ကျားဖြန့်လိပ်ပြာ
လိပ်ပြာလေးတွေဟာ လွတ်လပ်စွာ ဖြစ်တည်ခွင့် ရှိတဲ့သဘာဝတရားရဲ့ သက်ရှိ လက်ဆောင် တခုပါ။ အလှတရားတွေကို ဆောင်ကျဉ်းပြီး၊ ဘယ်နေရာကိုမဆို လွတ်လပ်စွာ ပျံသန်းခွင့် ရှိရပါမယ်။
ဒါပေမယ့် တချို့လိပ်ပြာလေးတွေ အတွက်တော့ ကမ္ဘာကြီးက အဲဒီလောက်ထိ ကြင်နာမှု ပေးမထားပါဘူး။ တောင်ပံတွေကို ချုပ်နှောင်ခံနေရပြီး၊ အမှောင်ဆုံး လမ်းကျဉ်းထဲမှာ ပိတ်ဆို့ ခံနေခဲ့ကြရတယ်။ လွတ်မြောက်လိုတဲ့ ဆန္ဒရှိပေမယ့်လည်း လမ်းမရှိတဲ့ ရထားတစင်းလို မျှော်လင့်ချက်နဲ့ လွဲချော်ခဲ့ရတယ်။
ဒီဇာတ်လမ်းက အဲဒီလို အခင်းအကျင်းထဲ ရောက်ရှိခဲ့ရတဲ့ မိန်းကလေးငယ် တယောက်ရဲ့ သက်ရှိရာဇဝင် တခုပါ။
သူ့ရဲ့ ကြောက်ရွံ့မှု ဝေဒနာတွေ၊ မျှော်လင့်ချက်မဲ့မှုတွေ၊ မကုန်ခန်းနိုင်သော နင့်သီးလွန်းတဲ့ စိတ်ခံစားမှုတွေ၊ ရှင်သန်ဖို့ ကြိုးစားခဲ့ရပုံတွေ… ပြီးတော့… လွတ်မြောက်ရာ လမ်းဆီသို့…။
ဒါဟာ ဇာတ်လမ်းတခု အဖြစ်နဲ့တင် မကပါဘူး ကမ္ဘာပေါ်မှာ အခုချိန်ထိ ဖြစ်ပျက်နေဆဲ အမှန်တရားတွေကို ထင်ဟပ်ပြထားတာပါ။ ဒီလို လိပ်ပြာလေးတွေ ရှိနေတယ် ဆိုတာကို အားလုံးက သတိတရ ရှိစေလိုပါတယ်။










