တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဧပြီလ ၁၁ ရက်မှ ၁၇ ရက်အထိ တပတ်တာကာလအတွင်း သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့ တဲ့ အမျိုးသမီး ဖြစ်ရပ် တွေထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်ကောက်နှုတ် စုစည်း ဖော်ပြအပ်ပါတယ်။   

ဒီအပတ်အတွင်းမှာ ထူးခြားဖြစ်စဉ်ကတော့ စစ်ကောင်စီက မြန်မာပြည်အနှံ့အကျဉ်းထောင်အသီးသီး မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပေးတာ၊ သေဒဏ်ချထားသူတွေကို တသက်တကျွန်းအဖြစ် လျှော့ချခဲ့တာ စတဲ့သတင်းပါ။  

မြန်မာလူထုဟာ ဒီတကြိမ်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ဖို့ကို မျှော်လင့်နေခဲ့ကြတယ်။ အကျဉ်းထောင်ထဲကနေ နေအိမ်အကျယ်ချုပ်အဖြစ်ပြောင်းမယ်ဆိုတဲ့ သတင်းတွေကလည်း ကျယ်ကျယ်ပျံ့ပျံ့ထွက်နေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြတဲ့လူထုကြားမှာ အစောကတည်းက စိတ်ဝင်စားမှု အမြင့်ဆုံး အကြောင်းအရာဖြစ်နေခဲ့ပါတယ်။

တဖက်မှာလည်း ပါတီတာဝန်ရှိသူတွေကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ သတင်းကို သိခွင့်၊ ဆက်သွယ် ချိတ်ဆက်ခွင့် မရသေးဘူး ဆိုတဲ့သတင်းတချို့ကိုလည်း တွေ့ရပါတယ်။  နှစ်ဆန်း ၁ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅နာရီ ခွဲအထိ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ရှေ့မှာ ထူးခြားမှုတစုံတရာမရှိသေးဘူးဆိုတဲ့ တိုက်ရိုက်တင်ဆက်မှု သတင်းတွေကိုလည်း တွေ့ရပါတယ်။  

နောက်တပုဒ်ကတော့ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း လွတ်မယ်ဆိုပြီး သတင်းတွေထွက်ပေမဲ့ တကယ် မလွတ်ခဲ့တဲ့ မှတ်တမ်း ရုပ်ရှင်ဒါရိုက်တာရှင်ဒေဝီဟာ ဒီတကြိမ်မှာ ပြန်လည်လွတ်မြောက်လာတယ် ဆိုတဲ့ ဝမ်းမြောက်စရာသတင်းတပုဒ်ပဲ ဖြစ်ပါတယ်။ ဒရုန်းဝယ်ယူမှုနဲ့ အင်းစိန်ထောင်မှာ ထောင်ဒဏ် တသက်ချမှတ်ခံခဲ့ရတဲ့သူဟာ နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲလို့၊  ဒရုန်းဗုံးထိမှန်လို့၊ ကျေးရွာတွေစီးနင်းခံရလို့ စတာတွေ ကြောင့် ထိခိုက် သေဆုံးတာ၊ ဒဏ်ရာရတာ စတဲ့ သတင်းစာမျက်နှာတွေပေါ်မှာ အပတ်စဉ်မြင်တွေ့ ဖတ်ရှုခဲ့ရပါတယ်။ အဲဒီလိုပဲ ဒီတပတ် မှာလည်း ထားဝယ်၊ ပေါက်၊ နတ္တလင်းစတဲ့ မြို့တွေမှာ စစ်တပ်ရဲ့ အရပ်သားပစ်မှတ်ထားကျူးလွန်မှုတွေ ဖြစ်ပျက်ခဲ့ကြတာကို သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြ ပါတယ်။

ဒီသတင်းတွေအပြင် တခြားသတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီးအကြောင်းအရာနဲ့ သက်ဆိုင်တဲ့ သတင်း ၁၃ ပုဒ်ကိုလည်း ဆက်လက်ဖတ်ရှုနိုင်ဖို့ စုစည်းတင်ပြလိုက်ပါတယ်။

ဒေါ်‌အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်

မှတ်တမ်းရုပ်ရှင်ဖန်တီးထုတ်လုပ်သူ ရှင်ဒေဝီ လွတ်ပြီ

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုနဲ့ သေဒဏ်ကျခံနေရသူ အမျိုးသမီးတစ်ဦးအပါအဝင် ငါးဦးကို တသက်တကျွန်းပြစ်ဒဏ် ပြောင်းလဲချမှတ်

စစ်တပ်ကြောင့် ၅ နှစ်ကျော်အတွင်း သီလရှင်တွေအပါအဝင် သာသနာ့ဝန်ထမ်း ၉၃ ဦး သေဆုံး

အမျိုးသမီးအခွင့်အရေး နှိပ်ကွပ်ဖို့ စစ်အုပ်စုက ကျား-မအခြေပြု အကြမ်းဖက်မှုများ ကျူးလွန်နေ

ထားဝယ်မှာ ဒရုန်းဗုံးထိလို့ စစ်ရှောင်အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ပေါက်မြို့ လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ နှစ်ဦးသေဆုံး 

နတ်တလင်း ကျေးရွာတွေ စီးနင်းခံရလို့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံး

ဟင်္သာတက ခိုလှုံရာဘိုးဘွားရိပ်သာမှာ ဆန်အရေးပေါ်လိုအပ်နေ

– KNLA တပ်ရင်း ၁၂ က ဖမ်းဆီးခဲ့သည့် သရက်ချောင်းမှ ဇနီးမောင်နှံ သတင်းမရတာ ၅ လကြာ

ထားဝယ်အရှေ့တော၊ ဝကုန်းရွာမှ ခဲဝယ်၊ရောင်း အမျိုးသမီးတစ်ဦးကို KNLA ဖမ်းဆီးထားဟုဆို

ပုဇွန်တောင်မြိုနယ်မှာ ယာဉ်တိုက်မှုဖြစ်၊ အမျိုးသမီးတစ်ဦးသေဆုံး

ဒေါ်‌အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်

Source – BBC  

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် – NLD ပါတီရဲ့ ဗဟိုအလုပ်အမှု‌ဆောင်တချို့ နေပြည်တော်ကို သွားရောက်နေတယ်လို့ သိရပါတယ်။

‘ ကျွန်တော်တို့ ဥက္ကဋ္ဌကို နေအိမ်အကျယ်ချုပ်ချမယ်ဆိုတဲ့သတင်းတွေကြားတော့ ကျွန်တော်တို့က တွေ့ခွင့်ရမလားလို့ ကြိုးစားကြည့်မှာပေါ့လေ၊ ရှေ့နေတွေလည်း ရောက်နေကြပါပြီ”လို့ NL ရဲ့ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ဖမ်းဆီးထိန်းသိမ်းခံထားရတာ ရက်ပေါင်း ၁၉၀၀ ကျော်ရှိလာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ပြည်ထဲရေးဝန်ကြီးအသစ် ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေတို့ သွား‌ရောက် တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါ သေးတယ်။

မှတ်တမ်းရုပ်ရှင်ဖန်တီးထုတ်လုပ်သူ ရှင်ဒေဝီ လွတ်ပြီ

Source – BBC  

နှစ်ဆန်းတစ်ရက်နေ့ (ဧပြီလ ၁၇ ရက်)လွတ်ငြိမ်းထဲမှာ နိုင်ငံရေးအကျဉ်းသူ ရှင်ဒေဝီပါဝင်လာပြီလို့ မိသားစုဝင်တစ်ဦးက အတည်ပြုပါတယ်။

“သူလွတ်လာတာ သေချာသွားပြီဆိုတာ အတည်ပြုပါတယ်။ ထောင်ပြင်ရောက်ပါပြီ” လို့ မိသားစုဝင်က ပြောပါတယ်။

မှတ်တမ်းရုပ်ရှင်ဖန်တီးထုတ်လုပ်သူ ရှင်ဒေဝီဟာ ပြီးခဲ့တဲ့ မတ်လလွတ်ငြိမ်းမှာ ပါလာပြီလို့ သတင်း ထွက်ခဲ့ပေမဲ့ အမှန် တကယ်လွတ်မြောက်ခြင်း မရှိခဲ့တာပါ။

သူဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာတုန်းက ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်က အောင်မင်္ဂလာ အဝေးပြေးကွင်းမှာ အွန်လိုင်းကနေမှာယူထားတဲ့ ရိုက်ကူးရေးဒရုန်းကို သွားယူချိန်မှာ စစ်ဆေးဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှာ ပုဒ်မ ၅၀(ည)နဲ့ အင်းစိန်‌ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် တစ်သက်ချမှတ် ခံလိုက်ရတာပါ။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ အမျိုးသမီးတစ်ဦးအပါအဝင် ငါးဦးကို တသက်တကျွန်းပြစ်ဒဏ် ပြောင်းလဲချမှတ်

Source – Burma VJ

အမျိုးသမီးတစ်ဦးပါဝင်တဲ့ ရန်ကုန်မြို့ပတ်ရထားပေါ်က ရထားလုံခြုံရေး ရဲတွေကို ပစ်ခတ်ခဲ့မှုနဲ့ သေဒဏ်ချခံထားရတဲ့ လူငယ် ငါးဦး ထောင်တသက် ပြစ်ဒဏ်ပြောင်းလဲလိုက်တယ်လို့ သတင်းရရှိပါတယ်။

သေဒဏ်ချခံထားရတဲ့ ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းမင်းအောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်တို့ ကို မြို့ပတ်ရထားပေါ်မှာ ရဲတွေကို ပစ်ခတ်မှုနဲ့ အာဏာသိမ်းစစ်အုပ်စုက ၂၀၂၃ခုနှစ် မေလ ၁၈ ရက်က သေဒဏ်နဲ့ ထောင် ဒဏ်တစ်သက်ချမှတ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်ဘူတာကြီးကနေ အင်းစိန်မြို့ဘက်ကို ထွက်ခွာလာတဲ့ မြို့ပတ်ရထားဟာ အလုံဘူတာအရောက်မှာ ရထားရဲတွေပစ်ခတ်ခံခဲ့ရပြီး ရဲတပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်အဆင့်ရှိ ရဲတစ်ဦးနဲ့ ရဲတပ်သား သုံးဦး သေဆုံးခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကနေ AK အမျိုးအစားသေနတ် နှစ်လက်၊ G3 သေနတ် တစ်လက်နဲ့ BA-64 သေနတ် တစ်လက်အပါအဝင် ခဲယမ်းတချို့  ပြောက်ကျားတပ်ဖွဲ့လက်ထဲပါသွားတယ်လို့ စစ်အုပ်စုက သတင်း ထုတ်ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုကို  ကိုကောင်းပြည်စုံဦးအပါအဝင် ငါးဦးက ကျူးလွန်ခဲ့တယ် လို့ စစ်အုပ်စုက စွပ်စွဲပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းမှာ သူတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

စစ်တပ်ကြောင့် ၅ နှစ်ကျော်အတွင်း သီလရှင်တွေအပါအဝင် သာသနာ့ဝန်ထမ်း ၉၃ ဦး သေဆုံး

Source – DVB

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ဧပြီ ၁၀ ရက်အထိ စစ်အာဏာရှင်တပ်ကြောင့် ဘုန်းကြီးနဲ့ သီလရှင်တွေ အပါအဝင် ဘာသာရေးကဏ္ဍက ၉၃ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန် ပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ၁၈ ယောက် ပါဝင်ပြီး စစ်ကိုင်းတိုင်းမှာ ၁၉ ယောက်နဲ့ အများဆုံးဖြစ်ကာ ရှမ်းပြည်နယ်က ၁၆ ယောက်နဲ့ ဒုတိယအများဆုံးဖြစ်တယ်။ သေဆုံးရတဲ့ အဓိက အကြောင်းရင်းက လေကြောင်း တိုက် ခိုက်မှုကြောင့်ဖြစ်ပြီး ၄၉ ယောက် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် လက်နက်ကြီးကြောင့် ၁၆ ယောက် သေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဆင်အင်းရွာ က စာသင်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲလို့ ဦးပဉ္ဇင်း ပုညနဲ့ အမျိုးသမီး တယောက် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးနဲ့ ဆက်စပ်ပြီး ဘာသာရေးပုဂ္ဂိုလ် ၁၆၉ ယောက် ဖမ်းဆီးခံခဲ့ရပြီး မန္တလေးတိုင်း မှာ ၆၁ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အမျိုးသမီးအခွင့်အရေး နှိပ်ကွပ်ဖို့ စစ်အုပ်စုက ကျား-မအခြေပြု အကြမ်းဖက်မှုများ ကျူးလွန်နေ

Source – DVB

အာဏာသိမ်းစစ်အုပ်စုဟာ မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ခြိမ်းခြောက်နှိပ်ကွပ်ဖို့ ကိုယ်ထိလက်ရောက် ဖြစ်စေ၊ ဒစ်ဂျစ်တယ်နည်းပညာ အခြေခံလို့ဖြစ်စေ ကျား-မအခြေပြု အကြမ်းဖက်မှုတွေကို ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစလို့ စစ်အုပ်စုဟာ အမျိုးသမီးသတင်းထောက်တွေနဲ့ လူ့အခွင့်အရေးကာကွယ် သူတွေရဲ့ အသံနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းရာမှာ အမျိုးသမီးတွေပေါ် နှိမ့်ချတဲ့အကြောင်း အရာတွေကို အွန်လိုင်းကနေတဆင့် ဖြန့်ချိ နေသလို ကိုယ်ရေးအချက်အလက်တွေ ဖော်ထုတ်တာနဲ့ နည်းပညာအသုံးပြု ကျား-မ အခြေပြု အကြမ်းဖက်မှုအမျိုးမျိုးကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ကျင်းပတဲ့ ကုလသမဂ္ဂ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက် ရေးကော်မရှင် ၅၉ ကြိမ်မြောက် အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့တာပါ။

မတရား စစ်အာဏာသိမ်းမှု အပြီးမှာ နည်းပညာကို ဖိနှိပ်ရေး၊ နိုင်ထက်စီးနင်းပြုကျင့်ရေး၊ နှိပ်စက် ညှဉ်းပန်းရေး၊ ရည်ရွယ် ချက်ရှိရှိနဲ့ အလိမ်အညာ သတင်းမှားတွေ ဖြန့်ဝေရေးတို့အတွက် လက်နက်တခု သဖွယ်  အသုံးချလာခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်အုပ်စုရဲ့ အင်တာနက်ဖြတ်တောက်ခြင်း၊ ဝက်ဘ်ဆိုက်တွေကို ပိတ်ဆို့ခြင်း အပါအဝင် သတင်းအချက်အလက် ကန့်သတ်မှုတွေဟာ ဒစ်ဂျစ်တယ်ခေတ်မှာ လူငယ်တွေ ပုံမှန် ပညာရေးနဲ့ ပုံမှန်မဟုတ်တဲ့ ပညာရေး လေ့ကျင့်သင်ကြားမှုတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိခြင်းကို ပိတ်ပင်စေခဲ့လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

လက်ရှိမှာ စစ်အာဏာရှင်ဟာ လူတယောက်ချင်းစီကို စောင့်ကြည့်ထိန်းချုပ်‌ရေးစနစ် (Personal Scrutinization and Monitoring System- PSMS)  ကို အသက်သွင်း အသုံးပြုခြင်းဖြင့် လူထုအပေါ် စောင့်ကြပ်ထောက်လှမ်းမှုကို တိုးမြှင့် ဆောင်ရွက်နေပြီး သူတို့ကိုဆန့်ကျင်သူတွေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်သူတွေကို ဖော်ထုတ်ဖမ်းဆီးနေတယ်လို့ သံအမတ်ကြီးက ထောက်ပြထားပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်အုပ်စုဟာ သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေ၊ တယ်လီဂရမ်အုပ်စုတွေနဲ့ သူတို့ ထိန်းချုပ်ထားတဲ့ ချန်နယ် တွေကို အသုံးပြုပြီး ပြည်သူလူထုနဲ့ နိုင်ငံတကာ အသိုက်အဝန်းထံ အလိမ် အညာနဲ့ သတင်းအတုအယောင်တွေ  ဖြန့်ချီနေ တဲ့ အကြောင်းတွေကိုလည်း သံအမတ်ကြီးက ကုလ သမဂ္ဂမှာ ပြောကြားခဲ့ပါတယ်။

ထားဝယ်မှာ ဒရုန်းဗုံးထိလို့ စစ်ရှောင်အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Source – Dawei Watch

ထားဝယ်မြို့ပေါ်မှာ စစ်ဘေးလာရှောင်နေတဲ့ အမျိုးသမီး တစ်ဦး သင်္ကြန်အကြိုနေ့က ဒရုန်းဗုံးအစ ထိမှန်ကာ ဒဏ်ရာရ သွားကြောင်း မြို့ခံအချို့ထံမှ သိရပါတယ်။

ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ ညနေ ၃ နာရီကျော်အချိန်မှာ ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်ကွက် နတ်စင်လမ်းမှာ ဒရုန်း ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒီဒရုန်းဗုံးစဟာ နတ်စင်လမ်းထဲ စစ်ဘေးလာရှောင်နေသူ အမျိုးသမီးတစ်ဦးကို ထိမှန် ခဲ့တာဖြစ်တယ်။

ဗုံးစထိမှန်တဲ့ အမျိုးသမီးဟာ သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာမှ ရှမ္မလည်ဆွဲရပ်ကွက် နတ်စင်လမ်းထဲမှာ စစ်ဘေးလာရောက်တိမ်းရှောင်နေသူ ဒေါ်စန်းယုဖြစ်တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

အဆိုပါ အမျိုးသမီးတစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိပြီး အခြားထိခိုက်မှုမရှိကြောင်းလည်း သိရသည်။

ပေါက်မြို့ လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ နှစ်ဦးသေဆုံး 

Source – ရွှေဖီမြေ

သင်္ကြန်အတက်နေ့မှာ မကွေးတိုင်း ပေါက်မြို့နယ်က ဝန်လဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိထားတယ်လို့ လူမှုရေးရာအလုပ်သမားနဲ့ လူသားချင်း စာနာထောက်ထားရေးဝန်ကြီးဌာနဆီက သိရပါတယ်။

ဧပြီ ၁၆ ရက် နေ့လယ် ၂ နာရီခွဲမှာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံးနဲ့ လာရောက်ပစ်ချ တိုက် ခိုက်ခဲ့တာဖြစ်တယ်။ ဒီလေကြောင်းတိုက်ခိုက်ခံရမှုမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၅ ဦး ရှိတယ်လို့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက “‌ဒီနေအတက်နေ့ နေ့လည်တုန်းက ရွာလယ်တည့် တည့်မှာ လာပစ်သွားတာ။ ၂ ယောက်က ပွဲချင်း သေဆုံးသွားတယ်။ ၅ ယောက်က ဒဏ်ရာရတယ်။ သူတို့ရဲ့ နာမည်နဲ့ အသက်တွေတော့ လောလောဆယ် မသိရသေးဘူး။ သူတို့လာပစ်တဲ့အချိန်မှာ ရွာကလူတွေ ရေကစားတာလည်းမရှိဘူး။ ကိုယ်အိမ်မှာ ကိုယ်နေနေကြတယ်”လို့ ပြောပါတယ်။

‌ပေါက်မြို့နယ်ထဲကို စစ်ကောင်စီတက်ဘက်က စစ်ကြောင်းထိုးကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ အပြင် လေကြောင်း နဲ့ အသုံးပြုပြီး မကြာမဏ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်။

နတ်တလင်း ကျေးရွာတွေ စီးနင်းခံရလို့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံး

Source – Myanmar Now

စစ်ရေးပြင်းထန်နေသော နတ်တလင်းမြို့နယ်အရှေ့ခြမ်း၌ လွန်ခဲ့သည့်ရက်များတွင် ကျေးရွာများကို စီးနင်း၊ စစ်ကြောင်းထိုးစဉ် ဒရုန်းကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး ရွာခံ ၁၀၀ ကျော်အား လူသားဒိုင်းအဖြစ် စစ်တပ်က ဖမ်းဆီးထားသည်။

ပဲမခမ်းကျေးရွာတွင် ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့ ဒရုန်းဗုံး ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု နတ်တလင်းဒေသခံများထံက သိရသည်။

လက်ရှိတွင် ကံသာယာနှင့် ပဲမခမ်းရွာတို့၌ စစ်တပ်က တပ်စွဲအထိုင်ချလိုက်ပြီး အနီးအနားကျေးရွာ များကို စစ်ကြောင်းထိုးနေရာ ရွာပေါင်း ၁၆ ရွာမှ ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရသည်။

တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းသော နတ်တလင်းမြို့နယ် အရှေ့ခြမ်းကို ယမန်နှစ် နှစ်ကုန်မှစပြီး စစ်တပ်က စစ်ကြောင်းများထိုးနေရာ လတ်တလောတွင် စစ်ကြောင်း နှစ်ခုထက်မနည်း လှုပ်ရှားနေကြသည်။

နတ်တလင်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ညိုသစ်တောကြိုးဝိုင်းအလွန် PDFများ၊ ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်များ လှုပ်ရှားကြသော ဖြူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်ရှိသည်။ ပဲခူးအရှေ့ နှင့်အနောက်ပိုင်းတပ်များ တပြိုင်နက် စစ်ရေးလှုပ်ရှားမှုများ စိပ်လာချိန် စစ်တပ်က ထိုအခြေအနေကို ဖြတ်တောက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

အလားတူ ဧရာဝတီမြစ်အနောက်ဘက်တွင်လည်း ရခိုင်ရိုးမနှင့်ထိစပ်နေရာ အာရက္ခတပ်တော် (AA) ၏ ထိုးစစ်သည်လည်း ပုသိမ်- မုံရွာလမ်းမကြီးကျော်၍ မြစ်အနောက်ဘက် ပြည်ခရိုင်၊ ပန်းတောင်းမြို့အနီး ရောက်ရှိနေသည်။

ဟင်္သာတက ခိုလှုံရာဘိုးဘွားရိပ်သာမှာ ဆန်အရေးပေါ်လိုအပ်နေ

Source – Delta News Agency

အဘိုးအဘွား၊ ကလေးသူငယ်နဲ့ စိတ်မကျန်းမာသူဝေဒနာရှင်တွေ စုစုပေါင်း ၁၁၀ ကို ကျွေးမွေး၊ စောင့်ရှောက်ထားတဲ့ ဟင်္သာတမြို့ရှိ ခိုလှုံရာ ခိုကိုးရာမဲ့ဘိုးဘွားရိပ်သာမှာ ဆန်အရေးပေါ် လိုအပ်ချက် ရှိနေတယ်။ လက်ရှိမှာ ဆန်တတိုင်ကီ (သုံးအိတ်ခွဲ)သာ ရှိတော့တယ်လို့ ရိပ်သာတာဝန်ရှိသူ တဦးက ပြောပါတယ်။

“နှစ်အိတ်ကို သုံးရက်စာပေ့ါ။ အဓိက လိုအပ်တာကတော့ ဒိုင်ပါနဲ့ ဆန်က အဓိကပေါ့၊ ဒီမှာက ဂီလာနအဘိုး အ ဘွားက လမ်းမလျှောက်နိုင်တာများတယ်။ ဂီလာန၊ လမ်းဘေးစွန့်ပစ်၊ စိတ်မကျန်းမာတာပေ့ါ၊ အရွယ်စုံပေ့ါ။ ဒိုက်ဘာက တနေ့ကို ညမနက်ဆို လေးထုတ်ကုန်တယ်။ ဆယ်ခုပါတဲ့ဟာလေ” လို့ သူက ပြောပါတယ်။

၂၀၁၅ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ အဲဒီရိပ်သာမှာ ခိုကိုးရာမဲ့ အရွယ်စုံဘိုးဘွား ၁၀၀ ဦးနဲ့ ကလေးငယ် ဆယ်ဦး  ရှိပါတယ်။ သူတို့အတွက် ပုံမှန်ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် ဆေးပဒေသာပင် လုပ်ထားပြီး အဲဒီကနေ သုံးစွဲကာ ဆန်အလှူရှင်တွေ နည်းပါးလာတဲ့အတွက် ဆန်လိုအပ်ချက်ရှိလာတာဖြစ်တယ်။

“အစကတော့ ပုံ့ နှစ်ဆန်းတစ်ရက်နေ့မှ နှစ်ဦးအလှူအဖြစ် အလှူခံမယ် စိတ်ကူးထားပေမယ့် ခုတော့ ဆန်လေးက ပြတ်တော့ မှာမို့ အဲ့နေ့ထိ မတောင့်ခံနိုင်တော့ပဲ အလှူလေး ခံရခြင်းဖြစ်ပါတယ်ရှင်” လို့ ရိပ်သာတည်ထောင်သူ မပုံ့က သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားအလှူခံထားပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့  ဆန်တအိတ်လျှင် တသိန်းကျပ်နှုန်းထားနဲ့ တပိုင်း၊ တစိတ်စသဖြင့် လှူဒါန်းနိုင်ပြီး တနေ့တာ အာဟာရအတွက် ကျပ်သုံးသိန်းခွဲ လှူဒါန်းချင်ရင်လည်း လှူဒါန်းနိုင်တယ်။

KNLA တပ်ရင်း ၁၂ က ဖမ်းဆီးခဲ့သည့် သရက်ချောင်းမှ ဇနီးမောင်နှံ သတင်းမရတာ ၅ လကြာ

Source – Dawei Watch

သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ရွာနေ ဇနီးမောင်နှံကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း ၁၂ လက်အောက်ခံတပ်ဖွဲ့တစ်ခုက ဖမ်းဆီးသွားတာ ငါးလနီးပါးကြာပြီဖြစ်ပေမယ့် သတင်းအစအနမရဘဲ ပျောက်ဆုံးနေ ကြောင်း ဒေသခံတွေထံမှ သိရပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က အသက် ၄၇ နှစ်အရွယ် ဦးပိုက်ပိုက်နဲ့အတူ အသက် ၄၈ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်မိချို ထိုက်နဲ့ သားဖြစ်သူတို့ကို ပရိုဘောက်ကားနဲ့ ဂုံညှင်းဆိပ်ရွာမှ ထားဝယ်မြို့ကို သွားရောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒီလိုသွားရောက်စဉ် ဂုံညှင်းဆိပ်-ထားဝယ်လမ်းပိုင်းရှိ စုံစင်ဖျားရွာမှာ KNLA တပ်ရင်း ၁၂ လက်အောက် ခံ ကိုဒဿ ဦးဆောင်တဲ့ တပ်က ဖမ်းဆီးသွားပြီးနောက် သားဖြစ်သူကို ပြန်လွှတ်လိုက်ပေမယ့် ဇနီးမောင်နှံနဲ့ ကားကိုဖမ်းဆီးထားရာ  ယနေ့အချိန်ထိ သတင်းမရဘဲပျောက်ဆုံးနေတာဖြစ်တယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

ထားဝယ်အရှေ့တော၊ ဝကုန်းရွာမှ ခဲဝယ်၊ရောင်း အမျိုးသမီးတစ်ဦးကို KNLA ဖမ်းဆီးထားဟုဆို

Source – Dawei Watch

ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာမှ ခဲအရောင်းအဝယ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဖမ်းဆီးသွားတာ တစ်လခန့်ရှိပြီ ဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရပါတယ်။

မတ်လနောက်ဆုံးပတ်မှာ ဝကုန်းရွာမှ အသက် ၄၈ နှစ်ခန့်အရွယ် ဒေါ်တင်မာဆွေဆိုသူကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄)နဲ့ တပ်မဟာ (၆) လက်အောက်ခံ KNLA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံ တချို့က ပြောပါတယ်။

ဘယ်လိုအကြောင်းကြောင့် ဒေါ်တင်မာဆွေကို ဖမ်းဆီးထားတယ်ဆိုတာ တိတိကျကျမသိရသေးပါဘူး။

ပုဇွန်တောင်မြိုနယ်မှာ ယာဉ်တိုက်မှုဖြစ်၊ အမျိုးသမီးတစ်ဦးသေဆုံး

Source – People’s Spring

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီး တစ်ဦး ကားတိုက် ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

ကားတိုက်ခံရသူက အသက် ၆၀ ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ တယ်လို့ ဆိုပါတယ်။ ကားသမားက မူးပြီးမောင်းလာတာဖြစ်နိုင်ပြီး စီစီတီဗီ‌တွေကနေ ခြေရာခံသင့်တယ်လို့ ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေက မှတ်ချက်ရေးသားထားကြပါတယ်။