စစ်ပွဲဒဏ်က ပြေးလွတ်ပေမဲ့ ယောက်ျားရဲ့ လက်သီးက လွတ်အောင် မပြေးနိုင်ခဲ့ဘူး
ရှင်ငြိမ်း
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ကနီ-ယာကြီးလမ်းပိုင်းရှိ စစ်ဘေးရှောင်စခန်းတခုရဲ့ တဲငယ်လေးအတွင်းမှာတော့ အသက် ၂၉ နှစ်အရွယ် မသက်မိုးတယောက် ကြီးမားလှတဲ့ အန္တရာယ် ၂ခုကြားမှာ အသက်ရှူရ ကြပ်နေပါတယ်။
တခုက မကြာခဏဆိုသလို ဗုံးကြဲချလေ့ရှိတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေဖြစ်ပြီး၊ နောက်ထပ် အန္တရာယ်တခုက တော့ အဲ့ဒီ စစ်ပွဲနည်းတူ ကြောက်စရာကောင်းတဲ့ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်တယ်။
အိမ်တွင်းအကြမ်းဖက်မှုဆိုတာ လူတဦးတယောက်အပေါ် အိမ်ထောင်ဖက်၊ မိသားစုဝင်တဦးဦးက စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းနဲ့ စီးပွားရေးဆိုင်ရာ ပြင်းပြင်းထန်ထန် အကြမ်းဖက်နှိပ်စက်ခြင်းကို ဆိုလိုတာပါ။
ခင်ပွန်းဖြစ်သူဟာ မသက်မိုးရဲ့ မျက်နှာ၊ ဦးခေါင်း၊ ရင်ဘတ်နဲ့ ကျောကုန်းစတဲ့ နေရာတွေကို ဆောင့်ကန်တာ၊ ကြမ်းတမ်းစွာ ဆဲဆိုတာနဲ့ ဆံပင်ဆွဲ ပါးရိုက်တာတွေကို နေ့စဉ်ကျူးလွန်နေပြီး သူ့အတွက်တော့ နေ့စဉ် ရင်ဆိုင်နေရတဲ့ အိပ်မက်ဆိုးတွေလို့ ဆိုနိုင်ပါတယ်။
“စစ်ပွဲတွေ၊ ဗုံးဒဏ်၊ လက်နက်ကြီးဒဏ်ကနေ လွတ်အောင်ပြေးနိုင်ခဲ့ပေမဲ့ ယောက်ျားရဲ့ လက်သီးက လွတ်အောင်တော့ မပြေးနိုင်ခဲ့ဘူး”လို့ မသက်မိုးက သူကြုံရတဲ့ ဘဝကို ရင်ဖွင့်ပါတယ်။
မသက်မိုးဟာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယာကြီးရွာဇာတိဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တုန်းက စစ်တပ်က လေယာဉ်အပြင် ပါရာမော်တာတွေပါ သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အခုလက်ရှိနေထိုင်တဲ့ စစ်ရှောင်စခန်းကို ရောက်ရှိလာခဲ့သူပါ။
စစ်ဘေးရှောင်စခန်းဆိုတာ သေနတ်သံတွေနဲ့ လက်နက်ကြီး အန္တရာယ်တွေဆီကနေ လွတ်မြောက်ဖို့ ပြေးဝင် ခိုလှုံရတဲ့ နေရာတခုဖြစ်ပေမဲ့ မသက်မိုးလို အမျိုးသမီးအချို့အတွက်တော့ ပြင်ပစစ်ပွဲထက် ပိုမိုဆိုးရွားတဲ့ အသံတိတ်စစ်ပွဲကို သူတို့ ခိုလှုံရာ တဲငယ်ထဲမှာပဲ ထပ်ဆင့်ရင်ဆိုင်နေကြရပါတယ်။
အိမ်ထောင်သက်ကြာလာရင် ညှဉ်းပန်းခံရမှုတွေ လျော့နည်းသွားမလားဆိုတဲ့ မသက်မိုးရဲ့ မျှော်လင့်ချက်ဟာ လည်း လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။
အိမ်ထောင်ကျစက မိဘတွေ သဘောမတူခဲ့တာကို စိတ်နာပြီး နှစ်ပေါင်းများစွာ နှိပ်စက်ခဲ့တဲ့ ခင်ပွန်းဖြစ်သူရဲ့ အပြုအမူတွေဟာ အိမ်ထောင်သက် ၇ နှစ်အတွင်းမှာ ပိုပြီးတော့ ရက်စက်လာခဲ့တယ်။
“သူရိုက်လို့ ထွက်ပြေးရင် ပိုဆိုးတယ်၊ ပြေးတဲ့နေရာကနေ ဆံပင်ဆွဲခေါ်တာ၊ တားရင် တားတဲ့သူကိုပါ ရန်လုပ် တယ်၊ သူပေးတဲ့ ဒဏ်ရာတွေက အပြင်မှာ မြင်ရရုံတင် မဟုတ်ပါဘူး၊ ရင်ထဲမှာပါ စွဲနေတာပါ၊ ဘယ်လောက်ပဲ နှစ်တွေကြာပါစေ အဲဒီဒဏ်ရာတွေကို ကျမ အကုန်မှတ်မိနေတယ်” လို့ မသက်မိုးက ဝမ်းနည်းစွာ ရှင်းပြပါတယ်။
ခင်ပွန်းဖြစ်သူရဲ့ နှစ်ပေါင်းများစွာ ရိုက်နှက်မှုကြောင့် မသက်မိုးရဲ့ ပေါင်နဲ့ ကျောကုန်းတွေမှာ အညိုအမဲစွဲနေသလို၊ မျက်နှာကို ပြင်းထန်စွာ အထိုးခံရတာကြောင့် သွားတွေပါ ကျွတ်ထွက်ခဲ့ရတာဖြစ်တယ်။
ဒါတွေကို မခံမရပ်နိုင်တော့လို့ ကွာရှင်းပေးဖို့ တောင်းဆိုတဲ့အခါမှာလည်း ထပ်ပြောရင် သတ်ပစ်မယ်လို့ ခြိမ်း ခြောက်တာကြောင့် ဘာမှမပြောရဲဘဲ ကြိတ်မှိတ်သည်းခံနေခဲ့ရတယ်။
စစ်မဖြစ်ခင်ကတော့ ခင်ပွန်းဖြစ်သူ ကိုသောင်းထိုက်နဲ့ မသက်မိုးတို့ မိသားစုဟာ လယ်ယာလုပ်ငန်းနဲ့ ရိုးရိုးသား သား အသက်မွေးဝမ်းကျောင်းပြုခဲ့ကြသူတွေဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူ ကိုသောင်းထိုက်ဟာ အရက်နဲ့ မူးယစ်ဆေး မစွဲပေမဲ့ အပေါင်းအသင်း ခုံမင်သူဖြစ်ပြီး အပေါင်း အသင်းတွေ သွေးထိုးပေးတိုင်း ဇနီးဖြစ်သူအပေါ် ရန်ပြု သဝန်တိုတတ်သူ ဖြစ်တယ်။
အိမ်ထောင်ကျပြီး ပထမဆုံး ကိုယ်ဝန်လွယ်ရချိန်ကတည်းက စတင်ခဲ့တဲ့ သဝန်တို စွပ်စွဲမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ နောက်ပိုင်းမှာ ရိုက်နှက်နှိပ်စက်တဲ့အထိ ဆိုးရွားလာခဲ့ပါတယ်။
စခန်းကို ရောက်ရှိလာချိန်မှာ ကိုသောင်းထိုက်ဟာ အရက်သောက်လာလေ့ရှိပြီး မူးလာရင် မသက်မိုးကို ဖောက်ပြန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တုတ်တွေ့ရင် တုတ်နဲ့၊ ဘာမှမရှိရင် ခြေထောက်နဲ့ကန်၊ လက်သီးနဲ့ထိုးပြီး နှိပ်စက်လာခဲ့ပါတော့တယ်။
“စခန်းရောက်တော့ ပိုဆိုးတာက ကလေးတွေရှေ့တောင် မရှောင်ဘဲ အဓမ္မပြုကျင့်တာပါပဲ၊ ကျမ ဘေးခန်းတွေ ကို အရမ်းရှက်လည်းရှက်၊ အားလည်းနာရတယ်၊ အခု ကိုယ်ဝန်ဆိုတာလည်း သူ အဓမ္မပြုလို့ ရခဲ့တာ” လို့ မသက်မိုးက ရင်ဖွင့်ပါတယ်။
လက်ရှိမှာ မသက်မိုးဟာ ကလေး ၂ယောက်ရဲ့ မိခင်ဖြစ်ရုံမက ၄ လအရွယ် ကိုယ်ဝန်ကိုလည်း လွယ်ထားရသူပါ။
“လင်နဲ့ မယားပဲ သည်းခံလိုက်” ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ ဖြောင်းဖျစကားတွေ၊ ကလေးတွေ စိတ်ဒဏ်ရာရမှာ စိုးရိမ်တာတွေနဲ့ ဘယ်သူ့ဆီ သွားရောက်တိုင်ကြားရမှန်း မသိတာတွေကြောင့် အိမ်ထောင်သက် ၇ နှစ်လုံးလုံး မသက်မိုးတယောက် မျိုသိပ်သည်းခံခဲ့ရတယ်။
စစ်ရှောင်စခန်းမှာ တဲခန်းတွေက ကပ်နေတဲ့အတွက် မသက်မိုး အရိုက်ခံရတိုင်း မနေနိုင်သူအချို့က လာရောက် ဖြန်ဖြေ ဆွဲခေါ်ပေမဲ့ ဒါလင်မယားကိစ္စလို့ဆိုပြီး ကိုသောင်းထိုက်က ရန်လုပ်တာကြောင့် နောက်ပိုင်း ဘယ်သူမှ လာမတားဆီးတော့ပါဘူး။
စခန်းရှိ သက်ဝါကြီးသူတွေကို သွားရောက်တိုင်ကြားတဲ့အခါမှာလည်း “စစ်ရှောင်နေရတဲ့ကြား ရဲတွေ၊ တရားရုံး တွေလည်း မရှိဘူး၊ ငြိမ်ငြိမ်နေကြ၊ နောက်မလုပ်နဲ့” လို့ သတိပေးရုံမျှသာ ဆုံးမနိုင်ခဲ့တယ်။ ဒဏ်ရာဒဏ်ချက် များစွာနဲ့ အိမ်ထောင်ရေးကို မသက်မိုးတယောက် ရှေ့မဆက်ချင်တော့ပါဘူး။
“ကျမရဲ့အရှက်နဲ့ စိတ်ခန္ဓာကိုယ်ကို အနာတရ၊ ဒဏ်ရာရအောင်လုပ်နေတဲ့ သူ့ကို မပေါင်းချင်တော့ဘူး၊ ဒီထက် သည်းခံ ဆက်နေရရင် ကျမ သေသွားလိမ့်မယ်” လို့ မသက်မိုးက ဆိုပါတယ်။
ဒါပေမဲ့ စစ်ပွဲတွေကြားမှာ မသက်မိုးတယောက် ဒီငရဲကနေ ရုန်းထွက်ဖို့ အခက်အခဲများစွာ ရှိနေဆဲပါ။ စစ်ပွဲရဲ့ ရိုက်ခတ်မှုနဲ့ တရားဥပဒေစိုးမိုးမှု မရှိတဲ့ စစ်ရှောင်စခန်းထဲမှာ အိမ်တွင်းအကြမ်းဖက်မှုရဲ့ သားကောင် ဖြစ်နေရ သူဟာ မသက်မိုး တယောက်တည်းတော့ မဟုတ်ပါဘူး။
ဒီလို ခါးသီးလှတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကို တယောက်တည်း ကြိတ်မှိတ်သည်းခံရင်း အသက် ၃၆ နှစ် အရွယ်မှာပဲ အသက်ဆုံးရှုံးခဲ့ရသူကတော့ ကရင်ပြည်နယ်၊ သထုံမြို့က မဌေးဌေး ဖြစ်တယ်။
၂၀၂၁ ခုနှစ် အစောပိုင်းကတည်းက စစ်ပွဲတွေကြောင့် ရွှေ့ပြောင်းစစ်ရှောင်ရင်း ရုန်းကန်ခဲ့ရသူ မဌေးဌေးဟာ အိမ်ထောင် သက် ၁၇ နှစ်ကျော်ရှိပြီး ကလေး ၅ ယောက်မိခင်ပါ။
သူတို့ မိသားစုဟာ စစ်မဖြစ်ခင်က ခင်ပွန်းဖြစ်သူ ကိုစောထွန်း ထိုင်းနယ်စပ်ကနေ ကုန်သယ်ပြီး ပြည်တွင်းမှာ ပြန်ရောင်းချတဲ့လုပ်ငန်း လုပ်ကိုင်ခဲ့သူဖြစ်တယ်။
ဒါပေမဲ့ အိမ်ထောင်ကျစကတည်းက ယောက္ခမဖြစ်သူ (ကိုစောထွန်းရဲ့ မိခင်)က ငွေကြေးအပါအဝင် အိမ်ထောင် တစုလုံး ကို စီမံအုပ်ချုပ်နေတာကြောင့် မဌေးဌေးမှာ စိတ်ဆင်းရဲစရာတွေနဲ့ ဘဝကို စတင်ခဲ့ရပါတယ်။
မဌေးဌေးဟာ မိဘမဲ့တယောက်ဖြစ်ပြီး မောင်နှမ ၇ ယောက်ကို ဦးဆောင်စောင့်ရှောက်ရသူဖြစ်တာကြောင့် ကိုစောထွန်းနဲ့ အိမ်ထောင်ကျချိန်မှာ နွမ်းပါးသူဆိုပြီး ယောက္ခမအသိုင်းအဝိုင်းက မကြည်ဖြူဘဲ နှိပ်စက်ခံခဲ့ရ တယ်။
မဌေးဌေးရဲ့ ညီမဖြစ်သူ မချိုချိုက “မမက ဆင်းရဲပြီး ပညာမတတ်တော့ အိမ်မှာ အိမ်ဖော်လို နေခဲ့ရတာပါ၊ မောင်နှမတွေနဲ့လည်း ပေးမတွေ့ဘူး၊ အိမ်က ပစ္စည်းတွေ ခိုးပေးမှာစိုးလို့တဲ့၊ စားစရာဆိုရင်လည်း သူတို့ ကျွေးသလောက်ပဲ စားရပြီး၊ လိုအပ်လို့ ငွေ တောင်းရင်လည်း မရှိဘူးဆိုပြီး ဘယ်တော့မှ မပေးဘူး”လို့ ရင်ဖွင့် ပါတယ်။
မဌေးဌေးကို မောင်နှမတွေနဲ့ ပေးမတွေ့သလို၊ ခိုးတွေ့ခဲ့ရင်လည်း အိမ်ပစ္စည်း ခိုးပေးတယ်လို့ စွပ်စွဲခံရတာ၊ ကိုယ်ဝန်ရလာတော့ အိမ်မှာ ခိုင်းစရာလူမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မဌေးဌေးကို ကလေးမွေးမယ့်အချိန်ထိ အိမ်အလုပ်တွေ ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။
ဒီအကြောင်းတွေကို ခင်ပွန်းဖြစ်သူထံ ပြောပြတဲ့အခါမှာလည်း သားနဲ့ မိခင်ကြား ရန်ုတိုက်ပေးတယ်လို့ စွပ်စွဲခံခဲ့ ရပြန်ပါတယ်။ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတော့ ကိုစောထွန်းရဲ့အိမ်နဲ့ စီးပွားရေးလုပ်ကိုင်ရာ နေရာလည်း ဗုံးကြဲခံခဲ့ရတာကြောင့် စစ်ရှောင်စခန်းမှာ ကြုံရာကျပန်း အလုပ်သမားဘဝကို ရောက်ခဲ့ရတယ်။
ဒီလိုနဲ့ အလုပ်မဆင်ပြေတာနဲ့ ပင်ပန်းတယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ အရက်ကို စွဲစွဲမြဲမြဲ သောက်လာပြီး ဒေါသတွေကို မယားနဲ့ ကလေးတွေပေါ် ပုံချကာ ရိုက်နှက်နှိပ်စက်လာတာပါ။
“အဝတ်အစားလျှော်တာ မသန့်လို့၊ ထမင်းဟင်း မနပ်လို့ဆိုပြီး အကြောင်းရှာ ရိုက်တယ်၊ ခြေထောက်နဲ့ ကန် တယ်၊ ရေ ထည့်ထားတဲ့ ကန်ထဲ ခေါင်းနစ်သတ်တာ၊ ညအိပ်ရင် လည်ပင်းထညှစ်တာတွေပါ လုပ်တာ”လို့ မဌေးဌေးရဲ့ ညီမဖြစ်သူက ဆိုပါတယ်။
မောင်နှမတွေနဲ့တွေ့တိုင်း မဌေးဌေးက သူရရှိထားတဲ့ ဒဏ်ရာတွေနဲ့ စိတ်ဆင်းရဲစရာ ဘဝအခြေအနေကို ရင်ဖွင့်လေ့ရှိတာကြောင့် မချိုချိုတို့ မောင်နှမတွေ ဒီဖြစ်စဉ်ကို သိရှိခဲ့ရတာဖြစ်တယ်။
ကိုစောထွန်းဟာ အရက်မူးလာတိုင်း ရိုက်နှက်ဆဲဆိုရုံတင်မက ဓားနဲ့ ပစ်ပေါက်တာ၊ လက်နဲ့ ခြေထောက်တွေကို ပလာယာနဲ့ ညှပ်တာ၊ ဓားမရိုးနဲ့ ရိုက်လို့ ခေါင်းကွဲတာစတဲ့ ရက်စက်မှုတွေကိုပါ ပြုလုပ်လာခဲ့တာပါ။
အိမ်နီးချင်းအချို့ကို တိုင်ပင်ပြောပြတော့လည်း “တခုလပ်၊ တလင်ကွာ ဆိုတာ ရှက်စရာကောင်းတယ်”ဆိုတဲ့ အယူအဆ တွေကြောင့် မဌေးဌေးကိုယ်တိုင်လည်း ဒါကို အိမ်တွင်းအကြမ်းဖက်မှုလို့ မထင်ဘဲ လင်မယားကြား သာမန်ဖြစ်စဉ်လို့သာ ထင်မှတ်ခဲ့ပါတယ်။
မဌေးဌေးဟာ စစ်ဘေး ဒဏ်ရာတွေကြားမှာ ခင်ပွန်းဖြစ်သူ ကိုစောထွန်းနဲ့ ယောက္ခမဖြစ်သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှု ဒဏ်ရာဒဏ်ချက် အကြီးအကျယ် ရရှိခဲ့တာကြောင့် နောက်ဆုံးမှာတော့ အသက်ဆုံးရှုံး ခဲ့ရတယ်လို့ ညီမဖြစ်သူက ဆိုပါတယ်။
“မမက ကွာရှင်းချင်ခဲ့တာပေါ့၊ ဒါပေမဲ့ ဘယ်သွားတိုင်ရမှန်းလည်း မသိဘူး၊ ကွာပြီးရင် ကလေးတွေနဲ့ ဘယ်မှာ သွားနေမလဲ၊ ဘာလုပ်စားမလဲဆိုတာတွေ ပူပြီး သည်းခံနေခဲ့တာပါ၊ ဒါပေမဲ့ သူ ဘယ်လောက်ထိ ကြိတ်ခံနေရလဲ မသိဘူး၊ ဘာရောဂါမှ မရှိဘဲနဲ့ ဆုံးသွားခဲ့တာ”လို့ ညီမဖြစ်သူက ပြောပြပါတယ်။
မသက်မိုးနဲ့ မဌေးဌေးတို့လိုပဲ အလားတူ လင်ယောက်ျားရဲ့ အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကို ငြိမ်ခံနေရသူ နောက်တယောက်ကတော့ မကွေး တိုင်း၊ မြိုင်မြို့နယ်၊ ညောင်ကုန်းရွာသူ အသက် ၃၅ နှစ်အရွယ် မသန်းသန်းဝင်း ဖြစ်တယ်။
ညောင်ကုန်းရွာသားတွေဟာ စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ကုန်ပိုင်း ကတည်းက ဒီနေ့ထိ နေရပ်မပြန်နိုင်ဘဲ ကာလရှည် စစ်ဘေးရှောင်နေကြရသူတွေပါ။
မသန်းသန်းဝင်း အပါအဝင် ရွာသားအများစုဟာ ရွာနဲ့ဝေးတဲ့ တောစပ်တွေမှာ ယာယီတဲလေးတွေထိုးပြီး ခိုလှုံနေ ကြရပါတယ်။
စစ်ရှောင်နေရတာ ၁ နှစ် မပြည့်သေးပေမဲ့ ကျောင်းနေအရွယ် ကလေး ၃ ယောက်ရဲ့ မိခင် မသန်းသန်းဝင်း အတွက်တော့ အိမ်ထောင်ဖက်ရဲ့ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုကို လွန်ခဲ့တဲ့ ၁၃ နှစ်လောက်ကတည်းက စတင်ခံစားခဲ့ရတာပါ။
မသန်းသန်းဝင်းရဲ့ ခင်ပွန်းဟာ လယ်အငှားလုပ်ကိုင်ပေမဲ့ ရလာတဲ့ဝင်ငွေကို ဇနီးဖြစ်သူထံ တပြားတချပ်မှ မပေး ဘဲ ဖဲဝိုင်းမှာ ဖြုန်းတီးနေခဲ့တယ်။ ဒါကြောင့် မသန်းသန်းဝင်းကပဲ ကလေးတွေ စားဝတ်နေရေးအတွက် တနေ့ကို အလုပ် ၃၊ ၄ ခု အထိ ပြောင်းလဲလုပ်ကိုင်ရင်း ငွေကြေးရှာဖွေခဲ့ရတာပါ။
မသန်းသန်းဝင်းဟာ နေ့စားအလုပ်သမားအဖြစ် စုဆောင်းထားတဲ့ ငွေကြေးလေးနဲ့ ကိုယ်ပိုင်အရင်းအနှီးပြုကာ ဈေးရောင်းချင်ခဲ့သူလည်း ဖြစ်တယ်။
“နေ့တိုင်း ကျမ ဘယ်သွားလဲ၊ ဘာလုပ်လဲဆိုတာ စစ်တယ်၊ ရတဲ့ငွေထဲက နည်းနည်းလေး လျော့တာနဲ့ ‘လင် ငယ်ပေးတာလား အဲ့လို စိတ်ထဲ မခံမရပ်နိုင်ဖြစ်အောင် စကားလုံးတွေနဲ့ နှိပ်စက်တာ၊ အများမြင်ရင်တော့ သူက လူကောင်း၊ ကျမ အတွင်းစိတ်ကို သတ်နေတာတော့ ဘယ်သူမှ မမြင်ဘူး”လို့ မသန်းသန်းဝင်းက ဝမ်းနည်းတဲ့ လေသံနဲ့ ရှင်းပြပါတယ်။
ဒီလိုနဲ့ နဂိုကတည်းက ခက်ခဲနေတဲ့ စစ်ရှောင်ဘဝမှာ မသန်းသန်းဝင်းအတွက် ခင်ပွန်းဖြစ်သူရဲ့ ဖိနှိပ်ချုပ်ချယ်တာ တွေဟာ ပိုလို့တောင် ဆိုးရွားလာခဲ့တယ်။ မိသားစု စားဝတ်နေရေးအတွက် တာဝန်မယူရုံတင်မကဘဲ ဇနီးဖြစ်သူရဲ့ လွတ်လပ်စွာ လုပ်ကိုင်ခွင့်နဲ့ ကိုယ်ပိုင်ဝင်ငွေ ရှာဖွေခွင့်တွေကိုပါ ပိတ်ပင်လာခဲ့ပါတယ်။
“နောက်ပိုင်းတော့ ကျမကို အပြင်ထွက် အလုပ်လုပ်ခွင့်ပါ လုံးဝ ပိတ်ပင်လိုက်တာပါ၊ ကလေးတွေ စားသောက်ဖို့ ကိုယ်တိုင်ရုန်းကန်ရှာဖွေချင်တယ်၊ ဒါပေမဲ့ အပြင်ထွက်တာနဲ့ အမျိုးမျိုး အကြောင်းရှာ စိတ်ကို နှိပ်စက်တယ်၊ သူ့ စကားတွေကို နားမထောင်နိုင်တော့လို့ သေလိုက်ချင်တာမျိုးဖြစ်မိတယ်လို့ မသန်းသန်းဝင်းက ရင်ဖွင့်ပါတယ်။
ဒါတင်မကသေးဘဲ မသန်းသန်းဝင်း စုဆောင်းထားတဲ့ ငွေကြေးအနည်းငယ်ကိုပါ ခင်ပွန်းဖြစ်သူက အဓမ္မသိမ်းယူ သွားခဲ့ပြီး၊ မိသားစု စားဝတ်နေရေးအတွက် ငွေတောင်းခံတဲ့အခါတိုင်းမှာလည်း လုံးဝမပေးတဲ့အပြင် ဆဲဆို ကြိမ်းမောင်းတာတွေလုပ်ခဲ့ပါတယ်။
ယာယီစစ်ရှောင်စခန်းတွေက အတည်တကျဖွင့်ထားတာမဟုတ်ဘဲ အဆင်ပြေသလို နေထိုင်ရတာကြောင့် စခန်းတာဝန်ခံ မရှိတဲ့အတွက် တိုင်ကြားဖို့ဆိုတာ မဖြစ်နိုင်ခဲ့ပါဘူး။
ဒီလို မိသားစုအတွင်း အကြမ်းဖက်နှိပ်စက်မှုဒဏ်ကို ခံနေရတဲ့ အမျိုးသမီးအများအပြားဟာ မသန်းသန်းဝင်းလိုပဲ အမှုဖွင့်တိုင်ကြားခြင်းမရှိကြဘူးလို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
အမျိုးသမီးအများစုဟာ ကိုယ်ပိုင်ဝင်ငွေ မရှိတာ၊ အိမ်ထောင်ကွဲရင် “တလင်ကွာ” ဆိုပြီး လူမှုအသိုင်း အဝိုင်းရဲ့ ကဲ့ရဲ့ ပြစ်တင်တာတွေကို စိုးရိမ်တာ၊ ကလေးတွေ စိတ်ဒဏ်ရာရမှာကို ပူပန်တာတွေကြောင့် အရာရာကို ကြိတ်မှိတ်သည်းခံ အလျှော့ပေးနေကြရတာကို တွေ့ရပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဒေါ်သင်းသင်းနွယ်က “အမျိုးသမီးအများစုက ကိုယ့်လင် ယောက်ျားက ရိုက်ရင် အကြမ်းဖက်တာလို့ မမြင်ကြဘူး၊ ဥပဒေလည်း မသိတော့ ဒါကို ဖြစ်ရိုးဖြစ်စဉ် လို့ပဲ ထင်တာ၊ အဲ့လိုတွေကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုများလာတာပါ” လို့ သုံးသပ်ထားပါတယ်။
အဓိကအားဖြင့် ပညာပေးတာတွေကို အင်တိုက်အားတိုက် လုပ်ဆောင်ဖို့လိုသလို၊ ကျူးလွန်တဲ့ အမျိုးသားတွေ ကိုလည်း စံနမူနာဖြစ်အောင် ထိရောက်တဲ့ ပြစ်ဒဏ်တွေ ပေးဖို့လိုတယ်လို့လည်း ထောက်ပြပါတယ်။
ဒါ့အပြင် အိမ်တွင်းအကြမ်းဖက်မှုခံရတဲ့ အမျိုးသမီးတွေရဲ့ ၇၇ ရာခိုင်နှုန်းနီးပါးဟာ လူမှုရေးအစဉ်အလာနဲ့ အရှက်သိက္ခာတွေကြောင့် ဘယ်သူ့အကူအညီမှ မယူဘဲ နှုတ်ဆိတ်နေလေ့ရှိပြီး၊ ဒါကို အိမ်တွင်းရေး ပြဿနာ တခုအဖြစ်သာ သဘောထားနေဆဲပဲလို့ ရှေ့နေ ဒေါ်သင်းသင်းနွယ်က ဆိုပါတယ်။
အမျိုးသမီးအရေး ဆောင်ရွက်သူ မသီရိက “အိမ်တွင်းအကြမ်းဖက်မှုဟာ ရာဇဝတ်မှုမြောက်တဲ့ ပြစ်မှုဆိုတာကို ပထမဦးဆုံး အားလုံး သိဖို့၊ နားလည်ဖို့ အရေးကြီးတယ်၊ နောက်ပြီး တရား ဥပဒေစိုးမိုးမှု မရှိတာ၊ အပြစ်ပေး အရေးယူတာ မထိရောက်တာတွေက ကျူးလွန်သူတွေကို ပို ရဲဆေး ထိုးပေး သလို ဖြစ်နေတယ်”လို့ သုံးသပ်ပါတယ်။
ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ (UN Women) ရဲ့ အချက်အလက်များအရလည်း ပဋိပက္ခဒေသတွေနဲ့ စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနှုန်း ဟာ ပုံမှန် အချိန်ထက် ၃ ဆကျော်အထိ မြင့်တက်လာလေ့ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
မသက်မိုးရဲ့ဖြစ်ရပ်တွေဟာ စစ်ပဋိပက္ခကြားမှ ခိုလှုံရာမဲ့ အမျိုးသမီးတွေရဲ့ဘဝမှကို ဖော်ထုတ်ပြသနေသလို စစ်ရှောင်စခန်းရဲ့တဲငယ်လေးထဲက အကြမ်းဖက်မှုတွေကို ငြိမ်သက်မနေဘဲ အမြန်ဆုံး အကာအကွယ်ပေးဖို့ အရေးတကြီးလိုအပ်နေတဲ့အခြေအနေဖြစ်တာကို တွေ့ရပါတယ်။
မိသားစုပြဿနာ၊ အိမ်တွင်းရေးပြဿနာလို့ ပတ်ဝန်းကျင်က သတ်မှတ်ချက်တွေကြားမှာ ကူကယ်ရာမဲ့နေတဲ့ အခြေအနေကို သက်မိုးက အခုလို ထုတ်ပြောလိုက်ပါတယ်။
“ကျမတို့ဟာ စစ်ပွဲရဲ့ ဗုံးဒဏ်ကနေ ပြေးလွတ်ခဲ့ပေမဲ့၊ ဒီတဲထဲက အသံတိတ်စစ်ပွဲကြားမှာတော့ ခင်းပေးမဲ့ ငြိမ်းချမ်းရေး မရှိဘူး”











