ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူတို့ ၅နှစ်ကျော်ကြာပြီး နောက် စကားပြောခွင့်ရ
ဒေဝီ
ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခေါ်)ကင်မ်အဲရစ်တို့ ၅နှစ်ကျော်ကြာပြီးမှ ပထမဆုံးအကြိမ် စကားပြောခွင့်ရခဲ့တယ်လို့ ကင်မ်အဲရစ်က အောက်တိုဘာ၂၂ရက်က သူ့ရဲ့ လူမှုကွန်ရက်ကနေ အသိပေးပြောဆိုခဲ့သလို အာဏာသိမ်းအစိုးရကလည်း ဓာတ်ပုံနဲ့တကွထုတ်ပြန်ခဲ့ပါတယ်။
“ဒီနေ့ ၅နှစ်ကျော်ကြာပြီးမှ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ မေမေ့အသံကို ပြန်ကြားရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိပါတယ်” လို့ ကင်မ်က ရေးသားခဲ့ပါတယ်။
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၄င်းဘက်မှ ရပ်တည်အားပေးကြသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ မိခင်ဖြစ်သူ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေး ဖို့လည်း တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းပြီး သံတမန်ရေး အသိအမှတ်ပြုမှု၊ ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ပေးရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အပေးအယူလုပ်ရာမှာ အသုံးမချသင့်ဘူးလို့ ကင်မ်အဲရစ်က ရေးသားထားပါတယ်။
သားဖြစ်သူ ကင်မ်အဲရစ်က မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှားရှိနေသေးကြောင်းသက်သေပြဖို့ Proof Of Life ကမ်ပိန်းအပြင် မိခင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ဖို့ အတွက် Free Her ကမ်ပိန်းတွေကိုပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်က ဗြိတိန်ဘုရင် ချားလ်စ်က ဒေါ်အောင်ဆန်းစုကြည် ကို စာအုပ် ၂ အုပ်နဲ့ အိတ်ပိတ် စာတစောင်နဲ့ သံတမန်ရေးရာစာတစောင်ပေးပို့ခဲ့တယ်လို့ တအိတ် ပေးပို့ခဲ့ပါသေးတယ်။
၂၀၂၆ သြဂုတ်လက ICRC ကိုယ်စားလှယ်တဦးနဲ့တွေ့ဆုံခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့သလို၊ အာဆီယံက ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွှတ်ပေးဖို့တောင်းဆိုခဲ့ပေမယ့် စစ်အုပ်စုက ပယ်ချခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ရက်ကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ လက်ရှိမှာ ထိန်းသိမ်းခံထားရတာ ၆နှစ်နီးပါး ရှိလာပြီဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကင်မ်အဲရစ် တို့ အောက်တိုဘာလ ၂၂ ရက်၊ နေ့လယ် ၂ နာရီခွဲအချိန်ကစပြီး ၂နာရီ ၅၀ အထိ မိနစ်၂၀ အကြာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မြန်မာသံရုံးက တဆင့် တယ်လီဖုန်းပြောဆိုခဲ့တယ်လို့ အာဏာသိမ်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။











