အဓမ္မစစ်မှုထမ်းနောက်ကွယ်က  ကျန်ရစ်ခဲ့တဲ့ မိသားစုဘဝတွေ

လင်းဆက်မေ

ညသန်းခေါင်မှာ “ဖေ  ဖေ”လို့ စူးစူးဝါးဝါး ငိုသံနဲ့ သမီးလေးလန့်နိုးသွားတယ်။

ငိုလိုက်သံကြားတော့ မစန်း တချက် ထိတ်ခနဲဖြစ်သွားတယ်။ လန့်ငိုလိုက်ပြီး ကလေးက ပြန်အိပ်ပျော် သွားပေမဲ့ မစန်းတယောက် ပြန်မအိပ်နိုင်ဘူး။ စိတ်ထဲ တမျိုးဖြစ်သွားပေမဲ့  ညကောင်းကောင်း မအိပ်ရ ရင် မနက်မှာ အလုပ်ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်တော့ တနေ့လုပ်တနေ့စား မစန်း ရှည်ရှည် ဝေးဝေး အတွေးနယ်မချဲ့တော့ဘဲ အိပ်ဖို့ပဲ ကြိုးစား လိုက်တယ်။ ဒါပေမဲ့ သမီးလေးက ၂ရက်ဆက်တိုက် ညဘက်ငိုပြီး ဖျားနေတာမို့ မစန်း အလုပ်မသွား နိုင်တော့ပါဘူး။

မကြာပါဘူး ၂ရက်လောက်မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက အုပ်ကြီးရဲ့ လက်တိုလက်တောင်း ခိုင်းသူက မစန်း (အမည်လွဲ)ရဲ့ ခနော်နီ ခနော်နဲ့ အိမ်ငယ်လေးပေါ်တက်လာခဲ့ပါတယ်။ သူ့ကို မြင်လိုက်တဲ့ အချိန်မှာပဲ  သူဘာပြောမလဲ ဆိုတာကြိုသိလိုက်ပါတယ်။

 “အေးဟာ စိတ်မကောင်းပါဘူး၊ နင့်ယောကျ်ား တိုက်ပွဲကျသွားတယ်၊ အဲဒါလာပြောတာ”

ကြိုမျှော်လင့်ထားပေမဲ့ တကယ်ရင်ဆိုင်လိုက်ရချိန်မှာ ရင်ထဲက ကျဉ်ခနဲ ဖြစ်အောင်ခံစားခဲ့ရပါတယ်။ သမီးလေးမျက်နှာကိုကြည့်ပြီး အားတင်းရင်း ငိုချင်လာတယ်။ ဒါပေမဲ့ မစန်း မျက်ရည်မကျတော့ပါဘူး။ အသက် ၄၂ အရွယ် မစန်းရဲ့ မျက်ရည်တွေက သူ့ခင်ပွန်းကို စစ်မှုထမ်းအဖြစ် လာခေါ်သွားခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလက  ညတညမှာပဲ အကုန်ခမ်းသွားခဲ့ရပြီထင်ပါတယ်။  

စစ်မှုထမ်းအဖြစ် အဓမ္မခေါ်ဆောင်သွားခံခဲ့ရတဲ့ ခင်ပွန်းပြန်လာချိန်ကို မျှော်လင့် မဝံ့တဝံ့ ရှိရာကနေ အခု တော့ မပြန်လမ်းကို သွားရှာပြီဆိုပြီး မစန်း စိတ်ဒုန်းဒုန်းချလိုက်ရပါပြီ။

မစန်းကို သူ့ခင်ပွန်းရဲ့ ကျဆုံးမှုအတွက် လျော်ကြေးတွေ ပေးမယ်လို့တော့ ပြောလာပါတယ်။ တခြား တိုက်ပွဲကျ သူတွေရော ရကြသလား သူတွေးမိတယ်။

ကျဆုံးသွားတဲ့ စစ်မှုထမ်းတွေရဲ့ မိသားစုအများစုက မရပါဘူး။

မစန်းခင်ပွန်းလိုပဲ အဓမ္မစစ်မှုထမ်းစုဆောင်းခံလိုက်ရပြီး တိုက်ပွဲမှာသေဆုံးသွားသူတွေရဲ့ မိသားစုဝင် အများစု ဘာလျော်ကြေးမှ မရကြသလို၊  လစဉ်လဲ လစာတွေ မရခဲ့ကြပါဘူး။

၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ကော်မရှင် (အဲဒီအချိန်က စစ်ကောင်စီ)က  ပြည်သူ့စစ်မှုထမ်း ဥပဒေ ကို စတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်းလို့ ကြေညာခဲ့ပါတယ်။ ဒီလိုသတ်မှတ်ပြီး ၂၀၂၄ ဧပြီမှာ  ပြည်သူ့စစ်မှုထမ်းသင်တန်းတွေစဖွင့်ပါတယ်။   အမှတ်စဉ် ၁ ကို  ဧပြီလ ၈ ရက်မှာ တိုင်းဌာနချုပ် အလိုက် ဖွင့်လှစ်ခဲ့ပါတယ်။  အဲဒီပထမဆုံးသင်တန်းက ၂၀၂၄ခုနှစ် ဇွန်လ ၂၈ ရက်မှာ ပြီးခဲ့တာပါ။ အဲဒီသင်တန်းဆင်းတွေက ကျရာ တပ်ရင်း/တပ်ဖွဲ့ အသီးသီးမှာ တာဝန်ထမ်းဆောင် နေကြရပါတယ်။

သင်တန်းပေးတဲ့နေရာတွေကလည်း နိုင်ငံအနှံမှာ ဖွင့်လှစ်ထားပြီး အခုဆိုရင် သင်တန်း နေရာ ၂၇ခုအထိ ရှိလာပြီလို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေး အဖွဲ့ (MDSI) က ကဖော်ပြပါ တယ်။  

၂၀၂၆ခုနှစ် မေလမှာတော့ စစ်မှုထမ်းအပတ်စဉ် ၂၅ ကိုခေါ်ယူထားတယ်လို့ စစ်ကော်မရှင် လက် အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အပတ်စဉ် တခုကို  လူ ၅,၀၀၀ ဝန်းကျင်ခေါ်ယူထားတယ်ဆိုတဲ့  စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွေအပေါ် အခြေခံ တွက်ချက်ပါက  ၂၀၂၄ အပတ်စဉ် ၁ ကနေစလို့ အခုအပတ်စဉ် ၂၅ အထိ စုဆောင်း ခံထားရသူ  ၁ သိန်းကျော် အနီးစပ်ဆုံးခန့်မှန်းရရင် ၁၂၀,၀၀၀ ဝန်းကျင်ရှိနေပါပြီ။

အဲဒီထဲကမှ တော်လှန်ရေးအဖွဲ့တွေဆီ ထွက်ပြေးကြတဲ့သူတွေရှိသလို စစ်ပွဲထဲမှာပဲ ကျသွားတဲ့သူတွေ မနည်းမနောပါပဲ။ ‌ ပြန်လာသူ အရေအတွက်ဟာ အင်မတန်နည်းပါတယ်။

အပတ်စဉ်တခုကို လူပေါင်း ၅,၀၀၀လောက်ခေါ်ယူတယ်ဆိုပေမယ့် အပတ်စဉ် (၁) ကပြန်လာသူ အရေအတွက်က ၂၆၁ ယောက်ပဲ ရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကြေငြာချက်တွေကို ကိုးကားပြီး သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

ဒီလိုပြန်မလာနိုင်သူတွေရဲ့ မိသားစုဝင်တွေ ဘယ်လိုဖြစ်ကျန်ရစ်ကြပါသလဲ။

တကယ်တော့ အဓမ္မစုဆောင်းခံလိုက်ရလို့ သွားနေစဉ်မှာလဲ လစာတွေ ခံစားခွင့်တွေ မရတဲ့သူတွေက မရကြပါဘူး။

ပြည်သူ့စစ်မှုထမ်းဥပဒေ အခန်း ၄ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ ပုဒ်မ (၁၆) မှာ “ ပြည်သူ့စစ်မှု ထမ်းတဦးသည် စစ်မှုထမ်းဆောင်နေစဉ်အတွင်း တပ်မတော်တွင် သတ်မှတ်ထားသည့် အဆင့်အလိုက် လစာနှင့် စရိတ်အတိုင်း ခံစားခွင့်ရရှိစေရမည်”လို့ ဆိုထားပေမဲ့ လက်တွေ့မှာ နတ္ထိပါ။

“ အဆက်အသွယ်လည်း မရခဲ့သလို၊ လစာ ခံစားခွင့် ဆိုတာတွေလည်း ဘာဆိုဘာမှ မရခဲ့ဘူး”လို့ မစန်းက ပြောပါတယ်။

အခုတော့ လူပါပြန်မလာနိုင်တော့တာလို့ ဆိုပါတယ်။ မစန်းလိုပဲ ကြုံရသူတွေကတော့ နေပြည်တော် မစန်းတို့ မြို့နဲ့ ကပ်လျှက်မြို့တမြို့ကပါ။

ကျော်ကြီး (အမည်လွှဲ)က မစန်းတို့နဲ့ မြို့နီးချင်း ရွာတရွာကပါ။ ရွာဆိုပေမဲ့ ရပ်ကွက်လို့တော့ သတ်မှတ် ခံနေရပါပြီ။ သူတို့ရွာက ၂၀၂၅ ခုနှစ်က မိုးလ တလ မှာ ၁၆ ယောက်တိတိ ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရ ပါတယ်။

ကျော်ကြီးကိုယ်တိုင်တောင် ပြေးပုန်းတာမြန်လို့ လွတ်ခဲ့ရတာပါ။ ဘယ်ကို ဘယ်လို ပြေးပုန်းရတယ် ဆိုတာကိုတော့ လက်ရှိရွာမှာပဲ နေနေရသေးတဲ့ အခြေအနေမို့ ကျော်ကြီးရဲ့ လုံခြုံရေးကို ငဲ့ကွက်ပြီး မဖော်ပြတော့ပါဘူး။

“ကျနော့ သူငယ်ချင်းတွေလဲ ပါတယ်။ “အဲဒီညကို ကျနော် အခုထိ မမေ့နိုင်သေးဘူး”လို့ ကျော်ကြီးက ပြောပါတယ်။

တနေ့လုပ်တနေ့စား အလုပ်ကြမ်းလုပ်ရတဲ့သူမို့  ကျော်ကြီးက သန်သန်မာမာ ဒေါင်းတိမောင်းတိ ရှိလှပါတယ်။ အလုပ်ပင်ပန်းပေမဲ့ ဖုန်းထဲက ‌သီချင်းလေးတွေဖွင့်ပြီး အားကြိုးမန်တက် အလုပ်လုပ် တတ်တဲ့သူပါ။  ဒါပေမဲ့ ဒီအကြောင်းတွေ ပြန်ပြောပြရင်တော့ မျက်လုံးတွေ မှေးဖျော့ပြီး ကြောက်ဟန် မပြေသေးသလို အသံက ခပ်တိုးတိုးနဲ့ ပြောတတ်ပါတယ်။

ကျော်ကြီးမှ မဟုတ်ပါဘူး။ အဲဒီမိုးတညက အဲဒီရွာအတွက်တော့ တကယ့် ငရဲညပါ။ ၁၆ ယောက်သော လူငယ်တွေနဲ သူတို့ရဲ့ မိသားစုဝင်တွေ ကမ္ဘာပျက်ခဲ့ရတဲ့ညပါ။

စစ်သားအဖြစ်စုဆောင်းခံလိုက်ရတဲ့ သူတို့တွေ အစပိုင်းမှာ အိမ်နဲ့အဆက်အသွယ်ရကြပါတယ်။ ရမယ်ဆိုတဲ့ ‌လစာတွေကတော့ သိမ်းထားပေးတယ်။ စစ်မှုထမ်းပြီးလို့ ပြန်လာရင် ပြန်ရမှာလို့ ပြောပါတယ်။ ဒါပေမဲ့ သိပ်မကြာပါဘူး၊ အားလုံး၊ ၁၆ ယောက်လုံးကျသွားပြီဆိုတဲ့ သတင်းရွာကို ရောက်လာပါတယ်။

ဒီသတင်းကလွဲလို့ ဘာထောက်ပံ့ကြေး၊ ဘာခံစားခွင့်မှ မရကြရှာတာပါ။

“သိမ်းထားပေးတဲ့ လစာဆိုတာလည်း ဘယ်သူ့ဆီမှာရှိလို ရှိမှန်းမသိ ဘာမှလည်း ပြန်မရဘူးလို့” ကျော်ကြီးက ပြောပါတယ်။ ကျန်ခဲ့တဲ့ မိဘတွေ ဆိုတာ ဘယ်လိုဖြေလို့ ဖြေသိမ့်ရမှန်း မသိ ဖြစ်ကျန်ရ ပါတယ်။

မစန်းနဲ့ အဖြစ်တူတဲ့ အမျိုးသမီးငယ်တဦးကတော့ မဌေး( အမည်လွှဲ)ပါ။ မဌေး ဇာတိက နေပြည်တော် ကောင်စီထဲက မြို့တမြို့ပါ။ အိမ်ထောင်ကျပြီးတော့ ခင်ပွန်းရဲ့ မိသားစုအိမ်မှာ လိုက်နေသူပါ။

မဌေးခင်ပွန်းကလည်း အဓမ္မစစ်မှုထမ်းဖို့ အဖမ်းခံရတော့  ဆောက်တည်ရာမရဖြစ်ခဲ့ရပါတယ်။ နောက် ပိုင်းမှာ သူက အဆက်အသွယ်ရပြီး တပ်ကိုလိုက်သွားခဲ့ပါတယ်။

ဒါပေမဲ့ သိပ်မကြာပါဘူး တိုက်ပွဲကျတော့ မဌေး ရင်ကွဲပက်လက်ဖြစ်ခဲ့ရတယ်။ တပ်က ရှမ်းပြည် မြောက်ပိုင်း တနေရာမှာမို့လို့  ပြန်ဖို့ စားရိတ်တောင် မရှိလို့ ၃လလောက် သောင်တင်နေခဲ့ပါတယ်။ နောက်မှာ လမ်းကြုံ အဆင့်ဆင့်နဲ့ အိမ်ပြန်ရောက်ခဲ့ရတယ်လို့  မဌေးရဲ့အစ်မက ပြောပါတယ်။

“ဘာထောက်ပံ့ကြေးမှ မရပါဘူး၊ ပြန်စရာလမ်းစရိတ်တောင်မရှိတာ” လို့သူကပြောပါတယ်။

မစန်းကတော့ “ဝမ်းထဲမယ် ပူနေတာ၊ ရှေ့ဘယ်လို ဆက်ရမလဲ မသိဘူး၊  အပြင်မှာတော့ ပျော်သလို နေပြရတာပေါ့”လို့ အားတင်းပြုံးပြီး ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂နှစ်နီးပါး ၂၀၂၄ စက်တင်ဘာတုန်းက မစန်းရဲ့ ခင်ပွန်းကို စစ်မှုထမ်းအဖြစ် လာခေါ်သွားခဲ့တဲ့ ကြုံခဲ့ရတဲ့ ညတညအကြောင်းကို မစန်းတယောက် ကောင်းကောင်းမှတ်မိနေဆဲပါ။

အဲဒီညက ခြံစည်းရိုးမရှိ ၊ အိမ်တံခါးမတွေ ပြတင်းပေါက်တွေ မလုံခြုံတဲ့ မြို့စွန်က ခပ်စုတ်စုတ် သစ်သားအိမ် တလုံးနားမှာ ခွေးဟောင်သံ စူးစူးဝါးဝါး သူကြားလိုက်ရတယ်။

“မရှိဆင်းရဲသား အိမ်မို့ ခိုးစရာလည်း ဘာမှမရှိပါဘူး” လို့ ရိုးရိုးသားသားပဲတွေးပြီး ခေါင်းပြားပြား ဆက်အိပ်မယ် အလုပ်မှာ အိမ်တံခါး ခေါက်သံ ခပ်ပြင်းပြင်းကို တဆက်တည်းကြားလိုက်ရပါတယ်။

မစန်းတယောက် ထိတ်ကနဲတော့ဖြစ်သွားပြီး ဘေးက ယောကျ်ားကို နှိုးပြီး “ထစမ်းပါဦး” ဆိုတော့ သူလည်းထပြီး တံခါးဖွင့်ဖို့အလုပ်မှာပဲ တံခါးကို ဝုန်းကနဲကန်ဖွင့်ပြီး “ဧည့်စာရင်း စစ်တာ၊ ပြီးတော့ မင်းလိုက်ခဲ့ဦး” ဆိုပြီး ခေါ်တယ်။

အခြေအနေကို မစန်း သဘောပေါက်ခဲ့တယ်။ ဘယ်သူတွေမှန်း၊ ဘာတွေဝတ်ထားမှန်းလဲ မသိ တော့ ဘူး၊ ဘာလက်နက်တွေကိုင်ထားလဲ ဆိုတာလည်း မမြင်တော့ဘဲ မစန်း ရှိုက်ကြီးတငင် ငိုယို တောင်းပန် ပြီး သူ့ယောကျ်ားကို မခေါ်ပါနဲ့ပြောတယ်။ ကလေးကလည်း လန့်ပြီး ငိုလိုက်တာ။ မစန်းက ကလေးကို လည်း မချော့နိုင်ဘူး။ ဘယ်လိုပဲ တောင်းပန် တောင်းပန် မရတဲ့အဆုံးမှာ ပါသွားတဲ့ ယောကျ်ားကို ငေးကြည့်ပြီး ငူငူငိုင်ငိုင်ကြီးကျန်ခဲ့ရပါတော့တယ်။

မွေးကင်းစ ၂ လသမီးနဲ့ ပါသွားတော့ သမီးက အဖေဆိုတာ မမြင်ဖူးဘူး။ ဒါပေမဲ့ ဖုန်းထဲက ဓာတ်ပုံကို ပြပြီး သင်ပေး ထားလို့ ပုံကိုတော့ မှတ်မိတယ်။ ဒါကြောင့် သူ့အဖေဆုံးတဲ့ သတင်းကြားရခါနီးမှာ ညဘက်လန့် လန့်နိုး တာ။ အိမ်မက်မက်တော့ အဖေကို ခေါ်တာလို့ မစန်းက ရှင်းပြပါတယ်။

သေပြီလို့ စိတ်ထဲက တွေးထားပေမဲ့ လက်တွေ့ သိလိုက်ရတော့ မစန်း ခံနိုင်ရည် မရှိခဲ့ပါဘူး။ ခက်ခဲပါ တယ်ဆိုတဲ့ သူ့ဘဝကိုလည်း အတော်မကျေမနပ် ဖြစ်နေပါတယ်။

“ သပိတ် မသွပ်နိုင်ဘူး” လို့ မစန်းက အံကြိတ်ပြီး ပြောပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ မြန်မာလူမျိုးတွေ အဖို့ ဘယ်လောက်ပဲ ဆင်းရဲ ဆင်းရဲ လူသေရင်တော့ သေသူကိုရည်းမှန်းပြီး ဆွမ်းကပ် အမျှအတန်း ဝေလေ့ ရှိပါတယ်။ မစန်းတို့သားအမိကတော့ သပိတ်လည်း မသွပ်၊ ဆွမ်းလည်း မကပ်နိုင်ခဲ့ပါဘူး။

၂နှစ်ပြည့်ခါနီးမှာ ” “နှစ်ပြည့်ရင် ပြန်များပြန်လာလေမလားလို့ မျှော်နေသေးတာလို့” မစန်းက မချိတင်ကဲ ပြောပါတယ်။

“ပိုက်ဆံစုရမယ်။ အခုကလေးအသက် ၂ နှစ်ပြည့်ခါနီးပြီ။ ကျောင်းထားရတော့မှာ” ရှေ့ရေးအတွက် တွေးတွေးဆဆနဲ့ မစန်းကပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အခန်း ၄ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ ပုဒ်မ (၁၇) မှာတော့ ” ပြည်သူ့ စစ်မှုထမ်းတဦးသည် စစ်မှုထမ်းကာလအတွင်း သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း များရှိခဲ့လျှင် တာဝန်ဝတ္တရားထမ်းဆောင်ခြင်းနှင့် အကျုံးဝင်ပါက တပ်မတော်တွင် သတ်မှတ်ထားသော ခံစားခွင့်များ ရရှိစေရမည်” လို့ ဖော်ပြထားပါတယ်။

ဒီအတွက်ရလာမဲ့ ထောက်ပံ့ကြေး ဆိုတာရလာရင် ဒီရပ်ကွက်မှာ မနေတော့ဘူး လို့ မစန်းက ဆိုပါ တယ်။ မစန်းတို့ မိသားစုကနေပြည်တော်နယ်မြေထဲက မြို့တမြို့ရဲ့ ရပ်ကွက်တခုမှာ ကျူးကျော်ပြီး နေကြရတာပါ။ ဒီလိုကျူးနေကြပေမဲ့ အုပ်ချုပ်ရေးမှူးက အသိမှတ်ပြုပြီး နေခိုင်းတာမျိုးပါ။

ဒီလိုနေကြတဲ့သူ အများစုကို အုပ်ချုပ်ရေးမှူးက ရပ်ကွက်ရုံးမှာ လိုအပ်တဲ့ အလုပ်ကြမ်း ခေါ်ခိုင်းတာ မျိုး၊ အသံတိတ်သပိတ်ရက်မျိုးတွေမှာဆိုရင် အပြင်ထွက် လျှောက်သွားခိုင်းတာမျိုး၊ ဆိုင်ကယ်ဆီ တပုလင်းလောက်ဖြည့်ပေးပြီး ရပ်ကွက်ထဲ ပတ်မောင်းနေခိုင်းတာမျိုး၊ တပ်ထောက်ခံပွဲမျိုးတွေမှာ လူအင်အားပြရတာမျိုး လုပ်ခိုင်းပါတယ်။ ကိုယ့်ဝမ်းစာကိုယ်ရှာစားရင်း ဒီလိုအလုပ်မျိုးတွေကို လုပ်ပေး နေရင်းကနေပဲ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ဆေးသုတ်သမားလုပ်တဲ့ မစန်းရဲ့ ယောကျ်ားဟာ စစ်မှုထမ်းပါသွားခဲ့တာပါ။

ဆေးသုတ်အလုပ်က တရက် ၁သောင်းကျော် ဝင်ငွေနဲ့တခါတလေ ပုတ်ပြတ် အလုပ်ရရင် သိန်းဂဏန်း အထိ ရတာတောင် စားသောက်နိုင်ရုံအပြင် မပိုလျှံတဲ့ အနေအထားမှာ လင်ယောက်ျားက စစ်မှုထမ်း ပါသွားတဲ့အခါ နီတာရဲ ကလေးပေါက်စကို ပုဆိုးစုတ်လေးနဲ့ အနှီးထုတ်ပြီး သားအမိ ၂ယောက် ဘဝကို တိုက်ပွဲဝင်ခဲ့ရ ပါတယ်။

အဲဒီတုန်းကတည်းက မစန်းတယောက် စိတ်ညစ်စရာမတွေးဘူး၊ ငါရှိမှ သမီးလေး အဆင်ပြေမှာ ဆိုတဲ့စိတ်နဲ့ ကျော်ဖြတ်နေခဲ့ရပါတယ်။

“ဒီမှာ မနေချင်တော့ဘူး။ အစပိုင်းမှာ ကူညီပေးပေမဲ့ နောက်ပိုင်းစကားတင်းဆိုလာတဲ့ သူတွေရှိ လာတယ်”လို့ မစန်းက ပြောပါတယ်။

ကလေးငယ်ငယ်နဲ့မို့လို့ တနေကုန်တနေခမ်း ကလေးကိုထားမသွားနိုင်လို့ အလုပ်ရွေးရတယ်၊ အသက်ကလည်း မငယ်တော့တာမို့ အလုပ်ကြမ်းကလည်းမလုပ်နိုင်၊ ဒီတော့ တချို့ရက်တွေ ငတ်တလှည့်၊ ပြတ်တလှည့်နေရတယ်၊  ဒါကိုပဲ ဘာအလုပ်မှ မလုပ်ဘဲနေနေတာ မကောင်းတာ လုပ်စားလို့ ဆိုတာမျိုး ကို စွပ်စွဲပြောဆိုလာတယ်လို့ မစန်းက ပြောပါတယ်။

ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး လို့ပြောကြပေမဲ့ ကျမတို့ကိုကျတော့ အဲလိုမဟုတ်ပါဘူးလို့ မစန်းက လှောင်ပြုံပြုံးရင်း မြေနိမ့်ရာလှံစိုက်တဲ့ လူ့သဘာဝကို‌ တကိုယ်တည်း ရေရွတ်သလို ပြောပါတယ်။

အဲဒါကြောင့် ကျမပြောင်းမယ်။ အိမ်ငှားနေမယ်၊ အရင်းအနှီးလေးနဲ့ အိုးမကွာ အိမ်မကွာ ‌ဈေးလေး ဘာလေးရောင်းစားမယ်လို့ မျှော်လင့်တကြီး ပြောရှာပါတယ်။

ဒါပေမဲ့ လက်တွေ့မှာ ထောက်ပံ့ကြေးပေးပါမယ်ဆိုတဲ့သူတွေက ကြက်‌ပျောက်ငှက်ပျောက် ပျောက်နေကြတာပါ။

ဒီလိုအခြေအနေတွေကို ဘယ်သူ့ကို ဘယ်လို ဘယ်ပုံ အကူအညီတောင်းရမလဲ ဆိုတာကလည်း မစန်းတို့၊ မဌေးတို့၊ ကျော်ကြီးတို့ရွာကလူတွေတို့လို အခြေခံလူတန်းစားတွေအဖို့ မသိနိုင် လက်လှမ်း မမီနိုင်ပါဘူး။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းခြင်း၊ မသမာမှုများနှင့် ပတ်သက်၍ တိုင်ကြားခြင်းများအား တိကျစွာ ဆက်သွယ်သတင်းပို့နိုင်ပါကြောင်းဆိုပြီး ပြန်ကြားရေး ဝန်ကြီးဌာနက အွန်လိုင်းမှာထုတ်ပြန်ကြေငြာထားပါတယ်။  ဒါပေမဲ့ မစန်းတို့၊  မဌေးတို့၊ ကျော်ကြီးတို့ ကတော့ သိလဲ မသိ ကြားလဲ မကြားဘူးဘူးလို့ ဆိုပါတယ်။

မစန်းတို့ရပ်ကွက်ထဲက အမျိုးသမီးကြီးတယောက်က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို လိပ်မူပြီး ဒီလိုလုပ်လို့များရမလား တိုင်လို့ရမလား လို့လမ်းညွှန်ပေမဲ့ မလုပ်ရဲဘူးလို့  မစန်းက ဆိုပါ တယ်။ မမှန်မကန်သတင်းပို့ခြင်း၊ တိုင်ကြားခြင်းများ ပြုလုပ်ပါက ဖော်ထုတ်၍ တည်ဆဲဥပဒေ များနှင့် အညီ အရေးယူသွားမည်လို့လဲ တဆက်တည်း ကြေငြာထားတော့ လမ်းညွှန်ပေးတဲ့ အမျိုးသမီးကြီး ကိုယ်တိုင် မတိုင်ပေးရဲ မမေးရဲဘူးလို့ ဆိုပါတယ်။

တရားလွှတ်တော် ရှေ့နေတဦးကတော့ ဒီကိစ္စတွေဟာ အရပ်ဘက်တရားရုံးမှာ အာဏာ မသက်ရောက် တဲ့ အမှုဖြစ်လို့ ဒါတွေကို တိုင်ဖို့ ဥပဒေလမ်းကြောင်းကနေ ဆောင်ရွက်ဖို့တော့ ခက်တယ်လို့ ဆိုပါ တယ်။

တပ်မတော်နည်းဥပဒေတွေအရ ဥပမာ ပုဒ်မ (၉၇)အရ စစ်တရားရုံးမှာ ရှေ့နေတွေက အမှုကိစ္စ လိုက်ပါဆောင်ရွက်ခွင့်၊ ရှေ့နေလိုက်ခွင့်ရှိပေမဲ့ ရှေ့နေတွေက လက်ရှောင်ကြတယ်လို့ တရားလွှတ်တော် ရှေ့နေက ပြောပါတယ်။

စစ်မှုထမ်းအတွက် ဖမ်းလာခေါ်လာပြီဆိုရင် သင်တန်းကျောင်းမပို့မီ စစ်ကြောရေးမှာ ထားတဲ့အချိန်မှာ ပြည်သူလုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တွေက စောင့်ကြည့်ရပါတယ်။ ဆေးစစ်ပြီး အောင်ပြီဆိုရင် သက်ဆိုင်ရာ စစ်သင်တန်းကျောင်းတွေကို ပို့တာပါ။ အဲဒီ မပို့မီစပ်ကြားကာလ စစ်ကြောရေးမှာ ထိန်းသိမ်းထားစဉ်မှာ ပေါ်တာဆွဲခံထားရသူတွေ ထွက်မပြေးနိုင်အောင် သူတို့က တာဝန်ယူ စောင့်ကြပ်ပေးရတာပါ။  

မစန်းတို့ရပ်ကွက်က ပြည်သူလုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးစိုး (အမည်လွှဲ) က “ကျနော်တို့ စောင့်ပေးလာတာ အပတ်စဉ်ပေါင်း မနည်းတော့ဘူး” အဲဒီထဲက တသုတ် (အပတ်စဉ် တခု)ကို ပြန်လာရင် ၄၊ ၅ ယောက်ပဲရှိတာ”လို့ ဆိုပါတယ်။

 ဘယ်တပ်ရင်းကို ရောက်သွားလဲ။ ဘယ်မှာ တာဝန်ကျနေလဲ နောက်ဆုံးကျသွားရင်တောင်   ကျသွား တယ် ဆိုတာ အိမ်ကလူတွေနဲ့ ရပ်ကွက်လူကြီးနဲ့ ရင်းနှီးမှ ဦးစိုးတို့လိုလူတွေဆီကတဆင့်  သတင်း ကြားရတာပါ။ မဟုတ်ရင် သိတောင်မသိနိုင်ပါဘူး။  ရောက်သွားတဲ့ တပ်က တပ်ရေးဗိုလ်ကြီးကလည်း ကောင်းပါမှ သတင်းသိရတာပါ။

“သေချာတာကတော့ ဘယ်သူမှ အလောင်းပြန်မရဘူး”လို့ ဦးစိုးက ပြောပါတယ်။

မိသားစုနဲ့အတူ အိမ်ထဲမှာ အိပ်စက်အနားယူနေတုန်း အိမ်ပေါ်အထိ တက်ပြီး အဓမ္မ ပေါ်တာဆွဲခံရပြီး၊ စစ်မြေပြင်ကို အပို့ခံလိုက်ရတဲ့ ခင်ပွန်းနဲ့ အဆက်မသွယ်ကောင်းကောင်းမရ၊ လစာမရ ဆိုတဲ့အနေအထားကနေ အသက်ပါ ပါတဲ့အထိဖြစ်ခဲ့ရကြတာနဲ့ ပတ်သက်ပြီး ဘဝတူမိသားစုဝင်တွေရဲ့ ခံစားချက်ကို ထင်ဟပ်စေတဲ့ စကားတခွန်း မစန်းက ခပ်မဲ့မဲ့ ဆိုပါတယ်။

 “အသက်ကြေး၊ ဘဝကြေး ပေါ့၊ ကျွန်မယောကျ်ားရဲ့ အသက်ကြေး၊ ကျွန်မတို့ သားအမိရဲ့ ဘဝကြေးပေါ့၊ ဒီကြေးတောင်ကျွန်မတို့က ‌မရထိုက်တော့ဘူးလား”