အာဏာရှင်စနစ်အောက်ကမြန်မာနိုင်ငံသားတွေရဲ့ စိတ်ကျန်းမာရေးအခြေအနေ
ဒေဝီ စုစည်းတင်ဆက်သည်။
စိတ်ကျန်းမာရေးအဖွဲ့တခုဖြစ်တဲ့ Narrative Power ရဲ့ စစ်တမ်းမှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာခဲ့တဲ့ နိုင်ငံရေး လူမှုရေး စီးပွားရေး အကြပ်အတည်းတွေနဲ့ လုံခြုံရေး အခြေအနေတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိနေတယ်လို့ ဖော်ပြထားတယ်။
ဒီအဖွဲ့ရဲ့ လေ့လာချက်မှာ နိုင်ငံရေးပဋိပက္ခနဲ့ စစ်အာဏာသိမ်းမှုက ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် အမြင့်ဆုံး သက်ရောက်မှုရှိတဲ့ဖိအား ဖြစ်သလို၊ လူငယ်တွေရဲ့ ပညာရေးဆက်လက်သင်ယူခွင့် အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းတွေအပေါ်စိုးရိမ်မှုကြီးမားနေမှုနဲ့ မတရားစစ်မှုထမ်းခိုင်းစေမှုတို့ကြောင့် စိတ်ကျန်းမာရေး မြင့်မားစွာ ထိခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အကြပ်အတည်းအခြေအနေတွေက မြန်မာနိုင်ငံသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် ဘယ်လောက်ထိ သက်ရောက်နေလဲဆိုတာ ပြည်သူအချို့ရဲ့အမြင်တွေကို HI – Honest Information က စုစည်းတင်ဆက်လိုက်ပါတယ်။
ဆုမြတ်
Content Writer
ရန်ကုန်
ဒီကာလမှာ စိတ်ပိုင်းဆိုင်ရာ ဖိစီးတာတော့ရှိပေမယ့် ကိုယ့်ကိုယ်ကိုယ် အဆင်ပြေအောင် နေနေရပါတယ်။ အလုပ်အကိုင်၊ အနာဂတ်၊ မိသားစုရေး၊ ကိုယ့်လုံခြုံရေး တွေးစရာတွေက အများကြီးပါပဲ။ အဓိကကတော့ အနာဂတ်ပျောက်နေတာ။ အလုပ်အကိုင်က ဆက်ရှိနေပေမယ့် ဒီထက်တိုးတက်သင့်တဲ့ လမ်းကြောင်းတွေက ဆက်ရှိမနေတော့ဘဲ ပျောက်ဆုံးနေ တာပါ။ ကိုယ့်အတွက်စိတ်အခြေအနေ မကောင်းတာ အဆင်မပြေတာရှိလည်း နေတတ်အောင် နေရတာပါပဲ။ ကိုယ်စိတ်ပျော်မယ့် အရာတွေလုပ်၊ တရက်တရက် အချိန်ပေးပြီး လမ်းလျှောက်ရင်း ရုပ်ပိုင်းဆိုင်ရာ တခုခု လုပ်ဖြစ်နေ အောင် ကြိုးစားနေထိုင်နေပါတယ်။
ကိုယ်တိုင်လည်း အဆင်ပြေသလို ပျော်အောင်နေ နေပေမယ့် အနာဂတ်ပျောက်သလို ဖြစ်နေတော့ မျှော်လင့်ချက် မဲ့နေတာ ကြာပါပြီ။ သူငယ်ချင်းတွေ ဆုံဖြစ်ရင်လည်း ဒီအကြောင်းက တနည်းမဟုတ် တနည်း ရောက်ရောက်သွားတာပဲ ဆိုတော့ ပြောရရင် ကိုယ့်ဘေးကသူတွေလည်း ကိုယ့်လိုပါပဲ။ နိုင်ငံထဲက လူတွေအဲ့လို ဖြစ်နေကြသလို အပြင်ရောက်နေတဲ့ သူတွေလည်း အဆင်မပြေပါဘူး။ အလုပ်အကိုင်အဆင်ပြေနေရင်တောင် စိတ်ပိုင်း ဆိုင်ရာမှာတော့ အားလုံးပြိုလဲနေကြ တာပါ။ ဆွေမျိုးသားချင်းတွေ သူငယ်ချင်းတွေရှိတော့ ဒါတွေက အကုန်ပြန်ကြား နေရတာပါ။ ဒီကာလကတော့ အချင်းချင်း နှစ်သိမ့်ရင် အဆင်ပြေအောင် နေနေရတာပါပဲ။
ကိုသူ
Delivery
ပြည်
ဒီကာလမှာ စိတ်ကတော့ တက်လိုက်ကျလိုက်ပါပဲ။ ပျော်စရာကောင်းတဲ့ ကိစ္စတွေဆိုရင်တောင် တကယ်ပျော်ရမှာလား ဆိုတာမျိုး ပြန်တွေးနေရတာတွေရှိတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း အဆင်မပြေသူတွေများတော့ အဆင်မပြေမှု ကြုံနေရသူတွေကို မြင်ရတိုင်း သူတို့နဲ့အတူ စိတ်ပင်ပန်းရတယ်။
နောက်ပြီး ဒီကာလ စိတ်အပင်ပန်းဆုံး အရာကတော့ ဘာအကျိုးမှမမျှော်ပဲ ဘဝတွေပေးဆပ်ထားတဲ့ လူငယ်တွေ ကျဆုံး တယ်ဆိုတဲ့ အကြောင်းအရာတွေပဲ။ အဲဒီလိုကိစ္စတွေကြုံရင် ကိုယ့်ရဲ့ အသုံးမကျမှုတွေကို ပိုပိုမြင်ရတယ်။ အဲဒီ့စိတ်နဲ့အတူ ဒီလိုဖြစ်တာဟာ အာဏာရူးတွေကြောင့်ဆိုတာ အမြဲတွေးဖြစ်တယ်။ စိတ်ပင်ပန်းတဲ့ အချိန်တွေမှာ များသောအားဖြင့်တော့ ကိုယ့်စိတ်ပျော်မယ်ထင်တာတွေလုပ်တယ်။ တခါတလေဟင်းတွေ ချက်စားတယ်။ ကိုရီးယားကားတွေကြည့်တယ်။ မြန်မာကားတွေကတော့ ကိုယ့်တကိုယ်စာ Boycott လုပ်ထားလို့ လုံးဝမကြည့်ဘူး။
ဒီအချိန် အထိ တောင့်ခံပြီးတိုက်ခိုက်နေတဲ့ လူငယ်တွေရှိတယ်။ ပံ့ပိုးပေးနေတဲ့ ပြည်သူတွေလည်း အတိုင်းအတာတခု အထိရှိတယ်။ အဲဒါတွေနဲ့ အားတင်းထားပြီး ရှေ့ဆက်နေတာဆိုတော့ မျှော်လင့်ချက်မဲ့တယ်လို့ မခံစားရပါဘူး။ ကျနော့်ပတ်ဝန်းကျင်မှာတော့ လူတွေက ဒီကာလမှာ နေထိုင်ရပ်တည်ဖို့ ရုန်းကန်နေကြရတာတွေပဲတွေ့ရတာများပါတယ်။ မျှော်လင့်ချက်တွေမဲ့နေတဲ့သူမျိုးတွေတော့ ကိုယ်ပဲမသိတာလား။ မတွေ့ရသလောက်ပါပဲ။
ဒေါ်သန်းအေး
စျေးရောင်း
ရန်ကုန်
ဒီကာလမှာ စိတ်မကျန်းမာမှုရှိလားဆိုတော့ ရှိတယ်ပဲပြောရမှာပေါ့။ ကျမသားစစ်မှုထမ်းပါကတည်း တငိုငိုတရီရီနဲ့ စျေးရောင်းလည်း မထွက်နိုင်တော့ဘူး။ ဘာလုပ်ရမှန်းမသိဘဲ စစ်တပ်စုဆောင်းတဲ့ဆီခေါ်သွားတဲ့ကတည်းက ကိုယ့်မှာ စိတ်ချုံးချုံးကျဖြစ်ခဲ့ရတာ။ စီးပွားရေးကလည်း စျေးရောင်းက အရင်လိုမကောင်းတော့ စိတ်ညစ်ရတာပေါ့။ အဓိက စိတ်ပူပန် ရတာဆို စစ်မှုထမ်းကိစ္စနဲ့ စျေးရောင်းမကောင်းတဲ့ကိစ္စပဲပေါ့။
သားကလည်း စစ်မှုထမ်းကနေ ထွက်ပြေးလာခဲ့တာဆိုတော့ ကိုယ့်ရပ်ကွက်မှာတောင်မနေရဲတော့ဘူး။ ပြန်ဖမ်းမိမှာစိုးတာနဲ့ ရာအိမ်မှူးကလည်း ပြန်လာရင် ကိုယ်တိုင်ဖမ်းခေါ်ပြီး ပြန်အပ်မယ်ဆိုပြီးပြောနေတော့ မိသားစုတွေမှာ မနေရဲတော့ဘူး။ ညဘက်တွေဆို အိမ်မပျော်တာများတယ်။ တရေးနိုးလာ ပြီးပြန်မအိပ်ပျော်တော့ဘဲ ဟိုစဥ်းစားဒီစဥ်းစားနဲ့ ပူပန်နေရတာက နေ့တိုင်းပဲ။ ဒီကာလမှာတော့ ကိုယ်ပတ်ဝန်းကျင်က လူတွေလည်း တူတူပါပဲ စိတ်မကျန်းမာတာရှိကြမှာပါ။ လူတိုင်းက အခက်အခဲတွေက တခုမဟုတ်တခုကြုံနေရတာ စိတ်အေးချမ်းစရာလည်း မရှိတာများတယ်လေ။ စစ်မှုထမ်းကိစ္စရော၊ စားဝတ်နေရေးအတွက် ရုန်းကန်ရတာရော၊ သားသမီးတွေ အဝေးရောက်တာတွေရောပေါ့။
ဘယ်လိုလဲဆို တခုခုဆို သည်းမခံနိုင်ကြတော့တာပေါ့။ အရင်လို စျေးအတူတူ ရောင်းကြတဲ့သူတွေလည်း ဘာမှဟုတ်တဲ့ ကိစ္စလေးနဲ့တောင် အချင်းချင်းသည်းမခံနိုင်ဘဲ ဒေါသတွေထွက်ပြီး ရန်လိုနေကြတာ။ သူတို့လည်း သူတို့အပူအပင်တွေနဲ့ စိတ်ထဲခံစားနေရတာတွေရှိမှာပေါ့။ ကိုယ်တွေဆိုလည်း အရင်ကဆို စားဖို့သောက်ဖို့ ပဲရှာရတယ်။ နေ့ဖို့ညစာရှိရင် ပူစရာမလိုဘူး။ သားကလည်းသူ့ဘာသူ သူ့အလုပ်နဲ့ဆိုတော့ ပူပင်စရာ စိတ်ညစ်စရာရယ်လို့ ကြီးကြီးမားမားမရှိပါဘူး။ အခုကာလမှ ကိစ္စပေါင်းစုံနဲ့ အေးအေးချမ်းချမ်းမရှိဘူးဘယ်လို လုပ်ရမလဲ စဥ်းစားလို့ မတတ်ဘူး။ စစ်မှုထမ်းနဲ့ပါသွား တုန်းကလည်း စိတ်ပူရ၊ ပြန်ပြေးလာတော့လည်း ကြောက်ရနဲ့ ကိုယ့်ရပ်ကွက်မှာ မနေတော့ဘူးဆိုပေမယ့် တခါတလေဆို ပြန်ဖမ်းမိသွားမလား စစ်ထဲပြန်ပို့မလားဆိုတဲ့အတွေးတွေနဲ့ စိတ်ထဲကြောက်ရသေးတယ်။
ဘယ်လိုလုပ်မှ ငါတို့တွေ အပူအပင်တွေကင်းမလာဆိုတာတွေးမိတယ်။ ဒီလိုခံစားနေရတာတွေ သက်သာအောင်ကတော့ ဘာမှမရှိပါဘူး စိတ်အေးချမ်းအောင်ကတော့ ဘုရားရှိခိုး၊ ပုတီးစိပ်၊ ဘုရား၊တရား ပိုလုပ်ရတာပါပဲ။ တခါတလေကျရင် စိတ်တွေ အရမ်းရှုပ်လာရင် ဘုရားဝန်းထဲ တနေကုန်သွားထိုင်နေလိုက်တယ်။
ကိုတိုး
NGO ဝန်ထမ်း
ရန်ကုန်
ဒီကာလမှာ လူတိုင်းက စိတ်ဖိစီးတာ၊ စိတ်မကျန်းမာတာမျိုးတွေ ကြုံနေရတာပါပဲ။ ၂၀၂၁ နောက်ပိုင်းကတည်းက လူတိုင်းက အခက်အခဲတွေ အကြပ်အတည်းတွေရင်ဆိုင်ရတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေဆုံးရှုံးရတာကစလို့ စီးပွားရေးအဆင် မပြေတာ၊ မိသားစုဝင်တွေဆုံးရှုံးရတာ၊ စစ်မှုထမ်း ကိစ္စတွေ၊ ပေါ်တာဆွဲတာတွေ၊ လူပျောက်တာ၊ လောင်းကစားစွဲတာ စသဖြင့်ပေါ့။ ဒါတွေက လူတိုင်းအပေါ်ရိုက်ခတ်နေတယ်။
ဒီတော့လည်း တနည်းမဟုတ် တနည်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့ ဖြစ်ရပ်တွေက လူတွေမှာရှိလာတယ်။ သူတို့ရင်ဆိုင် ကြုံတွေရမှုနဲ့ ခံနိုင်အားပေါ်မူတည်ပြီး အနည်းနဲ့အများကတော့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံလာရမှာပဲ။ ကျနော့် တကိုယ်ရည် အနေနဲ့ဆိုရင်လည်း စိတ်ပိုင်းဆိုင်ရာ လုံးဝထိခိုက်နေတာ မကျန်းမာနေတာမျိုးမဟုတ်ပေမယ့်လည်း စိတ် ပင်ပန်းမှုတွေ စိတ်ဖိစီးမှုတွေတော့ ရှိပါတယ်။ အရာရာတိုင်းက အဆင်မပြေမှုတွေ၊ ဆုံးရှုံးမှုတွေကြုံခဲ့ရတော့ စိတ် အတက်အကျလည်း မြန်တယ်။ အရင်ကထက်လည်း စိတ်ထိန်း ရတယ်။
ပြီးတော့ ကျနော်တို့ဆီမှာ စိတ်ပိုင်းဆိုင်ရာအဆင်မပြေနေလည်း လူတွေအတွက် စိတ်ပျော်စရာတွေက မရှိသလောက်ပဲ ဆိုတော့ ဘယ်လိုစိတ်ထွက်ပေါက်ရှာကြမလဲဆိုတာရှိလာတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာဆိုလည်း အတူတူပဲ လူငယ်တွေဆို စစ်မှုထမ်း ပြသနာတွေ ဒါတွေက သူတို့ကိုယ်တိုင်လည်း စိုးရိမ်ထိတ်လန့်ရတဲ့အတွက် စိတ်ဖိစီးသလို သူတို့မိဘတွေ မှာလည်း စိတ်ပူပန်ရတာရှိတယ်။ ဒါကတော့ အဆိုးဆုံးပြောရမှာပေါ့။
နောက်စားဝတ်နေရေးက အရင်ကထက်ပိုရုန်းကန်နေရတာလည်း လူတိုင်းအတွက် မလွယ်ကူတဲ့အခြေအနေပေါ့။ ဒီနေရာမှာ ကိုယ်ကြိုးစားနေပေမယ့်လည်း ဖြစ်မလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာကို ပိုထိခိုက်စေတယ်။ လူတိုင်းက ထုတ်မပြောကြပေမယ့် သူတို့အခြေအနေတွေ စိတ်ပိုင်းဆိုင်ရာအခြေ အနေတွေကိုမြင်နိုင်ပါတယ်။ တကိုယ်ရည်စာ အဆင်မပြေမှုမှာ ခေတ်ရဲ့ ဝန်ထုတ်တွေက ထပ်ဆင့်လာတော့ လုပ်သမျှဘာလို့ အရာမထင်တာလဲ၊ ငါကြိုးစားလည်း ဒီလောက်ပဲလားဆိုတဲ့ စိတ်က အမြဲဖိစီးရတယ်။ ကျနော်ကတော့ စိတ်ဖိစီးရင် အားကစားလုပ်တယ်၊ ခရီးထွက်တယ်ပေါ့။ ကျန်တာ ကတော့မရှိပါဘူး။ အများစုကလည်း စိတ်ဖိစီးတာ စိတ်မကျန်းမာ တာရှိလည်း ဒီလိုပဲနေနေရင်းဖြတ်သန်းနေကြရတာပဲ။
စိတ်ပိုင်းဆိုင်ရာထိခိုက်ရင် နှစ်သိမ်ဆွေးနွေးလို့ရတယ်ဆိုတာလည်း သိတဲ့သူရှိသလို လက်လှမ်းမှီတာလည်းရှိချင်မှ ရှိမှာ ဆိုတော့ သူတို့ဘဝတွေကိုဒီလိုပဲဖြတ်သန်းနေကြတာပါပဲ။ ဒီဖိအားကို မခံနိုင်တဲ့သူကလည်း နောက်ဆုံးလမ်းရွေးသွားကြ တာလည်းရှိနေတာဆိုတော့ အပြစ်ပြောလို့လည်းမရဘူး။ သူ့မျှော်လင့်ချက် ပျောက်ဆုံးနေတာပေါ့။ ဒီကာလမှာကတော့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေတဲ့သူက တယောက်ထဲမဟုတ်ဘူးဆိုတာတော့ ပြောချင်တယ်။ ဖြစ်လာသမျှတွေကို ရင်ဆိုင်ရုံကလွဲပြီး ကျနော်တို့မှာရွေးချယ်စရာက ရှိမနေဘူးလေ။
မစုငယ်
ကလေး ၂ဦးမိခင်
ရန်ကုန်
စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ပတ်သက်ရင် အရင်ကထက်ပိုပြီးတော့ စိတ်ပင်ပန်းမှုတွေ စိတ်ဖိစီးမှုတွေက ရှိလာပါတယ်။ ကျမတို့မှာက နေ့စဥ် မိသားစုအရေးတွေ၊ ကလေးထိန်းကျောင်းမှုတွေကစလို့ အပြင်ထွက်တာနဲ့ ကိုယ့်အတွက် မိသားစုဝင် တဦးဦးအတွက် စသဖြင့် မလုံခြုံမှုတွေ ဘယ်နေရာ ဘာဖြစ်မှန်း မသိနိုင်တဲ့ ပူပန်မှုတွေနဲ့ ဖြတ်သန်းနေရတယ်။ ဒါတွေကလည်း တရက်တလေ၊ တခါတလေမဟုတ်ဘဲနဲ့ နေ့စဉ် ကြုံနေရတော့ ကျမတို့မှာ စိတ်ရောကိုယ်ပါ မလုံခြုံမှုတွေ ဖိစီးမှုတွေကနေ အစိုင်အခဲတွေ ဖြစ်လာခဲ့ပြီး စိတ်တွေက အဆုံးအစွန်ထိ ထိခိုက်လာတယ်ပဲပြောရမယ်။
အလုပ်မှာ စိတ်ဖိစီးရတာကတမျိုး အိမ်မှာလည်း ကလေးဝေယျာဝစ္စကစလို့ မိသားစုအရေးတွေက ကိုယ်တယောက်တည်း ဖြေရှင်းနေရတော့ လူရောစိတ်ပါ ၂ဆပင်ပန်းရတယ်။ ဒီလိုပင်ပန်းနေပေမယ့် အဆင်ပြေလား လိုအပ်တာရှိလားဆိုတာမျိုး နှစ်သိမ့်ပေးတာတွေ အကောင်းမြင်ပေးတာတွေ မရှိတော့ ပိုဆိုးတယ်။ တခါတလေ မိသားစုကို ပုံချမိတာ ကလေးတွေကို အော်ဟစ်ဆူပူမိတာတွေလည်း ခဏခဏတော့လုပ်မိနေတာ။ ဒါမကောင်းမှန်း သိပေမယ့် တခါတလေကျရင် ထိန်းမရ တော့ဘူး။ ကလေးတွေကိုဆိုရင်လည်း အော်မိ ဆူပူမိရင်လည်း ပြီးမှ စိတ်မကောင်းပိုဖြစ်ပြီး ပိုဝမ်းနည်းရနဲ့ တခါတလေကျရင် စိတ်တွေရှုပ်ပြီး အသက်တောင်မရှင်ချင်တော့ဘူး။
ကိုယ့်မှာသာ အပူအပင်တွေ စိတ်ပိုင်းဆိုင်ရာ မကျန်းမာတာနဲ့ပတ်သက်ပြီးတော့လည်း လူတွေမျှော်လင့်ချက်မဲ့နေတယ် ဆိုတာလည်း နားလည်တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ရှိပါတယ်။ တချို့တွေဆို စိတ်အဆင်ပြေမှုက တော်တော်ဆိုးဆိုး ဖြစ်နေတာ။ အကုန်လုံးလိုလိုက ရှိနေတဲ့ အလုပ်အကိုင် မပျောက်သွားအောင် ဖိအားတွေရှိနေလည်း သည်းခံပြီး လုပ်နေရ တာ။ ငွေကြေးမပြေလည်တာ၊ မိသားစုအရေးတွေ ပူပန်နေရတာ၊ ရှေ့ဆက်ဘာလုပ်ရမလဲ လမ်းပျောက်နေတာတွေပေါ့။ ဒါတွေက ကိုယ့်ပတ်ဝန်းကျင်မှာမြင်နေတွေ့ နေရတာတွေပဲ။ တချို့လည်း ရသလောက်ပျော်ရွှင်စရာလေးတွေလုပ်ပြီး ဖြတ်သန်းနေရတယ်။ ဒီလိုမှ မနေရင်လည်း ကျမတို့မှာ ဘယ်လိုမှ ရပ်တည်နိုင်တော့မှာ မဟုတ်ဘူးလေ။










