ယင်းမာပင် တပ်ရင်း ၂၀တွင် ဖြစ်ပွားခဲ့သည့် တပ်တွင်း လိင်အကြမ်းဖက်မှု ၆လကျော်သည် အထိ NUG မဖြေရှင်းနိုင်သေး

ရှင်ငြိမ်း

ယင်းမာပင်၊ ၂၊ ဇူလိုင်၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း (၂၀) အတွင်း အမျိုးသမီးရဲဘော် ၁ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)က တရားမျှတမှုကို ထိရောက်မြန်ဆန်စွာ ဖော်ဆောင်ပေးရန်နှင့် လူမျိုးရေး၊ ဘာသာရေးအခြေခံ ခွဲခြားမှု ဖြစ်စဉ်များကို လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းပေးရန် အင်အားစု  ၁၇၂ စုက ပူးတွဲသဘောထား ထုတ်ပြန် တောင်းဆို လိုက်သည်။

အဆိုပါဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ကျူးလွန်ခံရသူ အမျိုးသမီးရဲဘော်မှာ အစ္စလာမ်ဘာသာဝင် လူနည်းစုဖြစ်ကာ ၎င်း၏ မိသားစုဝင်များမှာလည်း တော်လှန်ရေးတွင် ပါဝင်ထမ်းဆောင်နေသူများ ဖြစ်ကြောင်း သိရသည်။  

ဖြစ်စဉ်နှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန (MOD) မှ မတ်လ ၁၁ ရက်နေ့တွင် တပ်ရင်းမှူး ရန်ရှင်းအောင် အပါအဝင် သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း ထုတ်ပြန်ခဲ့သော်လည်း၊ လက်ရှိအချိန်ထိ ၆ လကျော် ကြာမြင့်သည်ထိ ထိရောက်သော စုံစမ်းစစ်ဆေးမှုနှင့် ထုတ်ပြန်ချက်တစုံတရာ မရှိဘဲ တရားမျှတမှု ကင်းမဲ့နေသည်ဟု အဖွဲ့အစည်းများက ထောက်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင်ပူးပေါင်းပါဝင်ထားသည့် မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှ တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) မယဉ်မျိုးလှိုင်က” ဒီလို ကျူးလွန်သူတွေကို ထိထိ ရောက်ရောက် အရေးယူပြီး နစ်နာသူတွေ တရားမျှတမှုရအောင် အမြန်ဆုံး မလုပ်ပေးဘဲ ဆွဲဆန့်နှောင့်နှေးနေတာဟာ နောက်ထပ် အလားတူ ဖြစ်စဉ်တွေကို ထပ်ပြီး ကျူးလွန်ဖို့ တွန်းအား ပေးနေသလို ဖြစ်နေတယ်၊ ဒါဟာ ပြစ်မှုတွေကို ထပ်မံ ကျူးလွန်ခွင့် ပေးထားတဲ့ ပုံစံမျိုး ဖြစ်နေတဲ့အတွက်ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဒီလိုကိစ္စရပ်တွေကို အလေးအနက်ထားပြီး ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက် ပေးစေချင်တယ်”ဟု HI – Honest Information သို့ ပြောသည်။

ဒါ့အပြင် နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်က ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကလည်း “ဒါက တော်တော် ဆိုးဆိုး ဝါးဝါးပဲဗျာ၊ NUG/MOD အောက်မှာ ရှိနေတဲ့ တပ်ရင်းမှူး ရန်ရှင်းအောင်နဲ့ ဒီမုဒိမ်းမှုကို ကျူးလွန်တဲ့သူတွေနဲ့ ပတ်သက်လို့ အခုအချိန်ထိ အများပြည်သူ လက်ခံနိုင်လောက်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ပဲဖြစ်ဖြစ်၊ စုံခုံအဖွဲ့ပဲဖြစ်ဖြစ် ဖွဲ့ပြီး စစ်ဆေးတာ ကြားလည်းမကြားဘူး၊ တပ်ရင်းမှူးကို ဖမ်းထားတယ်ဆိုပေမဲ့ ဖုန်းတောင် မသိမ်းထားဘူး၊ အွန်လိုင်းမှာ စိမ်းနေတုန်းပဲ၊ ဒါက ပြည်သူလူထုကို စော်ကားတာ”ဟု မှတ်ချက်ပြုသည်။

ယခုဖြစ်စဉ်တွင် ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးရဲဘော်ဟာ တပ်ရင်းအတွင်း လူနည်းစု ဘာသာခြားတဦးဖြစ်ပြီး ခွဲခြား ဆက်ဆံမှုအပြင် အုပ်စုဖွဲ့ မုဒိမ်းမှုကျူးလွန်ခဲ့တာဟာ လူ့အခွင့်အရေးကို အဆိုးရွားဆုံးချိုးဖောက်ခံရတာဖြစ်ကြောင်း၊ ဒီဖြစ်စဉ်အပေါ် ၆လကျော်ကြာမြင့်တဲ့အထိ NUG က ပြည်သူလူထုနဲ့ တော်လှန်ရေးအဖြွ့တွေရဲ့ တောင်းဆိုမှုတွေကို မျက်ကွက်ပြုကာ အရေးယူမှုတစုံတရာမရှိသေးတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်း  သူက ဆက်လက် ပြောကြားသည်။

ထို့အပြင် ဦးထွန်းကြည်က “သူ့မှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထရော်မာ (Trauma) အကြီးအကျယ် ရနေပြီ။ ဒီလောက် တောင်းဆိုနေတာကို မျက်ကွယ်ပြု၊ လစ်လျူရှုထားတာက တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်တယ်၊ အစိုးရတရပ်အနေနဲ့ အမှုဖြစ်စဉ်တခုကို မကိုင်တွယ်နိုင်ရင် ဘာယုံကြည်စရာ ရှိမလဲ၊ တရားမျှတမှုကို အမြန်ဆုံး ဖော်ဆောင် ပေးပြီး ကျူးလွန်သူတွေကို တာဝန်ခံစေချင်တယ်”ဟု ဆက်လက်တိုက်တွန်းသည်။

မတ် ၉ရက်နေ့ ကလည်း   မြို့နယ်အသီးသီးက သပိတ်ဦးဆောင်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုပေါင်းစုံအပါအဝင် အဖွဲ့အစည်းပေါင်း ၁၄၉ဖွဲ့က ဒီဖြစ်စဉ်အပေါ် ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ တိုက်တွန်းကြောင်း လက်မှတ်ထိုးတောင်းဆို ထုတ်ပြန်ခဲ့ဖူးသည်။

ယင်းသို့ထုတ်ပြန်ပြီး မတ် ၁၁ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ အမှုမှန်ပေါ်ပေါက်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တရပ်ထုတ်ခဲ့ဖူးသည်။

အလားတူ အမျိုးသမီးအဖွဲ့အစည်းများက  တော်လှန်ရေး ၅ နှစ်တာ ကာလအတွင်း ကျူးလွန်ခံခဲ့ရသော အမျိုး သမီးများနှင့် ကလေးငယ်များအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ရေးမူဝါဒများနှင့် တော်လှန်ရေးအဖွဲ့အစည်းများအတွင်း မည်သည့် ဘာသာဝင်၊ မည်သည့် လူမျိုးကိုမဆို ခွဲခြားဆက်ဆံ ခြင်း မပြုရေး မူဝါဒများကို လက်တွေ့ကျကျ အကောင်အထည်ဖော်ရန်နှင့် တော်လှန်ရေးအတွင်းရှိ လူမျိုးရေး၊ ဘာသာရေး အခြေခံ ခွဲခြားမှုဖြစ်စဉ်များကို အမှန်အတိုင်း ထည့်သွင်းဖော်ပြရန် အလေးအနက် တောင်းဆိုထားကြသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ ရဲ့ အိမ်ထောင်ရှိ၊ အရွယ်ငယ်ကလေးတဦးမိခင်ဖြစ်သူ ရဲမေကို ခွင့်ပြုချက်မရဘဲ အလှူငွေ ကောက်ခံသည် ဆိုသည့်ပြစ်မှုနှင့် ခရိုင်ပလဖ အချုပ်ထောင်အတွင်း  ထိန်းသိမ်းထားစဉ် မုဒိန်းမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲမေ၏ ခန္ဓာကိုယ်ကို ဓားနဲ့ခြစ်ခြင်း၊ ကြိုးတုပ်ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ စာရင်းအရ ၂၀၂၁ ကနေ ၂၀၂၄ အထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်၍  ၂၅၆ မှု တိုင်ကြားချက်ရှိခဲ့ပြီး၊ စစ်တပ်ဘက်က ကျူးလွန်သော အမှု ၂၁၈ မှု၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ၊ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက ကျူးလွန်သည့် အမှုက ၁၇ မှုနှင့် အရပ်သားကျူးလွန်မှုက ၃၀ ဝန်းကျင်ရှိကြောင်းသိရသည်။

ယင်းဖြစ်စဉ်များအနက်  ထက်ဝက်လောက်ကို ကူညီဖြေရှင်းပေးနိုင်ခဲ့ကြောင်း  NUG ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးဟောင်းက HI – Honest Information နဲ့ ၂၀၂၅ ခု၊ ဒီဇင်ဘာလလယ်တွင် ပြုလုပ်ခဲ့သည့်  သီးသန့်အင်တာဗျူးတွင် ဖြေကြားခဲ့ဖူးသည်။ ထုတ်ပြန်ချက်ကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်သည် – https://drive.google.com/file/d/1f_jGpb6GnagUHrMts_uSQ9HRHCQYhQAz/view