စစ်ဇုန်ထဲက ကလေးငယ်တွေရဲ့ ကာကွယ်ဆေးခရီးကြမ်း
မူအေးမူ၊ ဒေဝီ
ဖုန်တထောင်းထောင်းထနေတဲ့လမ်းမှာ တဂျုံးဂျုံးမြည်ကာ မောင်းနှင်နေတဲ့ ကားလေးအတွင်း ရင်ခွင်ထဲ ကလေးငယ်တွေ ကိုယ်စီချီပိုးထားတဲ့အမျိုးသမီးအချို့ လိုက်ပါလာကြပါတယ်။
သူတို့ရဲ့ မျက်နှာပေါ်မှာ ခရီးပန်းရုံတင်မကဘဲ စိုးရိမ်သောကရိပ်တွေကလည်း ပြည့်နှက်နေပါတယ်။
သူတို့ဟာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းက နေရပ်စွန့်ခွာစစ်ရှောင်မိခင်တွေ ဖြစ်ကြပြီး၊ ရေဦးမြို့ပေါ်မှာ စစ်ကောင်စီကဖွင့်လှစ်ထားတဲ့ ပြည်သူ့ဆေးရုံတွေရဲ့ ကာကွယ်ဆေးဌာနမှာ သူတို့ရဲ့ ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးနှံဖို့ ခက်ခက်ခဲခဲ ခရီးသွားနေကြတာ ဖြစ်ပါတယ်။
တန့်ဆည်မြို့နဲ့ ရေဦးမြို့ဟာ ပုံမှန်အားဖြင့် ၂၄ ကီလိုမီတာ (၁၅ မိုင်) ခန့်သာ ကွာဝေးတဲ့ အိမ်နီးနားချင်း မြို့နယ်တွေ ဖြစ်ကြပေမဲ့ လက်ရှိ မြေပြင်မှာတော့ စစ်ရေးအခြေအနေတွေကြောင့် အချိန်အများကြီး ပေးပြီး ကွေ့ပတ်မောင်းနှင် နေရသလို လမ်းခရီးကလည်း ကြမ်းတမ်းပြီး ဝေးလံလွန်းလှပါတယ်။
အဲဒီအပြင် လမ်းခရီးတလျှောက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ စစ်ကောင်စီဘက်က ဂိတ်တွေရဲ့ တင်းကျပ်လှတဲ့ စစ်ဆေးမေးမြန်းမှုတွေကို ရင်တထိတ်ထိတ်နဲ့ပဲ ဖြတ်ကျော်ကြရပါသေးတယ်။
အဲဒီ လမ်းခရီးအတွေ့အကြုံနဲ့ ပတ်သက်ပြီး အသက် ၃၅ နှစ်အရွယ် စစ်ရှောင်မိခင် မပန်းနွယ်က “ဆိုင်ကယ်နဲ့ကျတော့ မသွားရဲဘူး၊ ကားငှားပြီး သွားကြရတာ၊ လမ်းမှာ ဘာမှမဖြစ်ဘူးဆိုပေမဲ့ စစ်ဆေးခံရတဲ့အခါ တကယ်ကို ကြောက်မိတယ်” လို့ သူရဲ့ စိုးရိမ်စိတ်ကို ဖွင့်ဟပြောပြပါတယ်။
တဦးတည်းမသွားရဲတာကြောင့် ကာကွယ်ဆေးထိုးဖို့ အလှည့်ကျတဲ့ မိခင်အချင်းချင်း တိုင်ပင်ပြီး စစ်ကောင်စီရှိရာကို မောင်းနှင်ရဲတဲ့ ကားသမားကို အပြတ်ငှားကာ သွားကြရပါတယ်။
မပန်းနွယ်က “ကားခတွေနဲ့ဆိုတော့ ကာကွယ်ဆေး တခါ သွားထိုးဖို့ ပိုက်ဆံက ၂ သိန်း၊ ၃ သိန်းလောက်ရှိမှ အဆင်ပြေ တာ”လို့ ရေဦးမြို့ပေါ်က အခမဲ့ထိုးနှံနိုင်မယ့် ကာကွယ်ဆေးစုရပ်ကို ရောက်ရှိဖို့အရေး ကုန်ကျစရိတ်နဲ့ပတ်သက်ပြီး ပြောပြပါတယ်။
ကလေးမိခင်တွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးအချို့က လမ်းခရီးမှာ ကြုံရနိုင်တဲ့ ဘေးအန္တရာယ်နဲ့ ကုန်ကျစရိတ် အဆမတန်များပြားတဲ့ ရေဦးမြို့အထိ သွားရောက်ကာ ကာကွယ်ဆေး ထိုးနှံနေကြရသလို၊ တချို့ကလည်း တန့်ဆည်မြို့နယ်အတွင်းက ကာကွယ်ဆေးထိုးနှံပေးတဲ့ ဆေးခန်းတချို့မှာ သွားရောက်ထိုးနှံကြရပါတယ်။
- စစ်ဇုန်ပြင်ပမှာလည်း မလုံခြုံတဲ့ ကလေးဘဝတွေ
- အဓမ္မစစ်မှုထမ်းနောက်ကွယ်က ကျန်ရစ်ခဲ့တဲ့ မိသားစုဘဝတွေ
- ” ပဋိပက္ခဒေသက ကလေးသူငယ်တွေအပေါ် လိင်အကြမ်းဖက်မှု ဘာကြောင့် တိုးလာသလဲ”
ကာကွယ်ဆေးထိုးဖို့ ကြုံတွေ့နေရတဲ့ အဓိက အဟန့်အတားကတော့ ကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်ရေးအခက်အခဲနဲ့ ပဋိပက္ခကြားက လုံခြုံရေးအန္တရာယ်တွေ ဖြစ်ပါတယ်။
မပန်းနွယ်က သူကြုံတွေ့နေရတဲ့ လက်ရှိဘဝအခြေအနေနဲ့ပတ်သက်ပြီး “ကျမဆို တခါတလေ သူများဆီက ပိုက်ဆံချေးပြီး သွားထိုးရတဲ့အထိ ခက်ခဲတယ်၊ ဒါပေမဲ့ ကိုယ့်ကလေးအတွက်မို့လို့ မဖြစ်ဖြစ်အောင် သွားထိုးရတာပါ၊ ကျမတို့နဲ့ တရွာတည်းက ကလေးတယောက်ဆိုရင် သူ့အမေက ပိုက်ဆံမရှိလို့၊ အဆင်မပြေလို့ဆိုပြီး ကာကွယ်ဆေး မထိုးပေးနိုင်ဘဲ ကျန်ခဲ့ရပါတယ်” လို့ ဆက်ပြောပြပါတယ်။
လက်ရှိမှာ ပိုက်ဆံရှိရင် အခြားမြို့နယ်ကြီးတွေမှာ ကာကွယ်ဆေး အပြည့်အဝဝယ်ယူထိုးနှံခွင့် ရှိနိုင်ပေမဲ့ တန့်ဆည်မြို့နယ် အတွင်းမှာတော့ ကာကွယ်ဆေးရဖို့ဟာ မလွယ်ကူကြောင်း တန့်ဆည်မြို့နယ်မှာ ကျန်းမာရေးလုပ်ဆောင်နေတဲ့ CDM ကျန်းမာရေးဝန်ထမ်း(လက်ရှိစေတနာ့ဝန်ထမ်း)”ဟိုဘက်နယ်မှာတော့ ပိုက်ဆံရှိရင် ဆေးဝယ်ထိုးလို့ရတယ်၊ ဒီဘက်ကတော့ ကားသမားတွေ မသယ်ပေးရဲတာနဲ့ လမ်းမှာ စစ်ကောင်စီကလည်း ဆေးတွေသယ်ခွင့်မပေးတာပေါ့၊ ပိုက်ဆံရှိတိုင်းလည်း ကိုယ့်နယ်ထဲ ရောက်ဖို့က မလွယ်ဘူး”လို့ ပြောပါတယ်။

အလားတူ တန့်ဆည်မြို့နယ်၊ ကျန်းမာရေးတာဝန်ခံတဦးက “ကျနော်တို့သိသလောက် NUG က ကာကွယ်ဆေး ထိုးမပေးပါဘူး၊ အခု ထိုးပေးတာကျတော့ ဈေးမျှပြီး ပိုက်ဆံကောက်ပြီး ပြန်ထိုးပေးတဲ့ပုံစံမျိုးပါ” လို့ ရှင်းပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဟာ လက်ရှိအခြေအနေအထိ ကာကွယ်ဆေးထိုးနှံပေးနိုင်အောင် မလုပ်ဆောင်နိုင် သေးပဲ သက်ဆိုင်ရာ ကျန်းမာရေးဆေးခန်း တချို့ကသာ ပိုက်ဆံကောက်ခံကာ ပြန်လည်ထိုးနှံပေးရတဲ့ ပုံစံမျိုးသာ ဖြစ်နေ ပါတယ်။ ဒီလို တော်လှန်ရေးနယ်မြေတွေထဲက ကာကွယ်ဆေးထိုးနှံပေးတဲ့ ကျန်းမာရေးဆေးခန်းတွေဆီမှာ ကြိုတင် စာရင်းပေးသွင်းထားပြီး စောင့်ဆိုင်းကြရပါတယ်။
“စစ်တပ်ရှိတဲ့နေရာ မသွားချင်ဘူးဆိုရင် ဒီဖက်က ကျန်းမာရေးအဖွဲ့တွေဆီထိုးလို့တော့ရတယ်၊ ဒါပေမဲ့ ဘယ်အချိန် ထိုးမလဲ ဆိုတာ မသိရဘူး၊ စာရင်းကတော့ ၁လလောက်ကြိုသွင်းရတယ်”လို့ မပန်းနွယ်က ပြောပြပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဆေးရုံတွေကို မသွားဘဲ တန့်ဆည်မြို့နယ်ထဲက ကာကွယ်ဆေးထိုးနှံပေးနေတဲ့ စုရပ်တနေရာမှာ ကျန်းမာရေးဝန်ဆောင်မှုရယူဖူးတဲ့ ဒေါ်ဖြူသိန်းကလည်း သူမရဲ့ အတွေ့အကြုံကို အခုလို ပြောပါတယ်။
“ကျမ ကလေးကာကွယ်ဆေး သွားထိုးတုန်းက ကလေးအသက် ၆ လဆိုတော့ ၃ သောင်းလောက် တောင်းတယ်၊ အချို့နေရာတွေမှာဆိုရင် ၅ သောင်းလောက်အထိ တောင်းတယ်လို့ ပြောကြတယ်”
တန့်ဆည်မြို့နယ်မှာ ကလေး ကာကွယ်ဆေးထိုးပေးတဲ့ နေရာ ၃ နေရာခန့်သာ ရှိပါတယ်။ ဆေးဝါးနဲ့ သယ်ယူစရိတ် များပြားတာကြောင့် အကန့်အသတ်နဲ့သာ ထိုးနှံပေးနိုင်တယ်လို့ တန့်ဆည်မြို့နယ် ကျန်းမာရေးအသိုင်းအဝိုင်းက စုံစမ်း သိရပါတယ်။
တန့်ဆည်မြို့နယ်အတွင်း ကာကွယ်ဆေး ထိုးပေးနေတဲ့ ဆေးခန်းအချို့ဟာ ဆေးဝါးကို တဆင့်ပြန်လည် ဝယ်ယူရတာ၊ သယ်ယူစရိတ်ကြောင့် အခမဲ့ မရရှိနိုင်ဘဲ၊ ကာကွယ်ဆေးထိုးခအဖြစ် အနည်းဆုံး မြန်မာငွေ ၇ သောင်း ပတ်ချာလည်ရှိမှသာ ထိုးနှံနိုင်တဲ့ အခြေအနေ ဖြစ်နေတာပါ။
လက်ရှိ တန့်ဆည်မြို့နယ်အတွင်းက အမျိုးသမီးတဦးရဲ့ တနေ့လုပ်အားခဟာ ၁ သောင်းကျပ် ကနေ ၁ သောင်းခွဲကျပ် အထိသာ ရရှိကြပါတယ်။ ရင်သွေးငယ်ကို ကာကွယ်ဆေးတကြိမ်ထိုးခွင့်ရဖို့အတွက် ကုန်ကျစရိတ်ဟာ အလုပ်နဲ့ဝင်ငွေရှိတဲ့ ဒေသခံအမျိုးသမီး တဦးရဲ့ အနည်းဆုံး ၁၀ ရက်ကနေ ၂၀ ရက်အထိ လုပ်အားခနဲ့ ညီမျှနေပါတယ်။
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်မားနေတဲ့ ယခုလိုအချိန်မှာ ဝင်ငွေနဲ့ ထွက်ငွေ မမျှတတာ၊ အလုပ်အကိုင် ရှားပါးတာတွေကြောင့် တချို့ မိခင်တွေဟာ သူတို့ ရင်သွေးငယ်ကို မဖြစ်မနေ ထိုးနှံရမယ့် ကာကွယ်ဆေးကိုတောင် မထိုးပေးနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ပဋိပက္ခဒေသထဲမှာ ကလေးတွေ ကာကွယ်ဆေးထိုးခွင့်မရတာဟာ ကာကွယ်ဆေးမရှိလို့သာမက၊ မိသားစုရဲ့ ဝင်ငွေနိမ့်ကျမှုနဲ့ လမ်းခရီးစရိတ် မတတ်နိုင်မှုကြောင့်လည်း ပိုများလာနေပါတယ်။
ဒီဒေသမှာနေထိုင်တဲ့ မိခင်အများစုဟာ ကလေးကာကွယ်ဆေးထိုးရဖို့အတွက် ပိုက်ဆံချေးရတာရှိသလို၊ ကိုယ့်လုပ်အားခကို အိမ်အသုံးစရိတ်အတွက်လျော့ရပြီး ငွေကို ကြိုတင်စုထားရပါတယ်။ ခက်ခဲလွန်းတဲ့ မိသားစုတွေမှာမွေးဖွားလာတဲ့ ကလေးတွေအတွက်တော့ ထိုးနှံခွင့်မရပဲ လစ်ဟာနေကြရပါတယ်။
ဒေသတွင်း ပိတ်ဆို့မှုတွေကြောင့် ပုံမှန်အားဖြင့် ကလေးအသက် ၂ လ အရွယ်မှာ ထိုးနှံရမယ့် ကာကွယ်ဆေးတွေကို အသက် ၆ လ ရောက်မှသာ ထိုးနှံရတဲ့သူ ရှိသလို၊ လုံးဝမထိုးရသေးတဲ့ ကလေးတွေလည်း အများအပြား ရှိနေပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်းက ကာကွယ်ဆေးထိုးနှံရမယ့်အရွယ် ကလေး ၃၀ ရာခိုင်နှုန်းလောက်သာ ထိုးနှံ နိုင်ကြပြီး၊ ၇၀ ရာခိုင်နှုန်းလောက်က ထိုးနှံနိုင်ခြင်းမရှိဘူးလို့ တန့်ဆည်မြို့နယ် ကျန်းမာရေး တာဝန်ခံက ခန့်မှန်းပါတယ်။
လက်ရှိ ကာကွယ်ဆေးထိုးနှံနိုင်ဖို့ ခက်ခဲနေတဲ့အခြေအနေတွေအပေါ် မြို့နယ်တာဝန်ခံအဖွဲ့အနေနဲ့ ဘယ်လိုတွေ ဆက်လက် လုပ်ဆောင်ဖို့ ရှိမလဲဆိုတဲ့အပေါ် အထက်ပါ မြို့နယ်ကျန်းမာရေးတာဝန်ခံက “လုပ်ချင်ရင်တောင် ပိုက်ဆံမရှိဘဲနဲ့ ဘာမှ လုပ်ပေးလို့မရဘူးပေါ့”လို့ ရင်ဆိုင်နေရတဲ့ အကန့်အသတ်ကို ပြောပြပါတယ်။
တန့်ဆည်မြို့နယ်မှာ အာဏာသိမ်းပြီး ၅ နှစ်နီးပါးကာလအတွင်း ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး သူက “ဒီဘက်မှာတော့ တီဘီတော့များတယ်၊ တီဘီရောဂါဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်းကာလမှာ ဒီမြို့နယ်မှာ လူဦးရေ ၁၅၀ လောက်ရှိမယ်၊ အဲဒီထဲမှာ ကလေးရာခိုင်နှုန်းကတော့ ၂% လောက် ရှိမှာပေါ့”လို့ ပြောပါတယ်။
ကလေးငယ်တွေတင်မကဘဲ ကိုယ်ဝန်ဆောင်မိခင်တွေကလည်း ကာကွယ်ဆေးထိုးဖို့ အခက်အခဲဖြစ်သလို ကလေးမွေးဖွား ဖို့အတွက်လည်း လုံခြုံမှုမရှိတဲ့ ဒဏ်ကို ရင်ဆိုင်နေရပါတယ်။ ရေဦးမြို့ပေါ်အထိ သွားရောက်မွေးဖွားဖို့အတွက် လမ်းကြမ်း တာ၊ လုံခြုံရေးအခြေအနေနဲ့ ဆေးရုံဆေးခန်းမှာ ကလေးမီးဖွားနေတုန်း လေကြောင်းဗုံးကြဲခံရမယ့် အန္တရာယ်ကြောက်ရွံ့တာ တွေကို ခံစားနေကြရပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တဦးဖြစ်တဲ့ မလှသင်းက “ကာကွယ်ဆေးကို ရေဦးထိသွားထိုးဖို့ကလည်း လမ်းလည်းမကောင်းဘူး၊ ဗိုက်ကြီးနဲ့ဆိုတော့ ဘယ်လိုမှအဆင်မပြေလို့ နီးစပ်ရာ ဆေးခန်းမှာပဲ ထိုးလိုက်တယ်၊ ဒါပေမဲ့ ကလေးက ဘယ်လိုမွေးရ ဦးမလဲ ဆိုပြီးကြောက်နေမိတယ်၊ ဆေးခန်းမှာမွေးရင်လည်း ကိုယ်ကလေးမွေးတဲ့အချိန်မှ ဗုံးကလာကြဲရင် ဘယ်လိုလုပ် မလဲ၊ အိမ်မှာမွေးရမလား တွေးရင်းစိုးရိမ်တယ်”လို့ ရင်ဖွင့်ပါတယ်။
စစ်အာဏာမသိမ်းခင်က ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံတဝန်း အခမဲ့ စနစ်တကျ ထိုးနှံပေးခဲ့ကြပေမဲ့လည်း၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီအခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြရ ပါတယ်။
ကာကွယ်ဆေး ထိုးနှံရယူဖို့ ခက်ခဲလာတဲ့အပြင်၊ ကလေးငယ်တွေအတွက် အာဟာရ ပြည့်ဝစေဖို့ ကျွေးမွေးစောင့်ရှောက် ဖို့အတွက် ဒေသခံတွေအဖို့ အလုပ်အကိုင်နဲ့ ဝင်ငွေကလည်း တနေ့ထက်တနေ့ ရှားပါးလာပါတယ်။ ဒါကြောင့် တန့်ဆည်မြို့နယ်အတွင်းရှိ လူငယ်အချို့က အိမ်ထောင်ပြုကြပေမဲ့ ကလေးယူဖို့ မဝံ့မရဲ ဖြစ်နေကြရတယ်လို့ သိရပါတယ်။
ဒေသခံ အမျိုးသမီးဖြစ်တဲ့ဒေါ်ရွှေက “ကျမတို့ရွာက လူတွေက အိမ်ထောင်စောစောကျပေမဲ့ ကလေးမယူကြဘူး၊ ဘာလို့လဲဆိုတော့ လူကြီးတွေတောင် အသက်ရှင်သန်ဖို့ အနိုင်နိုင် ရုန်းကန်နေရတာ၊ ကလေးရှိလာရင် အာဟာရဖိုး၊ ကာကွယ်ဆေးဖိုး၊ ကျောင်းစရိတ်တွေက အများကြီး ကုန်မှာလေ၊ ဒါကြောင့် မယူရဲကြတာ၊ တချို့ဆို အိမ်ထောင်သက် ၅ နှစ်၊ ၆ နှစ်ရှိနေပြီ၊ ကလေးမယူကြသေးဘူး”လို့ ပြောပြပါတယ်။
စီးပွားရေးတွင်းနက်ထဲ ကျရောက်ကာ မိသားစုကို မကျွေးမွေးနိုင်တော့တဲ့အဆုံး ခါးသီးလှတဲ့ ဖြစ်ရပ်တွေပါ မြေပြင်မှာ ဖြစ်ပွားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်အတွင်းက တန့်ဆည်မြို့နယ်၊ ကံထူးမအုပ်စုထဲက ကျေးရွာတရွာမှာ လသားအရွယ် ကလေးငယ်တဦး လမ်းဘေးမှာ စွန့်ပစ်ခံထားရတာကို တွေ့ရှိခဲ့ရတယ်လို့ ကံထူးမအုပ်စုအတွင်း နေထိုင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တဖက်မှာလည်း ကာကွယ်ဆေး မထိုးနှံရတဲ့ ကလေးငယ်တွေကြားထဲမှာ ရောဂါဖြစ်ပွားမှုတွေကလည်း ပိုများလာနေ ပါတယ်။ ကလေးငယ်တွေမှာ အရေပြားဆိုင်ရာ ရောဂါတွေ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ ဝမ်းပျက်ဝမ်းလျောရောဂါတွေ အဖြစ်များလာတယ်လို့ တန့်ဆည်မြို့နယ်ရဲ့ ကျန်းမာရေး အသိုင်းအဝိုင်းက သိရပါတယ်။
ဒေသအတွင်း ကလေးကာကွယ်ဆေးထိုးနှံပေးတဲ့ဆေးခန်းတခုမှာတာဝန်ကျနေတဲ့ အမည်မဖော်လိုသူ ကျန်းမာရေးတာဝန်ခံ တဦးက “ကလေးတွေမှာတော့ ဒီဘက်ပိုင်း အဖြစ်များတာကတော့ အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါပေါ့၊ ချောင်းဆိုးရင်ကြပ် တာမျိုးတွေ တအားဖြစ်လာတယ်၊ အဖြစ်များတာက ၅ နှစ်အောက် ကလေးတွေပါ၊ တော်လှန်ရေးဖြစ်ပြီးမှ မွေးတဲ့ ကလေးတွေလို့ ဆိုရမှာပါ” လို့ ပြောပါတယ်။
ကလေးငယ်တွေရဲ့ အခြေခံရပိုင်ခွင့်တခုဖြစ်တဲ့ ကာကွယ်ဆေးထိုးနှံနိုင်ရေးဟာ တန့်ဆည်မြို့နယ်အတွင်း နေထိုင်သူတွေသာ ကြုံရတာမဟုတ်ဘဲ တနိုင်ငံလုံးက တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်နယ်မြေတွေအတွင်း ရှိနေတဲ့ ပြည်သူတွေအားလုံး ကြုံတွေ့နေရတဲ့ ဘုံအခက်အခဲတခု ဖြစ်ပါတယ်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF Myanmar) ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေပြ အစီရင်ခံစာ (Humanitarian Situation Report) အရ မြန်မာနိုင်ငံမှာ ကာကွယ်နိုင်တဲ့ ရောဂါတွေ ကူးစက်ခံရနိုင်ခြေ အလွန်မြင့်မားနေတဲ့ အသက် ၅ နှစ်အောက် ကာကွယ်ဆေး လုံးဝမထိုးရသေးတဲ့ ကလေးငယ် (Zero-dose children) ၁.၂ သန်း (၁ သန်းကျော်) ရှိကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် UNICEF Myanmar Annual Report ရဲ့ ထုတ်ပြန်ချက်တွေအရလည်း မြန်မာနိုင်ငံတဝှမ်းမှာ ကလေးငယ် ၁ သန်း နီးပါးဟာ အခြေခံပုံမှန်ကာကွယ်ဆေးတွေနဲ့ လွဲချော်နေရဆဲ ဖြစ်ပြီး၊ ကာကွယ်ဆေးမထိုးရမှု၊ သန့်ရှင်းတဲ့ရေနဲ့ ပတ်ဝန်းကျင် မရရှိမှုတွေကြောင့် ဝက်သက်ရောဂါ အန္တရာယ်တွေအပြင် ကာလဝမ်းရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု ၂,၃၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ အထူးသဖြင့် ရန်ကုန်၊ ကရင်၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ အဆိုးရွားဆုံး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာ မသိမ်းခင်က ကာကွယ်ဆေး ထိုးနှံမှုနှုန်း ၉၄ရာခိုင်နှုန်း အထိရှိခဲ့ရာကနေ ၃၇ ရာခိုင်နှုန်းထိ လျော့ကျသွားပြီး ကူးစက်နိုင်မှု မြင့်မားတဲ့ရောဂါတွေအတွက် ကာကွယ်ဆေးမထိုးနှံရဘဲရှိနေတဲ့ ကလေးအရေအတွက်ဟာ ပိုများလျက်ရှိသလို ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးတာကြောင့် ကလေးငယ် မျိုးဆက် တဆက်ပျောက်ဆုံးသွားနိုင်တယ်လို့ ကုလသမဂ္ဂကလည်း သတိပေးထားပါတယ်။
ကလေးတွေ အသက်အရွယ်လိုက် ထိုးရမယ့်ကာကွယ်ဆေးတွေမှာ ပိုလီယို၊ ဝက်သက် စတဲ့ ပြင်းထန်ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့အတွက် မဖြစ်မနေထိုးနှံဖို့လိုသလို ဒီလိုမှ မထိုးနှံရတဲ့အခါ ကူးစက်ရောဂါတွေပြန်လည် ပျံ့ပွားလာပြီး ကလေးတွေမှာ ဆိုးကျိုးတွေ ကြုံတွေရနိုင်တယ်လို့ ကျန်းမာရေးမူဝါဒဆိုင်ရာကျွမ်းကျင်သူ တွေက ပြောပါတယ်။
ကလေးတွေအတွက် အရေးကြီးလိုအပ်တဲ့ ကာကွယ်ဆေးနဲ့ပတ်သတ်လို့ UN ၊ Save the Children တို့လိုနိုင်ငံတကာ အဖွဲ့အစည်းအချို့က ကူညီပေးတာတွေရှိပေမယ့် နေရာအနှံ့တော့ မလွှမ်းခြုံနိုင်သေးပါဘူး။
ကရင်ပြည်နယ်ရဲ့ ဒေသအချို့မှာတော့ နိုင်ငံတကာအဖွဲ့အစည်းအချို့ရဲ့ အကူအညီနဲ့ ကလေးတွေကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ပေမယ့် အကန့်အသတ်နဲ့ဖြစ်နေတုန်းပဲလို့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ -BPHWT အဖွဲ့ ဒါရိုက်တာ စောဝင်းကျော်က ပြောပါတယ်။
“ကရင်ပြည်နယ်တခုတည်းမှာတောင် ပြောရင်ရာခိုင်နှုန်းတော်တော်ကိုနည်းတယ်၊ ဖာပွန်တခုထဲတောင် ၂သောင်းနဲ့ ၃သောင်းကြားလောက် ရှိနေတဲ့အချိန်မှာ တကယ်တမ်းထိုးပေးနိုင်ခဲ့တာ ထောင်ဂဏန်းလောက်ပဲ၊ ကြိုးစားပေးနိုင် သလောက်ပဲ ရှိတယ်” လို့သူကပြောပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဒေသအချို့မှာကာကွယ်ဆေးထိုးနှံပေးဖို့ကို ဆောင်ရွက်လျက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့စိုးမိုးနယ်မြေတခုဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ကလေးသူငယ် ၁၃၄ ဦးကို ယခုနှစ် ဇွန်လဆန်းမှာ ကာကွယ်ဆေး ထိုးနှံပေးခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးနယ်မြေတွေထဲက ကလေးငယ်တွေအတွက် ကာကွယ်ဆေးထိုးနှံနိုင်မယ့်အစီအစဉ်နဲ့ပတ်သက်ပြီး စာဖတ်သူ၊ ပြည်သူတွေသိရှိနိုင်ဖို့အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ဇွန်လနောက်ဆုံးပတ်မှာ HI – Honest Information က မေးခွန်းတွေပေးပို့ မေးမြန်းထားပေမယ့် ဒီဆောင်းပါးကို ဖော်ပြချိန်အထိ ဖြေကြားခြင်းမရှိသေးပါဘူး။
ပဋိပက္ခဒေသက ကလေးတွေမှာ စစ်ဘေးကြောင့်ပဲ မမွေးခင် မိခင်ဗိုက်ထဲမှာကတည်းက စားရေးသောက်ရေးကအစ အစာအဟာရလုံလုံလောက်လောက်နဲ့ စနစ်တကျမစားသောက်နိုင်တာ၊ ကျန်းမာရေးအတွက် အခြေခံကျတဲ့ ကာကွယ်ဆေး မရတာတွေကြောင့် မိခင်နဲ့ကလေးကျန်းမာရေးကပိုပြီးတော့ နောက်ကောက်ကျန်မှာကို စိုးရိမ်ပူပန်ကြရပါတယ်။
ဒီလို စိုးရိမ်ပင်မှုတွေကြားထဲမှာပဲ နောက်လ၊ နောက်တကြိမ် ကလေးကာကွယ်ဆေးအလှည့် ရောက်လာတဲ့အခါ မပန်းနွယ် တယောက် ချေးငွေထပ်ရှာရဦးမလား၊ လမ်းခရီးအဆင်ချောမောပါ့မလားဆိုတာ ကိုယ်တိုင်လည်း မသိသေးပါဘူး။
ဒါပေမယ့် သူသေချာသိထားတာ တခုတော့ ရှိပါတယ်။ သူရဲ့ ရင်သွေးလေး အချိန်မှန်ကာကွယ်ဆေးထိုးခွင့်ရပြီး ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့ဆိုရင် အဲဒီအန္တရာယ်ရောပြွမ်းတဲ့ ဖုန်တထောင်းထောင်းခရီးကြမ်းကို မဖြစ်မနေ ဆက်သွားရဦးမယ် ဆိုတာပါပဲ။










