honest informationtရဲ့တပတ်တာအမျိုးသမီးဖြစ်ရပ်များ သတင်းစုစည်းမှုပုံ

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ – အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ၆ ရက်၊ ၂၀၂၆

အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ၆ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်တွေထဲက ထူးခြားတဲ့ အကြောင်းအရာ တွေကို HI – Honest Information ကစုစည်းဖော်ပြလိုက်ပါတယ်။

ဒီတပတ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးတွေ သေဆုံးရတဲ့သတင်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့ စစ်ဘေးရှောင် ကလေးငယ်တွေနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့အမျိုးသမီး သတင်းတွေက နေရာယူထားမြဲဖြစ်ပါတယ်။

မြန်မာပြည်အနှံ့ ပဋိပက္ခဒေသတွေကို အာဏာသိမ်းစစ်တပ်က အရပ်သားပစ်မှတ်ထားလေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့အတွက် မွေးကင်းစကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အမျိုးသမီးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ နေ့စဉ်နဲ့အမျှ ထိခိုက်ဆုံးရုံးနေကြရပါတယ်။ ဒီအထဲမှာ ဆက်တိုက်ဆိုသလို လေကြောင်းတိုက်ခိုက်ခံနေရတဲ့ ရခိုင်ပြည်မှာ အစုလိုက်အပြုံလိုက်သေဆုံးစေတဲ့ ဖြစ်စဉ်တွေကလည်း အဆက်မပြတ်ဖြစ်ပွားနေပါတယ်။ ဒီတပတ်တာထဲမှာ ရခိုင် ၄ မြို့နယ် ဗုံးကြဲမှု မွေးကင်းစကလေးအပါအဝင် လူတစ်ဒါဇင် သေဆုံး  ခဲ့ရပါတယ်။

ဒီသတင်းအပြင် နောက်ထပ်သတင်းတပုဒ်ဖြစ်တဲ့  “လွယ်ယင်းတောင်ခြေတိုက်ပွဲမှာအသက် ၁၉ နှစ်အရွယ် PDFရဲဘော်အယ်ဗလင်းကျဆုံး” သတင်းကလည်း စစ်ပွဲအတွင်းမှာ ဆယ်ကျော်သက်လူငယ်တွေရဲ့ အသက်၊ ပညာရေး၊ ဘဝတက်လမ်းနဲ့ အနာဂတ် ဘယ်လောက်ထိ ပျက်စီးဆုံးရှုံးနေလဲဆိုတာ မီးမောင်းထိုးပြနေပါတယ်။

သေဆုံးသွားတဲ့ ရဲဘော်အယ်ဗလင်းဟာ ၂၀၀၈ ခုနှစ်ဖွားဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှ အသက် ၁၈ နှစ် ပြည့်ခဲ့ကာ ကျဆုံးချိန်မှာ အသက် ၁၉ နှစ်ပဲရှိသေးတယ်လို့ သတင်းမှာ ဖော်ပြထားတယ်။ အသက် ၁၉နှစ်ဆိုတာ မိဘစောင့်ရှောက်မှု အောက်မှာ ပညာဆက်လက်သင်ယူနိုင်တဲ့အရွယ်၊ အလုပ်အကိုင်နဲ့ လူငယ်ဘဝအိမ်မက်တွေကို အကောင်အထည်ဖော်ရမယ့် အရွယ်ဖြစ်ပေမယ့် မြန်မာနိုင်ငံက ဆယ်ကျော်သက်လူငယ်တွေကတော့ အာဏာရှင်စနစ်ကို တွန်းလှန်ရင်း စစ်ပွဲတွေကြောင့် ကြွေလွင့်ပျောက်ကွယ်နေကြရပါတယ်။

ဒါ့အပြင်“ထိုင်းရောက်မြန်မာအမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအများဆုံးကြုံနေရ”ဆိုတဲ့ သတင်းတခုက လည်း အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေရင်ဆိုင်ရတဲ့ ဖြစ်စဥ်များစွာထဲက အစိတ်အပိုင်းတခုပါ။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေ၊ စစ်မှုထမ်းကိစ္စရပ်တွေကြောင့် မြန်မာနိုင်ငံသား အများအပြား အိမ်နီးချင်းနိုင်ငံမှာ ခိုလှုံနေထိုင်ခဲ့ရသလို၊ အကြောင်းအမျိုးမျိုးနဲ့ရောက်လာတဲ့ အမျိုးသမီးတွေမှာ  လက်တွဲဖော်နဲ့ အိမ်ထောင်ဖက်တွေဆီက နည်းလမ်းအမျိုးမျိုးနဲ့ အကြမ်းဖက်ခံနေရတာကလည်း ခပ်စိပ်စိပ်မြင်တွေ့ လာရပါတယ်။ အကြမ်းဖက်ခံနေရပေမယ့် ကိုယ့်နိုင်ငံမဟုတ်တဲ့ ဒေသမှာ ဘာသာစကား၊ နေထိုင်ခွင့်နဲ့ ဥပဒေရေးရာတွေကြောင့် နေရပ်စွန့်ခွာအမျိုးသမီးအများစုဟာ ကူကယ်ရာမဲ့အခြေအနေကို ကျော်ဖြတ်နေရပါတယ်။

ဒီသတင်းတွေ အပြင် အခြားသော သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီး နဲ့သက်ဆိုင်တဲ့ သတင်း  (၁၀) ပုဒ်ကို စုစည်းဖော်ပြ လိုက်ပါတယ်။

  • ဖလမ်းမြို့ကိုပြန်လာတဲ့ သားအမိ ၃ ဦးနဲ့ ယာဉ်မောင်း လမ်းမှာ သေနတ်ဒဏ်ရာတွေဖြင့် သေဆုံးလျက်တွေ့ရှိ
  • မောတောင်အနီးရှိ ငါးနှစ်အောက် စစ်ဘေးရှောင်ကလေးများအတွက် သေးခံနှင့် နို့မှုန့်များ လိုအပ်
  • တောင်ကြီး၌ အမျိုးသမီးငယ် ၂ ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု တာဝန်ယူဖြေရှင်းပေးရန် ပအိုဝ်းအဖွဲ့များ တောင်းဆို
  • သိန္နီမြို့ လောင်းကစားကြွေးတင်သည့် အမျိုးသမီး နှစ်ဦး အဆိပ်သောက်သေဆုံး
  • ရခိုင် ၄ မြို့နယ် ဗုံးကြဲမှု မွေးကင်းစကလေးအပါအဝင် လူတစ်ဒါဇင် သေဆုံး
  • ရပ်စောက်တွင် တရက်ကြာ ပျောက်ဆုံးနေသည့် ၈ နှစ်အရွယ် ကလေး သေဆုံးလျက် တွေ့ရှိ
  • ကျမ်းစာကျောင်းကို စစ်တပ် ဗုံးကြဲ၍ ကျောင်းသူ ၃ ဦး သေဆုံး
  • မြန်မာအမျိုးသမီးလိဂ်မှာ အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ကာကွယ်ပေးမယ့်သူ မရှိဖြစ်နေ
  • လွယ်ယင်းတောင်ခြေတိုက်ပွဲမှာအသက် ၁၉ နှစ်အရွယ်PDFရဲဘော်အယ်ဗလင်းကျဆုံး
  • ထိုင်းရောက်မြန်မာအမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအများဆုံးကြုံနေရ
  • PDF သတင်းပေးဆိုပြီး ဂိတ်မှူးနဲ့ အမျိုးသမီးဝန်ထမ်း ၂ ဦးကို ထောင် နှစ် ၃၀ ကျော်ချမှတ်

ဖလမ်းမြို့ကိုပြန်လာတဲ့ သားအမိ ၃ ဦးနဲ့ ယာဉ်မောင်း လမ်းမှာ သေနတ်ဒဏ်ရာတွေဖြင့် သေဆုံးလျက်တွေ့ရှိ

Source – Chin World

ချင်းပြည်နယ် ၊ ဟားခါးမြို့ကနေ  အောက်တိုဘာလ ၃၁ ရက်နေ့မနက်က ဖလမ်းမြို့ကို သုံးဘီးယာဉ်နဲ့ နေရပ်ပြန်လာတဲ့ သားအမိ ၃ ဦးနဲ့ လိုက်ပါ ပို့ဆောင်ပေးတဲ့ ယာဉ်မောင်းတစ်ဦးတို့ကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ဟားခါး-ဖလမ်း လမ်းပေါ်က Rialti ကျေးရွာအနီးမှာ သေနတ်ဒဏ်ရာတွေနဲသေဆုံးနေတဲ့ရုပ်အလောင်းကို တွေ့ရှိတယ်လို့ ဖလမ်းဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူ အမျိုးသမီးက အသက် ၄၀ ဝန်းကျင် ရှိကာ ၁၀ နှစ်ကျော်နဲ့ ၁၀နှစ်အောက် အရွယ်ကလေးတွေဖြစ်ပါတယ်။ မည်သည့်အဖွဲ့အစည်းရဲ့ လက်ချက်ကြောင့် အခုလို သေဆုံးရတာကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ သေဆုံးသူ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူဟာ ဟားခါးမြို့က အစိုးရဝန်ထမ်း တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

ဟားခါး – ဖလမ်း လမ်းတလျောက် နေရာဟာ စစ်ကောင်စီတပ်ဖွဲ့က ဖလမ်းမြို့ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် စစ်ဆေးရေးဂိတ်တွေ နဲ့ ကင်းပုန်းများစွာ ချထားတဲ့ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

မောတောင်အနီးရှိ ငါးနှစ်အောက် စစ်ဘေးရှောင်ကလေးများအတွက် သေးခံနှင့် နို့မှုန့်များ လိုအပ်

Source – Dawei Watch

စစ်အာဏာရှင်တပ်က မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နေရပ်မပြန်ရဲတာကြောင့် တောထဲတွင် စစ်ဘေးရှောင်နေတဲ့ မိသားစုတွေထဲမှ အသက် ငါးနှစ်အောက် ကလေးတွေအတွက် သေးခံနဲ့ နို့မှုန့် လိုအပ်နေတယ်လို့  စစ်ဘေးရှောင်တွေနဲ့ အကူအညီပေးနေတဲ့ အဖွဲ့တွေထံက သိရပါတယ်။

မေလမှစ၍ ဝေးလံတဲ့ တောထဲတွင် နေထိုင်နေရတာကြောင့် တစ်နှစ်အောက် ကလေးတွေအတွက် ဒိုင်ပါ(သေးခံပိုင်း)များ ဝယ်ယူရန် ရွာသို့ တစ်ရက်ခရီး သွားရပြီး၊ ရှိတဲ့ ဒိုင်ပါအရေအတွက်မှာလည်း နည်းပါးပြီး လုံလောက်မှုမရှိဘူးလို့ သုံးလအရွယ် ကလေးမိခင်တစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင် ၈၀၀ ကျော်တွင် ကိုယ်ဝန်ဆောင် ၁၀ ဦးကျော်နဲ့ ငါးနှစ်အောက် ကလေး ၄၀ ခန့်ရှိပြီး ကာကွယ်ဆေး၊ သန်ချဆေးနဲ့ အားဆေးများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများက ဆိုပါတယ်။ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေနဲ့ စစ်ဘေးရှောင်နေတဲ့ကာလအတွင်း ကာကွယ်ဆေး လုံးဝမထိုးရသလို အာဟာရဖြည့်စွက်စာများလည်း လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူကပြောပါတယ်။

တောထဲတွင် ရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေမှာ နေရပ်ပြန်ပါက စစ်အာဏာရှင်တပ်ရဲ့ စစ်မှုထမ်းဥပဒေကို ကြောက်ရွံ့သဖြင့် နေရပ်မပြန်ဘဲ တောထဲတွင် ဆက်လက်ရှောင်တိမ်းနေကြတယ်လို့ စစ်ဘေးရှောင်အများစုက ပြောပါတယ်။

တောင်ကြီး၌ အမျိုးသမီးငယ် ၂ ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု တာဝန်ယူဖြေရှင်းပေးရန် ပအိုဝ်းအဖွဲ့များ တောင်းဆို

Source – DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကောင်းမှုစဉ်ကျေးရွာ အနီးမှာ အမျိုးသမီးငယ် ၂ ယောက် အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်လို့ PNO/PNA ပအိုဝ်းပြည်သူ့စစ်အဖွဲ့ အနေနဲ့ တာဝန်ယူ တာဝန်ခံကာ အမှုမှန် ဖော်ထုတ်ပေးဖို့ ပအိုဝ်းအဖွဲ့အစည်း ၃ ဖွဲ့က ပူးတွဲ ထုတ်ပြန် တောင်းဆိုပါတယ်။

အောက်တိုဘာ ၂၆ ရက်က နန်းဟောင်းကျေးရွာအုပ်စု၊ ကောင်းမှုစဉ်ကျေးရွာ မြောက်ဘက်လယ်ကွင်းအနီးမှာ အသက် ၁၉ နှစ်အရွယ် နန်းအေးပေါနဲ့ အသက် ၁၅ နှစ်အရွယ် နန်းဟွမ်နွိုး တို့ရဲ့ ရုပ်အလောင်းတွေကို သေနတ်ဒဏ်ရာတွေနဲ့အတူ တွေ့ရှိခဲ့ရပြီးသေဆုံးသူ နန်းအေးပေါမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံထားရတဲ့ အခြေအနေ တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ ဖြစ်စဉ်ကို ကျူးလွန်သူမှာ PNA ပြည်သူ့စစ် တပ်ဖွဲ့ဝင် ခွန်ကျော်သူရမင်း ဖြစ်ကြောင်း PNO ဘက်က ထုတ်ပြန်ထားပြီး၊ PNO ဗျူဟာ (၆) မှ လိုက်လံ ရှာဖွေကာ အောက်တိုဘာလ ၂၆ ရက် ညပိုင်းမှာပဲ အဆိုပါ ပြစ်မှုကျူးလွန်သူကို ပစ်သတ်ခဲ့ပါတယ်။

ပအိုဝ်းအမျိုးသမီး သမဂ္ဂ (Pa-O Women’s Union)၊ ပအိုဝ်းလူငယ် အစည်းအရုံး (Pa-O Youth Organization) နဲ့တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ (DEMO) တို့က ပူးတွဲ ထုတ်ပြန်ခဲ့တဲ့ အဆိုပါ ကြေညာချက်မှာတော့ အမှုမှန် ပေါ်ပေါက်ရေး၊ ကျန်ရစ်သူ မိသားစုရဲ့ လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်ရေး၊ ပြစ်မှု ကျူးလွန်သူတွေအပြင် ကွပ်ကဲသူတွေကိုပါ ထိရောက်စွာ အရေးယူရေးနဲ့ PNO/PNA ခေါင်းဆောင်တွေအနေနဲ့ အလားတူ  ထပ်မဖြစ်စေဖို့ တာဝန်ယူ တာဝန်ခံရေးတို့ကို အဓိက တောင်းဆိုထားကြပါတယ်။

သိန္နီမြို့ လောင်းကစားကြွေးတင်သည့် အမျိုးသမီး နှစ်ဦး အဆိပ်သောက်သေဆုံး

Source – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်တွင် လောင်းကစားကြောင့် အကြွေးများပြီး မဆပ်နိုင်တဲ့အတွက် အမျိုးသမီး နှစ်ဦး အဆိပ်သောက်ကာ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားတဲ့  သိန္နီမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်မှ အောက်တိုဘာ ၃၁ ရက်ထိ သီတင်းကျွတ်ပွဲတော်ကို အကြောင်းပြပြီး လောင်းကစားဝိုင်းများ ဖွင့်လှစ်ခဲ့ရာလောင်းကစားဝိုင်းတွေကြောင့် လောင်းကစားကြွေး ကျပ်သိန်း ၁၀၀ ကျော် တင်ရှိခဲ့တဲ့ အမျိုးသမီး နှစ်ဦးမှာ ပြီးခဲ့တဲ့ ရက်တစ်ပတ်အတွင်း၌ အဆိပ်သောက်သေဆုံးခဲ့တာဖြစ်ပါတယ်။

ယခုနှစ် သီတင်းကျွတ်ပွဲတော်ကာလအတွင်း သိန္နီမြို့၌ လောင်းကစားဝိုင်းများကို ၆ ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး ပွဲတော်အတွင်း ဒေသခံများ လာရောက်လောင်းကစားသူ များပြားခဲ့သလို လက်ရှိ MNDAA ထိန်းချုပ်နယ်မြေဖြစ် လားရှိုးမြို့နယ် တွင်လည်း ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဖဲဝိုင်း၊ လေးကောင်ဂျင် စတဲ့ လောင်းကစားဝိုင်းတွေ ဖွင့်လှစ်နေတယ်လို့ လားရှိုးမြို့ ဒေသခံအမျိုးသားတဦးကပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း MNDAA က သိန္နီမြို့ကို ထိန်းချုပ်အုပ်ချုပ်လာတဲ့ကာလအတွင်း လောင်းကစားဝိုင်းများ မကြာခဏ ဖွင့်လှစ်လာပြီး ဒေသခံများမှာလည်း စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရပါတယ်။

ရခိုင် ၄ မြို့နယ် ဗုံးကြဲမှု မွေးကင်းစကလေးအပါအဝင် လူတစ်ဒါဇင် သေဆုံး

Source – Myanmar Now

AA ထိန်းချုပ်မြို့နယ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကျောက်ဖြူမြို့နယ်အတွင်းကိုပါ လေယာဉ်များက တစ်ရက်အတွင်း ဗုံးကြဲခဲ့၍ ဆေးခန်းရှိ မွေးကင်းစကလေးငယ်အပါအဝင် သေဆုံးထိခိုက်မှုများ ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနဲ့ ဝီရဌာနီ (ပေါက်တော) စတဲ့ မြို့နယ်တို့ကို အာဏာသိမ်းစစ်တပ်က နိုဝင်ဘာလ ၁ ရက်အတွင်း လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ ၁၂ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်တယ်။

ကျောက်တော်မြို့နယ် ဝါးတောင်နှင့် ပန်းဖဲချောင်းရွာအကြားရှိ ယိုးချောင်းတံတားကို ညနေ ၅ နာရီခွဲခန့်၌ ဗုံးကြဲခဲ့သောကြောင့် လမ်းသွားလမ်းလာ ခုနစ်ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သလို တချိန်တည်းမှာပင် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ရှိ ယာယီဆေးကုခန်းတစ်ခုကိုလည်း ဗုံးကြဲခံရပြီး မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးသေဆုံးကာ ကိုးဦးဒဏ်ရာရရှိသည်၊ ဆေးဝန်ထမ်း အချို့လည်း ဒဏ်ရာရရှိသည်။

မြောက်ဦးနှင့်ကျောက်တော်ကိုသာမက ကျောက်ဖြူမြို့နယ် စနဲမင်းပြင်ရွာတို့ကိုလည်း ယမန်နေ့ ညနေ ၅ နာရီခန့်က တိုက်လေယာဥ်နှစ်စီးဖြင့် ဗုံးကြဲခဲ့သောကြောင့် အမျိုးသမီး ငါးဦးနှင့်အမျိုးသား ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရပ်စောက်တွင် တရက်ကြာ ပျောက်ဆုံးနေသည့် ၈ နှစ်အရွယ် ကလေး သေဆုံးလျက် တွေ့ရှိ

Source – သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာအုပ်စု လင်းလေအင်းကျေးရွာမှ အသက် ၈နှစ်အရွယ် ကျောင်းသူတဦး ပျောက်ဆုံးခဲ့ပြီး သေဆုံးလျက်ပြန်တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်မှာ ယမန်နေ့ နိုဝင်ဘာလ ၃ရက်နေ့က အသက် ၈နှစ်အရွယ် မလှိုင်းဝတီမှာ ကျောင်းသို့သွားခဲ့ပြီး ကျောင်းဆင်းချိန် နေအိမ်သို့ ပြန်လည်မရောက်ရှိတဲ့အတွက် ဒေသခံတွေက ဝိုင်းဝန်းရှာဖွေခဲ့ရာ နိုဝင်ဘာလ ၄ရက်တွင် ကျေးရွာအနီးမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပြီး သေဆုံးရတဲ့အကြောင်းရင်းကို စစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။

ခေတ်ကာလပျက်ယွင်းနေမှုနှင့် ဥပဒေစိုးမိုးမှု အားနည်းမှုကို အခွင့်ကောင်းယူ၍ လူသတ်မှု မုဒိမ်းမှုတွေနဲ့ ပြန်ပေးဆွဲသတ်ဖြတ်မှုများ မကြာခဏ ဖြစ်လာသောကြောင့် လုံခြုံမှုမရှိတော့ဘူးလို့ ဒေသခံအမျိုးသမီးကပြောပါတယ်။

ယခုလက်ရှိ ရပ်စောက်မြို့နယ်မှာ စစ်ကော်မရှင်တပ် ၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် ( SSPP/SSA )တို့လှုပ်ရှားတဲ့ နယ်မြေဖြစ်ပါတယ်။

ကျမ်းစာကျောင်းကို စစ်တပ် ဗုံးကြဲ၍ ကျောင်းသူ ၃ ဦး သေဆုံး

Source – သံလွင်ခက်

ကရင်ပြည်နယ်၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေ ဘူးသိုမြို့နယ်၊ လယ်နာဒဲရွာရှိ ခရစ်ယာန် ကျမ်းစာကျောင်းတစ်ကျောင်းကို နိုဝင်ဘာလ ၃ ရက် ညနေပိုင်းက စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ မိန်းကလေးအဆောင်ကို ထိမှန်ပြီး ကျောင်းသူ ၃ ဦး သေဆုံးခဲ့က။

အဆိုပါ တိုက်ခိုက်မှုကြောင့် အခင်းဖြစ်ပွားရာ နေရာတွင်ပင် ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကာ၊ဒဏ်ရာရရှိသူတွေအနက် စိုးရိမ်ရသူ ၂ ဦးကို နိုဝင်ဘာလ ၄ ရက်တွင် သံလွင်မြစ်ကို လှေဖြင့် ဖြတ်ကျော်၍ ထိုင်းနိုင်ငံဘက်သို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီဖြင့် အရေးပေါ် ဆေးဝါးကုသရန် ပို့ဆောင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မယ်စမ်လပ် ကျေးရွာအုပ်စု ကျန်းမာရေးဌာနခွဲမှ အရေးပေါ်ကူညီရေးအဖွဲ့များက သွားရောက် ကူညီခဲ့သော်လည်း၊ စိုးရိမ်ရဒဏ်ရာရရှိထားသူ ၂ ဦးအနက် ၁ ဦးမှာ ဆေးရုံသို့ လွှဲပြောင်းရန် စောင့်ဆိုင်းနေစဉ် ထိုင်းဘက်အခြမ်း၌ ထပ်မံသေဆုံးသွားခဲ့သဖြင့် ဖြစ်စဉ်အတွင်း သေဆုံးသူ စုစုပေါင်း ၃ ဦးအထိ ရှိလာခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod က အုပ်ချုပ်ရေးသတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြပါတယ်။

မြန်မာအမျိုးသမီးလိဂ်မှာ အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ကာကွယ်ပေးမယ့်သူ မရှိဖြစ်နေ

Source – သံလွင်ခက်

မြန်မာအမျိုးသမီးဘောလုံးလောကမှာ ကစားသမားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေ ရှိနေပြီး ကာကွယ်ပေးမယ့်သူ မရှိဖြစ်နေတယ်လို့ အားကစားသမားဟောင်းတွေက ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြဝတီဘောလုံးကလပ်မှာ ကစားနေတဲ့ မြန်မာအမျိုးသမီးလိဂ် ကစားသမားတွေ လစာဖြတ်တောက်ခံရမှုနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ ထွက်ပေါ်လာပြီးနောက် အခုလို ဝေဖန်ပြောဆိုခဲ့ကြတာပါ။လစာဖြတ်တောက်မှုနဲ့ပတ်သက်ပြီး ကစားသမားတွေဘက်က မကျေနပ်ချက်တွေ ရှိနေသလို မြန်မာအမျိုးသမီးလိဂ် တာဝန်ရှိသူတွေနဲ့ လိဂ်ကော်မတီဘက်ကလည်း ကစားသမားတွေရဲ့ အခွင့်အရေးကို ထိထိရောက်ရောက် ကာကွယ်ပေးတာ မရှိဘူးလို့ အားကစားသမားဟောင်းတွေက ဝေဖန်ကြပါတယ်။

မြန်မာအမျိုးသမီးလိဂ်ဟာ ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ နိုင်ငံရဲ့ အဆင့်မြင့်ဆုံး အမျိုးသမီးဘောလုံးပြိုင်ပွဲဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးသမားတွေ မွေးထုတ်ပေးရာ အဓိကပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။

၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာတော့ အသင်း ၁၀ သင်းအထိ ပါဝင်ယှဉ်ပြိုင်နေပြီး မြဝတီအသင်းဟာလည်း အမျိုးသမီးလိဂ် ချန်ပီယံဆု သုံးကြိမ်ရရှိထားတဲ့ အောင်မြင်မှုရှိတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

လွယ်ယင်းတောင်ခြေတိုက်ပွဲမှာအသက် ၁၉ နှစ်အရွယ်PDFရဲဘော်အယ်ဗလင်းကျဆုံး

Source -People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော် DMOPDF အမှတ် (၁၁၀၂) တပ်ရင်းမှ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ အမျိုးသမီး ရဲဘော် အယ်ဗလင်း လွယ်ယင်းတောင်ခြေတိုက်ပွဲမှာ ကျဆုံးခဲ့ကြောင်းတပ်ရင်းက နိုဝင်ဘာလ ၅ ရက်မှာသတင်းထုတ်ပြန်ပါတယ်။

ရှမ်းတောင်-ကယား (ကရင်နီ) စစ်တိုင်း၊ နည်းဗျူဟာအမှတ် (၁၁) ကွပ်ကဲမှုအောက်ရှိ DMOPDF အမှတ် (၁၁၀၂) တပ်ရင်းက ရဲဘော်အယ်ဗလင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လွယ်ယင်းတောင်ခြေတိုက်ပွဲမှာ တာဝန်ထမ်းဆောင်ရင်းကျဆုံးသွားခဲ့ကာတပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ ရဲဘော်အယ်ဗလင်းဟာ ၂၀၀၈ ခုနှစ်ဖွားဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှ အသက် ၁၈ နှစ် ပြည့်ခဲ့တာ ဖြစ်ပြီး ကျဆုံးချိန်မှာ အသက် ၁၉ နှစ်ပဲရှိပါ​သေးတယ်။

​တော်လှန်ရေးအတွင်း ပေးဆပ်အနစ်နာခံမှုနဲ့ တာဝန်ထမ်းဆောင်ခဲ့မှုတွေအတွက် ရဲဘော်အယ်ဗလင်းကို ပြည်သူ့အာဇာနည် သူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ပြီး လေးစားစွာ ဦးညွှတ်ဂုဏ်ပြုကြောင်း တပ်ရင်း သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ထိုင်းရောက်မြန်မာအမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအများဆုံးကြုံနေရ

Source -BBC

ထိုင်းနိုင်ငံကို ရွှေ့ပြောင်းအလုပ်သမားအဖြစ်လာရောက်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီး ၆၃၉ ယောက်ကို ကောက်ယူထားတဲ့စစ်တမ်းအရ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခံရတာ ၅၄.၉ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးတွေအပေါ် အိမ်ထောင်ဖက်၊ လက်တွဲဖော်က ကျူးလွန်တဲ့ အကြမ်းဖက်မှု (IPV) နဲ့ပတ်သက်လို့ ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ ပြည်သူ့ကျန်းမာရေးသိပ္ပံကောလိပ်ကနေ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့စည်းမျဉ်းတွေနဲ့အညီ ကောက်ယူထားတဲ့ နောက်ဆုံးထုတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကိုယ်ထိလက်ရောက်အကြမ်းဖက်ခံရသူ ၁၉၁ ယောက်ခန့်ရှိပြီး ၂၉.၉ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံးဖြစ်ကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခံရတာကတော့ ၁၀၈ ယောက်နဲ့ ၁၆.၉ ရာခိုင်နှုန်းအထိရှိနေပါတယ်။ဒါအပြင် စိတ်ပိုင်းဆိုင်ရာရော ကိုယ်ထိလက်ရောက်ပါ နှစ်မျိုးစလုံးကျူးလွန်ခံရသူက ၁၅ ရာခိုင်နှုန်းရှိပြီး ပုံစံသုံးမျိုးစလုံး နဲ့ကျူးလွန်ခံရသူက ၁၁ ရာခိုင်နှုန်းအထိရှိတယ်လို့ သုတေသနပြုလုပ်သူ ကိုဉာဏ်လင်းက ပြောပါတယ်။

ကျူးလွန်ခံရတဲ့အမျိုးသမီးတွေဟာ လူမှုစီးပွားအခြေအနေ၊ စီးပွားရေးမပြေလည်မှုတွေကြောင့် ဖြစ်လာတဲ့စိတ်ဖိစီးမှုတွေ၊ လူမှုအသိုင်းအဝိုင်းကသတ်မှတ်ထားတဲ့စည်းမျဉ်းတွေနဲ့ မိသားစုအခြေအနေတွေကြောင့် ဒီအခြေအနေတွေကနေ လွတ်ဖို့ ခက်ခဲတယ်လို့ ဖြေဆိုထားကြပါတယ်။ဒီသုတေသနကို ၂၀၂၃ ခုနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာအထိ မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေထိုင်မှုများတဲ့ ဘန်ကောက်၊ စမွတ်ပရာကန်၊ ချင်းရိုင်၊ တာ့ခ်နဲ့ ဆူရတ်ဌာနီတို့မှာရှိတဲ့ အမျိုးသမီးတွေဆီ အချက်အလက်ကောက်ယူခဲ့တာပါ။

PDF သတင်းပေးဆိုပြီး ဂိတ်မှူးနဲ့ အမျိုးသမီးဝန်ထမ်း ၂ ဦးကို ထောင် နှစ် ၃၀ ကျော်ချမှတ်

Source – မြေလတ်အသံ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ကားကြီးကွင်းထဲက စစ်တပ်ဖမ်းဆီးထားတဲ့ ဘုရင်ယာဥ်လိုင်းက ဝန်ထမ်း ၃ ဦးဖြစ်တဲ့ ဂိတ်မှူး ကိုဇေယျာဝင်းကို ထောင်ဒဏ် ၅၄ နှစ်၊ စာရေးမဖြစ်သူ မအေးမြင့်ဆွေ (ခ) မဆွေဆွေနဲ့ မသိမ့်သိမ့်သူတို့ကို ထောင်ဒဏ် ၃၄ နှစ်စီ ရွှေဘိုခရိုင်တရားရုံကနေ ဒေသခံတွေနဲ့ မြို့နယ်ပကဖတာဝန်ရှိသူတွေဆီက သိရပါတယ်

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့မှာ စစ်တပ်အဖွဲ့ဝင်တွေဟာ ဘုရင်ကားဂိတ်ကို ဝင်စီးပြီး ဂိတ်မှူးအပါအဝင် ဝန်ထမ်း ၇ ဦးခန့်ကို ဖမ်းဆီးသွားပြီးနောက် ဂိတ်မှူး ကိုဇေယျာဝင်း၊ မအေးမြင့်ဆွေ (ခ) ဆွေဆွေနဲ့ မသိမ့်သိမ့်သူတို့ကိုသာ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ ည နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ သတင်းတွေကို ဝါဒဖြန်ချီပေးနေတဲ့ တယ်လီဂရမ်တွေမှာတော့ ပြစ်ဒဏ်ကျခံရသူ ၃ ဦးဟာ သူတို့ယာဥ်လိုင်းကို စီးနင်းတဲ့ အစိုးရဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို PDF တပ်ဖွဲ့တွေကိုပေးလို့ PDF က ဖမ်းဆီးတာလို့ စွပ်စွဲ ရေးသားထားကြပါတယ်။

ဘုရင်ယာဥ်လိုင်းဟာ ရွှေဘို-ရန်ကုန်၊ ရန်ကုန်-ပုသိမ်၊ ရန်ကုန်-မုံရွာ၊ မန္တလေး-ပုသိမ် လမ်းပိုင်းတွေမှာ ခရီးသည်တင်ပြေးဆွဲနေတဲ့ ယာဥ်လိုင်းဖြစ်တယ်လို့ သိရပါတယ်။