖော်ဆောင်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိနေတဲ့ အမျိုးသမီးတွေ အထူးသဖြင့် ပဋိပက္ခနဲ့ဆက်စပ်နေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အပြင်းအထန်ခံစားခဲ့ရတဲ့ သူတွေအနေနဲ့ တော့ တရားမျှတမှုကို အပြီးတိုင်ဆုံးရှုံးရနိုင်တဲ့ အနေအထားရှိတယ်။ နစ်နာမှုကြီးကြီးမားမား ရှိနိုင်ပါတယ်။
အကျိုးစီးပွားကိုမျှော်ကိုးတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တခုက လက်တွေ့မြေပြင်မှာ ကောင်အထည် ဖော်နိုင်ဖို့ရာ အရမ်းကိုခဲယဉ်းတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလိုမျိုး ပဋိပက္ခဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေအများကြီးရှိနေတဲ့ နိုင်ငံမှာ ဒီလိုကျဉ်းမြောင်းတဲ့ မူဝါဒတခုချတယ်ဆိုတာက လက်တွေ့မြေပြင်မှာ ရှိနေတဲ့ပြဿနာတွေ အားလုံးကိုလျစ်လျူရှုတာနဲ့တူတယ်။ ပဋိပက္ခကို ပိုပြီး ရှည်စေနိုင်တယ်။ လက်ရှိဖြစ်နေတဲ့ပြဿနာတွေကို မဖြေရှင်းပေးနိုင်တဲ့အပြင်ပိုတောင်မှ ဆိုးလာနိုင်ဦးမယ်။
ပဋိပက္ခအတွင်းမှာ အဓိက ထိခိုက်နစ်နာသူဖြစ်တဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပေါ်မှာ ထည့်သွင်းစဉ်းစားမှုမရှိတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်၊ နောက်ပြီးတော့ အသွင်ကူးပြောင်းမှုဆိုင်ရာတရားမျှတရေးကို ထည့်သွင်းစဉ်းစားခြင်းမရှိတဲ့ငြိမ်းချမ်းရေးတခုဟာ အောင်မြင်နိုင်မှာမဟုတ်ဘူးဆိုတာ သေချာသလောက်ရှိပါတယ်။
အေး
လူမှုရေးသိပ္ပံဘွဲ့ရ ကျောင်းသူ
ကောက်စာ – မြန်မာနဲ့ပတ်သက်ပြီး ပြောတဲ့အခါမှာ အမေရိကန်မှမဟုတ်ဘူး၊ ဗြိတိန်အစိုးရကလည်း မြန်မာနဲ့ ပတ်သက်တဲ့ သူတို့ထုတ်တဲ့ အစီရင်ခံစာမှာ လူ့အခွင့်အရေးတို့ အမျိုးသမီးအခွင့်အရေး ဒီစကားတွေ သုံးတာနည်းသွားတယ်။
အမေရိကန် ရွေးကောက်ပွဲနောက်ဆက်တွဲအနေနဲ့ကတော့ မြန်မာ့အရေးကို လွှတ်တော်စတဲ့အခါမှာ ဆွေးနွေးတာမျိုးရှိလိမ့်မယ်။ ဒါပေမဲ့ ဟိုတုန်းက မြန်မာ့အရေးကို ဒီမိုကရက် အစိုးရလက်ထက်မှာ အရေးတယူဂရုစိုက်သလိုမျိုးတော့ ပြန်ရဖို့တော့မလာလောက်သေးဘူး။ လက်ရှိမှာသူတို့ ယူကရိန်း အရေးကိုပဲ စိတ်ဝင်စားနေတယ်။ မြန်မာက ယူကရိန်းအရေးနဲ့ယှဉ်လိုက်ရင်နောက်ကိုရောက်နေတယ်။ တဖက်မှာလည်း တရုတ်နဲ့ပတ်သက်ပြီးတော့ မြန်မာကိုလုံးဝ ပစ်ပယ်ထားရင် တရုတ်ဩဇာ လွှမ်းမိုးမှာကို နိုင်ငံခြားရေးရုံးဘက်က စိတ်ပူပုံရတယ်။
လက်ရှိမှာလည်းနိုင်ငံခြားရေးရုံးဘက်ကနေ မြန်မာနဲ့ ဆက်ဆံဖို့ ပြန် ကြိုးစားလာတာ၊ စကားပြောလာ တာ ဆွေးနွေးပွဲလုပ်လာတာရှိတယ်။ အမေရိကန်ဘက်ကတော့ မြန်မာကိုစကားပြန်ပြောဖို့ သူတို့ ဆက်ဆံရေးထဲပြန်ထည့်ဖို့လုပ်နေတယ်။ ဒါပေမဲ့ ဒီအချိန်မှာ အမေရိကန်ဘက်က တည်ဆောက်လာတဲ့ ဆက်ဆံရေးက စစ်တပ်ဖက်ကိုမသွားပဲနဲ့ တော်လှန်ရေးဘက်ကို အားသာချက်ရဖို့ကတော့ ဒီဘက်ကလူတွေကြိုးစားဖို့လိုတယ်။ သံတမန်ရေး ပြန်တည်ဆောက်ဖို့လိုတယ်။ ဒီမိုကရက်တွေ ပြောင်းလာရုံနဲ့မြန်မာ့အရေးက အရင်ကထက်ပိုပြီး ချောချောမွေ့မွေ့နဲ့အဆင်ပြေပြေ ပိုလွယ်ကူသွား လိမ့်မယ်လို့ မထင်ဘူး။ အားသာချက်ကောင်းတဲ့ သတင်းကတော့ အမေရိကန်က ဒီမိုကရက်တစ်နဲ့ ရီပါဘလစ်ကန်တွေက မြန်မာ့အရေးနဲ့ပတ်သက်ပြီး တိုင်ပင်တဲ့အခါမှာ သဘောထား သိပ်ကွဲလွဲလေ့ မရှိဘူး။ အကုန်လုံးတစုတစည်းထဲ သဘောတူညီကြလေ့ရှိတယ်။ ဒါတော့အားသာချက်တခုဖြစ်တာ ပေါ့။
မြန်မာနဲ့ပတ်သက်ပြီး ပြောတဲ့အခါမှာ အမေရိကန်မှမဟုတ်ဘူး၊ ဗြိတိန်အစိုးရကလည်း မြန်မာနဲ့ ပတ်သက်တဲ့ သူတို့ထုတ်တဲ့ အစီရင်ခံစာမှာ လူ့အခွင့်အရေးတို့ အမျိုးသမီးအခွင့်အရေး ဒီစကားတွေ သုံးတာနည်းသွားတယ်။ သူတို့ရဲ့စိတ်ဝင်စားမှု အထောက်အပံ့ပေးမှုတွေကလည်း နည်းသွားနိုင်တဲ့ အလားအလာမြင်ရတယ်။ လက်ရှိမှာသူတို့ စိတ်ဝင်စားတာသည် စီးပွားရေးအကျိုးစီးပွားရှိမယ်၊ မဟာဗျူဟာအကျိုးစီးပါးရှိမယ်၊ စစ်ရေးအကျိုးစီးပွားရှိမယ်။
ကျမတို့စောင့်မျှော်လို့ရတာက ဒီမိုကရက်အစိုးရတက်လာတဲ့အခါမှာပဲ မူဝါဒ အပြောင်းအလဲတွေ လူ့ အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးကို ပြန်ပြီးတော့ ထုတ်ပြန်ချက်အရရော၊ ရန်ပုံငွေ အရရော ကိုယ်တိုင်အားစိုက်ထုတ်ပြီးတော့ ကူပေးတာကိုမျှော်လို့ရတော့မယ်။ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးတွေကို သူတို့ရဲ့ မဟာဗျူဟာအသစ်တွေမှာ အလေးပေး မဖော်ပြတာနဲ့ပဲ ကျမတို့နိုင်ငံက အရှေ့တောင်အာရှက အမျိုးသမီးလှုပ်ရှားမှုတွေ လျော့နည်းသွားမယ် လို့ မထင်ဘူး။ ဘာလို့ဆို တခြားဥရောပ နိုင်ငံတွေ၊ ဥရောပသမ္မဂတို့ဘာတို့မှာ သူတို့ရဲ့စံနှုန်းအရ အမျိုးသမီးအခွင့်အရေးကို အားပေးတာရှိတဲ့အတွက် ဒီဟာတွေကိုထောက်ခံတဲ့ ကမ္ဘာအစိုးရတွေ ရှိသေးတဲ့အတွက် စိတ်ဓာတ်ကျဖို့တော့မလိုဘူးလို့မြင်တယ်။
အမေရိကန်က ထောက်ပံ့မှုမပေးတော့တာနဲ့ပဲ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုပိုင်း၊ လှုပ်ရှားမှု လုပ်တာတွေ၊ အမျိုးသမီးဦးဆောင်မှုအကြောင်းကို စကားပြောကြဆွေးနွေးကြတာတွေ ဒါတွေက မပျောက်သွားဘူး။ ရှိနေမှာပဲ။
အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး တရားမျှတမှုအပိုင်းမှာတော့ နည်းနည်းတော့ခက်သွားနိုင်တယ်လို့မြင်တယ်။ စစ်အစိုးရကို ဖိအားပေးတဲ့နေရာမှာ သံတမန်ရေး အရရော၊ လူမှုကွန်ရက်က ကမ်ပိန်းအတွေအရရော အစိုးရမဟုတ်တဲ့အဖွဲ့ကြီးတွေကတဆင့် ဖိအားတွေပေးပြီးတွန်းရတာကိုး။ အမေရိကန်လိုဟာမျိုးက ဒီလိုရာဇဝတ်မှုတွေကို အလေးထားဖို့ မတွန်းဘူး၊ မတိုက်တွန်းဘူး။ ပိုဆိုးတာ အမေရိကန်မှ မဟုတ်ဘူး၊ ဗြိတိန်အစိုးရလည်း သိပ်စိတ်မဝင်စားတဲ့ပုံ ပေါက်တယ်။
ဒီလိုအချိန်မှာတော့ စစ်တပ်ကို ဖိအားပေးတဲ့နေရာမှာ နည်းနည်းပို ခက်ခဲသွားနိုင်တာပေါ့။ သူတို့က (စစ်တပ်က) မသိလို့လုပ်တာမဟုတ်ဘူး၊ သိသိကြီးနဲ့လုပ်တာဖြစ်တယ်။ ပြည်ပကအရမ်းတွေ အသံကျယ်လာတဲ့အခါမှာ သူတို့ (စစ်တပ်)က ကမ္ဘာသံတမန်အရေးမှာ တရားဝင်မှုရှိတာ၊ ထောက်ခံတာ အသိအမှတ်ပြုတာ လိုချင်တဲ့အခါမှာတော့ အပြုအမူပြောင်းလေ့ရှိတယ်။ အခုက အသံတိတ်နေတော့ တရားမျှတမှုရှာဖွေတာ တာဝန်ယူမှုတာဝန်ခံမှုပြောတဲ့နေရာမှာ နည်းနည်းတော့ ခက်သွားနိုင်တယ်။
ဒါပေမဲ့လည်း အမေရိကန်က ဂရုမစိုက်ပေမယ့် ယူကေက မြန်မာအရေးလုပ်နေတဲ့သူတွေရှိတယ်။ ဥရောပ ဘက်မှာ မြန်မာအရေးလုပ်နေတဲ့သူတွေရှိတယ်။ ဥရောပရောက်၊ ယူကေရောက်၊ အနောက်နိုင်ငံရောက်မြန်မာတွေအနေနဲ့ သူတို့အစိုးရတွေကိုဒီကိစ္စ နဲ့ပတ်သက်ပြီးအသံထွက်ပေးဖို့ ကမ်ပိန်းလုပ်တာ၊ ဝိုင်းတွန်းပို့တာ အမတ်တွေနဲ့စကားပြောတာဒါတွေနဲ့ ကောင်းကောင်း ချိတ်ဆက် လုပ်နိုင်ရင်တော့ အမေရိကန်ဆီကနေအားစိုက်ထုတ်မှု မရနိုင်ရင်တောင်မှ ရှေ့ကိုနည်းနည်း ပိုရောက် နိုင်တာပေါ့။ သိပ်တော့လည်းလက်မလျော့စေဘူး။ ထရမ့်အစိုးရ ဆီမှာမရပေမယ့်တခြား နိုင်ငံတွေမှာ ရဖို့အခွင့်အရေးတွေရှိတယ်။ အခွင့်အလမ်းတွေရှိတယ်။ တခြားနိုင်ငံက အစိုးရတွေရဲ့ အားကိုယူဖို့ လိုတယ်။ တရားမျှတမှုဆိုတာထက် တာဝန်ယူတာဝန်ခံမှု ပေးဖို့တိုက်တွန်းတဲ့နေရာမှာ ခက်ခဲသွားမယ်လို့ မြင်တယ်။





