တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဇူလိုင်လ ၄ ရက်ကနေ ၁၀ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။
ဒီတပတ် အမျိုးသမီးသတင်းတွေထဲမှာတော့ စစ်ကိုင်းတိုင်း အင်းတော်မြို့မှာ Non-CDM ကျောင်း ဆရာမတဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးက နေအိမ်အထိ ဝင်ရောက်ပြီး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါတယ်။ ဒီအင်းတော်က ကျောင်းဆရာမဖြစ်စဉ်ဟာ ပဋိပက္ခဇုန်တွေထဲက အမျိုးသမီးတွေအပေါ် လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ကျူးလွန်တဲ့ အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲက တခုဖြစ်ပါတယ်။
နောက်ထပ် ထိတ်လန့်စရာသတင်းကတော့ ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို လာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင် သားအမိ ၂ ဦးဟာလည်း စားဝတ်နေရေး ကျပ်တည်းမှုကို အခွင့်ကောင်းယူတဲ့ ပွဲစားရဲ့ လိမ်လည်မှုကြောင့် မြန်မာငွေ ၁ သိန်းကျပ်တည်း နဲ့ ရောင်းစားခံခဲ့ရတဲ့ သတင်းပါ။ ရခိုင်သားအမိ ဖြစ်စဉ်ဟာ စစ်ဘေးကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည်အမျိုးသမီး တွေဟာ မြို့ပြကို ရောက်ရှိ လာတဲ့အခါ မှာလည်း လူကုန်ကူးမှု ရာဇဝတ်ဂိုဏ်းတွေရဲ့ သားကောင်အဖြစ် ဒုတိယအကြိမ် ထပ်မံဒုက္ခရောက်ရမှုကို မီးမောင်းထိုးပြနေပါတယ်။ ရန်ကုန်လိုမြို့ပြကြီးမှာတောင် မလုံခြုံတဲ့အနေအထားဖြစ်နေတယ်ဆိုတာ ဒါက သက်သေပါပဲ။
ဝေဖန်မှုပြင်းထန်နေတဲ့ နောက်ထပ်သတင်းတပုဒ်ကတော့ အလုပ်သမားအခွင့်အရေးအတွက် ကြိုးပမ်းနေတဲ့ မြန်မာအမျိုး သမီး အလုပ်သမားခေါင်းဆောင်တဦးကို တရုတ်နိုင်ငံသား တစ်ဦးက ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့တဲ့အမှုကိုလည်း ရွှေပြည်သာမြို့နယ်တရားရုံးက တရားစွဲဖို့မသင့်ဘူးဆိုပြီး ပယ်ချလိုက်တဲ့ သတင်း ဖြစ်တယ်။ ဝါးတရာစက်ရုံက အလုပ်သမားခေါင်းဆောင်အမျိုးသမီး ရိုက်နှက်ခံရတဲ့အမှုမှာ သက်သေအထင်အရှား ရှိနေပါလျက်နဲ့ တရားရုံးက ပယ်ချ လိုက်တာဟာ လက်ရှိ မြန်မာနိုင်ငံက အခြေခံ အမျိုးသမီးအလုပ်သမားထုအတွက် တရားဥပဒေရဲ့ အကာအကွယ် မရရှိ တော့ဘဲ နစ်နာဆုံးရှုံးနေရမှုကို အထင်အရှား ပြသနေပါတယ်။
ဒီသတင်းတွေအပြင်အခြားသော သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီး နဲ့သက်ဆိုင်တဲ့ သတင်း ၁၂ ပုဒ်ကို စုစည်းဖော်ပြလိုက်ပါတယ်။
– Non-CDM ကျောင်းဆရာမတစ်ဦးကို စစ်သား ၅ ဦး အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေပြော
– ရန်ကုန်မှာ ရခိုင်စစ်ဘေးရှောင် သားအမိနှစ်ဦး ရောင်းစားခံရ
– (၅) နှစ်အရွယ် မိန်းကလေးငယ်အား သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံရသူ ထွက်ပြေးလို့ ပစ်ခတ်ခံရပြီး သေဆုံး
– ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ သမီး မမိုးဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ် ၅ နှစ်ချမှတ်
– မြန်မာအမျိုးသမီးကို ထိုင်းအမျိုးသားက တစ်နှစ်ကျော်ကြာ ပိတ်လှောင်ပြီး ရိုက်နှက်နှိပ်စက်
– မင်္ဂလာဒုံရှိ အမှိုက်ပုံမှာ ဒဏ်ရာတွေနဲ့ အမျိုးသမီးရုပ်အလောင်း တွေ့ရှိ
– လူနဲ့ လိင်အမြတ်ထုတ်ခံရတဲ့ မြန်မာအမျိုးသမီးတွေကို ထိုင်ဝမ်ရဲ ကယ်ဆယ်
– ဆားမှော်မှာ အမျိုးသမီး ၆ ဦးနဲ့ သင်းအုပ်ဆရာတစ်ဦးအပါအဝင် လူ ၃၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်ခံရ
– ဘဏ္ဍာရေးမှူး အမျိုးသမီးကို တပ်ခွဲမှူးပစ်သတ်ပြီး သူကိုယ်သူ ပြန်ပစ်လို့ ဆေးကုသထားရ
– တရုတ်နိုင်ငံသားက မြန်မာအမျိုးသမီးအလုပ်သမားခေါင်းဆောင်ကို ရိုက်နှက်ခဲ့တဲ့အမှု ပလပ်ခံရ
– ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အလှူလုပ်တဲ့ NLD အမတ်ဟောင်း အင်းစိန်ထောင်မှာ ဖမ်းဆီးခံနေရ
– ဂွမြို့နယ်ကို စစ်တပ် ဗုံးထပ်ကြဲလို့ အမျိုးသမီး ၅ ဦးအပါအဝင် ၆ ဦးထိခိုက်ဒဏ်ရာရ
Non-CDM ကျောင်းဆရာမတစ်ဦးကို စစ်သား ၅ ဦး အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေပြော
Source – Kachin News Group
စစ်ကိုင်းတိုင်း အင်းတော်မြို့ အောင်မင်္ဂလာရပ်ကွက်မှာ Non CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖြစ်စဉ်ဟာ ဇူလိုင်လ ၄ ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းဆရာမနဲ့ ခင်ပွန်းဖြစ်သူတို့ နေအိမ်မှာ အိပ်နေချိန် စစ်သား ၅ ဦး ရောက်လာခဲ့တာလို့ သိရပါတယ်။
အဲဒီအချိန်မှာ ခင်ပွန်းဖြစ်သူက ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် ကျောင်းဆရာမကတော့ အိမ်ထဲမှာ ကျန်ရစ်ခဲ့ပြီး နောက် စစ်သားတွေက အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ဖြစ်စဉ်အတွင်း ကျောင်းဆရာမရဲ့ခင်ပွန်းဖြစ်သူက အင်းတော်မြို့မှာနေထိုင်တဲ့ စစ်ကြောင်းမှူးရဲ့ ဖခင်ဖြစ်သူ ဦးဝင်းအောင် ဆီကို သွားရောက်အကူအညီတောင်းခဲ့ပေမယ့်ကူညီပေးတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
လက်ရှိ အင်းတော်မြို့မှာတာဝန်ယူထားတဲ့ စစ်ကြောင်းမှူးဟာ အင်းတော်မြို့ခံတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် ကျောင်းဆရာမဟာ နေအိမ်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး အိမ်နီးချင်းတွေဆီ အကူအညီတောင်းခဲ့ရတယ်လို့လည်း ဒေသခံက ပြောပါတယ်။
ရန်ကုန်မှာ ရခိုင်စစ်ဘေးရှောင် သားအမိနှစ်ဦး ရောင်းစားခံရ
Source – DMG
ရခိုင်ပြည်ကနေ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ စစ်ဘေးရှောင်နေတဲ့ သားအမိနှစ်ဦးဟာ ပွဲစားကတစ်ဆင့် ရောင်းစား ခံခဲ့ရကြောင်း သိရပါတယ်။
ဒီသားအမိနှစ်ဦးဟာ စားဝတ်နေရေး ခက်ခဲနေချိန် ပွဲစားနဲ့ ချိတ်ဆက်မိရာကနေ မြောက်ဒဂုံမြို့နယ်၊ ရာဇာဓိရာဇ်လမ်းပေါ် ရှိ ပုဂ္ဂလိက စာသင်ကျောင်းတစ်ခုမှာ အလုပ်ရမယ်ဆိုပြီး မြန်မာငွေ ၁ သိန်းကျပ်နဲ့ ရောင်းစားခံခဲ့ရတာဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကို ရခိုင်အမျိုးသားကွန်ရက်က သိရှိခဲ့ပြီး ရောင်းစားခံရသူ သားအမိနှစ်ဦးကို နေထိုင်ရာအိမ်ကို ပြန်လည် ခေါ် ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
ရခိုင်မှာ မြို့သိမ်းတိုက်ပွဲများစတင်တဲ့ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းကစပြီး ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် ရန်ကုန်အပါ အဝင် ပြည်မဘက်သို့ တိမ်းရှောင်နေသူ အများအပြားရှိနေတာဖြစ်ပါတယ်။
(၅) နှစ်အရွယ် မိန်းကလေးငယ်အား သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံရသူ ထွက်ပြေးလို့ ပစ်ခတ်ခံရပြီး သေဆုံး
Source – မဇ္ဈိမ
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှာ အသက် ငါးနှစ်အရွယ် ကလေးငယ်ကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံရသူဟာ သရုပ်ပြချိန် (ပြစ်မှုကျူးလွန်ပုံကို လိုက်လံပြသချိန်) မှာ ထွက်ပြေးတဲ့အတွက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။
အမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ အသက် ၃၃ နှစ်အရွယ် ကိုရဲဝင်းပိုင် (ခေါ်) ရဲကြီး (ခေါ်) ကျွဲကြီး (ခေါ်) ပိုင်လေး ဆိုသူ သေဆုံးသွားခြင်း ဖြစ်တယ်။
“ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းက သူထွက်ပြေးခဲ့တဲ့နေရာမှာ ဝှက်ထားတဲ့ အဝတ်တွေကို လိုက်ပြတဲ့အချိန် လုံခြုံရေး ရဲတပ်သားကို တွန်းပြီး ထွက်ပြေးတာကြောင့် သေနတ်နဲ့ ပစ်လိုက်တဲ့အတွက် သေဆုံးခဲ့တာဖြစ်တယ်” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာမှာ နေထိုင်တဲ့ KG တက်ရောက်နေသူ မိန်းကလေးငယ် ကျောင်းသွားခါနီးအချိန်မှာ ပျောက်ဆုံးသွားတာ ဖြစ်တယ်။
လိုက်လံရှာဖွေရာ အဲ့ဒီနေ့ ည ၉ နာရီအချိန်ခန့်မှာ တူးချောင်းရွာ၊ ကံမြင့်လမ်းအနီးမှာ စောင်နဲ့ ထုပ်ထားတဲ့ မိန်းကလေး ငယ်ရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်။
တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းကို စစ်ဆေးရာ မိန်းကလေးငယ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံထားရတဲ့ အခြေအနေကို တွေ့ရှိ ခဲ့ရပြီး အညိုအမဲဒဏ်ရာတွေနဲ့ နားကပ်ဆွဲဖြုတ်ခံထားရတဲ့အတွက် နားရွက်မှာ ဒဏ်ရာတွေ ရှိနေတာကို တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူလို့ ယူဆရတဲ့ ကိုရဲဝင်းပိုင် ဆိုသူ အမျိုးသားကို ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဇူလိုင်လ ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်။
ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ သမီး မမိုးဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ် ၅ နှစ်ချမှတ်
Source – နိရဉ္စရာ
ထောင်ဒဏ် ၆ နှစ်ကျခံပြီး လွတ်မြောက်လာတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ သမီးဖြစ်သူ မမိုးဆန်းစုကြည်ကို အာဏာသိမ်းအစိုးရက ထပ်မံဖမ်းဆီးပြီးနောက် မနေ့က နောက်ထပ် ထောင် (၅) နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
မမိုးဆန်းစုကြည်ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-(က)၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပြီး၊ ၂၀၂၅ ခုနှစ်၊ သြဂုတ်လမှာ လွတ်ရက်စေ့ခဲ့ပေမဲ့ စစ်အုပ်စုက သူမကို မလွှတ်ပေးဘဲ ဆက်လက်ဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။
မနေ့ ဇူလိုင် ၆ ရက်နေ့မှာ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးက မတရားသဖြင့် ထပ်မံထောင်ဒဏ် (၅) နှစ် ထပ်မံချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
မမိုးဆန်းစုကြည်ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မေလ ၉ ရက်နေ့ကတည်းက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှာရှိတဲ့ တိုက်ခန်းတစ်ခုမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာတော့ ရန်ကုန်အင်းစိန်ထောင်ကနေ သာယာဝတီ အကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။
လွတ်ရက်စေ့ခါနီး ၂၀၂၅ ခုနှစ် ဩဂုတ် ၇ ရက်က မမိုးဆန်းစုကြည်ကို သာယာဝတီမြို့နယ် ရဲတပ်ဖွဲမှူးကိုယ်တိုင် အကျဉ်းထောင်ထဲကနေ ကားနဲ့လာခေါ်ထုတ်သွားပြီး စစ်ဆေးပြီးနောက် အဲဒီနေ့ ညနေပိုင်းမှာအကျဉ်းထောင်ကို ပြန်ပို့ခဲ့တယ်လို့ ဆိုပါတယ်။
သူမကို တစ်နှစ်ခန့်အကြာ ရန်ကုန်မြို့၊ ကမာရွတ်ရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ပြီး မနေ့က ဇူလိုင် ၆ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မြန်မာအမျိုးသမီးကို ထိုင်းအမျိုးသားက တစ်နှစ်ကျော်ကြာ ပိတ်လှောင်ပြီး ရိုက်နှက်နှိပ်စက်
Source – Dawei Watch
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းအမျိုးသားက မြန်မာအမျိုးသမီးကို ကွန်ဒိုထဲမှာ တစ်နှစ်ကျော်ကြာ ပိတ်လှောင်ကာ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ဖြတ်ပြီး ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ထိုင်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။
အသက် ၂၅ နှစ်အရွယ် ထိုင်းနိုင်ငံသား အမျိုးသားဟာ ရည်းစားဖြစ်သူ အသက် ၂၂ နှစ်အရွယ် မနန်းကို ပိတ်လှောင်နှိပ် စက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။မနန်း ထွက်ပြေးပြီး ဇူလိုင်လ ၆ ရက်မှာ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ရာကနေ ဖြစ်စဉ် အားလုံးကို သိရှိခဲ့တာ ဖြစ်ပါတယ်။
ထိုင်းအမျိုးသားဟာ ဘန်ကောက်မြို့ ကျရမ်စနစ်ဝမ်းဒေသရှိ ကွန်ဒိုတိုက်ခန်းမှာ နေထိုင်သူပါ။ ကွန်ဒိုထဲ ပိတ်လှောင်ထား စဉ် ထိုင်းအမျိုးသားက မနန်းရဲ့ ဖုန်းနဲ့ နိုင်ငံကူးလက်မှတ်တွေကို သိမ်းဆည်းပြီး အခြားသူတွေနဲ့ အဆက်အသွယ်ဖြတ် တောက်ခဲ့ကာ ရေချိုးခန်းအပါအဝင် ကွန်ဒိုတစ်ခုလုံးကို CCTV တပ်ပြီး စောင့်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။
မနန်းဟာ ကွန်ဒိုထဲမှာ နေထိုင်စဉ် သူမတစ်ဦးတည်း အခန်းအပြင်ကို ထွက်ခွာခွင့် မရှိခဲ့ဘူး။ ထိုင်းအမျိုးသားက မနန်းကို ထိုးကြိတ်ရိုက်နှက်လေ့ရှိပြီး တစ်ခါတရံ ဓါးနဲ့ မွန်းကာ သေနတ်နဲ့ ခြိမ်းခြောက်တတ်တယ်လို့လည်း ပြောပါတယ်။
ထိုင်းအမျိုးသားဟာ သဝန်တိုတတ်သူဖြစ်တာကြောင့် ကွန်ဒိုထဲမှာ မနန်းကို ဒရာမာကားတွေ (အချစ်ဇာတ်လမ်းတွဲတွေ) ကြည့်ခွင့် ပိတ်ပင်ခဲ့ပြီး ကာတွန်းကားတွေကိုပဲ ကြည့်ခွင့်ပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဇူလိုင်လ ၃ ရက်က ၎င်းတို့နှစ်ဦး အပြင်ထွက်ပြီး ညစာစားစဉ် အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ကြပြီး ကားထဲမှာ ထိုင်း အမျိုးသားက ရိုက်နှက်ခဲ့တာကြောင့် ဦးခေါင်းနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့ကြောင်း မနန်းက ပြောပါတယ်။
ထိုင်းအမျိုးသား ကားထဲက ထွက်တဲ့အချိန် မနန်းဟာ ကားပေါ်က ပြေးထွက်ခဲ့ပြီး ကွန်ဒိုမှာ နေထိုင်သူတွေထံ အကူအညီ တောင်းခံခဲ့ကာ မိသားစုနဲ့ သူငယ်ချင်းတွေကို ဆက်သွယ်နိုင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မနန်းဟာ ထိုင်းအမျိုးသားကို ဘန်းခုန်နွန်ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ထိုင်းအမျိုးသားရဲ့ ထွက်ဆိုချက်တွေကိုတော့ သတင်းတွေမှာ ဖော်ပြထားခြင်း မရှိသေးပါဘူး။
လက်ရှိမှာ ထိုင်းအမျိုးသားဟာ အဖွဲ့အစည်းတစ်ခုထံ အကူအညီတောင်းခံပြီး မြန်မာအမျိုးသမီးနဲ့ ညှိနှိုင်းကာ နစ်နာကြေး ပေးဖို့ ကမ်းလှမ်းခဲ့ကြောင်း ဆိုပါတယ်။
မင်္ဂလာဒုံရှိ အမှိုက်ပုံမှာ ဒဏ်ရာတွေနဲ့ အမျိုးသမီးရုပ်အလောင်း တွေ့ရှိ
Source – မဇ္ဈိမ
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ထဲက အမှိုက်ပုံတခုမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးရုပ်အလောင်းကို လာ ရောက် စွန့်ပစ်သွားခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ ပုလဲအိမ်ရာဝန်းအတွင်းက အမှိုက်ပုံတခုမှာ ဇူလိုင်လ ၆ ရက်၊ နံနက် ၈ နာရီခွဲအချိန်က သေဆုံးနေတဲ့ အမျိုးသမီးရုပ်အလောင်းကို မြို့ခံတွေက တွေ့ရှိခဲ့တာဖြစ်တယ်။
“ပုလဲအိမ်ရာဝန်းအတွင်းမှာ အမှိုက်တွေ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားတဲ့ နေရာတွေရှိတယ်၊ အဲဒီမှာ အမျိုးသမီးရဲ့ အလောင်း ကို ရေသန့်ဘူးတွေ ပလပ်စတစ်တွေ အဲလိုမျိုး လိုက်ကောက်တဲ့ လူတယောက်ကနေစပြီး တွေ့ရှိတာ၊ ကောင်မလေးက ငယ်သေးတယ်၊ အသားဖြူဖြူလေး” လို့ ပုလဲအရန်မီးသတ်တာဝန်ရှိသူ ကိုထင်လင်းအောင်က သူရဲ့လူမှုကွန်ရက်မှာ ပြော ထားပါတယ်။
သေဆုံးနေသူဟာ အသက် ၃၀ ခန့်အရွယ် အမျိုးသမီးဖြစ်ပြီး အနက်ရောင် မန်ယူအားကစားဝတ်စုံကို ဝတ်ဆင်ထားကာ နှုတ်ခမ်းမှာ အမာရွတ်တခုရှိပြီး လက်မောင်းညာဘက်နဲ့ ဂုတ်မှာ တက်တူး ရေးထိုးထားကြောင်း သိရပါတယ်။
တွေ့ရှိခဲ့တဲ့ ရုပ်အလောင်း လည်ပင်းမှာ ကြိုးနဲ့စည်းထားပြီး မျက်နှာနဲ့ မျက်လုံးတို့မှာ ညိုမည်းဒဏ်ရာတွေ ရရှိထားတာကို တွေ့ရကြောင်း ကိုထင်လင်းအောင်က ပြောပါတယ်။
“လည်ပင်းကို ကြိုးနဲ့စည်းထားတယ်၊ ရုတ်တရက်ကြည့်ရင် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေ သလိုလို ဘာလိုလို ပုံသဏ္ဍာန် ဖမ်းထားတာပေါ့၊ မနေ့က တရားခံကို လိုက်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ post မတင်သေးတာ၊ ဒီနေ့ ကတော့ တရားခံလိုက်တာ ၅၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းလောက် အခြေအနေကောင်းတယ်လို့ သိရပါတယ်” လို့ ဆိုပါ တယ်။
ရုပ်အလောင်းကို ပုလဲအရန်မီးသတ်တပ်ဖွဲ့က မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရ ပါတယ်။ လက်ရှိမှာ သေဆုံးနေတဲ့ အမျိုးသမီးနဲ့ ပတ်သက်တဲ့ မိသားစုဝင်တွေ လာရောက်ဆက်သွယ်တာ မရှိသေး ကြောင်း ကိုထင်လင်းအောင်က အသိပေးထားပါတယ်။
လူနဲ့ လိင်အမြတ်ထုတ်ခံရတဲ့ မြန်မာအမျိုးသမီးတွေကို ထိုင်ဝမ်ရဲ ကယ်ဆယ်
Source – BBC
ထိုင်ဝမ်တွေ ဦးဆောင်လည်ပတ်နေတဲ့ နိုင်ငံတကာလူကုန်ကူးနဲ့ လိင်ပိုင်းအမြတ်ထုတ်တဲ့ ပြည့်တန်ဆာဂိုဏ်းတစ်ခုကို ထိုင်ဝမ်အထူးစုံစမ်းရေး ရဲတပ်ဖွဲ့က စီးနင်းခဲ့ပြီး အဲဒီဂိုဏ်းထဲက မြန်မာအမျိုးသမီး ၉ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ အထူးရဲ အဖွဲ့ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သတင်းထုတ်ပြန်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ ထိုင်ဝမ်ရဲ့ လူဝင်မှုကြီးကြပ်ရေးအေဂျင်စီကနေ မှောင်ခိုဂိုဏ်းရဲ့ သံသယတရားခံ ၁၈ ဦးကို ဖမ်းဆီး ထားပြီး မြန်မာအမျိုးသမီး ၉ ဦးအပါအဝင် သားကောင်ဖြစ်ခဲ့တဲ့သူတွေကို ခိုလှုံခွင့်နဲ့ ဥပဒေဆိုင်ရာအကူအညီတွေနဲ့ ဆက်စပ်ထောက်ပံ့မှုတွေ ပေးထားတယ်လို့ သိရပါတယ်။
၂၀၁၆ မတ်လကတည်းက ဖွဲ့စည်းထားတဲ့ ထိုင်ဝမ် မြို့တော် တိုင်ပေ စုံစမ်းစစ်ဆေးရေးရုံး၊ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေး တပ်ဖွဲ့၊ တောင်ယွမ်မြို့ရဲဌာနရဲ့ လူဇူးနယ်မြေ၊ ဝမ်ရှန်နဲ့ ထိုင်ချုံးမြို့နယ် ဟီပင်နယ်မြေ ရဲဌာနတို့အပါအဝင် ထိုင်ဝမ်ရဲအရာရှိ ၁၃၀ ကျော်နဲ့ ပူးပေါင်းဖွဲ့ထားတဲ့ အထူးစစ်ဆင်ရေးအဖွဲ့ကနေ ဒီဂိုဏ်းကိုဖြိုခွင်းခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲဒီဂိုဏ်းဟာ သားကောင်တွေရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ခဲ့ပြီး၊ ကိုယ်ရေး ကိုယ်တာ ပုံရိပ်တွေ ဖြန့်ဝေမှုနဲ့ မိသားစုတွေကို ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့သလို ပြည့်တန်ဆာလုပ်ငန်းထဲ အတင်းအကျပ် ခိုင်းစေခဲ့ပြီး ရလာတဲ့ ငွေတွေကိုလည်း မှောင်ခိုဂိုဏ်းကပဲ အလွဲသုံးစားလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ ဖြိုခွဲစီးနင်းမှုအတွင်း ဇိမ်ခံကား တစ်စီး ၊ ငွေသား ထိုင်ဝမ်ဒေါ်လာ ၉၀,၀၀၀ ကျော် ၊ သေနတ်၂ လက် ၊ ဓား ၃ ချောင်း၊ ကွန်ပျူတာ ခြောက်လုံး ၊ မိုဘိုင်းဖုန်း ၈၀ ကျော် နဲ့ ငွေရေတွက်တဲ့ စက်တွေ၊ စောင့်ကြည့်ရေး ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဆားမှော်မှာ အမျိုးသမီး ၆ ဦးနဲ့ သင်းအုပ်ဆရာတစ်ဦးအပါအဝင် လူ ၃၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်ခံရ
Source – Kachin News Group
ကချင်ပြည်နယ် မိုးကောင်းမြို့ ဆားမှော်ကျေးရွာမှာ ကလေးငယ် ၃ ဦး၊ ခရစ်ယာန်ဘာသာရေး သင်းအုပ်ဆရာတစ်ဦး အပါ အဝင် လူ ၃၀ ဝန်းကျင်ကို စစ်ကောင်စီ လက်အောက် ပြည်သူ့စစ် တပ်ဖွဲ့က ဇူလိုင်လ ၈ ရက်၊ ညနေပိုင်းမှာ ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ သိရပါတယ်။
အဲ့ဒီနေ့ ညနေပိုင်း ၅နာရီဝန်းကျင်အချိန် ပြည်သူ့စစ်အဖွဲ့က ကားနှစ်စီး၊ လူအင်အား ၃၀ ဝန်းကျင် နဲ့ ဆားမှော် KBC ဘုရား ကျောင်းထဲကို ဝင်ရောက်လာပြီး အရပ်သား ၃၀ ဝန်းကျင်ကို ဖမ်းဆီး ရိုက်နက် ခေါ်ဆောင်သွားတယ်လို့ ဆားမှော်ဒေသခံ တစ်ဦးက KNG ကို ပြောပြပါတယ်။
“ဘုရားကျောင်းက ဆောက်လုပ်ရေးတာဝန်ခံကို ခေါင်းတွေရိုက်ပြီး တချို့သူတွေကိုက သေနတ်နဲ့ ချိန်ထားတာတဲ့။ ပြီးတော့ အဲဘေးနားက စက်ဘီးစီးနေတဲ့ သူတွေကိုတောင် ဖမ်းသွားတာ ဆိုတော့ အကုန်ကြောက်ကုန်ကြတာပေါ့” လို့ ဆိုပါတယ်။
ဖမ်းဆီးခံ ခဲ့ရသူတွေမှာ ဆားမှော် ခရစ်ယာန်ဘုရားကျောင် သင်းအုပ်ဆရာ နဲ့ ဆောက်လုပ်ရေးတာဝန်ခံ ၊ အသက် ၅နှစ်၊ ၇နှစ်အရွယ် ကလေး ၂ ဦး၊ အစာရှောင် ဆုတောင်းနေတဲ့ အမျိုးသမီး ၆ ဦး အပါအဝင်၊ ဘုရားကျောင်းဝန်းထဲ ခြင်းလုံး ဆော့ကစားနေတဲ့ ကျောင်းသားလူငယ်တချို့ နဲ့ ပန်းရံလုပ်နေသူတွေအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဘုရားကျောင်းဝန်းထဲရှိ အရပ်သားများကို ဖမ်းဆီးရတဲ့အကြောင်းရင်းနဲ့ ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင် သွားတယ်ဆို တာ ကိုလည်း သေချာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဘဏ္ဍာရေးမှူး အမျိုးသမီးကို တပ်ခွဲမှူးပစ်သတ်ပြီး သူကိုယ်သူ ပြန်ပစ်လို့ ဆေးကုသထားရ
Source – မြေလတ်အသံ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ စစ်ကိုင်းခရိုင် တပ်ရင်း ၂၊ ခွဲ ၄ စခန်းမှာ ဘဏ္ဍာရေးမှူး ဒေါင်းနီကို တပ်ခွဲမှူးက ပစ်သတ်ခဲ့ပြီးနောက် တပ်ခွဲမှူးကလည်း ကိုယ်ကိုကိုယ် ပြန်ပစ်ခဲ့လို့ ဆေးကုသနေရတယ်လို့ တပ်ရင်းတာဝန်ရှိသူတွေထံက သိရပါတယ်။
ဇူလိုင်လ ၃ ရက်နေ့ မနက် ၃ နာရီခန့်မှာ တပ်ခွဲ ၄ စခန်းအတွင်းရှိ နေအိမ်တလုံးမှာ ဘဏ္ဍာရေးမှူး ဒေါင်းနီနဲ့ တပ်ခွဲမှူး ညိုချောတို့ စကားပြောနေခဲ့ပြီးနောက် ညိုချောက ဒေါင်းနီရဲ့ ဦးခေါင်းကို ပစ္စတိုနဲ့တချက် ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
ဒေါင်းနီနဲ့ ညိုချောတို့ဟာ လူမှုရေးကိစ္စအချို့လည်း ပတ်သက်မှုရှိနေပြီး ဒေါင်းနီက တော်လှန်ရေးသစ္စာဖောက်တယ်ဆိုတာ နဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောလို့ မရသေးဘူးလို့ ဆိုပါတယ်။
ဦးခေါင်းကျည်ထိမှန်တာကြောင့် ဒေါင်းနီမှာနေရာမှာပင် သေဆုံးသွားပြီး သူရဲ့နာရေးကိုတော့ အသတ်ခံရပြီးနောက်နေ့ ဇူလိုင်လ ၄ ရက်နေ့မှာဘဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒေါင်းနီဟာ တော်လှန်ရေးသစ္စာဖောက်သူလို့ ပြောဆိုကာ ညိုချောက ပစ်ခတ်ခဲ့တဲ့ကိစ္စဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး၊ သက်ဆိုင်ရာတပ်ရင်းတာဝန်ရှိသူ အဆင့်ဆင့်ကိုအကြောင်းကြားပြီးမှ ဥပဒေအတိုင်းသာ အရေးယူ ဆောင်ရွက်ရမှာဖြစ် တယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိအချိန်မှာတော့ တပ်ခွဲမှူး ညိုချောဟာ ဒဏ်ရာရကြောင့် ဆေးကုသနေရတာကြောင့် အခြေနေစောင့်ကြည့်နေပြီး သူကိုတော့ တပ်ဖွဲ့ဝင်တဦးကို သတ်ဖြတ်မှုနဲ့ အရေးယူသွားဖို့ရှိနေတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံသားက မြန်မာအမျိုးသမီးအလုပ်သမားခေါင်းဆောင်ကို ရိုက်နှက်ခဲ့တဲ့အမှု ပလပ်ခံရ
Source – DVB
ဝါးတရာစက်မှုဇုန်ရှိ True Green စက်ရုံမှာ တရုတ်နိုင်ငံသားတယောက်က အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးအမျိုးသမီး ကို ကိုယ်ထိလက်ရောက် ရိုက်နှက်တဲ့အတွက် တရားစွဲဆိုထားတာကို ရွှေပြည်သာမြို့နယ် တရားရုံးက ဇူလိုင် ၆ ရက်မှာ တရားစွဲဖို့မသင့်ဘူးဆိုပြီး ပလပ်လိုက်တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။
စက်ပြင်ပညာရှင်အနေနဲ့ တာဝန်ယူထားတဲ့ တရုတ်နိုင်ငံသား ကျဲကျဲက အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး အမျိုးသမီးကို ဖေဖော်ဝါရီ ၂၅ ရက်က မာကျောတဲ့အရာဝတ္ထုနဲ့ နောက်ကျောကို ရိုက်နှက်တာ၊ ဆောင့်တွန်းလို့ လဲကျသွားချိန်မှာ ပလတ် စတစ်အိတ်နဲ့ ထပ်ရိုက်နှက်တာတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီရိုက်နှက်မှုနဲ့ပတ်သက်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၂၃ (နာကျင်စေမှု)၊ အမှုအမှတ် (ရာဇသတ်ကြီး- ၁၃၃/၂၆) တို့နဲ တရားစွဲဆိုထားတာကို ဇူလိုင် ၆ ရက်ကလုပ်တဲ့ ၁၃ ကြိမ်မြောက်ရုံးချိန်းမှာ တရားသူကြီးကပလပ်ကြောင်း အမိန့်ချ မှတ်လိုက်တာလို့ STUM က သတင်းထုတ်ပြန်ထားပါတယ်။
ရိုက်နှက်မှု ကျူးလွန်တဲ့ CCTV မှတ်တမ်း သက်သေအပြင် မျက်မြင်အလုပ်သမားသက်သေတွေ တင်သွင်းထားခဲ့ပေမဲ့ စစ်ဆေးတဲ့ကာလအတွင်း သက်သေတချို့ပယ်ခံရတာ၊ ကျန်ရှိတဲ့ အလုပ်သမား သက်သေတွေ ရုံးချိန်းထွက်ဆိုရမဲ့ရက် တွေမှာ အကြောင်းအမျိုးမျိုးပြပြီး မလာရောက်တော့ဘဲ အလုပ်ပါ ထွက်သွားတာတွေကြောင့် သက်သေ ၁ ယောက်ပဲ ထွက်ဆိုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တရားလိုဖြစ်သူက တရားရုံးဆီ တင်သွင်းထားတဲ့ CCTV မှတ်တမ်းကို တရားရုံးက သေသေချာချာ ကြည့်ရှုသုံးသပ်တာမရှိ ဘဲ အမှုပယ်ချခဲ့တဲ့အပေါ် မကျေနပ်တဲ့အတွက် အထက်တရားရုံးကို ပြင်ဆင်မှု၊ အယူခံ ဆက်လက်တက်သွားမယ်လို့ STUM က အသိပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အလှူလုပ်တဲ့ NLD အမတ်ဟောင်း အင်းစိန်ထောင်မှာ ဖမ်းဆီးခံနေရ
Source – BBC
ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အလှူပြုလုပ်ခဲ့တဲ့အကြောင်း လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အမတ်ဟောင်း ဒေါက်တာစောနိုင်ဟာ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံရပြီး အင်းစိန်ထောင်မှာ ဖမ်းဆီး ခံထားရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။
သွားဆရာဝန် ဒေါက်တာစောနိုင်ဟာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပြီး လွတ်မြောက်ဖို့ ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ သံဃာတွေကို လှူဖွယ်ဆက်ကပ်ပြီး ဆုတောင်းတဲ့ဓာတ်ပုံနဲ့စာကို သူ့ရဲ့လူမှုကွန်ရက် အကောင့်မှာ ရေးသားခဲ့ပြီးတဲ့နောက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီနေ့မှာပဲ အာဏာပိုင်တွေက ဒေါက်တာစောနိုင်နဲ့ဇနီးဖြစ်သူကို ရန်ကုန်မြို့၊တောင်ဥက္ကလာမြို့နယ်ထဲက သူတို့ရဲ့နေအိမ် ကို လာရောက်ဖမ်းဆီးခဲ့ပြီး ဇနီးဖြစ်သူကိုတော့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။
ဒေါက်တာစောနိုင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ တောင်ဥက္ကလာပမြို့နယ်ကနေ NLD ပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင် ပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။
ဂွမြို့နယ်ကို စစ်တပ် ဗုံးထပ်ကြဲလို့ အမျိုးသမီး ၅ ဦးအပါအဝင် ၆ ဦးထိခိုက်ဒဏ်ရာရ
Source – People’s Spring
ရခိုင်ပြည်နယ်၊ ဂွမြို့အနီးဝန်းကျင်နဲ့ ကျိန္တလီမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ၂ ရက် ဆက်ပစ်ခတ်တိုက်ခိုက်လို့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၆ ဦးထက်မနည်း ထိ ခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၈ ရက် မနက် ၉ နာရီကျော်မှာ ဂွပင်လယ်ပြင်အတွင်း ရပ်နားထားတဲ့ စစ်ရေယာဉ်တွေကနေ လက်နက်ကြီးအလုံး ၃၀ ကျော် လှမ်းပစ်ခဲ့တာဖြစ်ပြီး ဂွမြို့နယ်၊ ကျိန္တလီမြို့ အမှတ်(၃)ရပ်ကွက် လူနေအိမ်တွေ ပေါ်ကျရောက်ပေါက်ကွဲ ထိခိုက် ဒဏ်ရာရခဲ့တာပါ။
လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရသူတွေဟာ (၅)နှစ်အရွယ် မရတနာထွန်း၊ (၁၇)နှစ်အရွယ် မသင်းသီရီ ထွန်း၊ (၄၅)နှစ် အရွယ် ဒေါ်မထား၊ (၇၄) နှစ်အရွယ် ဒေါ်သန်းမေ၊ (၄၈) နှစ်အရွယ် ဦးညိုထွန်းနဲ့ (၅၀) အရွယ် ဒေါ်မိဝိုင်းတို့ ဖြစ်တယ်။










