မုဒိမ်းမှုကို သေဒဏ်ပေးသင့်၊ မပေးသင့်

ဒေဝီ

မြန်မာပြည်အနှံ့အပြားမှာ အမျိုးသမီးနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အဲဒီနောက် တဆက်တည်း လူသတ်အလောင်း ဖျောက်မှု စတဲ့ဖြစ်ရပ်တွေက ပိုပြီးများပြားလာသလို  ကျူးလွန်သူတွေကို ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုပြုဖို့ တောင်းဆိုတာ၊ အထူးသဖြင့် ပဋိပက္ခဒေသက အရွယ်မရောက်သေးသူတွေအပေါ် ကျူးလွန်သူကို သေဒဏ်ပေးဖို့ ဒေသခံတွေစုပေါင်းပြီး ဆန္ဒပြတောင်းဆိုတာတွေလည်း ခပ်စိပ်စိပ် ရှိလာပါတယ်။

ဒီလိုကျူးလွန်ခံရတဲ့ ဖြစ်စဉ်တွေအများစုမှာလည်း ထိရောက်တဲ့တရားစီရင်မှု အပြစ်ပေးအရေးယူမှုတွေ မရတဲ့အခါ လူထုက စိတ်ပျက်အားလျော့မှုတွေလည်း ဖြစ်လာသလို ဒေသအချို့မှာလည်း လူထုအလိုကျ ‌သေဒဏ်အပြစ်ပေးစီရင်တဲ့ ဖြစ်စဉ်တွေ ကလည်း ရှိလာပါတယ်။

ကျူးလွန်သူကို အများအလိုကျ သေဒဏ်ပေးတာက လူထုအမြင်မှာ ကျေနပ်မှု ရသွားစေပေမယ့် ‌တရားဥပဒေစိုးမိုးရေးအရ ကြည့်ရင်လည်း တရားစီရင်ရေး လုပ်ထုံးလုပ်နည်းတွေ မှန်ကန်ရဲ့လား စစ်ဆေးမေးမြန်းမှုတွေ စနစ်တကျရှိရဲ့လား၊ လူ့အခွင့်အရေးအရ မှန်ကန်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပြန်ပါတယ်။ နယ်မြေ မအေးချမ်းသေးတဲ့ပဋိပက္ခ ဒေသတွေက ဒီလိုဖြစ်စဉ်တချို့မှာ သေဒဏ်ချမှတ်စီရင်တဲ့အပေါ် ဥပဒေပညာရှင်၊ တော်လှန်ရေးဒေသတွေက ရဲဘော်၊ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ မတူညီတဲ့ အမြင်တွေ၊ အသံတွေကို ဆက်သွယ် မေးမြန်းဖော်ပြလိုက် ပါတယ်။

ဇူးပဒုမ္မာ

အတွင်းရေးမှုး (၁)

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ

မုဒိမ်းမှုတွေ၊ အရွယ်မရောက်သေးသူတွေအပေါ် ကျူးလွန်တဲ့ မုဒိမ်းမှုတွေအပေါ် သေဒဏ်ပေးကြတာနဲ့ ပတ်သက်လို့ ပြောရရင် ကမ္ဘာ့နိုင်ငံအသီးသီးကို ကြည့်လိုက်မယ်ဆိုရင်လည်း သေဒဏ်ကျင့်သုံးတဲ့ နိုင်ငံတွေရှိသလို၊ လူ့အခွင့်အရေး ရှုထောင့် ဥပဒေရှု့ထောင့်ကနေ သေဒဏ်ကို အသက်ရှင်နေထိုင်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တဲ့အတွက် ကန့်ကွက်ကြတဲ့၊ လူ့အခွင့်အရေးဘက်ကထောက်ပြ ပြောဆိုတဲ့လူတွေလည်းတွေ့ရတယ်။

ကျမတို့နိုင်ငံမှာလည်း သေဒဏ်ကျင့်သုံးမှာလား၊ မကျင့်သုံးဘူးလာဆိုတာ ဆက်ဆွေးနွေးရမယ့် ကိစ္စရပ်တခုလို့ ထင်တယ်။ အခုက ကြားကာလ (တော်လှန်ရေးကာလ)မှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကျင့်သုံးဘူး။ ရှိနေပြီးသား ဖက်ဒရယ် ဒီမိုကရေစီချာတာနဲ့ အတူ ကိုယ်ပိုင်ပြဌာန်းခွင့် ဥပဒေ၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊  ဖွဲ့စည်းပုံ အခြေခံဥပဒေတွေနဲ့လည်း ဖက်ဒရယ် ယူနစ်အသီးသီးက ကျင့်သုံးနေတဲ့အတွက်ကြောင့် တပြည်နယ်နဲ့တပြည်နယ် ဖက်ဒရယ်ယူနစ်တွေ တည်ဆောက် နေတဲ့ အသိုင်းအဝိုင်းတွေရဲ့နေရာမှာလည်း ကျင့်သုံးမှုတွေက မတူနေကြဘူးပေါ့။

တချို့ဒေသတွေမှာတော့ သေဒဏ်ကိုကျင့်သုံးကြတယ်။ တချို့ဒေသတွေမှာလည်း မကျင့်သုံးကြဘူးဆိုတာကို တွေ့ရတယ်။ ဥပမာ ကရင်နီဆိုရင် သေဒဏ်ကိုလက်ရှိမှာ ကျင့်သုံးထားခြင်းတော့မရှိသေးဘူး။ ကျမတို့ရဲ့ ကြားကာလ အစီအမံအရလည်း သေဒဏ်ကျင့်သုံးမှုတွေကိုလည်း မလုပ်ထားဘူး။ လူတိုင်းအသက်ရှင်နေထိုင်ခွင့်ရှိသည်ဆိုတဲ့ အချက်ပေါ် အခြေခံပြီး အခွင့်အရေးတွေ ပေးထားတာမျိုးတွေလည်းရှိတယ်။

သေဒဏ်ကျင့်သုံးခြင်းအပေါ်မှာတော့ ကိုယ့်ရဲ့ဒေသအခြေအနေ ပေါ်လစီနဲ့ မူဝါဒအပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြား နိုင်တယ်ထင်တယ်။  မုဒိမ်းမှု၊ အထူးသဖြင့် အရွယ်မရောက်သေးသူတွေအပေါ် ကျူးလွန်တဲ့ မုဒိမ်းမှုလိုမျိုးကတော့ ကြီးမားတဲ့၊ ကြီးလေးတဲ့ရာဇဝတ်မှုလို့ထင်တယ်။  ဒါကြောင့် ထိရောက်တဲ့ ပြစ်ဒဏ်မျိုး အပြင်းထန်ဆုံး ပြစ်ဒဏ်မျိုး ပေးသင့်တယ်လို့ ယုံကြည်တယ်။ ဒါက သေဒဏ်ဖြစ်ရမယ်လို့တော့ ဆိုလိုတာမဟုတ်ဘူး။ ဒါပေမဲ့ ပြစ်မှုတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်မျိုးပေးဖို့ လူမှုအသိုင်းအဝိုင်းမှာ လိုအပ်နေတယ်ဆိုတာကိုတော့ ကျွန်မတွေ့ရတယ်။ ဒါဟာ ကြီးမားတဲ့ ရာဇဝတ်မှုတွေဖြစ်တယ်၊ ကျူးလွန်ခံရတဲ့သူနဲ့ သူ့မိသားစုဝင်တွေရဲ့ ဂုဏ်သိက္ခာ၊ လိုအပ်တဲ့ အမှန်တရားနဲ့ တရားမျှတမှုကို ဖော်ဆောင်ပေးဖို့ အဓိကလုပ်ငန်းတွေဖြစ်တယ်လို့ ယုံကြည်တယ်။ ဒီဟာတွေအပေါ်မှာ သေချာစုံစမ်းပြီးတော့ ပြင်းထန်တဲ့ ပြစ်ဒဏ် မဖြစ်မနေပေးဖို့ လိုအပ်တယ်။

ဆက်စပ်ပြီးတော့ သေဒဏ်ကိုပြန်ပြောရင် သေဒဏ်ပေးလိုက်ခြင်းကပဲ မုဒိမ်းမှုတွေလျော့ကျသွားစေနိုင်ဖို့ အရွယ်မရောက် သေးသူတွေအပေါ် ကျူးလွန်တဲ့မုဒိမ်းမှုတွေ လျော့ကျသွားစေနိုင်ဖို့က‌တော့ ဟုတ်မယ်လို့မထင်ဘူး။ မုဒိမ်းမှုတွေ လျော့ကျဖို့ ပ‌ပျောက်ဖို့လူမှုပတ်ဝန်းကျင်မှာ ဒီအမှုကိစ္စတွေမရှိဖို့ဆို လူမှုအသိုင်းအဝိုင်းတခုလုံး ဖွံ့ဖြိုးနိုင်ဖို့ အပြန်အလှန် လေးစားမှု၊ လုံခြုံတဲ့ ပတ်ဝန်းကျင်တခု ဖြစ်ဖို့တော့အရေးကြီးတယ်လို့ ထင်တယ်။ သေဒဏ်ပြစ်ဒဏ်ကို ထားလိုက်တာမျိုးက အကြီးလေးဆုံးပြစ်ဒဏ် ဖြစ်ပြီးတော့ မုဒိမ်းမှု လျော့ချဖို့လုပ်တာဆိုရင်တော့ သိပ်ပြီးတော့ မကိုက်ညီဘူး ထင်တယ်။  

နောက်တခုက ကျူးလွန်ခံရသူတွေရရှိခံစားရမယ့် တရားမျှတမှုပေးနိုင်ဖို့က ဥပဒေစာရွက်တွေပေါ်မှာပဲ မဟုတ်ဘဲနဲ့ လူမှုပတ်ဝန်းကျင်မှာလည်း ရှိဖို့လိုအပ်တယ်လို့ မြင်တယ်။ ဥပဒေရဲ့ အကာအကွယ်ပေးရမယ်။ ပြစ်မှုတွေ ကျူးလွန်လာတယ် ဆိုရင်လည်း တရားမျှတမှုဖြစ်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို လုပ်ရမယ်။ စုံစမ်းစစ်ဆေးတာတွေ တရားခံကလည်း စစ်မှန်ဖို့ လိုတယ်။ တခါတလေကျရင်လည်းတရားခံက အစားထိုးတဲ့အပိုင်းတွေ ရှိတဲ့အတွက် ဥပဒေကတော့ ကျောသားရင်သား မခွဲခြားဘဲနဲ့ ကျူးလွန်ခံရတဲ့သူတွေဘက်ကနေ ရရှိခံစားရမယ့်မျှတမှုကို အလေးထားပြီး ဥပဒေဖြစ်ဖို့ကို ပြောချင်တယ်။ နောက်တခုကတော့ ခံရတဲ့သူတွေဘက်ကနေ သင့်တင့်မျှတတဲ့တရားစီရင်မှုတွေရရှိဖို့ စိတ်ကျေနပ်မှုတွေ ရရှိဖို့ဆိုရင်တော့ ဥပဒေစာရွက်မှာရှိနေတဲ့ ဥပဒေပုဒ်မတွေ မဟုတ်ဘဲ ကျတို့ လူမှုပတ်ဝန်းကျင်တခုလုံးကို ကျူးလွန်ခံရသူအပေါ်  ဖေးဖေးမ မရှိတာလူမှုပတ်ဝန်းကျင်မှာ သာမန်လိုမျိုး သွားလာနိုင်ဖို့ ပြစ်တင်ကဲ့ရဲ့ရှုံ ချမှုတွေမလုပ်ဖို့သာမန် လူတယောက်လိုမျိုး ဖြစ်နေဖို့ကတော့ အရေးကြီးတယ်။

ဘာသာရေးအဆုံးအမတွေ၊ ကျောင်းမှာ လူမှုပတ်ဝန်းကျင်တခုလုံးက ပြင်ဆင်ရမယ့် အနေအထားမျိုးတွေဖြစ်တယ်။ ကျူးလွန်ခံရသူကို ဖိနှိပ်စေတဲ့ဟာမျိုး မိန်းကလေးတွေ ညအပြင်ထွက်လို့ဖြစ်တာ၊ ကျူးလွန်သူက မမှားဘူးကျူးလွန်ခံရသူက မှားနေတာ သူကတော့ မုဒိမ်းကျင့်ခံထားရတာ၊ ယောက်ျားနဲ့ အတူနေပြီးတာကြောင့်  ကျောင်းပြန် မတက်သင့်ဘူး သူတို့ရဲ့ သားသမီးတွေနဲ့ အတူရှိမနေသင့်ဘူး စတဲ့ လူမှုဝန်းကျင်ကနေ ယ်ကျဥ်လိုက်တာမျိုးတွေ မဖြစ်ဖို့ လိုတယ်။ ကျူးလွန်ခံရသူဘက်က ရရှိခံစားရမယ့် တရားမျှတမှုလို့ပြောရင်တော့ ဥပဒေဘက်မှာလည်း အရေးကြီးသလို လူမှုပတ်ဝန်းကျင်၊ မိသားစု၊ ကျောင်းတွေမှာအစ ပြုမှုနေထိုင်မှုတွေ ဆက်ဆံမှုတွေ ထားရှိရမယ့် စိတ်နေသဘောထားတွေက အရေးကြီးတယ်လို့ ထင်ပါတယ်။

ဒေါ်ဇာလီအေး

တရားလွှတ်တော်ရှေ့နေ

ကျမအနေနဲ့ မုဒိမ်းမှု၊ အထူးသဖြင့် အရွယ်မရောက်သေးသူတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေဟာ အလွန် ပြင်းထန်ပြီး လက်သင့်ခံလို့မရနိုင်တဲ့ ကြီးလေးသောရာဇဝတ်မှုတွေ ဖြစ်တယ်လို့ တိတိကျကျ ပြောချင်ပါတယ်။ ကျူးလွန်သူ တွေဟာ ထိရောက်တဲ့ဥပဒေအရ အရေးယူခံရဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ရာဇ၀တ်မှုကြီးမားတာနဲ့အမျှ ပြစ်ဒဏ်ပေးရာ မှာလည်း တရားဥပဒေစိုးမိုးရေး (Rule of Law) နဲ့ မျှတသောတရားစီရင်ခြင်း(Fair Trial) ကို လျစ်လျူရှုလို့ မရပါဘူး။

ပဋိပက္ခဒေသတွေမှာ တရားစီရင်ရေးယန္တရား မပြည့်စုံတာ၊ သက်သေစစ်ဆေးနိုင်မှု အားနည်းတာ၊ အယူခံအခွင့်အရေး မပြည့်စုံတာတွေ ရှိနေတာကြောင့် သေဒဏ်လို ပြန်လည်ပြင်ဆင်လို့မရတဲ့ ပြစ်ဒဏ်ကို ချမှတ်ရာမှာ အထူးသတိထားရမှာပါ။ သေဒဏ်က အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့အတွက် ပုံမှန်ရာဇဝတ်မှုတွေထက် ပိုမိုတင်းကျပ်တဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေ လိုအပ်ပါတယ်။ အခြေခံအားဖြင့် အောက်ပါအချက်တွေကို လိုက်နာရပါမယ်။ ပြစ်မှုကို ကျိုးကြောင်းဆီလျော်စွာ ကျေနပ်လောက်အောင် သက်သေပြနိုင်ရမယ်။ စွပ်စွဲခံရသူမှာ ရှေ့နေငှားရမ်းခွင့်၊ ခုခံချေပခွင့် အပြည့်အဝ ရှိရမယ်။ လွတ်လပ်ပြီး ဘက်မလိုက်ဘဲ အရည်ချင်းပြည့်၀တဲ့ တရားရုံးက စစ်ဆေးရမယ်။ အယူခံမှု သို့မဟုတ် ပြင်ဆင်မှု တက်ခွင့် ရှိရမယ်။ နောက်ဆုံးအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် သို့မဟုတ် ပြစ်ဒဏ်လျှော့ပေါ့ခွင့် တောင်းခံနိုင်တဲ့ အခွင့်အရေးလည်း ရှိသင့်ပါတယ်။

ဒီလုပ်ထုံးလုပ်နည်းတွေ မပြည့်စုံဘဲ သေဒဏ်စီရင်လိုက်မယ်ဆိုရင်၊ မှားယွင်းစီရင်မှု ဖြစ်လာရင်၊ ပြန်လည်ကုစားလို့ မရတော့ ပါဘူး။ ဒီလိုတင်းကြပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိပေမယ့်လဲ တရားမျှတမှုကို ဆောင်ကျဥ်းပေးကြမယ့် တရားသူကြီးတွေက ပြစ်ဒဏ်ချမှတ်မှုထက် ကျူးလွန်ခံရသူအတွက် ပြည်လည်ကုစားမှု ရရှိပိုင်ခွင့်ကို ချန်လှပ်ထားလို့ မရပါဘူး။ သေဒဏ်ဟာ တကယ်တော့ ရာဇ၀တ်မှုဆိုင်ရာ တရားမျှတမှုမှာ ပြီးပြည့်စုံတဲ့ ပြစ်ဒဏ်မဟုတ် ဆိုတာကိုလဲ ဆင်ခြင်သုံးသပ်စေလိုပါတယ်။

ဒီလိုရာဇ၀တ်မှုနဲ့စပ်လျဥ်းလာတဲ့အခါ လူထုအနေနဲ့ ဒေါသထွက်ပြီး ပြင်းထန်တဲ့ပြစ်ဒဏ်ကို တောင်းဆိုတာဟာ သဘာ၀ ကျပါတယ်။ အထူးသဖြင့် ကလေးသူငယ်အပေါ် ကျူးလွန်တဲ့ အမှုတွေဆိုရင် ပိုပြီးတော့ စိတ်ခံစားချက် မြင့်မားစေပါတယ်။ ဒါပေမဲ့ တရားမျှတမှု ဆောင်ကျဥ်းပေးကြမယ့်သူတွေ သုံးသပ်ရမယ့်အချက်က သေဒဏ်ချမှတ်လိုက်တာနဲ့ ရာဇဝတ်မှု လျော့ကျသွားတယ်ဆိုတာ ထပ်တူမကျနေတဲ့အချက်ပါ။ ဒါကြောင့်ရာဇဝတ်မှုကို လျော့ချ သို့မဟုတ် ပပျောက်ဖို့ဆိုရင် ရာဇ၀တ်မှုဖြစ်ရင် မလွတ်မြောက်နိုင်ဘူး (Impunity and Immunity) ဆိုတဲ့ ယုံကြည်မှုရှိအောင် ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှု၊ မျှတသောတရားစီရင်မှု၊ ပြစ်မှုကျူးလွန်သူကို အချိန်မီအရေးယူနိုင်မှု၊ ကျူးလွန်ခံရသူကို ကာကွယ်ပံ့ပိုးပေးတဲ့ စနစ်တွေက ပိုပြီးအရေးကြီးပါတယ်။ ဒါ့ကြောင့် သေဒဏ်တခုတည်းဟာ အဖြေမဟုတ်ဘဲ၊ တရားမျှတပြီး ထိရောက်တဲ့ တရားစီရင်ရေးစနစ်တစခု တည်ဆောက်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ ဒါမှ လူထုရဲ့ ယုံကြည်မှုကို ရရှိမှာဖြစ်ပါတယ်။

ပထမအချက်က တရားဥပဒေစိုးမိုးရေး ကို အခြေခံထားရပါမယ်။ ဒုတိယအချက်က ကျူးလွန်ခံရသူ (Survivor) ဗဟိုပြုတဲ့ တရားမျှတမှု ဖြစ်ရပါမယ်။ ကျူးလွန်ခံရသူရဲ့ လုံခြုံရေး၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနဲ့ လျော်ကြေးရရှိရေး တို့ကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။ တတိယအချက်အနေနဲ့က စွပ်စွဲခံရသူရဲ့ အခြေခံအခွင့်အရေးကိုလည်း ကာကွယ်ရ ပါမယ်။ အပြစ်ရှိကြောင်း ဥပဒေအရ သက်သေမပြမချင်း အပြစ်မရှိသူအဖြစ် ယူဆရမယ်ဆိုတဲ့ အခြေခံမူကို လေးစား ရပါမယ်။

နောက်ဆုံးအနေနဲ့ တရားရုံး၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ (ဖမ်းဆီးခြင်း၊ ထိန်းသိမ်းချုပ်နှောင်ခြင်း၊ အမှုတည်ဆောက်ခြင်း အပါအ၀င်)၊ ဥပဒေပြုအဖွဲ့အစည်းတွေဟာ လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုရှိဖို့ လိုပါတယ်။ ပဋိပက္ခဒေသတွေမှာ လူထုရဲ့ ယုံကြည်မှုကို ရဖို့ဆိုရင် “ပြင်းထန်တဲ့ပြစ်ဒဏ်” ထက် “တရားမျှတတဲ့ လုပ်ထုံးလုပ်နည်း” က ပိုပြီး ရေရှည်တည်တံ့တဲ့ အဖြေဖြစ်ပါတယ်။ ပြစ်ဒဏ်ဟာ မျှတရုံတင်မကဘဲ မျှတကြောင်း လူထုမြင်နိုင်တဲ့ စနစ်တခုလည်း ဖြစ်ဖို့ လိုအပ်ပါတယ်။

သူရိန်                 

တော်လှန်ရေးရဲဘော်အညာဒေသ

အသက်မပြည့်သေးသူတွေအပေါ်မုဒိန်းမှုကတော့ အခုလိုတွေစီရင်တာ ကောင်းတယ်။ ပိုပြီးလည်းတင်းကျပ်သင့်တယ်။ ကလေးတွေကို ပစ်မှတ် ထားပြီး မုဒိန်းမှုကျူးလွန်တာက လူသားမဆန်တဲ့လုပ်ရပ်မို့ ကျနော်ကတော့ အားပေးတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီလို စီရင်မှုတခုမှာ ပါဝင်ဖူးပါတယ်။

ပဋိပက္ခဒေသမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအများဆုံးဖြစ်တယ်လို့တော့ မဆိုလိုပါဘူး။ နေရာတိုင်းမှာတော့ အသက်မပြည့်သေးသူတွေအပေါ် မုဒိမ်းမှုတွေက အများကြီးဖြစ်နေတုန်းပါဘဲ။ အုပ်ချုပ်မှု အားမကောင်းလို့ပဲပေါ့။ အဲ့ဒီလိုနေရာတွေမှာ ဖြစ်နေတဲ့အခါ စီရင်တဲ့သူက လိုအပ်ပါတယ်။ စီရင်တဲ့အခါမှာလည်း ပြင်းပြင်းထန်ထန်စီရင်ပေးခဲ့ရင် ‌နောက်‌နောင်တခြားသူတွေက ဖြစ်ဖို့နည်းသွားလိမ့်မယ်ပေါ့။

ဒီလိုအချိန်မှာ သေဒဏ်စီရင်ချမှတ်မှုက မှန်ကန်တဲ့အဖြေလားဆို ဟုတ်ပါတယ်။ နယ်မြေ မငြိမ်သက်မှုတွေကြားမှာ ဒီလိုစိတ် ရှိတဲ့သူတွေက တဖြည်းဖြည်းနဲ့ ပွားများလာလိမ့်မယ်။  စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ချို့ယွင်းမှု များလာလိမ့်မယ်။ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ချို့ယွင်းမှုဆိုတာက သူဒါမျိုးလုပ်ခဲ့ရင် ငါလည်း ဒါမျိုးလုပ်လို့ရတယ်ဆိုတဲ့အတွေး၊ မိဘတိုင်းက ကလေးတွေကို စိတ်မချမှုတွေနဲ့ နေထိုင်ရတာ အရမ်းပင်ပန်းပါတယ်။ အခုလိုကျူးလွန်သူတွေကို ပြစ်ဒဏ်တခုအနေနဲ့ ချမှတ်လိုက်မယ်ဆိုရင် အဲ့ဒီပြစ်ဒဏ်ပြီးသွားတဲ့အချိန်မှာသော်လည်းကောင်း၊ အဲ့ဒီပြစ်ဒဏ် ချမှတ်နေဆဲကာလမှာသော်လည်းကောင်း အဲ့ဒီလူရဲ့ စိတ်တွေက မကောင်းမှု ဒုစရိုက်တွေ၊ မကောင်းတဲ့ လုပ်ရပ်တွေကိုတွေးပြီးတော့ ငါဒီလောက် လေးပဲ ခံရတာဆိုပြီးတော့ နောက်တခါ လွတ်လာရင်လည်း ထပ်မကျူးလွန်ဘူးလို့ အာမ မခံနိုင်ပါဘူး။ အဲ့ဒီတော့ ကျနော်ကတော့ အမြစ်ဖြတ်လိုက်တာပဲကြိုက်ပါတယ်။

တဖက်လူထုက မကျေနပ်ဘူးဝေဖန်တယ်၊ တဖက်က ကျေနပ်တယ် ဆိုတဲ့နေရာမှာ ကျေနပ်တယ်ဆိုတဲ့ လူတစုကတော့ ခံစားချက်တွေ၊ ကိုယ်ချင်းစာဒဏ်ရာတွေ၊ အမှန်တရားတွေကိုကြိုက်တဲ့ လူတွေပဲဖြစ်လိမ့်မယ်လို့ ထင်တယ်။ မကြိုက်တဲ့ သူတွေကျတော့ မကြိုက်ဘူးဆိုရင် သူတို့ကတဖက်လူအပေါ် ငဲ့ညာမှု၊ သနားမှု၊ ကိုယ်ချင်းစာတရား၊ သူတို့ရော အဲ့ဒီလို ခံစားခဲ့ဖူးလားဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။ ပြစ်ဒဏ်စီရင်တဲ့အပေါ်မှာ ကျနော်တို့ကတော့ ပြတ်ပြတ်သားသားပဲ စီရင်ပေးစေချင်ပါတယ်။

အေမီ

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်

ကျမတဦးတည်းအနေနဲ့ပြောရရင် ဒီလိုမုဒိမ်းမှုဖြစ်စဉ်ကို သေဒဏ်ပေးတာ မများဘူးလို့မြင်တယ်။ ကျူးလွန်ခံရသူအပေါ်မှာ ဖျောက်ဖျက်လို့မရတော့တဲ့ သေရာပါဒဏ်ရာဖြစ်သွားပြီလေ။ သက်ရောက်မှုအနေနဲ့ကတော့ အသက်ရှင်နေရင်တောင် သေနေသလို ခံစားချက်နဲ့နေရမှာဖြစ်တဲ့အတွက် အဲ့ဒီအရာပေါ်မှာ ပြစ်ဒဏ်အပေါ်မှာ များတယ်လို့ မမြင်ဘူး။

ဒီလိုယုတ်မာလွန်းတဲ့ကျူးလွန်မှုတွေ၊ အပြစ်တွေကို သာမာန်ပြစ်မှုမျိုးနဲ့ပဲပြီးသွားမယ်ဆိုရင် အလားတူကျူးလွန်သူမျိုးတွေ သာမက ဒီထက်ဆိုးရွားတဲ့ ပြစ်မှုကျူးလွန်သူတွေရှိလာရင်လည်း အငြင်းပွားလာစရာတွေ ထပ်ရှိနိုင်ပါတယ်။ သေဒဏ် စီရင်မှုမျိုး ချမှတ်မှုအတွက် မှန်ကန်တယ်လို့ ယူဆပါတယ်။

လူထုအနေနဲ့ကတော့ အာဏာနဲ့လုပ်ပိုင်ခွင့်လိုအရာတွေ မရှိတာကများပါတယ်။ ဒါပေမဲ့ အာဏာနဲ့လုပ်ပိုင်ခွင့် ရှိသူတွေဟာလည်း လူထုကနေ ဖြစ်ပေါ်လာတဲ့အတွက် လူထုအသံကိုလျစ်လျူရှုလို့ မရနိုင်ပါဘူး။ ဥပဒေပိုင်းဆိုင်ရာမှာ အခုခေတ်ကာလလို အကျင့်ပျက်မှုတွေကျူးလွန်ဖောက်ပြားမှုတွေက အောက်ခြေမှမဟုတ် လူတန်းစားတရပ်အနေနဲ့လည်း လူမသိသူမသိရှိနေမယ်ဆိုတာ မလွဲမှားနိုင်တဲ့အချက်ပါ။ ကျမအနေနဲ့ပြောရရင် ပြစ်ဒဏ်စီရင်မှုတွေတိုင်းမှာ တန်းတူညီမျှမှုကို လိုလားတယ်။

အနု

အမျိုးသမီးမဟာမိတ်အင်အားစု(WAB)

သွေးသစ်သပိတ် ဦးဆောင်ကော်မတီဒီပဲယင်းမြို့နယ်

ပဋိပက္ခဒေသတွေမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ တကယ့်ကို စိတ်နှလုံးထိခိုက်စရာကောင်းသလို အရေးတကြီး ဖြေရှင်းရမယ့် ကိစ္စရပ်ဖြစ်ပါတယ်။ ပဋိပက္ခဒေသတွေမှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေချိန် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုများလာတဲ့အတွက် ပြည်သူလူထုက နာကျည်းဆတ်ဆတ်ခါပြီး သေဒဏ်ပေးဖို့ တောင်းဆိုကြတာဟာ သဘာဝကျပါတယ်။

ဒါပေမဲ့ သေဒဏ်ဟာ ရေရှည်အတွက် အဖြေမှန် မဟုတ်သလို၊ စိုးရိမ်စရာ အချက်တွေလည်း ရှိနေပါတယ်။ ပြန်ပြင်လို့မရတဲ့ အမှားကတော့ ပဋိပက္ခကြားက တရားစီရင်ရေးယန္တရားတွေဟာ စနစ်တကျ မရှိသေးဘဲ အလျင်အမြန် ဆုံးဖြတ်တတ် ကြတဲ့အတွက် တကယ်လို့ တရားခံအစစ် မဟုတ်ဘဲ မှားယွင်းစီရင်မိရင် ပြန်ပြင်လို့မရတဲ့ အသက်ဆုံးရှုံးမှု ဖြစ်သွားနိုင် ပါတယ်။ သေဒဏ်ရှိရုံနဲ့ ရာဇဝတ်မှုတွေ ချက်ချင်းလျော့ကျမသွားတာကို ကမ္ဘာ့သမိုင်းတွေမှာ တွေ့နိုင်ပါတယ်။ အဓိကက ပြစ်ဒဏ်ရဲ့ ပြင်းထန်မှုထက် “ကျူးလွန်ရင် လွတ်မြောက်မှာ မဟုတ်ဘူး” ဆိုတဲ့ “ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိ‌စေရ” တဲ့ စနစ်ကို တည်ဆောက်ဖို့က ပိုအရေးကြီးပါတယ်။

မျှတတဲ့ ပြစ်ဒဏ်ဖြစ်စေဖို့ ဘာတွေလုပ်ဆောင်သင့်လဲ ဆိုရင်တော့ လူထုရဲ့ တရားမျှတမှု ငတ်မွတ်မှုကို ဖြည့်ဆည်းပေးရင်း တဖက်မှာလည်း လူ့အခွင့်အရေးနဲ့ ဥပဒေကြောင်းအရ ကျစ်လျစ်ခိုင်မာဖို့ အချိုးညီညီ လုပ်ဆောင်ရပါမယ်။ အသက်ရှင် ကျန်ရစ်သူ ဗဟိုပြုဝါဒ (Survivor-Centric Approach) ကို အမှုစစ်ဆေးသူတွေက သတိထားအသုံးပြုရပါမယ်။ ကျမတို့က တရားခံကို ဘယ်လိုနှိပ်စက်မလဲဆိုတာထက် နစ်နာသူရဲ့ ကာယ၊ စိတ္တ၊ လုံခြုံရေး၊ ရေရှည်ကုစားရေးနဲ့ ဂုဏ်သိက္ခာကို ပထမဆုံး ဦးစားပေးရပါမယ်။ စစ်ဆေးမေးမြန်းချိန်မှာ နစ်နာသူကို ဒုတိယအကြိမ် စိတ်ဒဏ်ရာပြန်မရအောင် ကာကွယ်ရပါမယ်။

သေဒဏ်အစား အပြင်းထန်ဆုံး ထောင်ဒဏ်ကျင့်သုံးခြင်း: လွတ်ငြိမ်းချမ်းသာခွင့် လုံးဝမရှိတဲ့ “တသက်တကျွန်း ထောင်ဒဏ် (သို့မဟုတ်) သက်တမ်းရှည် ထောင်ဒဏ်” လိုမျိုး ပေးလိုက်ခြင်းအားဖြင့် လူ့အဖွဲ့အစည်းကနေ အပြီးအပိုင် ဖယ်ထုတ်နိုင် သလို၊ ဥပဒေကြောင်းအရလည်း လူ့အခွင့်အရေးစံနှုန်းတွေကို ထိန်းသိမ်းရာ ရောက်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကို ရာဇဝတ်မှုအသွင်တင်မကဘဲ စစ်လက်နက်သဖွယ် အသုံးမချနိုင်အောင် တားဆီးဖို့နဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လျော့ကျစေရန် ရေရှည်ဗျူဟာတွေ လိုအပ်ပါတယ်။

ပဋိပက္ခတွေ ဖြစ်နေလို့ ပြည်သူအားလုံးရဲ့ ဘဝဟာ မလုံခြုံရတဲ့အထဲမှာ အမျိုးသမီးတွေဟာ ဒီလိင်ပိုင်းဆိုင်ရာအကြမ်းဖက် မှုတွေကြောင့်နဲ့ နောက်ထပ်တမျိုး စိုးရိမ်ပူပန်ကြရတယ်၊ မလုံခြုံမှုတွေပိုဖြစ်ရပါတယ်။ ဒါကြောင့် “ပြစ်ဒဏ်ကင်းလွတ်ခွင့် (Impunity) ကို အဆုံးသတ်နိုင်မှသာ အမျိုးသမီးတွေအတွက် စိတ်ချရတဲ့ ပတ်ဝန်းကျင်တခု ဖြစ်လာမှာပါ။

ကျူးလွန်သူက မည်သူဖြစ်နေပါစေ၊ မျက်နှာမလိုက်ဘဲ ချက်ချင်းအရေးယူမယ့်စနစ် ရှိရပါမယ်။ ဒေသခံ အမျိုးသမီးတွေနဲ့ အမျိုးသမီးတင်မက အမျိုးသားတွေကိုပါ Gender Concept နဲ့ပတ်သတ်တဲ့ သိမှုစွမ်းရည်မြှင့်တင်ပေးတာတွေလုပ်ပြီး မုဒိမ်းမှုဖြစ်ခဲ့ပါက တိုင်ကြားနိုင်တဲ့နေရာတွေ၊ တရားစွဲနိုင်တဲ့ပုဒ်မတွေကိုလည်း ပြည်သူတွေ အသုံးပြုနိုင်အောင် အသိပညာ ဖြန့်ဝေရပါမယ်။ ကျောင်းပညာရေးမှာလည်း စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ဘဝတွက်တာ သင်ရိုးတွေကို ထိထိရောက်ရောက် သင်နိုင်မယ်ဆိုရင် ငယ်စဉ်ကတည်းက Gender Concept တွေကိုနားလည်လေးစားတန်ဖိုးထားတတ်တဲ့သူတွေ ဖြစ်လာရင် ကျမတို့ လူ့အဖွဲ့အစည်းကြီးက ပိုပြီး ငြိမ်းချမ်းလာပါလိမ့်မယ်။

အခုလို ပဋိပက္ခကာလမှာ တရားမျှတမှု ရှာဖွေရတာဟာ စိန်ခေါ်မှု အလွန်များပါတယ်။ နစ်နာသူအမျိုးသမီးတွေ အတွက်လည်း ဆုံးရှုံးမှုဟာ အင်မတန်ကြီးမားပါတယ်။ ဒါကြောင့် ပဋိပက္ခဒေသတွေမှာ အာဏာသက်ရောက်မှု မတူညီတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ရှိနေတဲ့အခါ နစ်နာသူတွေအတွက် တကယ့်ကို ဘေးကင်းလုံခြုံပြီး အားကိုးရတဲ့ တိုင်ကြားမှု စနစ်မျိုး ပေါ်ပေါက်လာရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ပဋိပက္ခတွေ ဖြစ်နေလို့ ပြည်သူအားလုံးရဲ့ ဘဝဟာ မလုံခြုံရတဲ့အထဲမှာ အမျိုးသမီးတွေဟာ ဒီလိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုတွေကြောင့်နဲ့ နောက်ထပ်တမျိုး စိုးရိမ်ပူပန်ကြရတယ်၊ မလုံခြုံမှုတွေပိုဖြစ်ရပါတယ်။ ဒါကြောင့် “ပြစ်ဒဏ်ကင်းလွတ်ခွင့် (Impunity) ကို အဆုံးသတ်နိုင်မှသာ အမျိုးသမီးတွေအတွက် စိတ်ချရတဲ့ ပတ်ဝန်းကျင်တခု ဖြစ်လာမှာပါ။