တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဖေဖော်ဝါရီ ၂၈ရက်မှ မတ် ၆ ရက်အထိ တပတ်တာကာလအတွင်း သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမျိုးသမီး ဖြစ်ရပ်တွေထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်ကောက်နှုတ် စုစည်းဖော်ပြ အပ်ပါတယ်။

ဒီတပတ်မှာတော့ ပြည်သူအများစိတ်ဝင်စားတဲ့သတင်းက စစ်အစိုးရက ပြုလုပ်ခဲ့တဲ့  လွတ်ငြိမ်းချမ်းသာခွင့်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့သတင်းပါ။

မြန်မာပြည်အနှံ့အပြား အကျဉ်းထောင်အသီးသီးကနေ NLD အစိုးရဝန်ကြီး ၃ ဦးနဲ့ ကျောင်းသားခေါင်းဆောင်အချို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ လွတ်မြောက်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်လို အဓိကနိုင်ငံရေး ခေါင်းဆောင်တွေ မပါဝင်ခဲ့ပါဘူး။

လွတ်မြောက်သူများကိုလည်း ခံဝန်ကတိတွေ ထိုးခိုင်းတာ၊ ဒါရိုက်တာရှင်ဒေဝီလို စာရင်းအရလွတ်မြောက်ပေမယ့် လူက လွတ်မြောက်မလာတဲ့ ဖြစ်ရပ်တချို့ကြောင့် နိုင်ငံရေးအရ သိသာထင်ရှားတဲ့အပြောင်းအလဲထက် လူသားချင်းစာနာမှုဆိုင်ရာ ဟန်ပြလုပ်ရပ်တခုဖြစ်ပြီး စစ်ကောင်စီရဲ့ နိုင်ငံရေးအရ ထွက်ပေါက်ရှာတာ ဖြစ်နိုင်ကြောင်း ဝေဖန်ရှုမြင်ကြပါတယ်။

တဖက်မှာလည်း စစ်ကိုင်း၊ ကရင်နီနဲ့ မကွေးတိုင်းတို့မှာ ဖြစ်ပွားခဲ့တဲ့”လေကြောင်းတိုက်ခိုက်တာနဲ့ အရပ်သားသေဆုံးမှု” သတင်းတွေကလည်း လူထုကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ လသားအရွယ် ကလေးငယ်တွေနဲ့ အသက် ၉၀ ကျော် အရွယ်အဘွားအိုတွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ ကိုယ်ဝန်ဆောင်မိခင်တွေ တိုက်ပွဲကြား သေဆုံးခဲ့ရတဲ့သတင်းတွေကလည်း မြေပြင်စစ်ရေးအခြေအနေရဲ့ဆိုးဝါးမှုတွေကို အဆက်မပြတ် ဖော်ပြနေပါတယ်။

နောက် ထူးခြားဖြစ်စဉ်တွေကတော့ ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစစ်ဘေးရှောင်တွေမှာ နိုင်ငံတကာအထောက်အပံ့ ပြတ်တောက်နေလို့ ဆားနဲ့ ငရုတ်သီးကိုသာ အားကိုးစားသောက်နေရတဲ့သတင်းအပါအဝင် တခြားအမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ သတင်း ၁၈ ပုဒ်ကို ပြန်လည်စုစည်းဖော်ပြအပ်ပါတယ်။

– လွတ်ငြိမ်းမှာ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါ

– တမူးမှာ NLD မြို့နယ် ဥက္ကဌ သမီးအပါအဝင် ၅၀၅-ကနဲ့ ဖမ်းဆီးခံရသူ  ၇ ဦးပြန်လွတ်

– ချင်းနဲ စစ်ကိုင်းမှ စစ်ရှောင်တွေမှာ အမျိုးသမီး လစဉ်သုံးနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်

– မြင်းခြံမှာ စစ်ရှောင်တဲတွေပေါ် ဒရုန်းနဲ့ဗုံးချခံရလို့ အမျိုးသမီး ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

– စစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့် တလအတွင်း ကိုယ်ဝန်ဆောင်နဲ့ အမျိုးသမီးအပါအဝင် ၄ ဦးသေဆုံး 

– မင်းတုန်း ကားဂိတ် ဗုံးကြဲတိုက်ခိုက်မှုမှာ အမျိုးသမီး ၃ ဦးအပါအဝင် သေဆုံးသူ ၃၄ ဦးရှိလာ

– ဟိုပင်မှာ အမျိုးသမီးတွေပါဝင်တဲ့ ၆ လောင်းပြိုင်လူသတ်မှုဖြစ်ပွား

– အမျိုးသမီးနဲ့ ကလေးငယ်အများအပြားရှိတဲ့ သေ့ဘောဘိုးစစ်ရှောင်မှာ ရိက္ခာပြတ်လပ်နေတာ ၃ လကြာ

– ကရင်နီ မယ်စဲ့အကျဉ်းထိန်းသိမ်းရေးစခန်း လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသမီး ၄ ဦးအပါအဝင် ၅ ဦးသေဆုံး

– သရက်ချောင်းမှာ စစ်ကောင်စီက အရပ်သား အမျိုးသမီး ၅ ဦးအပါအဝင် ၇ ဦးကို သတ်ဖြတ်ခဲ့

– ပင်လည်ဘူးမှာ စစ်တပ်ဗုံးကြဲလို့ အဘွားအိုတစ်ဦးအပါအဝင် ၁၁ ဦးသေဆုံး

– မော်လမြိုင်တွင် နေအိမ်မီးလောင်ပြီး ဘိုးဘွားနှစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

– ဒီးမော့ဆို အနောက်ခြမ်းရှိ KTV အတွင်း အမျိုးသမီး လုရာမှ ၄၀ မမ ဖြင့် ပစ်ခတ်မှုဖြစ်ပွား

– မှော်ဘီတွင် ဇနီးဖြစ်သူအား ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားကို သေဒဏ်ချမှတ်

– မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီ ပြန်လွတ်မလာသေး

– NLD အစိုးရဝန်ကြီး ၃ ဦးနဲ့ ကျောင်းသားခေါင်းဆောင်အချို့စစ်တပ် လွတ်ငြိမ်းမှာပါဝင်

– ထားဝယ် အကျဉ်းထောင်မှ နိုင်ကျဉ်းသူ ၂၆ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်လွတ်

– ကလေးထောင်မှ အမျိုးသမီးအကျဉ်းသူ ၂၅ ဦးအပါအဝင် ၁၁၅ ဦး လွတ်

လွတ်ငြိမ်းမှာ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါ

Source – BBC

စစ်တပ်က ထောင်ချီတဲ့နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းပေးတာ၊ ပြစ်ဒဏ်လျှော့ပေါ့တာနဲ့ အမှုရုပ်သိမ်းတာတွေ လုပ်ခဲ့ပေမဲ့ အာဏာသိမ်းကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျခံရတဲ့ အမှုတွေ ဒီတခေါက်လွတ်ငြိမ်းသက်သာခွင့်ထဲလည်း မပါဝင်လာပါ။

စစ်ကော်မရှင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အပါအဝင် ဥပဒေပေါင်း ၁၃ ခုက ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို ၆ ပုံ ၁ ပုံ လွတ်ငြိမ်း သက်သာခွင့်ထဲ မထည့်ထားပါဘူး။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကလွဲလို့ ဒီလိုပြစ်ဒဏ်မလျှော့ပေါ့ပေးတဲ့ ပုဒ်မ တွေထဲက အချို့နဲ့စွပ်စွဲခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရတာကြောင့် အခုတစ်ကြိမ် စစ်တပ်ကပေးတဲ့ ပြစ်ဒဏ်လျှော့ ပေါ့မှုမှာ အကျုံးမဝင်တာဖြစ်ပါတယ်။

စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် သြဂုတ်လမှာပေးတဲ့လွတ်ငြိမ်းခွင့်မှာ အမှု ၅ မှုအတွက် ၆ နှစ် လွတ်ငြိမ်းခွင့်ရခဲ့ပါတယ်။

မနှစ် လွတ်လပ်ရေးနေ့မှာပေးတဲ့ ၆ ပုံ ၁ ပုံလွတ်ငြိမ်းမှာတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မလျော်သြဇာ သုံးတယ်ဆိုတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က) အမှုနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ပုဒ်မတွေဟာ အကျုံးဝင်ခဲ့ပါတယ်။

လွတ်ငြိမ်းပေးချိန်မှာ ဒီနှစ်မှုအတွက် ချုပ်ရက်ကာလတွေအပါ လွတ်ရက်စေ့ပြီဖြစ်တာကြောင့် ထူးခြားတဲ့သက်ရောက်မှု မရှိခဲ့ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ စွပ်စွဲခံရပြီး ထောင်ဒဏ် သတ်မှတ်ခံရတာက အများဆုံးဖြစ်နေပါတယ်။ ထောင်ဒဏ်နှစ် ၂၀ ကျော် ဆက်လက်ကျခံရမယ့်သဘောလည်းဖြစ်တယ်။

တမူးမှာ NLD မြို့နယ် ဥက္ကဌ သမီးအပါအဝင် ၅၀၅-ကနဲ့ ဖမ်းဆီးခံရသူ  ၇ ဦးပြန်လွတ်

Source – Zalen

စစ်ကိုင်းတိုင်း၊ တမူးအချူပ်ထောင်မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ၅၀-ညနဲ့ ပြစ်ဒဏ်ကျခံ‌နေရတဲ့တမူးမြို့နယ် NLD မြို့နယ်ဥက္ကဌ ရဲ့ သမီးအပါအဝင် ၇ဦး လွတ်မြောတ်လာတယ်လို့ သိရပါတယ်။

အဲဒီလိုပြန်လွတ်လာတဲ့အထဲမှာ တမူးမြိုနယ် NLD ဥက္ကဌ သမီး CDM ကျောင်းဆရာမအပါ အဝင် အမျိုးသမီး ၄ဦးနဲ့ အမျိုးသား ၃ဦးပါဝင်လာခဲ့တာဖြစ်ပါတယ်။

“စိတ်မကောင်းတာက နိုင်ငံရေးမှုနဲ့မိန်းကလေး  ၄ ယောက်လောက်ကျန်နေခဲ့တာ။ လွတ်မယ်ဆိုပြောထားပြီးမှ စာ ရောက်တဲ့အခါကြတော့နာမည်တွေပါမလာဘူး။ အကုန်လုံးငိုပြီးကျန်ခဲကြတယ်” လို့ တမူးမြို့နယ် NLD ဥက္ကဌ က ပြောပါတယ်။

ယခုနှစ် ဇန်နဝါရီလကလည်း တမူးမြို့အချူပ်ထောင်မှာ ၅၀၅(က) နဲ့ ပြစ်ဒဏ်ချခံထားရတဲ့ CDM ကျောင်းဆရာမတဦး လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

ချင်းနဲ စစ်ကိုင်းမှ စစ်ရှောင်တွေမှာ အမျိုးသမီး လစဉ်သုံးနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်

Source – မဇ္ဈိမ 

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်စခန်းတွေမှ အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေကြောင်း တရားမျှတမှုအတွက် အမျိုးသမီးများ အဖွဲ့အစည်း   (Women for Justice – WJ) က ထုတ်ပြန်လိုက်ပါတယ်။

WJ က  မတ် ၅ ရက်မှာ ထုတ်ပြန်တာဖြစ်ပြီး လိုအပ်နေတဲ့ဆေးဝါးတွေမှာ ကိုယ်ဝန်ဆောင်အားဆေး ၊ ကိုယ်ဝန်တားဆေး ၊ မီးယပ်သွေးဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေဖြစ်တယ်လို့ သိရပါတယ်။ 

ဒီထုတ်ပြန်ချက်မှာ စခန်းတွေမှာ ကျား၊ မ မခွဲခြားဘဲ စုပေါင်းနေထိုင်ရပြီး အိပ်ယာ၊ အိမ်သာနဲ့ ရေချိုးခန်းတွေ မလုံလောက် တဲ့အတွက် မလုံခြုံတာနဲ့အတူ တချို့အမျိုးသားတွေရဲ့လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်တာတွေ၊ ညစ်ညမ်းစွာ ပြောဆိုခံရ တာတွေနဲ့ ရင်ဆိုင်နေရကြောင်း ဖော်ပြထားပါတယ်။

မြင်းခြံမှာ စစ်ရှောင်တဲတွေပေါ် ဒရုန်းနဲ့ဗုံးချခံရလို့ အမျိုးသမီး ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

Source – မြေလတ်အသံ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာမှာ စစ်ရှောင်တွေနေတဲ့နေရာပေါ် ဒရုန်းနဲ့ ဗုံးချခံရလို့ အမျိုးသမီး ၃ ဦး သေဆုံးပြီး အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

မတ်လ ၄ ရက် နေ့လယ် ၂ နာရီကျော်ခန့်မှာ နဘူးအိုင်ရွာထဲ တပ်စွဲထားတဲ့စစ်ကော်မရှင်အဖွဲ့က ကျေးရွာတောင်ဘက် မီတာ ၂၀၀ ခန့်အကွာ မန်ကျည်းကန်ဘုရားဝန်းအနီးဝန်းကျင်မှာနေထိုင်နေတဲ့ စစ်ရှောင်တဲတွေအပေါ်ကို ဒရုန်းနဲ့ဗုံးချခဲ့တာလို့ ဆိုပါတယ်။

ဗုံးချခံရလို့ အသက် ၉ နှစ်အရွယ် မိန်းကလေးနဲ့ မိခင်ဖြစ်သူ အသက် ၃၀ အရွယ်အမျိုးသမီး၊ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတို့ နေရာမှာတင်သေဆုံးပြီး အသက် ၃၀ ကနေ ၅၀ ကြားအမျိုးသမီး ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

ဒီဘုရားဝန်းမှာ စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင်အရေအတွက် ၂၀၀ ခန့်ရှိပြီး နဘူးအိုင်ရွာခံတွေဖြစ်ကာ ဖေဖော်ဝါရီ ၂၆ ရက် ကတည်းက ရွာမှာ စစ်ကော်မရှင်စစ်ကြောင်းဝင်လာလို့ တိမ်းရှောင်လာရသူတွေဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့် တလအတွင်း ကိုယ်ဝန်ဆောင်နဲ့ အမျိုးသမီးအပါအဝင် ၄ ဦးသေဆုံး 

Source – ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီ နယ်စပ်အပါဝင် ကရင်နီပြည်မှာ စစ်ကော်မရှင်ရဲ့ တိုက်ခိုက်မှုတွေကြောင့်  ဖေ‌ဖော်ဝါရီလအတွင်း အရပ်သား ပြည်သူ ၄ဦး သေဆုံးခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ ပြုစုထားတဲ့စာရင်းအရ သိရပါတယ်။

သေဆုံးသူ ၄ ဦးထဲ အသက် ၇၀ ကျော်အရွယ်အမျိုးသမီးတဦး နဲ့ အသက် ၄၀ ဝန်းကျင် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး အပါအဝင် အမျိုးသား ၂ဦး ဖြစ်ပါတယ်။

သေဆုံးခဲ့သူတွေရဲ့ ဖြစ်စဉ်အသေးစိတ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က မော်ချီးဒေသအတွင်း ကျေးရွာတစ်ရွာမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတဦး ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်ကော်မရှင်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် ဖရူဆိုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ထိမှန်သေဆုံး ခဲ့တာပါ။

မင်းတုန်း ကားဂိတ် ဗုံးကြဲတိုက်ခိုက်မှုမှာ အမျိုးသမီး ၃ ဦးအပါအဝင် သေဆုံးသူ ၃၄ ဦးရှိလာ

Source – Western News

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က ပြောင်းကျေးရွာရှိ ကားဂိတ်ကို  စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့မှု ကြောင့် အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား သေဆုံးသူ ၃၄ ဦး အထိရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူထဲမှာ အမျိုးသမီး  ၃ဦးနဲ့ အမျိုးသား ၃၀ ဦး နောက်တစ်ဦးမှာ ခန္ဓာကိုယ် တစ်ကိုယ်လုံး မီးလောင်ထားလို့ ကျား၊ မ ခွဲခြားမရသူတွေလည်း ပါဝင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ဦးကျော်ထက်မနည်းရှိကြောင်း သိရပါတယ်။

မတ် ၁ ရက်နေ့နံနက် ၁၁နာရီကျော် မင်းတုန်းမြို့နယ်က ပြောင်းကျေးရွာအနီးရှိ ကုန်စည်တင်ကားများ ရပ်နားတဲ့ နေရာကို စစ်တပ်က ပေါင် ၅၀၀၊ ပေါင် ၃၀၀ ဗုံးတွေအပြင် ရော့ကက်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်။

ဟိုပင်မှာ အမျိုးသမီးတွေပါဝင်တဲ့ ၆ လောင်းပြိုင်လူသတ်မှုဖြစ်ပွား

Source – Kachin News Group

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်၊ မြသာယာရပ်၊ နယ်မြေ(၅)၊ နေအိမ်တစ်အိမ်မှာ ၆ လောင်းပြိုင်လူသတ်မှုဖြစ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၅ ရက် မနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင် မြို့မတောင်ရပ်ကွက်၊ မြသာယာရပ်၊ နယ်မြေ(၅) အမှတ် (၅/၆၄) နေအိမ်မှာ အိမ်ထောင်ဦးစီးဖြစ်တဲ့ အသက် (၄၁)နှစ်အရွယ် ဦးကျော်မြတ်ဦး အိမ်ရှေ့ဧည့်ခန်းမှာ ဓါးဒဏ်ရာနဲ့ သေဆုံး‌နေပြီးနောက်ထပ် နေအိမ်ရှေ့အိပ်ခန်းတစ်ခုမှ သားဖြစ်သူ အသက် (၁၁) နှစ်အရွယ် မောင်ဘုန်းခန့်ကျော်၊ အိမ်အကူ အသက်(၄၂) နှစ်အရွယ် မမီးမီးတို့လည်း ဓါးဒဏ်ရာတွေနဲ့သေဆုံးနေကြောင်း ထပ်မံတွေ့ရတယ်လို့ ဆိုပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်အများအပြားရှိတဲ့ သေ့ဘောဘိုးစစ်ရှောင်မှာ ရိက္ခာပြတ်လပ်နေတာ ၃ လကြာ

Source – သံလွင်ခက်

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်းရှိ သေ့ဘောဘိုးဒေသစစ်ရှောင်တွေမှာ နိုင်ငံတကာနဲ့ ပြည်တွင်း အထောက်အပံ့ တွေ ပြတ်တောက်နေတာ (၃) လခန့်ရှိပြီဖြစ်လို့ အခြေခံစားသောက်ကုန်တွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

ဒီစစ်ရှောင်စခန်းတွေမှာ အိမ်ထောင်စု ၆၄ စု၊ လူဦးရေ ၂၃၀ ဝန်းကျင် ခိုလှုံနေထိုင်ပြီး ဒီထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပြီး ကလေးငယ်ဦးရေမှာ ၅၀ လောက်ရှိနေတာဖြစ်တယ်။

အလုပ်အကိုင်ရှားပါးတာနဲ့ ရိက္ခာပြတ်လပ်တာတွေကြောင့် စစ်ရှောင်တွေမှာ နေ့စဉ် စားဝတ်နေရေးအတွက် အခက်အခဲ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

 “ဆန်၊ ဆီ၊ ဆားတွေ အဓိက လိုအပ်နေတာပေါ့လေ၊အရင်တုန်းကဆို ဟင်းမရှိရင် ဆားလေးနဲ့ နယ်စားလိုက်၊ ငရုတ်သီး မှုန့်လေးနဲ့ ဆားကို ရေနွေးလေးဖျော်ပြီး ဟင်းရည်လေးလုပ်ပြီး စားလိုက်တာပဲ” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါ တယ်။

ဒေသတွင်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့် အလုပ်အကိုင်များရှားပါးတဲ့အပြင် ရာသီ အလုပ်ဖြစ်တဲ့ပြောင်းချိုးအလုပ်ကိုလည်း  နေ့စဉ် ပုံမှန်ရရှိဖို့ ခဲယဉ်းကြောင်း သိရပါတယ်။

အခုလို နယ်စပ်ဒေသရှိ စစ်ရှောင်တွေ ရိက္ခာပြတ်တောက်သွားတာက နိုင်ငံတကာအထောက်အပံ့တွေ လျော့ကျသွားတာနဲ့ သက်ဆိုင်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီလုပ်ဆောင်သူတွေက ပြောဆိုပါတယ်။

ကရင်နီ မယ်စဲ့အကျဉ်းထိန်းသိမ်းရေးစခန်း လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသမီး ၄ ဦးအပါအဝင် ၅ ဦးသေဆုံး

Source –  ကေအိုင်စီ

ကရင်နီ(ကယား) ပြည်နယ်၊ မယ်စဲ့မြို့နယ်က အကျဉ်းထိန်းသိမ်းရေးစခန်းတစ်ခု မတ်လ ၅ ရက်က လေကြောင်း တိုက် ခိုက်မှုဖြစ်ပွားတာကြောင့် အမျိုးသမီး (၄) ဦးအပါအဝင် အရပ်သား (၅) ဦးသေဆုံးခဲ့ကြောင်း ကြားကာလကရင်နီပြည် အုပ်ချုပ်ရေးကောင်စီ-IEC ရဲ့အတည်ပြုပြောပြချက်အရ သိရပါတယ်။

သေဆုံးသူတွေက ဘယ်သူမှန်းမသိသေးကြောင်း အသေးစိတ်အချက်အလက်တွေကို စုံစမ်းဆဲဖြစ်ပြီး လေကြောင်းတိုက် ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း များပြားခဲ့ပါတယ်။

မယ်စဲ့မြို့နယ်ရှိ IEC စီမံအုပ်ချုပ်နေတဲ့ အကျဉ်းထောင်အမှတ် (၂)မှာ  ပြီးခဲ့သည့် ဇန်နဝါရီ (၁၈) ရက်က  စစ်သုံ့ပန်း အကျဉ်းသား (၈၀) ဝန်းကျင် ထောင်ဖောက်ထွက်ပြေးမှုဖြစ်ပွားခဲ့ပါသေးတယ်။ဒီကာလမှာ လွတ်သွားတဲ့အကျဉ်းသားတွေ ဒေသကို ပြန်လည်ဒုက္ခပေးလာမှာကို ဒေသခံတွေက စိုးရိမ်ပူပန်ခဲ့ပြီး ၁ လ ကျော်အကြာ အခုလိုလေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

သရက်ချောင်းမှာ စစ်ကောင်စီက အရပ်သား အမျိုးသမီး ၅ ဦးအပါအဝင် ၇ ဦးကို သတ်ဖြတ်ခဲ့

Source – People’s Spring

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ ခလရ(၄၀၉) တပ်ရင်း စစ်ကြောင်းက ပြည်သူ ၇ ဦးကို သတ် ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

” အဲဒီ ပြည်သူတွေက ကျနော်တိုသိရတာက စစ်ရှောင်တွေဖြစ်တယ်။ စုံစင်ဖျားရွာအနီးတဝိုက်မှာ စစ်ရှောင်ရင်းနဲ့ စကစ စစ်ကြောင်းနဲ့ တိုးပြီးတော့ အဲဒီလိုမျိုးဖြစ်တာပေါ့၊ စကစ စစ်ကြောင်းကနေ အဲဒီအရပ်သား ပြည်သူ ၇ဦးကို တွေ့ရှိပြီး တော့ဖမ်းဆီးပြီးတော့ သတ်ဖြတ်တဲ့သဘောပေါ့”လို ဒေသသတင်းရင်းမြစ်က ပြောပြထားပါတယ်။

သေဆုံးသူ ၇ဦးမှာ အမျိုးသမီး ၅ဦး ပါဝင်တယ်လိုလည်း အသိပေးထားပြီး စစ်ကောင်စီက ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခဲ့ တာဖြစ်တယ်။

ဒေသတွင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေခြင်းကြောင့် ဒေသခံပြည်သူတွေရဲ့လုံခြုံရေး နဲ့  အသက်အိုးအိမ်များ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်လျက်ရှိကြောင်း KNUက ထုတ်ပြန်ထားပြီး လူဦးရေ  (၅၀၀)ကျော်နဲ့ အထက် ထွက်ပြေးတိမ်းရှောင်‌နေကြရတယ်လို့ အသိပေးပါတယ်။

ပင်လည်ဘူးမှာ စစ်တပ်ဗုံးကြဲလို့ အဘွားအိုတစ်ဦးအပါအဝင် ၁၁ ဦးသေဆုံး

Source – DVB

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်က အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့ လိပ္ပုတ်ကျေးရွာမှာ စစ်လော်ဘီချယ်နယ်က မြေအောက် ဆေးရုံရှိတယ်လို့ ဝါဒဖြန့်ပြီးတဲ့နောက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့အတွက် ကလေးငယ်တွေနဲ့ သက်ကြီး ရွယ်အိုတွေ အပါအဝင် ဒေသခံ ၁၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁ ရက်နေ့၊ ည ၁၁ နာရီ ၂၀ မိနစ်လောက်က ပြည်သူတွေ အိပ်မောကျနေချိန်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ရွာပေါ်ကို ၂ ကြိမ် လာရောက် ဗုံးကြဲခဲ့တဲ့အတွက် ၁၁ ယောက်သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရရှိခဲ့တာပါ။

ပထမအကြိမ် ဗုံးကြဲမှုမှာ လူနေအိမ်ပေါ်ကို တည့်တည့်ကျရောက်ခဲ့လို့ ပြည်သူ ၇ ယောက် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ရွာသားတွေ ကြောက်လန့်တကြား ထွက်ပြေးနေကြချိန်မှာ နောက်ထပ် တကြိမ်ဗုံးကြဲခဲ့လို့ မိသားစုဝင် ၃ ယောက် ထပ်မံသေဆုံးခဲ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အသက်အကြီးဆုံး ၉၀ အရွယ် အဘွားအိုတယောက်အပါအဝင် အငယ်ဆုံး လသားအရွယ် ကလေးငယ်နဲ့ အသက် ၁၀ နှစ်အောက် ကလေး ၃ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။

အခုလေကြောင်းတိုက်ခိုက်မှုဟာ စစ်တပ်လော်ဘီ ‘ကျော်စိုးဦး’ Telegram Channel ကနေ ဖြန့်ဝေခဲ့တဲ့ သတင်းကနေ အစပြုခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ တပတ်ခန့်က အဲဒီချန်နယ်ကနေတဆင့် ‘လိပ္ပုတ်ရွာအနီးမှာ NUG ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးရဲ့ မြေအောက်ဆေးရုံ ရှိတယ်’ ဆိုပြီး ဝါဒဖြန့် သတင်းတင်ခဲ့ပြီးတဲ့နောက် အခုလိုဗုံးကြဲခံခဲ့ရတာ ဖြစ်ပါတယ်။

မော်လမြိုင်တွင် နေအိမ်မီးလောင်ပြီး ဘိုးဘွားနှစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

Source – Dawei Watch

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုနယ်မြေရှိ နေအိမ်တစ်လုံး ယနေ့ မတ်လ ၂ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းရာ အဘိုးအဘွားနှစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံမှ သိရပါတယ်။ 

ဈေးကြိုနယ်မြေ၊ ဒေါင်းဇရပ် အဟာရ မူကထဆိုင်ဘေးရှိ နှစ်ထပ်တိုက်အိမ်တစ်လုံး မီးလောင်ကျွမ်းတာဖြစ်တယ်။

နေအိမ် မီးလောင်ကျွမ်းမှုကို မီးသတ်၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့နဲ့ ရပ်ကွက်နေပြည်သူတွေရဲ့ဝိုင်းဝန်းငြှိမ်းသတ်မှုနဲ့ နံနက် ၃ နာရီခန့်မှာ မီးငြိမ်းသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံမှ သိရပါတယ်။

နေအိမ်မီးလောင်ကျွမ်းမှုကြောင့် နေအိမ်တွင်ရှိနေတဲ့ အသက် ၇၀ ကျော် အဘိုးတစ်ဦး၊ အဘွားတစ်ဦး သေဆုံးသွားခဲ့ပြီး အသက် ၃၀ ဝန်းကျင် အမျိုးသမီးလည်း ထိခိုက်ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီးမော့ဆို အနောက်ခြမ်းရှိ KTV အတွင်း အမျိုးသမီး လုရာမှ ၄၀ မမ ဖြင့် ပစ်ခတ်မှုဖြစ်ပွား

Source – Myanmar Pressphoto Agency

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ KTV တစ်ခုမှာ အမျိုးသမီးလုရာမှ ၄၀ မမ နဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ခိုင်မာတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်၊ ည ၁၁ နာရီခန့်က ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ KTV ဆိုင်တစ်ခုမှာ အမျိုသမီးရွေး ရာမှ အမျိုးသားနှစ်ဦး အကြိုက်တူခဲ့ပြီး၊ ကျူးလွန်သူမှ အမျိုးသမီးပြောင်းပေးဖို့ ဆိုင်မန်နေဂျာအား ပြောဆိုရာကတစ်ဆင့် အချင်းများခဲ့ပြီး ၄၀ မမ နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်။

“ပစ်တာက ရဲဘော်ပါ။ KTV လာတဲ့ နှစ်ဖွဲ့ဖြစ်တာလား၊ ဆိုင်ရှင်နဲ့ဖြစ်တာလားတော့ သေချာမသိဘူး။ ဘယ်အဖွဲ့ကလဲ ဆိုတာလည်း မသိဘူး။ စော်လုရာကနေ ပြဿနာတက်တာပါ။ KTV ထဲပစ်တယ်ဆိုပေမဲ့ ခြောက်ပြီးပစ်တဲ့သဘောပါ။ ၇၉ သေနတ်နဲ့ ပစ်သွားတာက အိမ်သာတွင်းနားကို တစ်လုံး၊ တောထဲကို နှစ်လုံး ပစ်သွားတာပါ။ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။ မယ်လိုဒီ KTV မှာ ဖြစ်သွားတယ်လို့ ကြားတယ်။ ပစ်တဲ့သူတွေက ဆိုင်ဆိုင်းဘုတ်ကိုလည်း ရိုက်ချိုးသွားတယ်၊ ဆဲဆိုသွားတာလည်း ရှိတယ်”လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

KTV ဆိုင်အား ၄၀ မမ (၇၉ သီး)နဲ့ ပစ်ခတ်ခဲ့သူက ရဲဘော်လို့ ကနဦးသိရပြီး ဘယ်တပ်ဖွဲ့မှဖြစ်ကြောင်းနဲ့ အရေးယူခံထား ရတာရှိ၊ မရှိကိုမူ MPA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပေ။

မှော်ဘီတွင် ဇနီးဖြစ်သူအား ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားကို သေဒဏ်ချမှတ်

Source – Myanmar Pressphoto Agency

ဇနီးဖြစ်သူကို ခေါင်းဖြတ်သတ်ခဲ့တဲ့ အမျိုးသားအား မတ်လ ၄ ရက်မှာ မှော်ဘီတရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း တရားရေးအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရပါတယ်။

ဒီလူသတ်မှုဖြစ်စဉ်ဟာ တစ်လကျော်အကြာမှာ ကျူးလွန်သူအမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)နဲ့ သေဒဏ်ချမှတ်ခဲ့ တာဖြစ်တယ်။ ဇန်နဝါရီ ၂၄ ရက် မှော်ဘီမြို့နယ်၊ ပေတရာမြောက်ပိုင်းရပ်ကွက်မှာ အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက  သူရဲ့ဇနီးဖြစ်သူရဲ့ခေါင်းပြတ်ကို ကိုင်ကာ လျှောက်သွားနေခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့စစ်ဆေးမှုအရ ဒီအမျိုးသားက ဇနီးဖြစ်သူနဲ့ နေအိမ်မှာ စကားများရန်ဖြစ်ရာမှ ဇနီးအား သတ်ဖြတ်ကာ ခေါင်း ဖြတ်ပြီး လမ်းပေါ်လျှောက်သွားနေခဲ့တယ်။ သူ့ကို မှော်ဘီတိုးဂိတ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်။

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီ ပြန်လွတ်မလာသေး

Source – DVB

ဒီကနေ့ မတ်လ ၂ ရက်၊ တောင်သူလယ်သမားနေ့မှာ ပြစ်ဒဏ်လျှော့ပြီး လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာသူတွေအထဲမှာ ပါတယ်လို့ သတင်းတွေထွက်ခဲ့တဲ့မှတ်တမ်း ရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီ ပြန်လွတ်မလာသေးဘူးလို့ သူ့ရဲ့ခင်ပွန်းဖြစ်သူက ပြောပါတယ်။

ရှင်ဒေဝီရဲ့ ခင်ပွန်းဖြစ်သူ ကိုဦးက”ဘယ်လိုဖြစ်မှန်း မသိသေးဘူး၊ အခုအထိ စောင့်နေရတာပဲ။ လွှတ်မယ် မလွှတ်ဘူး လည်း မသိရသေးဘူး။ အင်းစိန်ရှေ့မှာလည်း အစောင့်တွေ ရှိတယ်၊ ကျနော်က အိမ်ကနေ စောင့်နေတာ။ အင်းစိန်ရှေ့မှာလည်း စောင့်တဲ့သူရှိတယ်။ တချို့လည်း ပြန်သွားပြီ။ အခုက မြန်မာစံတော်ချိန်က ညနေ ၅ နာရီ ထိုးသွားပြီဆိုတော့ ထောင်လည်း ပိတ်သွားပြီ။ အခုထိတော့ မလွတ်သေးပါဘူး”လို့ ပြောပါတယ်။

ရှင်ဒေဝီဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလထဲမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံခဲ့ရပြီး စစ်ခုံရုံးကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ်တသက် ချမှတ်ခံခဲ့ရတာပါ။

NLD အစိုးရဝန်ကြီး ၃ ဦးနဲ့ ကျောင်းသားခေါင်းဆောင်အချို့စစ်တပ် လွတ်ငြိမ်းမှာပါဝင်

Source – မဇ္ဈိမ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ စွပ်စွဲထောင်ချခံထားရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂရဲ့ဥက္ကဋ္ဌဖြစ်သူ မဆုရည်လင်း(ခ)လင်းလင်းနဲ့ သူရဲ့အဒေါ်ဖြစ်သူ၊ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ လည်း လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်တယ်လို့ သိရပါတယ်။

မဆုရည်လင်းကို စစ်တပ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅- က၊လိမ်လည်မှု၊ စာရွက်စာတမ်းအတုပြုလုပ်မှု၊ အကြမ်းဖက်ဥပဒေ ၅၀(ည)တို့ဖြင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရတာဖြစ်တယ်။ သူရဲ့ အဒေါ် ဒေါ်နီမိုလှိုင်လည်း တူမဖြစ်သူအား စစ်ဆေးနေတဲ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ သွားရောက်တွေ့ဆုံစဉ် ဖမ်းဆီးခဲ့ရ သူဖြစ်တယ်။

ထားဝယ် အကျဉ်းထောင်မှ နိုင်ကျဉ်းသူ ၂၆ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်လွတ်

Source – Dawei Watch

စစ်အုပ်စုရဲ့လွတ်ငြိမ်းနဲ့ ထားဝယ်အကျဉ်းထောင်မှ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၂၆ ဦးအပါအဝင် အကျဉ်းသား စုစုပေါင်း ၁၀၈ ဦးလွတ်မြောက်ခဲ့ကြောင်း ကာယကံရှင်တွေနဲ့ မိသားစုတွေထံမှ သိရပါတယ်။

“နိုင်ငံရေးအမှုများတယ်။ အမျိုးသမီး နှစ်ဆယ့်ခြောက်ယောက်မှာ နှစ်ယောက်ပဲ အခြားအမှုပါတယ်။ ကျန်တာအကုန် နိုင်ငံရေးအမှုတွေချည်းပဲ”လို့ လွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။

နံနက် ၁၁ နာရီဝန်းကျင်မှာ တစ်ကြိမ်၊ ညနေ ၅ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ နှစ်ကြိမ်ခွဲ လွှတ်ပေးခဲ့တာပါ။ ထောင်မှ လွှတ် ပေးပြီးနောက် ကားတွေနဲ့ ထားဝယ်မြို့မရဲစခန်းကို ခေါ်သွားကာ ခံဝန်ထိုင်းခိုင်းပြီးမှ သွားခွင့်ပေးလိုက်တယ်လို့ သိရပါ တယ်။

ကလေးထောင်မှ အမျိုးသမီးအကျဉ်းသူ ၂၅ ဦးအပါအဝင် ၁၁၅ ဦး လွတ်

Source – Chin World     

အာဏာသိမ်း စစ်ကော်မရှင်က မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ် ပေးလိုက်တဲ့အထဲ စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသူ ၂၅ ဦးအပါအဝင် အကျဉ်းသားစုစုပေါင်း ၁၁၅ ဦးလွတ်ပေးလိုက်တယ်လို့ အကျဉ်းသားတွေနဲ့နီးစပ်သူတွေထံမှ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများအရေးနဲ့ နီးစပ်သူဒေသခံတစ်ဦးက “  နိုင်ငံရေးအကျဉ်းသူ ၂၅ ဦး ၊ အကျဉ်းသား က ၈၁ ယောက်လို့ စာရင်းအတိအကျသိရတယ် ၊ ကျန်တာကတော့ တခြားပြစ်မှုတွေနဲ့ ပြန်လွတ်တဲ့သူတွေ” လို့ပြောပါတယ်။