တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ (ဇူလိုင်လ ၂၅ ရက်ကနေ ၃၁ ရက်၊ ၂၀၂၆)
ဇူလိုင်လ ၂၅ ရက်ကနေ ၃၁ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာ တွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။
ဒီတပတ် အမျိုးသမီးနဲ့ ဂျဲန်ဒါဆိုင်ရာ သတင်းတွေထဲကမှ ဒေသအသီးသီးမှာ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ လုံခြုံရေး၊ တရားမျှတမှုနဲ့ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို အဓိကမီးမောင်းထိုးပြထားတဲ့ သတင်း ၃ ပုဒ်အပေါ် လူထုရဲ့ တုံ့ပြန်မှုနဲ့ သုံးသပ်ချက်တွေကို စုစည်းတင်ပြပေးချင်ပါတယ်။
ပထမ တပုဒ်ကတော့ လူထုစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်တဲ့ ကျောက်တော်မှာ မိန်းကလေးငယ် ၂ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူအား ဖမ်းဆီးရမိ ဆိုတဲ့သတင်းပါ။
ကျောက်တော်မြို့နယ်မှာ အသက် ၁၄ နှစ်နဲ့ ၈ နှစ်အရွယ် ညီအစ်မ၂ဦး ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ပြီး ထွက်ပြေးနေသူ ဦးမောင်အေးလှကို DLEPS က ဖမ်းဆီးရမိခဲ့တဲ့ သတင်းကတော့ ကလေးငယ်တွေနဲ့ မိသားစုအတွက် တရားမျှတမှု တစိတ်တပိုင်း စတင်ရရှိလာတာကြောင့် စိတ်ဝင်စားဖွယ်ဖြစ်ခဲ့ပါတယ်။
မိဘတွေ ယာခင်းသွားချိန် အခွင့်ကောင်းယူ ကျူးလွန်ခဲ့တဲ့ ဒီဖြစ်စဉ်ဟာ ပဋိပက္ခဒေသအတွင်း တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှုတွေကို အတိအလင်း ဖော်ပြနေပါတယ်။ အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်မှုအောက်က ရခိုင်ပြည်ရဲ့ မြို့တွေမှာ အရွယ်မရောက်သေးသူတွေအပေါ်မုဒိမ်းမှုတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် မိဘတွေအနေနဲ့ သမီးငယ်တွေအတွက် လွန်စွာ စိုးရိမ်နေကြရပြီး၊ အခု ဖမ်းဆီးရမိသူကိုလည်း နောက်နောင် မကျူးလွန်ရဲ အောင် ထိရောက်ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးဖို့နဲ့ စောင့်ကြည့်ရေးယန္တရားတွေ တင်းကျပ်ပေးဖို့ လူထုက တောင်းဆိုနေကြပါတယ်။
နောက်ထပ် တပုဒ်ကတော့ လမ်းခရီးအခက်အခဲကြောင့် အချိန်မီ ဆေးကုသမှုမရခဲ့သည့် မီးဖွားပြီး သွေးသွန်မိခင် သေဆုံး ဆိုတဲ့ သတင်းဖြစ်တယ်။ ကရင်နီပြည်မှာ မီးဖွားပြီး သွေးသွန်ခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် မိခင်တဦးကို အနီးဆုံး ဆေးခန်းဖြစ်တဲ့ ခြေလျင် ၂ နာရီခရီးကို ပို့ဆောင်ခဲ့ရပေမယ့် အချိန်ကြန့်ကြာသွားတဲ့အတွက် သေဆုံးသွားခဲ့ရတဲ့ သတင်းက တော့ ပဋိပက္ခဒေသရဲ့ မြေပြင်ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့နေတဲ့ ဖြစ်ရပ်မှန် ဒုက္ခကို ကွက်ကွက်ကွင်းကွင်း ဖော်ပြ နေပါတယ်။
ပဋိပက္ခကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုဟာ တားဆီးကာကွယ်လို့ရတဲ့ မိခင်အသက်တချောင်းကို ဆုံးရှုံး စေခဲ့မှန်း စာဖတ်သူတွေကို သိရှိစေခဲ့ပါတယ်။ ဒီဖြစ်စဉ်အပေါ် လူထုအကြား ကြေကွဲဝမ်းနည်းရုံတင်မကဘဲ စစ်ဘေးရှောင် စခန်းတွေနဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွေမှာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွေ အမြန်ဆုံး လိုအပ်နေပြီဆိုတာကို ထောက်ပြပြောဆိုနေကြပါတယ်။
ဒီ သတင်း ၂ပုဒ်အပြင် လူစိတ်ဝင်စားမှုအများဆုံးဖြစ်တဲ့ သတင်းတပုဒ်ကတော့ ရှမ်းပြည်နယ်မှာ ၃ နှစ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၁၇၂ ခုဖြစ်ပွားတဲ့သတင်းပါ။
ရှမ်းပြည်နယ်မှာ ၃ နှစ်တာအတွင်း လိင်နဲ့ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု ၁၇၂ ခုရှိခဲ့ပြီး ၁၅ ရာခိုင်နှုန်းကို စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေက ကျူးလွန်ခဲ့တယ်ဆိုတဲ့ “စွမ်း” အဖွဲ့ရဲ့ အစီရင်ခံစာသတင်းဟာ ပဋိပက္ခဒေသတွေက အမျိုးသမီး တွေရဲ့ ဒုက္ခကို ကိန်းဂဏန်း အချက်အလက် ခိုင်ခိုင်မာမာနဲ့ ဖော်ထုတ်ပြသနိုင်ခဲ့တာကြောင့် အလေးထားစရာ သတင်းတခု ဖြစ်ခဲ့ပါတယ်။
ကျူးလွန်သူတွေ အရေးယူမခံရဘဲ လွတ်မြောက်နေတာ၊ ဖုံးကွယ်ခံရတာတွေကြောင့် အမျိုးသမီးတွေဟာ လုံခြုံမှုလုံးဝ မရှိဘဲ တရားမျှတမှု ငြင်းပယ်ခံနေရတယ်ဆိုတာကို စာဖတ်သူတွေ သတိပြုမိစေခဲ့တာပါ။
ဒီသတင်းတွေအပြင်အခြားသော သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ သတင်း ၁၆ ပုဒ်ကို ပြန်လည် စုစည်းဖော်ပြလိုက်ပါတယ်။
- ရှမ်းပြည်နယ်မှာ ၃နှစ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၁၇၂ ခုဖြစ်ပွါး
- အင်းစိန်မှာ ကလေးတွေကို ဆေးတိုက် လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူးရောင်းတဲ့သူ ထောင်နှစ် ၄၀ ကျ
- ခန္တီးမှာ ဆယ်ကျော်သက်အမျိုးသမီးတွေအပါအဝင် ဒေသခံ ၇၀ခန့်ကို နာဂလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖမ်းဆီးသွား
- ဒိုက်ဦးထောင်မှာ အမျိုးသမီးနိုင်ကျဉ်း ၃၀နီးပါး တိုက်ပိတ်ခံထားရ
- တောင်သာမှာ ပ.အ.ဖ အမရာမောင် သေဆုံးမှု တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးစစ်ဆေး
- လမ်းခရီးအခက်အခဲကြောင့် အချိန်မီ ဆေးကုသမှုမရခဲ့တဲ့ မီးဖွားပြီး သွေးသွန်မိခင် သေဆုံး
- ကျောက်တော်မှာ မိန်းကလေးငယ်နှစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ပြီး ထွက်ပြေးနေသူကို ဖမ်းဆီးရမိ
- တောင်သာမြို့နယ် လဝက ဦးစီးမှူး ဒေါ်မိုးစန္ဒာကို တော်လှန်ရေးအဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းထား
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အလှူလုပ်တဲ့ NLD အမတ်ဟောင်း ထောင် ၃ နှစ်ချမှတ်ခံရ
- ရန်ပုံငွေအခက်အခဲကြောင့် ပြည်တွင်းအလုပ်သမားသမဂ္ဂအဖွဲ့ STUM ရပ်နား
- ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ရှောင်အမျိုးသမီးတွေအတွက် ယက်ကန်းသင်တန်း ပြုလုပ်ပေး
- ခွဲခြားအရေးယူသည့် ရထားပို့ဆောင်ရေးဥပဒေ ဝေဖန်ခံနေရ
- ကြို့ပင်ကောက်မှာ စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတဦးသေဆုံးပြီး တဦးဒဏ်ရာရ
- ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းသက်သေပြပေးဖို့ Proof of Life လှုပ်ရှားမှုပြုလုပ်
- အချိန်ပိုခေါ်နေတာကြောင့် စက်ရုံအမျိုးသမီးအလုပ်သမားတွေ ကျန်းမာရေးထိခိုက်
- ဇနီးဖြစ်သူကို ဓားမနဲ့ ခုတ်သတ်ခဲ့တဲ့ အမျိုးသားကို “ဝ”က သေနတ်နဲ့ ပစ်ခတ်ကွပ်မျက်
- ကျောက်တန်းမှာ ၄ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်သူကို ဖမ်းမိ
ရှမ်းပြည်နယ်မှာ ၃နှစ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၁၇၂ ခုဖြစ်ပွါး
Source – HI
ရှမ်းပြည်နယ်တွင် ၃နှစ်တာ ကာလအတွင်း လိင်နဲ့ဂျဲန်ဒါအခြေပြု အကြမ်း ဖက်မှု ဖြစ်စဉ်ပေါင်း ၁၇၂ ခုကို မှတ်တမ်းတင် နိုင်ခဲ့ပြီး ၁၅ ရာခိုင်နှုန်းက စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ကျူးလွန်ခဲ့တာတွေဖြစ်တယ်လို့ ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (စွမ်း)က ဇူလိုင်လ ၃၀ ရက်နေ့ကထုတ်ပြန်တဲ့ “အကြမ်းဖက်မှုကို ရင်ဆိုင်ရချိန်တွင် တရားမျှတမှု ငြင်းပယ်ခံရခြင်း လိင်နှင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုနှင့် တရားမျှတမှုရရှိခွင့်” အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဲဒီ အကြမ်းဖက်မှုဖြစ်စဉ်တွေထဲမှာ အများစုက ချစ်သူ၊ ခင်ပွန်းတွေက ကျူးလွန်တဲ့ ဖြစ်စဉ်တွေပါဝင်ပြီး ရင်းနှီးတဲ့ လက်တွဲဖော်တွေကကျူးလွန်တဲ့ အကြမ်းဖက်မှု ၈၉ ခု ရှိခဲ့တယ်လို့ အစီရင်ခံစာ မှာဖော်ပြထားပါတယ်။
အသက် ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ် အယောက် ၃၀ နဲ့ အမျိုးသမီးတွေ အပေါ် မုဒိမ်းမှု၊ မုဒိမ်းကျင့်ရန် ကြိုးပမ်းမှုဖြစ်စဉ် ၇၀ ရှိခဲ့တယ်လို့ အစီရင်ခံစာကဆိုပါတယ်။
ဒီလိုမျိုးလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ကျူးလွန်တဲ့ ၁၅ ရာခိုင်နှုန်းဟာ မြန်မာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေက ဖြစ်တယ်လို့ အစီရင်ခံစာကဆိုပါတယ်။
မြန်မာစစ်တပ် ဒါမှမဟုတ် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း တွေက ကျူးလွန်တဲ့ လိင်နဲ့ဂျဲန်ဒါ အခြေပြုအကြမ်းဖက်မှုတွေမှာ ရှင်သန်လွတ်မြောက် လာသူတွေဟာ ခြိမ်းခြောက်ခံရခြင်းနဲ့ ဖြစ်စဉ်တွေကို ဖုံးကွယ်ဖျောက် ဖျက်ခံရခြင်းတို့ အပြင် ကျူးလွန်သူတွေဟာအပြစ်ပေးအရေးယူမခံရဘဲ လွတ်မြောက်နေတဲ့ အခြေအနေတွေနဲ့လည်း ရင်ဆိုင်ခဲ့ကြရတယ်လို့ အစီရင်ခံစာကဆိုပါတယ်။
စွမ်းအဖွဲ့ရဲ့ စွမ်းရည်မြှင်တင်ရေးလုပ်ငန်းစဉ်တာဝန်ခံတဦးဖြစ်တဲ့ ဆိုင်က “ရှမ်းပြည်နယ်မှာ အမျိုးသမီးနဲ့ကလေးငယ်တွေ အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှု တွေဟာ ပြင်းထန်ပြီးကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွါးနေဆဲဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြပ်အတည်းတခုအဖြစ် ဆက်လက်တည်ရှိနေတာကိုတွေ့ရှိချက်တွေက ပြနေပါတယ်”လို့ ပြောပါတယ်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်ကနေ ရှင်သန်လွတ်မြောက်လာသူ အနည်းဆုံး ၁၂ ဦးမှာ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေဖြစ်တယ်လို့ အစီရင်ခံစာကဆိုပါတယ်။
ဒါ့အပြင် ဖြစ်စဉ် ၇ခုမှာ လူသတ်မှုဖြစ်ပွါးခဲ့ပြီး၊ နောက်ထပ် ၇ခုကတော့ ကိုယ့်ကိုကိုယ် အဆုံးစီရင်တာ ဒါမှမဟုတ် အဆုံးစီ ရင်ဖို့ကြိုးပမ်းတာတွေပါဝင်ပါတယ်။
စွမ်းတာဝန်ခံ နန်းခမ်းအွန်ကလည်း “အမျိုးသမီးတွေအပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကိုအဆုံးသတ်ပြီး ရှင်သန်လွတ် မြောက်လာသူတွေအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ တရားမျှတမှု ရရှိဖို့ အသေအချာ မဖြစ်သရွေ့ မြန်မာပြည်မှာ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး ရနိုင်မှာမဟုတ်ပါဘူး”လို့ ပြောပါတယ်။
၂၀၀၂ ခုနှစ်က ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နဲ့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (စွမ်း)တို့ ပူးပေါင်းပြီး ထုတ်ဝေခဲ့တဲ့ “မုဒိမ်းကျင့်ခွင့်လိုင်စင်” အစီရင်ခံစာမှာလည်း မြန်မာစစ်တပ်ကကျူးလွန်တဲ့ မုဒိမ်းမှုနဲ့ အခြား သော လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ် ၁၇၃ခု ကိုမှတ်တမ်းတင်ခဲ့ပြီး အမျိုးသမီးနဲ့မိန်းကလေး စုစုပေါင်း ၆၂၅ ဦး ထိခိုက်ခံစားခဲ့ရတယ်လို့ဖော်ပြထားပါတယ်။
အင်းစိန်မှာ ကလေးတွေကို ဆေးတိုက် လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူးရောင်းတဲ့သူ ထောင်နှစ် ၄၀ ကျ
Source – BBC
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်က အမျိုးသားတစ်ဦးဟာ ကလေးငယ်တွေကို အသိစိတ်မဲ့အောင် ဆေးနဲ့ ဆန်အရက် ရော တိုက်ပြီး လိင်တူဆက်ဆံခိုင်းစေပြီးနောက် ဗီဒီယိုရိုက်ကူး ရောင်းချခဲ့တဲ့အတွက် လူကုန်ကူးအမြတ်ထုတ်မှုနဲ့ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံလိုက်ရတယ်လို့ နေပြည်တော်က နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ပါတယ်။
တရားခံ ကိုမျိုးမင်းထွန်းကို အင်းစိန်မြို့မရဲစခန်းမှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ် ၃၅ အောက်က ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး အမှုတစ်ခုချင်းစီအတွက် အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂၀ စုစုပေါင်းနှစ် ၄၀ ချမှတ်ခဲ့တာလို့ ထုတ်ပြန် ချက်အရ သိရပါတယ်။
ထုတ်ပြန်ချက်မှာတော့ စုံစမ်းချက်အရ တရားခံအမျိုးသားက သူနဲ့ နီးစပ်တဲ့ အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ်တွေကို စိတ်ငြိမ်ဆေး ၁၀ လုံး ဆန်အရက်တို့ကို အားဆေးနဲ့ အချိုရည်လို့လိမ်ညာပြီး တိုက်ခဲ့တယ်လို့ဆိုပါတယ်။
နောက် ကလေးငယ်တစ်ဦးကို တရားခံ ကိုမျိုးမင်းထွန်းက လိင်တူဆက်ဆံခဲ့ပြီး နောက် ကလေးငယ် ၂ ဦးကိုလည်း အချင်း ချင်း လိင်တူဆက်ဆံခိုင်းခဲ့သလို အဲဒီအခြေအနေတွေကိုလည်း ဗီဒီယိုရိုက်ကူးထားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မဖွယ်မရာမြင်ကွင်းတွေပါတဲ့ဗီဒီယိုတွေကို တယ်လီဂရန်ချန်နယ်တည်ဆောက်ပြီး အဖွဲ့ဝင်တွေဆီက အဖွဲ့ဝင် ကြေးကောက်ခံပြီးတဲ့နောက် ဗီဒီယိုတွေကို ရောင်းချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကျူးလွန်ခံရတဲ့ ကလေးငယ်တွေဟာ ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့အမျိုးသားနဲ့ သိကျွမ်းကြသူတွေဖြစ်ပြီး အဲဒီအမျိုးသား အိမ်ကို ကျောင်းပိတ်ရက်တွေမှာ သွားရောက်လည်ပတ်ဖူးကြသူတွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ခန္တီးမှာ ဆယ်ကျော်သက်အမျိုးသမီးတွေအပါအဝင် ဒေသခံ ၇၀ခန့်ကို နာဂလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖမ်းဆီးသွား
Source – People’s Spring
စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတချို့အပါအဝင် အရပ်သား ၇ဝခန့်ကို ဖမ်းသွားတဲ့ အရှေ့နာဂ အမျိုးသားအဖွဲ့အစည်း(ENNO)က နောက်ထပ် အရပ်သား ၅၀ခန့်ကို ထပ်မံဖမ်းဆီးသွားပြီး ဒီဖြစ်ရပ်အပေါ် စစ်ကောင်စီ တပ်တွေက နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နာဂလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ENNOက ခန္တီးမြို့နယ် မှန်ပင်ကျေးရွာကို ဇူလိုင် ၂၉ရက် ည ၉နာရီခန့်မှာ ဝင်ရောက် လာပြီး ဒေသခံ ၇၀ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ဒေသခံတွေက ပြောပါတယ်။
ညနေပိုင်းမှာ ထပ်မံရရှိတဲ့ သတင်းအရ ရွှေမြင့်မိုရ်ရွာက ဒေသခံ ၅၀ခန့်ကိုပါ ထပ်မံဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပေါ် လိုက်လံ နယ်မြေရှင်းလင်းရေးလုပ်ပေးမယ်လို့ စစ်တပ်က သတင်းလွှင့် ထားပြီး ဒီနေ့ ဇူလိုင် ၃၀ရက် ညနေ ၄နာရီမှာ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
ဒိုက်ဦးထောင်မှာ အမျိုးသမီးနိုင်ကျဉ်း ၃၀နီးပါး တိုက်ပိတ်ခံထားရ
Source – People’s Spring
ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေ ၃၀ နီးပါး တိုက်ပိတ်ခံထားရပြီး လွတ်ရက်စေ့ နိုင်ကျဉ်း ၅ ဦးကိုလည်း စစ်တပ်က ပြစ်ဒဏ်တွေ တိုးမြှင့်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီနေ့ ဇူလိုင် ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေကို ထောင်ဝင်စာပိတ်တာနဲ့ ဧည့်တွေ့ပိတ်တာတွေ လုပ်မယ်ဆိုပြီး ခြိမ်းခြောက်ကာ အလုပ်ကြမ်းတွေ အတင်းအကျပ်ခိုင်းစေနေကြောင်း PPNMက အသိပေးပါတယ်။
စစ်တပ်အကျဉ်းထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်ခိုင်းစေမှုကို ငြင်းဆန်သူတွေနဲ့ အခွင့်အရေးတောင်းဆိုသူတွေကို သီးခြားပြစ်ဒဏ်တိုက်တွေဆီပို့ပြီး အကန့်အသတ်မရှိ တိုက်ပိတ်တာနဲ့ ရိုက်နှက်ညှဉ်းပန်းတာတွေပါ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။ တိုင်ကြားသူတွေကိုလည်း ဆူပူသောင်းကျန်းတယ်လို့ စွပ်စွဲကာ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
တောင်သာမှာ ပ.အ.ဖ အမရာမောင် သေဆုံးမှု တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးစစ်ဆေး
Source – ဧရာဝတီ
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးတိုက်နယ် ပ.အ.ဖ တာဝန်ခံ မအမရာမောင် (ခ) စွန်ရဲမ ဟာ ဇူလိုင် ၂၈ ရက် ညပိုင်းက ဖန်ခါးပင်ရွာအနီး စစ်ဆေးရေးဂိတ်မှာ ပ.က.ဖ ရဲဘော်နှစ်ဦး စကားများ ရန်ဖြစ်ပြီး သေနတ်လုရာကနေ ကျည် ထွက်သွားခဲ့တာကြောင့် ဝင်ရောက်တားမြစ်ရင်း သေနတ်ကျည်ထိမှန် သေဆုံးခဲ့ရပါတယ်။
အချင်းများခဲ့ကြတဲ့ သိန်းငှက် နဲ့ ရဲထက် ဆိုသူ တပ်ဖွဲ့ဝင်နှစ်ဦးလုံးကို မြို့နယ် ပ.က.ဖ က ဖမ်းဆီးစစ်ဆေးနေပြီး၊ ဖြစ်စဉ်နဲ့ ပတ်သက်လို့ NUG အစိုးရထံ တင်ပြထားတယ်လို့ သိရပါတယ်။
တောင်သာနယ်မှာ နာမည်ကောင်းရှိသူ တာဝန်ခံတစ်ဦး ရဲဘော်အချင်းချင်း လက်နက်ကိုင် စကားများရာကနေ ကြေကွဲစွာ သေဆုံးခဲ့ရတာကြောင့် တော်လှန်ရေးအတွက် သီးခြား ဆုံးရှုံးနစ်နာမှုတစ်ခု ဖြစ်ခဲ့ရပါတယ်။
လမ်းခရီးအခက်အခဲကြောင့် အချိန်မီ ဆေးကုသမှုမရခဲ့တဲ့ မီးဖွားပြီး သွေးသွန်မိခင် သေဆုံး
Source – ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖွံဘော်ခွတ်မြို့နယ်အတွင်း အသက် ၃၅ နှစ်အရွယ် မိခင်တဦးဟာ ကျေးရွာက နေအိမ်မှာ ကလေးမီးဖွားပြီး နောက် သွေးသွန်မှု (Postpartum Hemorrhage – PPH) ဖြစ်ပွားကာ ဆေးကုသမှုအချိန်မီ မပြုလုပ်နိုင်ခဲ့တာကြောင့် အသက်သေဆုံးခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးအရာရှိတဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
မီးဖွားပြီး သွေးသွန်ခဲ့တဲ့ အဆိုပါ မိခင်ကို အနီးဆုံး ဆေးခန်းမှာ ဆေးကုသမှုခံယူနိုင်ဖို့အတွက် ခြေလျင်ဖြင့် နှစ်နာရီခန့် အချိန်ယူကာ ပို့ဆောင်ခဲ့ရပါတယ်။ ဆေးခန်းကို ရောက်ရှိချိန်မှာတော့ အရေးပေါ်ကုသမှု ဆောင်ရွက်ခဲ့ပေမယ့် ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့၊ ည ၁၀ နာရီအချိန်မှာ မိခင်ဖြစ်သူ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အခုလို မီးဖွားပြီးစ ကလေးငယ်မိခင် သေဆုံးခဲ့ရတာဟာ လမ်းပန်းဆက်သွယ်ရေးနဲ့ သွားလာရေးအခက်အခဲတွေကြောင့် ကျန်းမာရေးဝန်ဆောင်မှုကို အချိန်မီ မရရှိနိုင်ခဲ့တဲ့ အခြေအနေတွေကလည်း အဓိကအကြောင်းရင်းတခုဖြစ်တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးအရာရှိတဦးက ပြောပါတယ်။
ကျောက်တော်မှာ မိန်းကလေးငယ်နှစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ပြီး ထွက်ပြေးနေသူကို ဖမ်းဆီးရမိ
Source – DMG
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သိန်းတန်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလတုန်းက အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တဦးကို အဓမ္မပြုကျင့်ပြီး ၎င်းရဲ့ ၈ နှစ်အရွယ် ညီမဖြစ်သူကိုပါ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တဲ့ အသက် ၄၀ ကျော်အရွယ် ဦးမောင်အေးလှ ဆိုသူကို ယမန်နေ့ (ဇူလိုင် ၂၉ ရက်) က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
မိဘတွေက ULA တရားရေးဌာနနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) ထံ မေလအတွင်းကတည်းက တိုင်ကြားထားခဲ့တာ ဖြစ်ပြီး DLEPS က သရက်တပင်ရွာထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ကျူးလွန်သူဟာ မိဘတွေ သူ့ရဲ့ ယာခင်းမှာ အလုပ်လုပ်နေချိန်ကို အခွင့်ကောင်းယူပြီး အိမ်ကနေ မိဘတွေဆီ ပို့ပေးမယ် ဆိုကာ လမ်းမှာ အစ်မဖြစ်သူကို အဓမ္မပြုကျင့်ခဲ့သလို၊ မိဘတွေ မရှိချိန်မှာလည်း ညီမဖြစ်သူကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖို့ ကြိုးစားခဲ့တာလို့ သိရပါတယ်။
တောင်သာမြို့နယ် လဝက ဦးစီးမှူး ဒေါ်မိုးစန္ဒာကို တော်လှန်ရေးအဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းထား
Source – မြေလတ်အသံ
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သီးကုန်းကျေးရွာမှာ တောင်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူးကို တော်လှန်ရေး အဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းသွားခဲ့တာလို့ မြေပြင်အခြေနေသိရှိတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
ဖမ်းဆီးခံရသူက မြို့နယ်လဝက ဦးစီးမှူး အသက် ၄၇ နှစ်အရွယ် ဒေါ်မိုးစန္ဒာဆိုသူဖြစ်ပြီး ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်း မှာ သီးကုန်းကျေးရွာက သူ့မိဘနေအိမ်မှာရှိနေချိန် ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဒေါ်မိုးစန္ဒာဟာ စစ်ကော်မရှင်ဒေါက်တိုင်ဖြစ်တာနဲ့အညီ ပြည်သူတွေ မှတ်ပုံတင်အပါအဝင် လဝကဝန်ဆောင်မှုယူချိန်မှာ ငွေကြေးတောင်းကြမ်းတာ၊ ပြည်သူတွေနဲ့ အဆင်မပြေတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အလှူလုပ်တဲ့ NLD အမတ်ဟောင်း ထောင် ၃ နှစ်ချမှတ်ခံရ
Source – BBC
ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အလှူပြုလုပ်ခဲ့တဲ့အကြောင်း လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အမတ်ဟောင်း ဒေါက်တာစောနိုင်ဟာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနဲ့ ထောင်ဒဏ် သုံးနှစ်ချခံလိုက် ရတယ်လို့ နီးစပ်သူတချို့ဆီကနေ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဆွမ်းကပ်လှူဒါန်းကြောင်း လူမှုကွန်ရက်ပေါ် တင်တာဟာ လှုံဆော်မှုမြောက်၊ မမြောက်ကို သက်သေအထောက်အထားနဲ့ စစ်ဆေးဖို့လိုကြောင်း ရှေ့နေအသိုင်းအဝိုင်းက ထောက်ပြပါတယ်။
“ရာဇဝတ်မှုတခုမှာ ပြစ်မှုကျူးလွန်ရင် ထောင်ဒဏ်ချမှတ်ရတာ လုပ်ထုံးလုပ်နည်းဆိုပေမဲ့ ပြစ်မှုကျူးလွန်ကြောင်း သက်သေပြဖို့ တရားစွဲအဖွဲ့အစည်းမှာ တာဝန်လုံးလုံးလျားလျား ရှိပါတယ်။ ရုံးတော်ကလည်း ပြစ်မှုအင်္ဂါရပ်နဲ့ အကျုံးဝင် ခြင်း ရှိ မရှိကိုလည်း သုံးသပ်ဖို့ လိုပါသေးတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ပြောပါတယ်။
ရန်ပုံငွေအခက်အခဲကြောင့် ပြည်တွင်းအလုပ်သမားသမဂ္ဂအဖွဲ့ STUM ရပ်နား
Source – BBC
ရန်ပုံငွေ မရှိတော့တာကြောင့် အလုပ်သမားတွေအတွက် အခမဲ့ဝန်ဆောင်မှု ပေးဖို့၊ ရုံးနဲ့ ရုံးဝန်ထမ်းအသုံးစရိတ်တွေ အတွက် အခက်အခဲရှိလာသလို ဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်တော့တာကြောင့် ရက်အကန့်အသတ်မရှိ ရပ်နားလိုက်တာ လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) အဖွဲ့ဆီကနေ သိရပါတယ်။
“၂၀၂၅ အဖမ်းခံရစဉ်မှာ ဥရောပသမဂ္ဂရဲ့ ပရောဂျက်တစ်ခုကို လုပ်ဆောင်ပေးနေတဲ့အချိန်ဖြစ်ပါတယ်။ တစ်ရုံးလုံး အဖမ်း ခံရတော့ အဲဒါက ရပ်သွားတယ်။ အသစ် ပြန်မစနိုင်သေးပါဘူး။ ပြန်စမယ့်အဲဒီလုပ်ငန်း မစ နိုင်သေးတော့ တစ်နေ့ အဆင် ပြေနိုး၊ တစ်နေ့ အဆင်ပြေနိုးနဲ့ တစ်လနဲ့ တစ်လကို ဆက်လာတာ ခုကတော့ အသုံးစရိတ် လုံးဝကို ပြတ်တောက်သွားလို့ ရပ်သွားတာပါ” လို့ STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
STUM ဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ခေါင်းဆောင်နဲ့အဖွဲ့ဝင်တွေ ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ အမှုဖွင့်ခံရတာတွေ ရှိခဲ့ပေမဲ့ ပြည်တွင်းအလုပ်သမားတွေအရေးကို ဆက်ပြီး ဆောင်ရွက်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။
ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ရှောင်အမျိုးသမီးတွေအတွက် ယက်ကန်းသင်တန်း ပြုလုပ်ပေး
Source – ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် ကေးဖိုးဒူသင်ယူလေ့လာရေး ဆုံရပ် ( KayPhoeDu Learning Center ) ကတာဝန်ရှိသူတွေ ဦးဆောင်ပြီး ယက်ကန်းသင်တန်း ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
အခုလို အလုပ်အကိုင်ရှားပါးတဲ့ကာလမှာ အလုပ်ကိုင်အခွင့်အလမ်းတွေ ရရှိစေဖို့ရည်ရွယ်ပြီး သင်တန်းပြုလုပ်ရတာဖြစ် တယ်လို့ သင်တန်းတာဝန်ရှိသူတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး စစ်ဘေးရှောင်စခန်းတနေရာမှာ အမျိုးသမီး (၁၀) ဦးကို သင်ကြားပေးနေသလို သင်တန်းကာလရက်ပေါင်း (၂၀) ကြာမြှင့်မှာဖြစ်ပါတယ်။
အမျိုးသမီးတွေအတွက် ယက်ကန်းသင်တန်းအပြင် အခြားသော စက်ချုပ်သင်တန်း၊ အားကစား နဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်းအားဖြစ်စေမယ့်သင်တန်းတွေကို လုပ်ဆောင်ပေးဖို့ကိုလည်း သင်တန်းတက်ရောက်နေတဲ့ စစ်ဘေးရှောင် အမျိုး သမီးတဦးက ပြောပါတယ်။
ခွဲခြားအရေးယူသည့် ရထားပို့ဆောင်ရေးဥပဒေ ဝေဖန်ခံနေရ
Source – DVB
DEMU ရထားပေါ်က စည်းကမ်းမဲ့နေထိုင်သူ ၆၁ ယောက်ကို အာဏာရှင်စစ်တပ်က အရေးယူရာမှာ ခွဲခြားမှုတွေရှိနေတာ ကြောင့် ရထားပို့ဆောင်ရေးဥပဒေအပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ရထားပို့ဆောင်ရေးဥပဒပုဒ်မ ၈၈ (က) အရ အရေးယူရာမှာ ဇူလိုင်လ ၂၇ ရက်နဲ့ ၂၄ ရက်က မော်လမြိုင်နယ်တရားရုံးနဲ့ ပျဉ်းမနားမြိုနယ်တရားရုံးက မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မြသန်း ဦးဆောင်တဲ့ ၅၄ ယောက် အဖွဲ့ကို ဒဏ်ငွေ ၁ သိန်းစီ အမိန်ချခဲ့ပြီး ကွမ်းတံတွေးထွေးတဲ့ မရှိဆင်းရဲသား အမျိုးသမီးလေးယောက်ကို ထောင်ဒဏ် ၂ လ အမိန့်ချတဲ့အပေါ် လူတွေက ဝေဖန်ပြောဆိုကြတာပါ။
မန်ဘာဝင်ပေါင်း ၁ သိန်းခွဲရှိတဲ့ မြန်မာ့မီးရထား (မ.မ) MR Group မှာ “မြန်မာ့မီးရထား (မမ) မှာ ဥပဒေ ၂ မျိုးရှိပါတယ်။ အခြေခံလူတန်းစားများလူနည်းစုနဲ့ ခရီးသွားရင်း ကွမ်းစားမိ၊ ထိုင်ခုံထုံးတို့မိတာမျိုး ကျူးလွန်မိလျှင် လက်ထိတ်တန်းလန်း ထောင်ဒဏ် ၂ လ၊ ငွေကြေးတတ်နိုင်သူများ လူအစုအဝေးနဲ့ လမ်းပိတ်ဆို့၊ အများသူငှာ အနှောင့်အယှက်ဖြစ်စေပြီး ခုံပေါ်တက်က၊ စည်းကမ်းထိန်းဝန်ထမ်းကို လှောင်ပြောင် ဂရုမစိုက်တာမျိုး ကျူးလွန်လျှင် တရားရုံးလာစရာမလို ဒဏ်ငွေ ၁ သိန်း” ဆိုပြီး ခရီးသွားလာသူတယောက်က ဝေဖန်ထားပါတယ်။
ကြို့ပင်ကောက်မှာ စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတဦးသေဆုံးပြီး တဦးဒဏ်ရာရ
Source – မြေလတ်အသံ
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်အုပ်စုက လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေလို့ အမျိုးသမီးတဦးသေဆုံးကာ တဦးဒဏ်ရာရခဲ့သလို စစ်ရှောင်ဦးရေ သောင်းဂဏန်းအထိရှိလာတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးဆီက သိရပါတယ်။
လက်နက်ကြီးထိမှန်သေဆုံးသူဟာ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းရွာက အသက် ၃၇ နှစ်ရွယ် ဒေါ်မိုးသီတာ ဖြစ်ပြီး ရရှိတဲ့ ဦးခေါင်းဒဏ်ရာကို ရန်ကုန်ဆေးရုံကြီးမှာ ကုသနေချိန် ဇူလိုင် ၂၅ ရက် မနေ့က သေဆုံးခဲ့တာလို့ ပြောပါတယ်။
ဒီကျေးရွာက အသက် ၃၈ နှစ် အရွယ် ဒေါ်ဝင်းဝင်းခိုင်လည်း ခြေထောက်ကို လက်နက်ကြီးစ ထိမှန်ကာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းသက်သေပြပေးဖို့ Proof of Life လှုပ်ရှားမှုပြုလုပ်
Source – People’s Spring
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် “Proof of life” လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
“Proof of life” လှုပ်ရှားမှုကို လန်ဒန်မြို့ရှိ မြန်မာစစ်သံရုံး၊ ထိုင်းသံရုံးနဲ့ ရုရှားသံရုံးရှေ့တို့မှာ ဆန္ဒပြခဲ့ပြီး Myanmar Unity Movement အဖွဲ့က ဦးဆောင်ကာ ဗြိတိန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ဆန္ဒပြမြန်မာတွေက “Proof of Life Right Now” ၊ “ပြောချင်တာပြောပါ။ ပြချင်တာ ပြပါ။ ထုတ်ချင်တဲ့ သတင်းထုတ်ပါ။ ဒါပေမယ့် သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြပါ” စတဲ့စာသားတွေကို ကိုင်ဆောင်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့သက်သေပြပေးဖို့ တောင်းဆိုခဲ့တဲ့ အပြင် မြန်မာစစ်အုပ်စုအား နိုင်ငံတကာက ဖိအားပေးဖို့အတွက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
အချိန်ပိုခေါ်နေတာကြောင့် စက်ရုံအမျိုးသမီးအလုပ်သမားတွေ ကျန်းမာရေးထိခိုက်
Source – DeltaNewsAgency
ရန်ကုန်မြို့က စက်ရုံအချို့မှာ အလုပ်လိုအပ်ချက်အရဆိုပြီး အချိန်ပို ညလုံးပေါက် ဆင်းခိုင်းတာတွေ ရှိနေပြီး နေ့စဉ် ရက် ဆက် အချိန်ပိုခေါ်နေတာကြောင့် အလုပ်သမားတွေ ကျန်း မာရေး ထိခိုက်လာတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။
စက်ရုံအချို့က အထည်အော်ဒါအချိန်မီ ပို့နိုင်အောင်ဆိုတဲ့ အကြောင်းပြပြီး အလုပ်သမားတွေရဲ့ကျန်းမာရေးနဲ့ လုံခြုံရေးကို ထည့်မတွက်ပဲ အချိန်ပိုမတန်တဆ ဆင်းခိုင်းနေတာလို့ဆိုပါတယ်။
စက်ရုံအချို့က အချိန်ပိုကို ည၁၀ နာရီ ၊၁၂ နာရီလောက်အထိ ခေါ်နေတာ ရှိသလို ညလုံးပေါက် ဆင်းခိုင်းပြီး နောက်ရက် မှာလည်း အနားမပေးပဲ အလုပ်ပြန်ဝင်ခိုင်းတာမျိုးတွေ ရှိနေတာလို့ ဆိုပါတယ်။
ညအချိန်မတော်အထိ အချိန်ပိုဆင်းပြီး အိမ်ပြန်ရတဲ့ အလုပ်သမားတွေမှာ လုယက်မှုနဲ့ စစ်မှုထမ်း ပေါ်တာဆွဲခံရနိုင်တဲ့ အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား ကြုံနေရတာလို့ စက်ရုံလုပ်သားအချို့က ပြောပါတယ်။
ဇနီးဖြစ်သူကို ဓားမနဲ့ ခုတ်သတ်ခဲ့တဲ့ အမျိုးသားကို “ဝ”က သေနတ်နဲ့ ပစ်ခတ်ကွပ်မျက်
Source – ရွှေဖီမြေ
“ဝ”ပြည် ပန်ဆန်းခေါ် ပန်ခမ်းမြို့နယ် နာလော့ကျေးရွာအုပ်စု ယုံပန်းရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်က ပေါက်နီဆိုတဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသားက ဇနီးဖြစ်သူကို ဓားမနဲ့ ခုတ်သတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
မိန်းမဖြစ်သူကို ခုတ်သတ်ပြီး အိမ်နီးချင်းလူ ၃ ဦးကိုလည်း တိုက်ခိုက်ခဲ့တာကြောင့် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
အဲဒီအမျိုးသားကို “ဝ”ပြည်တရားစီရင်ရေးက ဖမ်းဆီးခဲ့တယ်လို့ ဇွန်လ ၁၀ ရက်မှာ ထုတ်ပြန်ပြီး အဲဒီအမျိုးသားဟာ ကာလကြာမြင့်စွာ မူးယစ်ဆေးဝါး သုံးစွဲတာ တွေ့ရှိပြီး မိသားစုဝင်နဲ့ ငွေကြေးပြဿနာ ဖြစ်ပွားနေသူ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
မနေ့ ဇူလိုင် ၃၀ ရက်မှာတော့ ပေါက်နီကို ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ကျူးလွန်ထားကြောင်း စစ်ဆေးတွေ့ရှိတဲ့အတွက် “ဝ”ပြည်အခြေခံဥပဒေနဲ့ ရာဇသတ်ကြီး အခန်း ၄ ပြဌာန်းချက်အရ သေဒဏ် ချမှတ်လိုက်တယ်လို့ WSP က ထုတ်ပြန်ပါတယ်။
ဒေသဏ် စီရင်ရာမှာ သေနတ်နဲ့ ပစ်ခတ်ကွပ်မျက်လိုက်တယ်လို့ ဆက်လက် ဖော်ပြထားပြီး ရုပ်ပုံတွေကိုတော့ ထုတ်ပြန်တာ မရှိပါဘူး။
ကျောက်တန်းမှာ ၄ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်သူကို ဖမ်းမိ
Source- CJ Platform
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စု၊ ဆေးဘိုဝကျေးရွာမှာ ဇူလိုင်လ ၃၀ ရက် ည ၆ နာရီက အသက် ၄ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်သူတစ်ဦးကို ဒေသခံတွေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၆ နာရီက ဆေးဘိုဝကျေးရွာမှာ ၄ နှစ်အရွယ် သမီးငယ်လေး ပျောက်နေတာကြောင့် မိခင်ဖြစ်သူက ရွာသားတွေနဲ့ လိုက်လံရှာဖွေရာ တစ်ရွာတည်းနေ အမျိုးသားတစ်ဦး ကလေးကို အဓမ္မပြုကျင့်နေတာ တွေ့ရှိပြီး ဖမ်းမိခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မနေ့က ဆေးဘိုဝမှာ အသက် ၄ နှစ် ကလေးလေးကို မုဒိမ်းကျင့်တဲ့သူကို ရွာခံတွေက ဝိုင်းဖမ်းတာ မိသွားတော့ ရွာကသူတွေပဲ ရဲစခန်းကို ပို့ပေးပြီး အမေဖြစ်သူက အမှုဖွင့်ထားတယ်” လို့ ပြောပါတယ်။
ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူမှာ ဆေးဘိုဝကျေးရွာနေ ဗီဂျေး (ခ) သားညီ ဖြစ်ပြီး သီလဝါနယ်မြေရဲစခန်းမှာ စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မိခင်ကိုယ်တိုင် အမှုဖွင့်ထားတာ။ လက်ရှိ ပုဒ်မ ၂ ခုနဲ့ စစ်ဆေးနေတယ်။ ချုပ်ရမန့်ယူပြီး တရားရုံးတင်မှာပါ” လို့ ပြောပါတယ်။
ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ဗီဂျေး (ခ) သားညီ ကို ကျောက်တန်းမြို့မရဲစခန်းက (ပ) ၈၇/၂၀၂၆၊ ပုဒ်မ ၃၇၆/၅၁၁ တို့နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက် မနက် ၈ နာရီကလည်း ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းလေးကျေးရွာမှာ ၉ တန်းကျောင်းသူလေးကို အိမ်နီးချင်း အမျိုးသားက အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တာကြောင့် ကျေးရွာနေသူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။










