သမီးတယောက်ရဲ့ ပုခုံးပေါ်က မိသားစုတာဝန်
Grace
နမ်ဆန်ရမ်ဆိုတဲ့ ကချင်ရွာငယ်လေးတခုကနေ မြစ်ကြီးနားမြို့ရဲ့ တဖက်ကမ်း၊ ဝိုင်းမော်စစ်ရှောင်စခန်း ကို အသက် ၇ နှစ်အရွယ်ကတည်းက မိခင်နဲ့အတူ ပြောင်းရွှေ့ခဲ့ရတဲ့ လုလုဆိုတဲ့ မိန်းကလေးဟာ အခုဆိုရင် ဒီစစ်ရှောင်စခန်းမှာ နေထိုင်လာခဲ့တာ ၁၆ နှစ်တာကာလ ရှိခဲ့ပါပြီ။
“ရွာမှာ အဖေဆုံးပြီး ဒီကိုရောက်လာခဲ့တယ်၊ အဲ့ချိန်တုန်းကဆိုရင် အမေလည်း မောင်လေးအငယ်ဆုံး ကိုယ်ဝန်နဲ့၊ စရောက်ချင်းတုန်းက အဆင်မပြေတာတွေ အများကြီးရှိခဲ့တယ်” လို့ ပြောပါတယ်။
ငယ်စဉ်ကတည်းက စစ်ရှောင်စခန်းမှာ နေခဲ့ရသူဖြစ်တဲ့အတွက် ကျောင်းမှာ ခွဲခြားဆက်ဆံတာတွေ ကြုံတွေ့ခဲ့ရတဲ့ လုလုမှာ တချိန်ကျ ပညာတတ်ဖြစ်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ ရည်ရွယ်ချက်လည်း ရှိပါတယ်။
ဒါပေမဲ့ ကချင်ပြည်နယ်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ကုန်ဈေးနှုန်း အဆမတန် မြင့်မားလာတာ ကြောင့် ပညာတတ်တယောက်ဖြစ်ချင်တဲ့ စစ်ရှောင်မိန်းကလေးလုလုဟာ မိသားစုစားဝတ်နေရေး ဖြေရှင်းဖို့အတွက် ပညာရေးတပိုင်းတစနဲ့ ကျောင်းရပ်နားရမယ့်အခြေအနေတွေနဲ့ ရင်ဆိုင်လာရပါ တယ်။
မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ်တွေထဲမှာ ကချင်ပြည်နယ်ဟာ ဆန်ဈေးအမြင့်ဆုံးဒေသဖြစ်တယ်လို့ နိုင်ငံတကာအာဟာရနဲ့ စိုက်ပျိုးရေးမူဝါဒသုတေသနအဖွဲ့ (IFPRI) Myanmar ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
လုလုတို့ နေထိုင်ရာအရပ်မှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ မနောသုခ ဆန်အမာ(ဆန်ကြမ်း) ၁ပြည်ကို ၅ထောင်ကျပ်ဈေး၊ ငွေတိုးအမည်ရ ဆန်ကြမ်းတပြည်ကို ၈ထောင်ကျပ်၊ ပေါ်ဆန်းမွှေးတပြည်ကို ၁၄,၀၀၀ ကျပ်ရှိကြပါတယ်။
ဒုတိယမြောက်သမီးဖြစ်တဲ့ လုလုတို့မှာ မိသားစုဝင် ၆ဦးရှိပြီး၊ သူ့အဖေဆုံးသွားပြီးနောက် မိခင်ဖြစ်သူနင့်အတူ မွေးချင်း ၄ဦးကျန်ခဲ့ပါတယ်။

လုလုဟာ သူ့ပုခုံးပေါ်မှာရှိတဲ့ မိသားစုတာဝန်တွေနဲ့အတူ သူ့ရဲ့အနာဂတ်အကြောင်း၊ ကချင်ပြည်နယ်မှာ သူတို့ရင်ဆိုင်နေရတဲ့ လက်ရှိကုန်ဈေးနှုန်းတွေကြောင့် ကြုံတွေ့နေရတဲ့ အခက်အခဲကိုလည်း ယခုလို ပြောပြပါတယ်။
“မြစ်ကြီးနား ကြက်ဥတလုံး ၁၂၀၀၊ တရုတ်ကြက်ဥတလုံး ၈၀၀၊ ကံမကောင်းရင် ၁၀ လုံးမှာ ၂ လုံးက မကောင်းတာ ရသေးတယ်၊ တခါတလေ ကိုယ်စားချင်တာ မစားရဘူး၊ ဈေးများလို့၊ ဈေးပေါ့တဲ့ဟာ ဝယ်စားလိုက်ရတယ်၊ ငါးစားချင်ပေမဲ့ တရုတ်ကလာတဲ့ ဟော့ဒေါ့ချောင်းတွေ ဝယ်စားလိုက်ရတယ်” တဲ့။
ဒီလိုအခြေအနေတွေကြောင့် စစ်ရှောင်စခန်းထဲက သူနဲ့ရွယ်တူ မိန်းကလေးငယ်အများအပြားဟာလည်း ပညာဆက်လက်သင်ယူဖို့ထက် ငွေရှာဖို့ကိုသာ ပိုမိုစိတ်ဝင်စားလာကြရတယ်လို့ လုလုက ပြောပြ ပါတယ်။
သူက ဆက်ပြီး “စားဝတ်နေရေးဖြေရှင်းဖို့အတွက် သတ္တုတူးတဲ့နေရာနဲ့ ရွှေမော်ဘက်သွားတဲ့သူတွေ ပိုရှိလာတာပေါ့” လို့ သူ့ပတ်ဝန်းကျင်က အခြေအနေကို ပြောပြပါတယ်။
အဲဒီနေရာတွေမှာ အလုပ်လုပ်တဲ့ မိန်းကလေးငယ်တွေဟာ တရုတ်ငွေနဲ့ လစာရရှိပြီး မြန်မာငွေနဲ့တွက်ရင် ၁၈ သိန်းဝန်းကျင်အထိ ရရှိတယ်လို့ သိရပါတယ်။
ဒါပေမဲ့ မိန်းကလေးတွေအတွက် လုံခြုံတဲ့အလုပ်ခွင်တွေတော့ မဟုတ်ပါဘူး။
လုလုရဲ့ သူငယ်ချင်း ၃ယောက်လောက်က သူ့လိုပဲ ပညာရေးတပိုင်းတစနဲ့ စားဝတ်နေရေး ပြဿနာ တွေကို ဖြေရှင်းနိုင်ဖို့အတွက် အိမ်ပြင်ထွက်ပြီး ထမင်းချက်တဲ့နေရာ၊ ကုန်စုံဆိုင် ၊ သတ္တုတူးနဲ့နေရာမှာ သုံးဖို့အတွက် တောင်ကျရေသွယ်တဲ့အလုပ်နဲ့ ရွှေကျင်တဲ့အလုပ်တွေ အလုပ်သွားလုပ်နေကြရပါတယ်။
ပန်ဝါဘက်က သတ္တုတူးတဲ့နေရာမှာ ထမင်းချက်အလုပ် လုပ်ကိုင်ဖို့သွားခဲ့တဲ့ လုလုရဲ့ သူငယ်ချင်း တယောက်ဟာ အလုပ်ခွင်မှာ သူတဦးတည်းသာ မိန်းကလေးဖြစ်ပြီး ပတ်ဝန်းကျင်မှာ အမျိုးသားတွေချည်း ဖြစ်တာကြောင့် မလုံခြုံဘူးလို့ ခံစားခဲ့ရကြောင်း လုလုကို ပြောပြခဲ့ပါတယ်။
“နည်းနည်းရုပ်ရည်ရှိတဲ့ ကောင်မလေးတွေဆိုရင် တချို့သူဌေးတွေက ထိကပါးရိကပါးလုပ်တဲ့ ဟာမျိုးတွေ ရှိတယ်” လို့ သူ့သူငယ်ချင်းရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး လုလုက ပြန်ပြောပြပါတယ်။
အခုတော့ လုလုဟာ ဘဝတူ စစ်ရှောင်ကလေးတွေကို စာသင်ပေးတဲ့အလုပ်လုပ်ကိုင်ရင်း မိခင်ဖြစ်သူကို စောင့်ရှောက်နေတဲ့ အမျိုးသမီးငယ်တယောက် ဖြစ်နေပါပြီ။ စစ်ရှောင်စခန်းမှာ ကလေးတွေကို စာသင်ပေးတဲ့အတွင် ဝင်ငွေကအဖြစ် ၁လကို သုံးသိန်းကျော်ရရှိပါတယ်။
“၂၀၂၁ ကစ ကျောင်းမတက်တော့တာ၊ အခု စာသင်တဲ့ပိုက်ဆံစုပြီးတော့ ကျောင်းပြန်တက်နိုင်အောင် ကြိုးစားနေတယ်” လို့ ပြောပြပါတယ်။
UN ရဲ့ ၂၀၂၆ ခုနှစ် ထုတ်ပြန်ချက်တွေအရ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက လူငယ်အနည်းဆုံး ၁သန်းခန့်ဟာ နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်မှုထမ်းဥပဒေနဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် နိုင်ငံကနေ ထွက်ခွာသွားကြပြီး၊ နိုင်ငံပြင်ပကို မထွက်ခွာနိုင်တဲ့ လူငယ်တွေ၊ အထူးသဖြင့် စစ်ဘေးဒဏ်ခံနေရတဲ့ ကချင်ပြည်နယ်က လူငယ်အမျိုးသမီးတွေဟာ အန္တရာယ်များပြီး လုံခြုံမှုမရှိတဲ့ လုပ်ငန်းခွင်တွေမှာ ဝမ်းရေးဖြေရှင်းဖို့အတွက် အမျိုးသားတွေကိုယ်စား နေရာယူလာကြကြောင်း သိရပါတယ်။
ဒါ့အပြင် ၂၀၂၆ ခုနှစ်မှာ UN Women နဲ့ UNDP တို့ ပူးတွဲထုတ်ပြန်တဲ့ Uneven Burdens: Women in Myanmar’s Crisis Economy အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အခြေခံမိသားစုလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အိမ်ထောင်စုတစုမှာ ပျမ်းမျှဝင်ငွေရှာသူ အနည်းဆုံး မိသားစုဝင် ၂ ဦး လိုအပ်နေတယ်လို့ ဆိုပါတယ်။ အမျိုးသမီး ၄၂ ရာခိုင်နှုန်းမှာ ကိုယ်ပိုင်ဝင်ငွေ လုံးဝမရှိသေးသလို အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေရဲ့ ဝင်ငွေကလည်း အမျိုးသားတွေထက် နည်းနေပါတယ်။ ပဋိပက္ခပြင်းထန်တဲ့ ဒေသတွေမှာ ကျား၊ မ ဝင်ငွေကွာခြားမှုက ပိုမိုကြီးမားလာတယ်လို့ တွေ့ရှိရပါတယ်။
UNICEF ရဲ့ ၂၀၂၅ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကလေး ၄.၇ သန်းဟာ ပညာသင်ယူခွင့် မရရှိတော့ပါဘူး။ ပညာရေးလက်လှမ်းမမီမှုဟာ ကလေးအိမ်ထောင်ပြုခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းနဲ့ အလွဲသုံးစားပြုခြင်း၊ ကလေးလုပ်သားဖြစ်လာခြင်းနဲ့ လူကုန်ကူးခံရခြင်း စတဲ့ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အန္တရာယ်တွေ မြင့်တက်လာခြင်းနဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းခြင်းရဲ့ အကျိုးဆက်ကြောင့် ဝေးလံခေါင်သီတဲ့ စစ်ဘေးသင့်ဒေသက လုလုလို အမျိုးသမီးငယ်တွေသာမက မြန်မာပြည်ရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ပေါ်က အမျိုးသမီးငယ်တွေပါ ပညာရေးလမ်းကြောင်းကနေ သွေဖယ်ပြီး မိသားစုတာဝန်တွေကို ထမ်းလာကြရပါတယ်။
အဲဒီထဲမှာ ရန်ကုန်မှာနေတဲ့ အသက် ၂၁ နှစ်အရွယ် သက်ထားဆိုတဲ့ မိန်းကလေးလည်း ပါဝင်ခဲ့ပါတယ်။
သက်ထားက “အိမ်မှာ သမီးလည်းကိုယ်၊ သားလည်းကိုယ်ပဲ၊ သွပ်မိုးဆိုလည်း တက်မိုးလိုက်တာပဲ” လို့ ပြောပြပါတယ်။
COVID-19 နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အငယ်ဆုံးသမီးဖြစ်တဲ့ သက်ထားက မိဘနှစ်ပါးရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ အိမ်မှုကိစ္စတွေကို တာဝန်ယူပေးရတဲ့သူတဦး ဖြစ်လာပါတယ်။
အသက်အရွယ်ရလာတဲ့ သက်ထားရဲ့ဖခင်ဟာ ပြောပြီးသားစကားကို ထပ်တလဲလဲ ပြောလာတာ အပါအဝင် အယောင်ယောင်အမှားမှားနဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ လက္ခဏာတွေပြလာကြောင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်လာမှာ စိုးရိမ်ရတဲ့အတွက် စကားပြောဖော်လုပ်ပေးတာမျိုးအထိ ဂရုစိုက်ပေး နေရတယ်လို့ ဆိုပါတယ်။
“ကိုယ်မရှိလို့ မဖြစ်ဘူး” ဆိုတဲ့ အသိစိတ်နဲ့ တဖြည်းဖြည်းနေရာယူလာတဲ့ မိသားစုတာဝန်တွေကြောင့် ပညာရေးအပေါ် လစ်ဟင်းမှုတွေ ဖြစ်လာပါတယ်။
အငယ်ဆုံးသမီးဖြစ်တဲ့ သက်ထားအတွက် မိသားစုတာဝန်ကို ထမ်းပိုးနေရခြင်းနဲ့အတူ မိသားစုအတွင်း ကျား၊ မ အပေါ်ထားရှိတဲ့ မတူညီတဲ့ သဘောထားတွေကိုလည်း ငယ်စဉ်ကတည်းက ကြုံတွေ့ခဲ့ရပါတယ်။ မိခင်ဖြစ်သူက သားတွေကို ပိုချစ်တယ်လို့ ခံစားခဲ့ရတာကြောင့် ဆယ်ကျော်သက်အရွယ်အထိ ကိုယ့်ကိုယ်ကို “သားသား” လို့ သုံးနှုန်းခဲ့ဖူးတယ်လို့ သက်ထားက ပြောပြပါတယ်။
“ဒါပေမဲ့လည်း အဖေက သားနဲ့သမီးကို ခွဲခြားဆက်ဆံတယ် ” လို့ ကျား၊ မ ဖြစ်တည်မှုအပေါ် မိသားစုတွင်း ခွဲခြားဆက်ဆံခံမှုအပေါ် သူခံစားရတဲ့ အကြောင်းတွေကို ပြန်ပြောင်းပြောပြပါတယ်။
မိသားစုအတွက် တာဝန်ယူရုန်းကန်နေပေမဲ့ ဖခင်ဖြစ်သူက တခါတရံ “နင်က အသုံးမကျဘူး” လို့ ဆူတာတွေရှိခဲ့ပေမဲ့ အဲဒီလိုအချိန်တွေမှာတောင် မိဘတွေကို ထားခဲ့ဖို့ထက် သူ မရှိတော့ရင် သူတို့ ဘယ်လိုရပ်တည်ကြမလဲဆိုတဲ့ စိုးရိမ်စိတ်က ပိုကြီးနေပါတယ်။
တိုင်းပြည်ရဲ့ စီးပွားရေးအကြပ်အတည်းကနေ မိသားစုတွေဆီ ရိုက်ခတ်လာတဲ့ ငွေကြေး အခြေအနေကြောင့် သက်ထားတယောက် Grade 12 စာမေးပွဲအတွက် ဘာသာစုံကျူရှင်တက်နိုင်ခြင်း မရှိခဲ့သလို စာမေးပွဲအတွက် ပြင်ဆင်ချိန်လည်း မရှိခဲ့ပါဘူး။
“Grade 12 ကျတယ်လို့ ဖြေရမှာ အရမ်းရှက်ခဲ့တယ်” လို့ သူ့ခံစားချက်ကိုလည်း ပြောပြပါတယ်။
အဲဒီနောက်ပိုင်း လေယာဉ်မယ်၊ ဟိုတယ်လုပ်ငန်းနဲ့ သူနာပြုအကူသင်တန်းတွေ တက်ရောက်ခဲ့ပြီး သက်ထားဟာ အလုပ်အကိုင်မျိုးစုံကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိမှာ သက်ထားက ကလေးတွေကို စာသင်ပေးခြင်း၊ လေယာဉ်လက်မှတ်ရောင်းခြင်းနဲ့ နိုင်ငံကူးလက်မှတ် အွန်လိုင်းမှ ကြိုတင်ရက်ချိန်း လျှောက်ထားပေးခြင်း ဝန်ဆောင်မှုတွေ ပြုလုပ်ရင်း မိသားစုအတွက် လစဉ် အသုံးစရိတ် ရှာဖွေနေပါတယ်။
“လေယာဉ်လက်မှတ်ရောင်းတော့ ညကို ၁နာရီထိုးမှ အိပ်ဖြစ်တယ်၊ တခါတလေလည်း ၃နာရီထိုးမှ အိပ်ဖြစ်တယ်” လို့ ဆိုပါတယ်။
ရရှိတဲ့ငွေတွေထဲက အများစုကလည်း သူ့အတွက် မဟုတ်ပါဘူး။
“၇၀ ရာခိုင်နှုန်းကို အိမ်ပေးဖြစ်တယ်၊ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို ညီမအသုံးပြုတယ်၊ အဲဒီအတွက် ညီမ ကိုယ့်ပညာရေးအတွက် အသုံးမပြုနိုင်ဘူး” လို့ သက်ထားက သူ့ရဲ့ ဝင်ငွေအခြေအနေကို ပြောပြပါတယ်။
သက်ထားဟာ ၂၀၂၅ ခုနှစ်နောက်ပိုင်း သူတန်ဖိုးထားတဲ့စာအုပ်စာပေတွေကိုတောင် ဝယ်မဖတ်နိုင် တော့ဘူးလို့ ဆိုပါတယ်။
“ငါ စာအုပ်ဝယ်လိုက်တာထက် အိမ်ကိုပေးလိုက်တာ ပိုကောင်းတယ်” ဆိုတဲ့ အတွေးတွေဝင်လာပြီး စာအုပ်ဝယ်စုတတ်တဲ့အကျင့်လည်း ပျောက်သွားတယ်လို့ သက်ထားက ပြောပါတယ်။
အဲဒီလို မိသားစုအတွက် ဦးစားပေးရွေးချယ်မှုတွေဟာ ပညာရေးနဲ့ စာအုပ်တွေမှာပဲ ရပ်မနေပါဘူး။ မိသားစုရဲ့ ငွေကြေးကိစ္စတွေကို ဝိုင်းဝန်းကူညီပေးရလို့ စာမေးပွဲနဲ့ ပညာရေးအခွင့်အလမ်းတချို့ကို လက်လွှတ်ခဲ့ရတာတွေလည်း ရှိပါတယ်။
နိုင်ငံရပ်ခြားမှာ ပညာဆက်လက်သင်ချင်တဲ့ ဆန္ဒရှိပေမဲ့ မိသားစုအတွက် စီမံပေးရမယ့် ငွေကြေး တာဝန်တွေကြောင့် “ခြေချုပ်မိနေတယ်” လို့ သက်ထားက သူ့အခြေအနေကို ဖော်ပြပါတယ်။
ဒီလို မိသားစုတာဝန်တွေကို အရွယ်နဲ့မမျှ ထမ်းလာရခြင်းက သက်ထားအတွက် ပညာရေး လမ်းကြောင်း ကိုသာ ပြောင်းလဲစေတာမဟုတ်ဘဲ သူ့ရဲ့ လူငယ်ဘဝကိုပါ ပြောင်းလဲစေခဲ့ပါတယ်။
မိသားစုအပေါ် တာဝန်ယူနေရမှုတွေနဲ့ ကိုယ်ပိုင်ဘဝအတွက် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့် နည်းပါးလာတယ်လို့ ခံစားနေရတဲ့ သက်ထားဟာ တခါတရံ ဒီအခြေအနေကနေ လွတ်မြောက်နိုင်ဖို့ အတွက် “အိမ်ထောင်ပြုလိုက်ချင်တဲ့အထိ စဉ်းစားမိတယ်” လို့လည်း ပြောပါတယ်။
UNDP ရဲ့ ၂၀၂၅ ခုနှစ် A Generation on Hold အစီရင်ခံစာအရ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အကြား လူငယ် ၄ ဦးလျှင် ၃ ဦး၊ လူဦးရေအားဖြင့် ၅ သန်းကျော်ဟာ ပညာသင်ကြားရေးစနစ်ထဲမှာ မရှိတော့ပါဘူး။
ယခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်မှာအကြောင်းအမျိုးမျိုးကြောင့် ကျောင်းပရဝဏ်ကို စွန့်ခွာပြီး အခြေခံ ပညာသင်ယူခွင့် ဆုံးရှုံးနေသူ ၆ ဒသမ ၃ သန်းကျော်ထိ ရှိနေဆဲဖြစ်တယ်လို့ (ISP-Myanmar) ကထုတ်ပြန်ထားပါတယ်။ အထူးသဖြင့် လူငယ်အမျိုးသမီး ၄ ဦးမှာ ၁ ဦးက မိသားစုတာဝန်တွေကြောင့် ပညာရေးကနေ စွန့်ခွာရပြီး၊ လူငယ်အမျိုးသားတွေမှာတော့ အဲဒီအကြောင်းပြချက်ကြောင့် ကျောင်းထွက်သူ ၅ ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒါ့အပြင် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာကြောင့် မိသားစုတစု ရပ်တည်နိုင်ဖို့အတွက် လိုအပ်တဲ့ ဝင်ငွေပမာဏ ကလည်း ပိုမိုကြီးမားလာပါတယ်။
ကျောင်းပြင်ပကို စောစီးစွာရောက်ရှိသွားတဲ့ အမျိုးသမီးငယ်တွေဟာ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်စေတဲ့ အရွယ်မတိုင်ခင် အိမ်ထောင်ပြုရခြင်း၊ အိမ်မှုတာဝန်များကို ပိုမိုထမ်းဆောင်ရခြင်း၊ မိသားစု ဝင်ငွေအတွက် အလုပ်ထွက်လုပ်ရခြင်း၊ စီးပွားရေးလွတ်လပ်ပိုင်ခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် နည်းပါးလာခြင်း၊ လုံခြုံမှုမရှိတဲ့ အလုပ်ခွင်နဲ့ ခေါင်းပုံဖြတ်အမြတ် ထုတ်မှုတွေကို ရင်ဆိုင်ရခြင်း၊ လူကုန်ကူးမှုနဲ့ အခြားတရားမဝင်ကွန်ယက်တွေရဲ့ သားကောင်ဖြစ်နိုင်ခြင်း၊ ခေါင်းဆောင်မှု အခွင့်အလမ်းတွေဆုံးရှုံးခြင်းစတဲ့ အရာတွေကို ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားဆောင်ရွက်သူတွေနဲ့၊ လူမူကူညီရေးအဖွဲ့အစည်းတွေရဲ့ မြေပြင်အခြေ အနေ လေ့လာတွေ့ရှိချက်တွေလည်း ရှိကြပါတယ်။
ကျောင်းနဲ့ ဝေးကွာသွားတဲ့အခါ တချို့မိန်းကလေးတွေဟာ အိမ်မှုတာဝန်တွေ ပိုမိုထမ်းဆောင်ရတာ၊ အိမ်မှုကိစ္စတွေ လုပ်ကိုင်ရတာနဲ့ မိသားစုဝင်ငွေအတွက် အလုပ်ထွက်လုပ်ရတာမျိုးတွေကို ကြုံတွေ့ လာနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အရွယ်မတိုင်မီ အိမ်ထောင် ကျသွားရတာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။
ဒီလိုဖြစ်လာတဲ့အခါ ပညာရေးတခုတည်း ဆုံးရှုံးသွားတာမဟုတ်ဘဲ အမျိုးသမီးငယ်တွေရဲ့ အနာဂတ်ရွေးချယ်ခွင့်တွေ၊ စီးပွားရေးလွတ်လပ်ခွင့်တွေနဲ့ ခေါင်းဆောင်မှုအခွင့်အလမ်းတွေပါ ဆုံးရှုံးသွားနိုင်ပါတယ်။
မိန်းကလေးတယောက်ကို ပညာသင်ယူခွင့်ပေးလိုက်ရင် အဲဒီမိန်းကလေးတယောက်တည်း ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ သူ့မိသားစု၊ သူ့ပတ်ဝန်းကျင်နဲ့ နောက်လာမယ့် မျိုးဆက်တွေအထိ အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။
“အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ ပညာသင်ယူခွင့်ကို ကာကွယ်ပေးခြင်းဟာ ကျား၊ မ တန်းတူညီမျှရေးအတွက်သာ မဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးကြီးပြီး မဖြစ်မနေလိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတခုဖြစ်တယ်” လို့ ကျောင်းဆရာမတဦးက သူ့အမြင်ကို HI – Honest Information ကို ပြောပါတယ်။
ဒါ့အပြင် မိန်းကလေးဖြစ်တဲ့အတွက် ပညာရေးက အရေးမကြီးဘူး၊ အိမ်မှုကိစ္စလုပ်တတ်ရင် လုံလောက်တယ်၊ အိမ်ထောင်ကောင်းကောင်းပြုနိုင်ရင် ရပြီဆိုတဲ့ ရှေးရိုးစွဲအယူအဆဟောင်းတွေ ရှိနေဆဲဖြစ်ပြီး ဒီလိုအယူအဆတွေကြောင့် မိန်းကလေးတွေရဲ့ ပညာရေးကို ဦးစားပေးမထားတာ၊ အိမ်မှုတာဝန်တွေနဲ့ အိမ်တွင်းကိစ္စတွေကို ပိုပြီး ထမ်းဆောင်ခိုင်းတာမျိုးတွေ ဖြစ်လာနိုင်တယ်” မက်ဆာချူးဆက်တက္ကသိုလ်မှာ ကမ္ဘာ့အရေးလေ့လာသူတဦးက ထောက်ပြပါတယ်။
သူက ဆက်လက်ပြီး ”ပညာသင်ယူခွင့်မရတဲ့အချိန်မှာ သူတို့အတွက် အခွင့်အလမ်းတွေ ပိုပြီးနည်းပါးသွားနိုင်သလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ပိုမိုကြုံတွေ့လာနိုင်ပါတယ်”လို့ ပြောပါ တယ်။
မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ ကချင်ပြည်နယ်က လုလုနဲ့ မိုင်ထောင်ချီဝေးတဲ့ ရန်ကုန်မြို့ပေါ်က သက်ထားတို့ ၂ဦးစလုံးကတော့ ပညာဆက်လက်သင်ယူပြီး ကိုယ်ပိုင် အနာဂတ်ကို တည်ဆောက်ချင်တဲ့ ရည်ရွယ်ချက်ကိုယ်စီ ရှိနေကြဆဲပါ။
ငယ်ငယ်က အင်္ဂလိပ်စာညံ့လို မူလတန်းအရွယ် စာမေးပွဲမှာ အင်္ဂလိပ်စာကျခဲ့ဖူးလို့ အဲဒီဘာသာရပ်ကို အားစိုက်ကြိုးစားခဲ့တဲ့ ရန်ကုန်မြို့က သက်ထားရဲ့ ရည်မှန်းချက်ကတော့ အနာဂတ်မှာ ပညာသင်ခွင့် ပြန်ရရင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကို အင်္ဂလိပ်စာဘာသာရပ်နဲ့ ကျောင်း ဆက်တက်မယ်လို့ ဆိုပါတယ်။
ပြီးတော့ “ညီမလိုပဲ အင်္ဂလိပ်စာမရတဲ့ကလေးတွေကို အခမဲ့ပညာသင်ကြားရေးတွေလုပ်ပေးမယ်၊ တချို့ ကလေးတွေကို အခမဲ့ မြန်မာစာတွေ၊ စာလုံးပေါင်းတွေမှန်အောင် သူတို့ကို အခြေခံကနေ စနစ်တကျ သင်ကြားပေးသွားမယ်”လို့ သက်ထားက သူ့ရည်မှန်းချက်ကို ပြောပါတယ်။
အနာဂတ်မှာ နိုင်ငံရပ်ခြားမှာ ရွှေ့ပြောင်းနေထိုင်ချင်ပြီး GED ဖြေမယ် University တခုတက်မယ် လို့လည်း သူက မျှော်မှန်းထားပါသေးတယ်။
ဒါပေမဲ့ စစ်ဇုန်ထဲကမိန်းကလေးတွေသာမက၊ မြို့ပြက မိန်းကလေးတွေကိုပါ စာသင်ခန်းထဲကနေ ဆွဲထုတ်ခဲ့တဲ့ အာဏာသိမ်းမှုနောက်ဆက်တွဲ ခေတ်စနစ်၊ မိသားစုတာဝန်တွေနဲ့ မရေရာမှုတွေကြားမှာ ဒီမိန်းကလေးငယ်တွေရဲ့ ရည်ရွယ်ချက်တွေ ဘယ်အချိန် အကောင်အထည်ဖော်နိုင်မလဲဆိုတဲ့ မေးခွန်း သူတို့ရဲ့ အနာဂတ်အတွက် အဖြေပဲလို့ ဆိုရမှာဖြစ်ပါတယ်။










