လုပ်ကြပါဦး၊ ကျမကလေးလေး ခေါ်မရတော့ဘူး
ရှင်ငြိမ်း
အေးစက်စက်လေမိုးဒဏ်ကို မိုးကာစတဲအောက်မှာ အကာအကွယ် ယူရင်း အိပ်မောကျနေတဲ့ ရေဘေးဒုက္ခသည် တွေဟာ ရက်သားကလေးငယ်ကို ပွေ့ဖက်ပြီး အထိတ်တလန့် အော်ဟစ်လိုက်တဲ့ မမျိုးမျိုးရဲ့ အသံကြောင့် လန့်နိုး လာကြတယ်။
“လုပ်ကြပါဦး၊ ကျမကလေးလေး ခေါ်မရတော့ဘူး”
သူတို့အားလုံးဟာ ၇ရက်သားလေးဆီ ရောက်လာပြီး ကိုယ်လေး နွေးလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝိုင်းပွတ်ပေး၊ ပွေ့ချီပေး ကြလို့ အသံအဲ့အဲ့ ထွက်လာပေမဲ့ ခန္ဓာကိုယ်အပူချိန် တက်လာအောင်တော့ မလုပ်ပေးနိုင်ခဲ့ကြပါဘူး။
မိုးဒဏ်လေဒဏ်အအေးဒဏ်ခံခဲ့ရလို့ အေးစက်တောင့်တင်းပြီး အသက်မဲ့သွားတဲ့ မွေးကင်းစ သားကလေးကို ပွေ့ဖက်ပြီး ဘယ်နှယ်ကြိမ် အော်ဟစ်မိမှန်းတောင် မမှတ်မိဘူးလို့ မမျိုးမျိုးက အဲဒီညက အခြေအနေကို ပြန်ပြောင်းပြောပြပါတယ်။
လွန်ခဲ့တဲ့ ၂ပတ်ကျော်၊ ဩဂုတ် ၇ရက်ည၊ မိုးသည်းထန်စွာရွာနေတဲ့အချိန်မှာ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ရေကို ကြိုတင်သတိပေးချက်မရှိဘဲ ဖောက်ချလိုက်တဲ့အတွက် ဩဂုတ် ၈ရက် နံနက် ၁နာရီ လောက် ရုတ်တရက် ရေဘေးသင့်ခဲ့ရသူတွေထဲ မူးမြစ်ကမ်းဘေးက မူးသာရွာသူ မမျိုးမျိုးတို့ မိသားစုလည်း ပါဝင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်က စတင်စီးဆင်းပြီး ရွှေဘို၊ ခင်ဦး၊ ဒီပဲယင်း၊ ရေဦး၊ ဝက်လက်နဲ့ မြင်းမူစတဲ့ မြို့နယ်တွေကို ဖြတ်သန်းသွားတဲ့ မူးမြစ်ရဲ့ အထက်ပိုင်းကနေ ရေအားအရှိန်နဲ့ တရွာပြီး တရွာလိမ့်ဝင်လာတာမို့ မြေနိမ့်ပိုင်းကအိမ်တွေ လုံးဝမြုပ်သွားသလို ကုန်းမြင့်ပိုင်းက အိမ်တွေပါ ထက်ဝက်မက ရေမြုပ်ခဲ့ရတယ်။
ဆည်ရေလွှတ်ရင် မြစ်တွေ၊ ချောင်းတွေကနေ တဖြည်းဖြည်း ရေတက်လာတာမို့ ဘယ်အိမ်ကို ရေဝင်ပြီးရင် ဘယ်နားရောက်မယ်ဆိုတာ ပုံမှန်ဆို ခန့်မှန်းလို့ရပေမယ့် အဲဒီညကတော့ ကြိုတင်သတိပေးချက်မရှိဘဲ လူတွေအိပ်မောကျနေချိန် နံနက် ၁နာရီဝန်းကျင်မှာ ရုတ်တရက် ရေတက်လာတာမို့ သူတို့ဘာမှ ကြိုတင် ပြင်ဆင်ချိန်မရခဲ့ကြပါဘူး။

“ရေက ည ၁နာရီကြီး အလုံးလိုက်ဝေါကနဲ ဝင်လာတော့ ခုတင်ပေါ်အထိ ချက်ချင်းရောက်လာတာ”လို့ မမျိုးမျိုးက ပြောပါတယ်။
ရေအရှိန်ကြောင့် လူတွေလွင့်ပါသွားချိန်မှာ လူကြီးတွေက အိမ်တိုင်မှာ ဖက်ပြီး ကပ်နေကြရပါတယ်။ အရေးပေါ်အခြေအနေကို ရိပ်စားမိတဲ့ မမျိုးမျိုးဟာ အားမရှိတဲ့ကြားက ကလေးကို ပွေ့ချီပြီး ခါးလောက် အနက်ရှိတဲ့ရေတွေကြားထဲ ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတော့တယ်။
ခင်ပွန်းဖြစ်သူက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှာ တာဝန်ထမ်းဆောင်နေချိန်မှာ ဒီလိုရေဘေးဒုက္ခကို ရင်ဆိုင်လိုက်ရတဲ့ မမျိုးမျိုးဟာ မွေးစကလေးအပါအဝင် ကလေး ၃ယောက်က တဖက်၊ မိအိုဖအို ၂ယောက် တဖက်နဲ့ မိုးကရွာ၊ ရေကတက်လာချိန်မှာ ဘယ်ကိုပြေးရမယ်မသိဘဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“အဲ့ကတည်းက ကလေးက စိုနေပြီ၊ ဒါပေမဲ့ အသက်က အရေးကြီးတယ်ဆိုပြီး ကလေးတွေခေါ်၊ နွားစာခွက်ထဲ ထည့်၊ လက်နဲ့ တော်တော်ကြီးလှော်ရတယ်၊ မိုးရွာဆိုတော့ တက်လည်းမပါတော့ ပင်ပန်းတာကြီးက ခါတိုင်း ထက်ကို ပင်ပန်းတာ၊ ဘယ်လိုလှော်လှော်မရောက်တော့ဘူး”လို့ မမျိုးမျိုးက ပြောပြပါတယ်။
ရွာနဲ့ ရေလွတ်ရာ ကုန်းမြင့်ကြားမှာ ရေနက်တဲ့ အင်းတွေနဲ့ ချောင်းတွေ ရှိနေတာ၊ ရေစီးသန်နေတာတွေကြောင့် မီးဖွားပြီးစ အင်အားကုန်ခမ်းနေတဲ့ မမျိုးမျိုးဟာ နားလိုက်၊ လှော်လိုက်နဲ့ အတော်လေး အားစိုက်ရုန်းခဲ့ရပါတယ်။
၂ နာရီကျော်လောက် ကြာအောင် လှော်ခတ်ပြီးတဲ့အခါမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တွေ့ပြီး ရေဘေး လွတ်ရာကမ်းပေါ် ရောက်လာခဲ့တာပါ။

တလမ်းလုံးရော၊ ကမ်းပေါ်ရောက်တဲ့အထိပါ ချော့မော့မရအောင် ငိုကြွေးနေခဲ့တဲ့ ၇ရက်သားလေးရဲ့ အသံဟာ မမျိုးမျိုးကို အင်မတန်စိတ်ဆင်းရဲစေခဲ့ပါတယ်။ မိုးကရွာနေတဲ့အတွက် မီးလှုံစရာ မီးဖိုလို့လည်းမရတဲ့အခါ တကိုယ်လုံးအေးစက်နေတဲ့ ကလေးရဲ့ ခန္ဓာကိုယ်လေးကို ဘေးကလူတွေက နွေးအောင်ဝိုင်းကူပေးကြ၊ ချော့မြူ ကြရင်း ကလေးရဲ့ ငိုသံတိတ်သွားလိုက်၊ အင့်အင့်အဲအဲ အသံလေးထွက်လာလိုက်နဲ့ အချိန်အတော်ကြာ ခဲ့ပါတယ်။
၇ရက်သားလေးဟာ သူ့မိခင်နဲ့ အိပ်မောကျနေတဲ့အချိန် ရုတ်တရက် ရေဘေးဒဏ်သင့်ခဲ့ရတဲ့ ညသန်းခေါင်က စတင်ပြီး အသက်မဲ့သွားတဲ့အချိန်အထိ မိခင်နို့ကို စို့ခွင့်မရခဲ့ပါဘူး။
“ရေပဲ သောက်နေရတာဆိုတော့ အမောဆို့တာလား၊ အအေးမိတာလား မပြောတတ်တော့ပါဘူး၊ အဲဒီမှာဆုံးတာ ပဲ၊ ကလေးက အသံမထွက်တော့လို့ အိပ်တယ် မှတ်တာ၊ တကိုယ်လုံး ရေခဲတုံးလိုဖြစ်နေတာ၊ သနားပါတယ်၊ ဘယ်လောက်တောင် ခံစားလိုက်ရမလဲ တွေးတာတောင်ရင်နာတယ်၊ ကျမ အသုံးမကျလို့ပေါ့”လို့ မမျိုးမျိုးက သူ့ရဲ့ စိတ်ထိခိုက်ဝမ်းနည်းမှုကို ဖွင့်ဟပါတယ်။
သူ့ကိုယ်သူ အပြစ်တင်နေတဲ့ မမျိုးမျိုးဟာ သွေးတိတ်ဆေးသာ အချိန်မီမရခဲ့ရင် အသက်ဆုံးရှုံးနိုင်ပေမဲ့ ရှေးဦး သူနာပြုအဖွဲ့တွေ အချိန်မီ ရောက်လာပြီး အသက်ကယ်ပေးနိုင်ခဲ့လို့သာ အသက်ရှင်ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။
- ဒီတခါတော့ ကျမကလေးလေးကို အသက်ရှင်စေချင်တယ်
- နောက်ထပ် ကလေးမွေးရင် မိသားစုနဲ့ လုံးဝခွဲမနေချင်တော့ဘူး
- စစ်ဖိနပ်အောက်က နှလုံးခုန်သံသေးသေးကလေးတွေ
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးမှုတွေနဲ့အတူ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံတွေ့ ခဲ့ရတဲ့ စစ်ကိုင်းတိုင်းထဲမှာ မမျိုးမျို့တို့ရွာလိုပဲ မူးမြစ်ကမ်းဘေးက ရုတ်တရက် ရေဘေးသင့်ခဲ့ရပြီး ဒုက္ခပင်လယ် ဝေရ တဲ့ ကိုယ်ဝန်ဆောင်တွေ၊ မိခင်တွေနဲ့ ကလေးငယ်တွေ များစွာရှိနေကြပါတယ်။
ရေဘေးဒဏ် အဆိုးရွားဆုံး ကြုံတွေ့ရတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃ မြို့နယ်ထဲက ခင်ဦးမြို့နယ်မှာ အဲဒီညက ကြုံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကိုယ်ဝန် ၈ လ လွယ်ထားရတဲ့ မဝင်းမာက “ရေက ဝုန်းခနဲဆို ခါးကနေ စတက်တာ၊ အပေါ်ကလည်း လေယာဉ်သံ ကြားလိုက်ရတော့ ဗိုက်ထဲက ကလေးကို မ,ပြီး ဘယ်ဘက်ကို ပြေးရ မှန်းကို မသိတော့ဘူး” လို့ ပြန်ပြောင်းပြောပြပါတယ်။
သားအိမ်မကောင်းတာကြောင့် အရင်က ကိုယ်ဝန် ၂ ကြိမ်တိုင်တိုင် ပျက်ကျဖူးထားလို့ လက်ရှိကိုယ်ဝန်ပေါ်မှာ မျှော်လင့်ချက်အများကြီးထားနေတဲ့ မဝင်းမာဟာ ရေထပ်တက်လာမှာကို ပူပင်ရတဲ့ စိတ်၊ ဗိုက်ထဲက ကလေးကို ဘာမှအဖြစ်မခံဘူးဆိုတဲ့ စိတ်၊ လမစေ့ဘဲ ကလေး မွေးဖွားတော့မလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ကုန်းမြင့်နေရာ ရောက်အောင် ပြေးခဲ့ရပါတယ်။
ဒါ့အပြင် စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာက မသဲဆုဟာ ၆လအရွယ်သမီးငယ်လေးကို တောင်းထဲထည့်၊ ခေါင်းပေါ် ရွက်ပြီး၊ အသက် ၃နှစ်နဲ့ ၆နှစ်အရွယ် သား ၂ဦးကို ရှေ့နောက်ချီပို့ပြီး ရေထဲမှာ ၂နာရီနီးပါး ကလေး ၃ ယောက်ကို ချီပွေ့ရင်း ခါးကျော်တက်လာတဲ့ ရေထဲမှာ ၂ နာရီနီးပါး ရုန်းကန်လျှောက်လှမ်းခဲ့ရပြီးမှ ကယ်ဆယ်ရေးလှေနဲ့ တွေ့လို့ လွတ်မြောက်ခဲ့ရသူပါ။
စစ်ဘေးနဲ့ သဘာဝဘေး ဒွန်တွဲကျရောက်နေတဲ့ အကြပ်အတည်းဒဏ်ကို ရင်ဆိုင်နေရတဲ့ ဒေသခံတွေဟာ သာမန် ဒုက္ခသည်တွေထက် ပိုမိုဆိုးရွားပြီး အသက်အန္တရာယ်ထိ စိန်ခေါ်နိုင်တဲ့ ကျန်းမာရေး နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တွေကို ရင်ဆိုင်နေရကြရပါတယ်။
အထိခိုက်ရဆုံးနဲ့ အားအနည်းဆုံး အုပ်စုကတော့ ကိုယ်ဝန်ဆောင် မိခင်တွေ၊ မီးဖွားပြီးစ မိခင်တွေနဲ့ မွေးကင်းစ ကလေးငယ်တွေ ဖြစ်တယ်လို့ ကလေးသူငယ်အရေးဆောင်ရွက်သူ ဒေါ်နန်းမွှေးဖောက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဩဂုတ်လ ၁၄ ရက် ထုတ်ပြန်ချက်အရ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့မှာ ရေကြီးမှုကြောင့် လူ ၂၅ ဦး သေဆုံး၊ ၈ ဦး ပျောက်ဆုံးနေပြီ၊ ရေဘေးသင့်သူ ဦးရေ ၄ သိန်း ခွဲကျော်အထိ ရှိနေပါတယ်။
စစ်အုပ်စုက ထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေကြောင့် အမျိုးသားအများစုဟာ ဘေးလွတ်ရာကို တိမ်းရှောင် သွားကြတဲ့အတွက်လည်း ရွာတွေမှာ ကျန်ရစ်ခဲ့တဲ့ အမျိုးသမီးအများစုဟာ ရေဘေးဒဏ်ကို ပိုပြီး ခါးသီးစွာ ခံစားနေကြရတယ်လို့ ခင်ဦးမြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ကိုနေသူရက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနရဲ့ ဩဂုတ် ၉ ရက် ထုတ်ပြန်ချက်အရ အညာဒေသမှာ စစ်ဘေးရှောင်စခန်းတွေ ရေမြုပ်တာ၊ လမ်းတံတားတွေ ပျက်စီးတာအပြင် စိုက်ပျိုးမြေဧက သောင်းနဲ့ချီ ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုတွေကြောင့် စားနပ်ရိက္ခာအကျပ်အတည်း ပိုမိုဆိုးရွားလာနိုင်တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒီလို ကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခဟာ သဘာဝဘေးအန္တရာယ် တခုတည်းနဲ့ မပြီးဆုံးဘဲ ဘေးလွတ်ရာ ပြေးနေရချိန်မှာပဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေကို ဆက်တိုက် ပြုလုပ်နေခဲ့ပါတယ်။
ရေဘေးနဲ့ စတင်ရင်ဆိုင်ရပြီး ၃ရက်အကြာ၊ ဩဂုတ်လ ၁၁ ရက် နေ့လယ်ကလည်း ခင်ဦးမြို့နယ်၊ ကွမ်းတိုင် ကျေးရွာ ဈေးဆိုင်တဆိုင်ကို စစ်တပ်က ဂျက် ဖိုက်တာနဲ့ ဗုံး ၃ လုံး ကြဲချသွားတာကြောင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
နိုင်ငံရေး လေ့လာသူ ဦးမျိုးအောင်က သဖန်းဆိပ်ဆည် ရေဖောက်ချမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ အညာဒေသကို ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးဖို့ စစ်ရေးလက်နက်သဖွယ် အသုံးချတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
တဖက်မှာလည်း ဒီလို ဒုက္ခတွေနဲ့ ရင်ဆိုင်ဖြတ်သန်းနေရသူတွေဆီကို လူသားချင်းကူညီထောက်ထားမှု အကူအညီတွေပေးနိုင်ဖို့ မြေပြင်မှာ လုပ်ဆောင်နေတဲ့ ပရဟိတအဖွဲ့တွေအတွက် စစ်တပ်ရဲ့ ပိတ်ဆို့မှုတွေဟာ အဓိက အဟန့်အတား ဖြစ်နေတာကို တွေ့ရပါတယ်။
စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်တွေက ရေဘေးဒုက္ခကြုံတွေ့နေရတဲ့ ဒေသတွေဆီ ဆေးဝါးနဲ့ ကယ်ဆယ်ရေး ပစ္စည်းသယ်ယူခွင့်ကို တင်းတင်းကြပ်ကြပ် တားမြစ်ထားသလို ကယ်ဆယ်ရေး လုပ်ဆောင်သူတွေကို ချိတ်ပိတ် မယ်၊ ဖမ်းဆီးမယ်လို့ပါ ခြိမ်းခြောက်ထားတာကြောင့် အကူအညီတွေ အချိန်နဲ့တပြေးညီ မရောက်ရှိနိုင်ကြပါဘူး။
ခုလို အကူအညီတွေ ပိတ်ဆို့ခံထားရလို့ လိုအပ်တဲ့ ဆေးဝါးတွေ မရရှိဘဲ ရောဂါထူပြောလာကာ မိခင်နဲ့ ကလေး ငယ်တွေ အသက်ဆုံးရှုံးရတဲ့အထိ ဆိုးရွားတဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဒေါက်တာ သူရကျော်က သတိပေးထားပါတယ်။
မီးဖွားပြီးစ မိခင်တွေမှာ ပင်ပန်းတဲ့ဒဏ်ကြောင့် အလွန်အကျွံသွေးဆင်းနိုင်တာ၊ မွေးစကလေးတွေမှာ အသားဝါ တာနဲ့ ချက်တိုင်ပိုးဝင်တာတွေ ကြုံရနိုင်သလို ကိုယ်ဝန်ဆောင်တွေမှာလည်း ထိတ်လန့်စိတ်ကြောင့် လမစေ့ဘဲ စော မွေးနိုင်တယ်လို့ ဒေါက်တာက ထပ်ဖြည့်ပြောပါတယ်။
မွေးကင်းစကလေးကို ဆုံးရှုံးလိုက်ရတဲ့ မူးသာရွာသူ မမျိုးမျိုးဆိုရင် အရေးပေါ် ရွှေ့ပြောင်းရတာ၊ ခါးထိမြုပ်တဲ့ ရေထဲ လမ်းလျှောက်ရတာနဲ့ ပူပန်စိတ်တွေ ကြောင့် အနားမရဘဲ မီးဖွားပြီးစ သွေးကြောတွေ ပွင့်ထွက်ပြီး လွန်လွန်ကဲကဲ သွေးဆင်းခဲ့တဲ့အပြင် နို့ရည်လည်း ခမ်းသွားခဲ့တယ်။
ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာသူ ကိုယ်ဝန်ဆောင် မဝင်းမာဟာလည်း ရေထဲမှာ ခါးထိစိမ်ပြီး လမ်းလျှောက်ခဲ့ ရလို့ အရေပြားရောဂါ၊ ဆီးလမ်းကြောင်း ပိုးဝင်တာနဲ့ စိတ်ဖိစီးမှုကြောင့် ဖြစ်လာတဲ့ ညညလန့်နိုးတာ၊ ဗိုက်ခဏခဏအောင့်တာ စတဲ့ ဝေဒနာတွေကိုပါ ခံစားနေရပါတယ်။
အမိုးအကာမဲ့ လမ်းဘေးတွေမှာ ဖြစ်သလို နေထိုင်ကြရလို့ ရေဘေးသင့်သူတွေမှာ ညဘက် ခြင်ကိုက်တဲ့ဒဏ်ကို အပြင်းအထန် ခံစားနေကြရပြီး အထူးသဖြင့် ကလေးငယ်တွေမှာ အရေပြား ယားယံတာနဲ့ ခြင်ကိုက်ရာက တဆင့် အနာတွေ ဖြစ်ပွားနေကြတယ်လို့ မြေပြင်ဒေသခံတွေဆီကနေ သိရှိရပါတယ်။
ရုတ်တရက် ရေကြီးလာတဲ့အခါ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ မီးဖွားပြီးစ မိခင်တွေကို ကူညီရာမှာ ပုံမှန် ကူညီပေးရတာနဲ့ မတူတဲ့ အခက်အခဲတွေရှိတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ဖွင့်ဟကြပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်ဒေသမှာ ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူ ဦးသန်းထိုက်က “ကိုယ်ဝန်ဆောင်တွေ ကို ကူညီရတာကျ ထိခိုက်ဒဏ်ရာ မရအောင် ပိုဂရုစိုက်ရတယ်၊ အမျိုးသမီးတွေမှာ ရှက်ကြောက်စိတ်ရှိတော့ အမျိုးသမီး စေတနာ့ ဝန်ထမ်းတွေပါမှ ပိုအဆင်ပြေတာပါ၊ ပြောရရင် အမျိုးသမီး ကူညီရေးက ပိုပြီး အသေးစိတ် ကျကျ ဂရုစိုက်ပေးဖို့လိုတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ရေဘေးမှာ အမျိုးသမီးတွေ ကြုံရတဲ့ အခက်အခဲတွေဟာ အမျိုးသားတွေနဲ့ မတူဘဲ သီးသန့် လိုအပ်ချက်တွေ ရှိနေတဲ့အပေါ် မဝင်းမာက “စားစရာတွေ လာလှူကြတာ ကျေးဇူးတင်တယ်၊ ဒါပေမဲ့ အမျိုးသမီးတွေအတွက် တကယ်လိုအပ်တဲ့ ပစ္စည်းတွေ မပါဘူး ဖြစ်နေတယ်၊ မိန်းကလေးငယ်လေးတွေဆို ဒီရောက်မှ ရာသီသွေး ဆင်းတာတွေရှိတော့ အတွင်းခံနဲ့ လစဉ်သုံးပစ္စည်းတွေ အရမ်းလိုနေတယ်” လို့ ပြောပါ တယ်။
လက်ရှိမှာ မသဲဆုအတွက် မွေးစ ၆ လအရွယ် ကလေးအတွက် နို့မှုန့်၊ ရင်ကြပ်သက်သာစေမယ့် ဆေးဝါး၊ အနှီး၊ ဆန်၊ ဆီနဲ့ ခြင်ထောင်တွေအရေးပေါ် လိုအပ်နေတယ်လို့ဆိုပါတယ်။
“သားကြီး ၂ယောက်က အအေးမိပြီး ချောင်းတွေဆိုး၊ နေဝင်တာနဲ့ ဖျားကြတော့ မိခင်အနေနဲ့ ရင်ကျိုးရတယ်၊ သမီးငယ်လေးကလည်း အသားတွေ ဝါလာလို့ ဆေးဝါးတွေ လိုနေတယ်၊ စားစရာကလည်း မလောက်ငှတော့ ရှိတာလေးနဲ့ပဲ မျှစားနေရတာ” လို့ မသဲဆုက ပြောပါတယ်။
ဒါ့အပြင် ကူညီကယ်ဆယ်ရေး တာဝန်ခံ ကိုမောင်ဝင်းကလည်း ရေဘေးသင့်သူ အများစုမှာ ထမင်း၊ သောက်ရေနဲ့ ခေါက်ဆွဲခြောက် အကူအညီတွေ ရရှိနေပေမဲ့ အဝတ်အစား၊ စောင်၊ ခြင်ထောင်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ပြောပါတယ်။
စစ်တပ်ရဲ့ ပိတ်ဆို့မှုတွေကြောင့် အရေးပေါ်အကူအညီတွေရောက်ဖို့ ခက်ခဲနေတဲ့ အခြေအနေကြားမှာ အတတ် နိုင်ဆုံး ဝိုင်းဝန်းကူညီပေးဖို့ သူက တောင်းဆိုပါတယ်။
စစ်ဘေးနဲ့ ရေဘေး ၂ထပ်ကွမ်းဒုက္ခကြားမှာ ရင်သွေးငယ်ကို ရင်ခွင်ထဲမှာ မသေသင့်ဘဲ ဆုံးရှုံးလိုက်ရတဲ့ မိခင် မမျိုးမျိုးကတော့ သူကြုံခဲ့ရတဲ့ အဖြစ်ဆိုးမျိုးကို တခြားမိခင်တွေ ထပ်မကြုံကြရစေချင်တော့ဘူးလို့ အလေးအနက်ပြောပါတယ်။
မွေးကင်းစကလေးကို ဆုံးရှုံးလိုက်ရတဲ့ပူဆွေးမှုကို ရင်စည်းခံခဲ့ရပေမယ့် တခြားသူတွေလည်း ဒုက္ခကြုံတွေ့ နေကြချိန်ဖြစ်လို့ သူ့ဒုက္ခကို မညည်းငြူနေချင်ဘူးလို့ဆိုတဲ့ မမျိုးမျိုးက သူ့ခံစားချက်ကို အခုလို ဖွင့်ဟလိုက် ပါတယ်။
“ရေနွေးနွေးလေး တစက်တောင် မသောက်လိုက်ရဘဲ ဆုံးသွားရတာ၊ အခုထိ ရင်ထဲမှာ ဟာတာတာကြီး ကျန်ခဲ့ တာပေါ့”










