ဆုံမှတ်

ကမ္ဘာစိုးမင်း

//ချိုးလင်းပြာ အမျိုးသမီးစာစောင်၊ အမှတ် ၅/၂၀၀၇ ခုနှစ်၊ ဇူလိုင်လ၊ Volume (44) July, 2007 က ကဗျာကို ပြန်လည်ဖော်ပြသည်။//

အမေ

နေကောင်းပါရဲ့လား အမေ

ခြံနံပါတ် ၅၄ ကို

အမေလက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို

တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်

စောင့်နေဆဲပါ အမေ …။

ရှိပါတယ်အမေ

ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်

သူတို့လည်း နေကောင်းကြပါရဲ့

တချို့ကတော့

နိုင်ငံသားပြောင်းလဲခံယူရင်း

မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ

ဇာတိမြေကို အလည်အပတ်ပြန်တိုင်း

‘အရင်အတိုင်းပဲနော်’ လို့

ဝတ်ကျေတန်းကျေနှုတ်ဆက်

စျေးဝယ်မပျက်ကြပါဘူး

တချို့ကတော့

ဒုက္ခသည်ယောင်ဆောင်ရင်း

(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့

နယူးယောက်ကနေ

အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့ …။

အမေ့ပါတီလည်း ရှိပါသေးတယ် အမေ

တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော

ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့

ကြေညာချက်မထုတ်တော့တာကလွဲရင်

အရင်လို ခမ်းခမ်းနားနားပါပဲ အမေ

ရန်ကုန်ကတော့ ချူချာရှာတယ်အမေ

ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်

မီးစက်မောင်းသံတွေကြားက ‘စခန်းခဏလိုက်ခဲ့ပါ’ ခေါ်လိုခေါ်

ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်

တချို့က ထမင်းမချက်နိုင်တော့

ထမင်းရည်ဝယ်သောက်ကြရတယ် အမေ…။

ဘာပဲပြောပြော အမေ

ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး

သူတို့နှစ်ဦးလောက်တော့

ဘယ်သူမှ အလုပ်မများဘူးလေ

အမေ

အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်

ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊

ရွေးကောက်ပွဲ၊ နေပြည်တော်

ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်

အပြောင်းအလဲတွေကတော့

အများကြီးပေါ့အမေရယ်

ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက

နိုင်ငံခြားသားလုပ်ပြီး ပြန်လာ

ဇာတိကို ရွံရှာသလိုလိုနဲ့ ပြန်ကြည့်

မချိပေမယ့် မပြောသာပါဘူး အမေ

ကျွန်တော်တို့က နိမ့်ပါးချိန်ကို …

အမေ

ကျွန်တော်တို့ တိုက်ပွဲမှာ

ခဏခဏကျဆုံးပေးနေရတာက

ပြက္ခဒိန်စာရွက်တွေပါ အမေ

ဟောတစ်ရွက် ဟောတစ်ရွက်နဲ့

ဆုတ်ဖြဲပစ်နေလိုက်ကြတာ

အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ

ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ

အမေ

ပြောကြည့်ပါရစေ

ကျွန်တော်မျှော်လင့်နေတာကလေး

ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်

ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်

အစည်းအဝေးလည်း တက်ချင်မှတက်ရလိမ့်မယ် အမေ

ဒါပေမဲ့

နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့

ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့

နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့

ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့

အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့

အဲဒီနေ့ကိုပါ အမေ

ကျွန်တော်လဲသွားရင် အမေထူပေးပါ

အမေ့အားနဲ့ မနေမနားကြိုးစားစမ်းပါ့မယ်

ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။