နောက်ထပ် ကလေးမွေးရင် မိသားစုနဲ့ လုံးဝခွဲမနေချင်တော့ဘူး
သန့်ရှင်းထွန်း
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းကျေးရွာတရွာမှာနေထိုင်တဲ့ ရခိုင်မျိုးနွယ်စုဝင် မြိုအမျိုးသမီး မပလော်လီဟာ ရက်သားအရွယ် သူ့ကလေးငယ်ကို ပုခက်ထဲထည့်လွှဲရင်း သားအကြီးကျောင်းသွားဖို့အတွက် သနပ်ခါးလိမ်းကျံပေးနေပါတယ်။
အိမ်နောက်ဖက်က ချက်ပြုတ်ရတဲ့တာဝန်တဖက်နဲ့ အသက် ၅နှစ်အရွယ်သားအကြီးရဲ့ ဝေယျာဝစ္စတွေကြား မီးဖွားပြီးစ သွေးနုသားနုသည် မပလော်လီရဲ့ မျက်လုံးမှာ အိပ်ရေးမဝမှုရဲ့ အရိပ်တွေ ထင်ဟပ်နေပါတယ်။
မြိုမျိုးနွယ်စုတွေရဲ့ ထုံးစံအရ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မီးဖွားခါနီး ၂လအလိုလောက်မှာ မိသားစုနဲ့ ခွဲခွာပြီး သီးခြားနေထိုင်ကြရပါတယ်။ မိသားစုဝင်တွေက မကြာခင်မီးဖွားတော့မယ့် အမျိုးသမီးအတွက် အိမ်ရဲ့နောက်ဖေးမှာ သန့်ရှင်းတဲ့အိမ်ခန်းငယ်တခုကို ဆောက်လုပ်ပေးရပြီး မီးနေသည်ကို သီးသန့်ခွဲထားရတဲ့ ဓလေ့ရှိကြပါတယ်။
ဒီလိုအစဉ်အလာတွေကြောင့် အသက် ၃၀ကျော်အရွယ် သားသည်မိခင် မပလော်လီဟာ သူ့သား ၂ဦးနဲ့အတူ သူ့အတွက်သီးသန့်ဆောက်လုပ်ပေးထားတဲ့ အခန်းငယ်ထဲမှာ သီးခြားနေထိုင်ရတာဖြစ်ပါတယ်။
ပထမကလေးတုန်းကလည်း ကိုယ်ဝန်လရင့်လာလို့ မွေးဖွားခါနီးမှာ မိသားစုနေထိုင်ကြရာခြံဝင်းထဲက အိမ်ရဲ့ အနောက်ဘက်မှာ သူ့အတွက် အဆောင်ငယ်တခု တည်ဆောက်ပေးခဲ့ကြပြီး၊ ချက်ပြုတ်စားသောက်ဖို့ မီးဖို၊ အိုးခွက်ပန်းကန်တွေကို သီးသန့် စီစဉ်ပေးခဲ့ကြပါတယ်။
အခု ဒုတိယကလေးငယ်ကို မွေးဖွားမယ့်အချိန်မှာလည်း အဲဒီ အဆောင်ငယ်ကို ပြန်လည်ပြုပြင်ပြီး သီးခြားထပ်နေထိုင်နေရတာဖြစ်ပါတယ်။
ကလေးမီးဖွားစဉ်မှာ ကူဖော်လောင်ဖက်မရှိဘဲ မိသားစုထဲကနေ သီးသန့်ခွဲနေထိုင်ရတဲ့ ဒီလိုအတွေ့အကြုံဟာ သူ့အတွက်တော့ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ကလေး ၂ယောက်ကို မပလော်လီမွေးဖွားချိန်မှာ မီးတွင်းဖြတ်သန်းရတဲ့ အတွေ့ အကြုံတွေဟာ မတူခဲ့ဘူးလို့ သူက ပြောပါတယ်။
“ပထမကလေးမွေးတုန်းက ရက်ပေါင်း ၃၀ မိသားစုနဲ့ ခွဲနေခဲ့ရတယ်၊ ဒီကလေးမွေးတော့ ၇ ရက်လောက်ပဲ ခွဲနေရတော့တယ်”လို့ မပလော်လီက ပြောပါတယ်။
ပထမကလေးမီးဖွားချိန်တုန်းက ရက်ပေါင်း ၃၀အထိ မွေးကင်းစ ကလေးအတွက်ဝေယျာဝစ္စတွေ ဆောင်ရွက် ရတာ၊ တယောက်တည်းချက်ပြုတ်စားသောက်ရတာတွေဟာ မီးနေသည်အမျိုးသမီးတယောက်အတွက် နေလို့ထိုင်လို့ အဆင်မပြေသလို အိပ်လို့လည်း မပျော်ခဲ့ဘူးလို့ ဆိုပါတယ်။
ကလေးမီးဖွားချိန်မှာ မိသားစုစုံစုံလင်လင်နဲ့ အနားမှာ လိုအပ်တာကို ကူညီပေးမယ့်သူတွေနဲ့ နေထိုင်ခဲ့ချင်ပေမယ့် ဓလေ့ထုံးစုံတွေကြောင့် ၇ရက်တော့ ခွဲပြီးနေထိုင်ရမယ်လို့ဆိုကြတဲ့အတွက် သားဦးတုန်းက ၁လ ခွဲနေရတာထက်စာရင် ဒီတပတ်ကို သည်းခံနေလိုက်မယ်ဆိုတဲ့အတွေးနဲ့ မပလော်လီတယောက် နေထိုင်ခဲ့ပါတယ်။
“ပထမကလေးမွေးချိန်ကလောက် စိတ်မပင်ပန်းလိုက်ရပါဘူး အကြောက်အလန့်မရှိပေမယ့် မီးဖွားချိန်မှာ မိသားစုနဲ့ ခွဲနေရတာက ဘယ်လိုမှအဆင်မပြေတဲ့ အဖြစ်ပါ”လို့ မပလော်လီက သူ့ခံစားချက်ကို ရခိုင်သံဝဲဝဲနဲ့ ပြောပြပါတယ်။
တောတောင်တွေကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြုမှုများကြတဲ့ မြိုမျိုးနွယ်စုတွေဟာ ကလေးမွေးတဲ့ အမျိုးသမီးတိုင်းက မီးဖွားချိန်မှာ မိသားစုနဲ့ခွဲနေခဲ့ရသလို ဘယ်သူကမှလည်း စောဒကတက်တာ၊ မေးခွန်းထုတ်တာ၊ ဘာကြောင့် ဒီလိုခွဲနေရတယ်ဆိုတာကို မသိခဲ့ကြပါဘူး။
“အဓိကတော့ ဓလေ့ထုံးစံပါ၊ ဘာကြောင့် ဒီလိုနေရတယ်၊ ဘာတွေအားသာချက်တွေရှိသလို အားနည်းချက် တွေက ဘာတွေရှိတယ်ဆိုတာကို ဘယ်သူမှလည်း မပြောခဲ့သလို အမေတို့ကလည်း ဒီလိုနေရမယ်ဆိုတာ လောက်ပဲ နားလည်ခဲ့ကြတာပါ”လို့ ရိုးရိုးရှင်းရှင်းပဲပြောပါတယ်။
ကလေးမွေးဖွားပြီးချိန်မှာ မိခင်ဟာ မိသားစုနဲ့ ရက်ပေါင်း ၃၀ ကနေ ၆၀အထိ သီးသန့်နေထိုင်ရပြီး တိုက်ရိုက် ထိတွေ့ဆက်ဆံတာမပြုလုပ်ရဘဲ ရက်ပေါင်း ၆၀ ပြည့်မှသာ ပုံမှန်အတိုင်း မိသားစုတွေနဲ့ စားသောက် နေထိုင်ခွင့်ရှိတယ်လို့ မြိုစာပေနဲ့ယဉ်ကျေးမှုစာပေတွေမှာ ရေးသားထားပါတယ်။
မြိုစာပေနဲ့ယဉ်ကျေးမှုရဲ့ စာမျက်နှာတွေမှာ ရေးသားထားသလို မြို့နဲ့အလှမ်းဝေးတဲ့ တောတောင်ကြားမှာ နေတဲ့ မြိုအမျိုးသမီးတွေမှာလည်း မီးဖွားချိန်မှာ မိသားစုနဲ့ ခွဲနေရတဲ့အလေ့အထက အခုချိန်ထိ ရှိသေးနေတယ်လို့ မြိုမျိုးနွယ်စု ရွာလူကြီး ဦးရန်လောင်က ပြောပါတယ်။
အခုလို အမျိုးသမီးတွေကို မိသားစုနဲ့ သီးသန့်ခွဲနေရတာဟာ မိခင်နဲ့ ကလေးကျန်းမာရေးအတွက်ဖြစ်ပြီး မီးဖွားချိန်မှာ မိခင်တွေကို ဆူဆူညံညံမရှိဖြစ်စေဘဲ အေးအေးဆေးဆေး အနားယူစေဖို့၊ ရက်သားအရွယ်သာ ရှိသေးတဲ့ ကလေးနဲ့ တခြားလူတွေ ထိတွေ့မှုမရှိစေဖို့အတွက် ရည်ရွယ်ခဲ့တာ လို့ ဦးရန်လောင်က ရှင်းပြပါတယ်။
ဒါပေမယ့် ဒီလို အလေ့အထဟာ မိခင်နဲ့ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ကြုံလာရတဲ့အတွက် မီးဖွားချိန် မိသားစုနဲ့ ခွဲနေရတဲ့အဖြစ်ကို ကိုယ်တိုင်လက်မခံတော့တဲ့ အမျိုးသမီးတွေ၊ ခေတ်နဲ့မကိုက်ညီတော့တဲ့ ဓလေ့ထုံးစံတွေကို လက်မခံချင်တော့တဲ့ အမျိုးသားတွေကြောင့် မြိုကျေးရွာတွေမှာ ဒီအလေ့အထတွေဟာ တဝက်တပျက် ပျောက်ကွယ်လာသလို လုံးဝပျောက်ကွယ် သွားတာတွေလည်း ရှိလာပြီလို့ ဦးရန်လောင် ကပြောပါတယ်။
မပလော်လီအတွက်ဆိုရင် ပထမကလေးကို မွေးဖွားချိန်မှာ ရက်ပေါင်း ၃၀ ထိ မိသားစုနဲ့ ခွဲနေခဲ့ရပေမယ့် ဒုတိယကလေးကို မွေးဖွားချိန်မှာ ၇ ရက်လောက်သာ ခွဲနေရတော့တာဟာ မြိုအမျိုးသမီးတွေအတွက် ကိုယ့်ဘဝကို ကိုယ်ဆုံးဖြတ်ခွင့်ရဖို့ လှမ်းလာတဲ့ ခြေလှမ်းကြီးတခုဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရင်မျိုးဆက်ဖြစ်တဲ့ အမျိုးသမီးကြီးတွေရဲ့ ကိုယ်ချင်းစာစိတ်နဲ့ ဒီဓလေ့ကို ပြုပြင်ပြောင်းလဲလိုတဲ့ စိတ်ကလည်း ဒီခြေလှမ်းကို အထောက်အကူဖြစ်စေခဲ့တာကို တွေ့ရပါတယ်။
မြို့နဲ့လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ ကျေးရွာတရွာမှာ နေထိုင်သူ အသက် ၃၅ နှစ်အရွယ် မြိုတိုင်းရင်းသူ မတုံဆိန်းက မီးဖွားချိန်မှာ မိသားစုနဲ့ ၇ ရက်ခွဲနေရတာအဆင်မပြေလို့ ထွက်ပြေးချင်စိတ်တောင် ပေါက်ခဲ့တယ်လို့ ပြောပါတယ်။
“၇ရက်ဆိုတာ မသိလိုက် မသိဖာသာနေရင်သာ အကုန်မြန်တာပါ၊ မိသားစုနဲ့ ခွဲပြီးနေရတဲ့ ၇ရက်က ၇နှစ် လောက်ကြာသွားတယ်လို့တောင် မှတ်ရတယ်၊ ဘယ်လိုမှနေလို့အဆင်မပြေဘူး၊ ထွက်ပြေးချင်စိတ်တောင် ပေါက်ခဲ့တယ်”လို့ မီးဖွားချိန်သူ ခံစားခဲ့ရတဲ့ စိတ်ခံစားချက်ကို ပြန်ပြောြပပါတယ်။
မတုံဆိန်းရဲ့ မိခင်ဟာလည်း ဒေါ်ပန်းပွင့်လိုပဲ သူကလေးတွေ မွေးဖွားချိန်မှာ မိသားစုနဲ့ ရက်ပေါင်း ၃၀ ကျော်ထိ ခွဲနေခဲ့ရတယ်လို့ ဆိုပါတယ်။
မပလော်လီရဲ့ မိခင်ဖြစ်သူ ဒေါ်ပန်းပွင့်က သူ့ရဲ့မွေးဖွားချိန်မှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံကို “တောထဲက တဲလေးမှာ တယောက်တည်း နေရတယ်၊ ညဘက် ကလေးငိုရင် အကူညီမရှိဘူး၊ ကိုယ့်ကို မိသားစုက ပစ်ထားသလို ခံစားရတယ်” ဘာသာပြန်ကနေတဆင့် ပြောပြပါတယ်။
သူ့တုန်းက မီးဖွားချိန်မှာ ခံစားရတဲ့ခံစားချက်တွေကို သားသမီးတွေ မခံစားစေချင်လို့ ကိုယ်ဝန်စရှိချိန်မှာ မိန်းကလေးမဟုတ်ဘဲ ယောကျ်ားလေးသာ မွေးပါစေဆိုတဲ့ ဆုတောင်းမျိုးတောင် တောင်းမိတယ်လို့ ဒေါ်ပန်းပွင့်က ပြောပါတယ်။
“ကျမလိုပဲ ကျမသမီးကိုလည်း ကလေးမွေးချိန်မှာ တယောက်တည်း မထားချင်ဘူး၊ ခွဲနေရတဲ့ရက်ကလည်း ကြာတယ်လေ၊ စိတ်မခိုင်ရင် ရူးသွားနိုင်တယ်၊ တောဓလေ့ တောထုံးစံလိုပါပဲ”လို့ ဒေါ်ပန်းပွင့်က ပြုံးပြီးပြောပါ တယ်။
ဒီအလေ့အထတွေနဲ့ဘဲ ဒေါ်ပန်းပွင့်ဟာ သားသမီး ၅ယောက်ကို မွေးဖွားခဲ့ရပြီး ပထမကလေးကို မီးဖွားချိန်မှာ နောက်ဆုံးကလေးမီးဖွားချိန်ထိ မြိုဓလေ့ထုံးစံအတိုင်း မိသားစုနဲ့ ခွဲနေခဲ့ရတယ်လို့ ပြောပြပါတယ်။
အခု ဒေါ်ပန်းပွင့်ရဲ့သမီး မပလော်လီလက်ထက်မှာတော့ ကလေးမွေးချိန် မိသားစုနဲ့ ခွဲနေရတဲ့ ရက်တွေက သိပ်မကြာတော့တာကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနေရတဲ့အချိန်ကလည်း လျော့ကျသွားတာကြောင့် ဝမ်းသာမိတယ်လို့ ပြောပါတယ်။
အဲဒီအလေ့အထတွေက သူတယောက်တည်း ကြုံရတာမဟုတ်သလို ဘာကြောင့် ဒီလိုနေရတယ်ဆိုတဲ့ အကြောင်းအရင်းကို မမေးဖြစ်ခဲ့ဘဲ ပတ်ဝန်းကျင်လူကြီးတွေရဲ့ စကားကြောင့်သာ နေခဲ့ရတာလို့ ဒေါ်ပန်းပွင့်က ရိုးရိုးသားသား ပြောပါတယ်။
မွေးဖွားချိန်ကနေ သေဆုံးချိန်ထိ တောတောင်ထဲမှာ နေရတာကြောင့် အကောင်းအဆိုး၊ အကြောင်းအကျိုးကို မသိကြသလို ဒါကဒီလိုလုပ်ရမယ်၊ တခြားအမျိုးသမီးတွေလည်း ဒီလိုပဲနေကြတာဆိုတဲ့ အတွေးတခုထဲပဲ ရှိခဲ့တာလို့ သူက ဆိုပါတယ်။
သမီးဖြစ်သူ မပလော်လီ မီးဖွားချိန်မှာတော့ သူမီးဖွားချိန် နေခဲ့ရတဲ့ အလေ့အထအတိုင်း နေထိုင်ဖို့ မတိုက်တွန်းခဲ့သလို သမက်ဖြစ်သူရဲ့ အစီအမံအတိုင်းသာ လိုက်နာခဲ့ပါတော့တယ်။
တောတောင်ကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြုကြသူတွေဖြစ်ကြသလို ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်လို့လည်း လေ့လာလိုက်စားမှု အားနည်းခဲ့ကြပေမယ့် ခေတ်စနစ်တွေ ပြောင်းပြီး ပညာတတ်မြောက်မှု၊ ကျန်းမာရေးဗဟုသုတနဲ့ အသိဉာဏ်ပိုမို ကြွယ်ဝလာမှု၊ ခေတ်မီနည်းပညာတွေ တိုးတက်လာမှုတွေကြောင့် ရှေးထုံးစံတွေဟာ သူတို့နဲ့ ကိုက်ညီ၊ မကိုက်ညီဆိုတာကို ပြန်ပြီးသုံးသပ်လာကြတယ်လို့ မြိုရွာလူကြီး ဦးရန်လောင်က သုံးသပ်ပါတယ်။
“မြိုအမျိုးသမီးတွေက ဖုန်းကြည့်ကြတယ်၊ ဖုန်းထဲမှာ တခြားအမျိုးသမီးတွေ ကလေးမွေးချိန် မိသားစုတွေက ပြုစု စောင့်ရှောက်ပေးတာကို မြင်လာကြတယ်၊ အဲဒီမှာ အမျိုးသားတွေကို မေးခွန်းထုတ်လာကြတယ်၊ နောက်တော့ သူတို့လည်း ခွဲမနေချင်တဲ့အကြောင်း ပြောလာကြတယ်”လို့ ဦးရန်လောင်က ပြောပြပါတယ်။
ဒီလိုပြောင်းလဲလာမှုဟာ ခေတ်စနစ်နဲ့သက်ဆိုင်သလို အိမ်ထောင်ရှင်အမျိုးသားတွေလက်ခံဖို့ကလည်း အဓိကကျကြောင်း၊ ကိုယ်တိုင်ခံစားရတဲ့ အမျိုးသမီးတွေရဲ့ ခံစားချက်ကို ပိုအလေးထားပြီး နေထိုင်မယ်ဆိုရင် မိသားစုထဲမှာ ပိုပြီးအဆင်ပြေမှာဖြစ်ကြောင်း ဒေါ်ပန်းပွင့်က ဆက်ပြောပါတယ်။
“တကယ်တမ်းကျတော့ မိသားစုနဲ့ ခွဲနေရချိန်မှာ အမျိုးသမီးတွေ ဒုက္ခခံစားရသလို လင်ယောကျ်ားတွေကလည်း စိတ်မချမ်းသာကြပါဘူး၊ ဒေါသဖြစ်ကြတယ်၊ ဒါတွေက မိသားစုမှာလည်း မကောင်းဘူး”လို့ ဒေါ်ပန်းပွင့်က ပြောပါတယ်။
အခုလို မြိုအမျိုးသမီးတွေ မီးဖွားချိန် မိသားစုတွေနဲ့ ခွဲနေရတဲ့ အလေ့အထ ပျောက်ကွယ်လာတာကို ထောက်ခံသူ ထဲမှာ အသက် ၂၆ နှစ်အရွယ် မြိုအမျိုးသား ကိုထွန်းညီလည်း ပါပါတယ်။ ကိုထွန်းညီဟာ ဘွဲ့ရပညာတတ်တဦး ဖြစ်သလို ရွာကကျောင်းမှာ ပညာသင်ကြားပေးနေတဲ့ ကျောင်းဆရာတဦးဖြစ်ပါတယ်။
“ကလေးမွေးတဲ့အချိန်က မိန်းမတယောက်အတွက် အခက်ခဲဆုံးအချိန်ပါ၊ အဲဒီအချိန်မှာ သူ့ကို တယောက်တည်း ထားရတာကို ကျနော်ကိုယ်တိုင်လည်း မလိုက်နာနိုင်ပါ၊ အလေ့အထကို လေးစားရမယ်၊ ဒါပေမယ့် အမျိုးသမီးတွေရဲ့ အသံကို နားမထောင်ဘူးဆိုရင် အလေ့အထက လူကိုဖိနှိပ်တဲ့အရာဖြစ်သွားနိုင်တယ်”လို့ သူက ပြောပါတယ်။
အသက် ၇၀ ကျော်အရွယ် ဦးလွိုင်လီကတော့ “ဒီလိုလျော့လာရင် နောက်ပိုင်းဓလေ့ထုံးစံတွေ အကုန်ပျောက် သွားမယ်၊ ယဉ်ကျေးမှုဆိုတာ တခါပျောက်ရင် ပြန်မရဘူး”လို့ ပြောပါတယ်။
အခုနောက်ပိုင်း အမျိုးသမီးတွေမီးဖွားချိန် မိသားစုနဲ့ခွဲနေရတဲ့ကာလဟာ တိုတောင်းလာတဲ့အရာကို အမျိုးသမီးတွေအပါအဝင် လင်ယောကျ်ားဖြစ်တဲ့ အမျိုးသားတွေရော၊ သက်ကြီးရွယ်အိုပိုင်းတွေကရော လက်ခံလာကြတယ်လို့ ဦးလွိုင်လီက ဆက်ပြောပါတယ်။
“ကလေးတွေက ပညာတတ်ဖြစ်လာကြတယ်၊ ဖြစ်သင့်မဖြစ်သင့် တွေးတောတတ်လာကြတယ်၊ လူကြီးတွေ ပြောတာကို နားထောင်ကြသလို ကလေးတွေပြောတာကိုလည်း ပြန်နားထောင်ရမယ့်အလှည့်ရောက်လာပြီ”လို့ သူက ဆက်ပြောပါတယ်။
မပလော်လီတို့မိသားစုနေထိုင်ရာရွာက သားဖွားဆရာမဒေါ်ခင်ခင်မော်ကတော့ ကလေးမွေးပြီးနောက် အမျိုးသမီးဟာ ကိုယ်ကျန်းမာရေးထက် စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီးထိခိုက်လွယ်တဲ့အချိန် ဖြစ်တာကြောင့် ပိုဂရုစိုက်သင့်တယ်လို့ ပြောပါတယ်။
“မိသားစုအထောက်အပံ့မရှိရင် မွေးပြီးနောက် စိတ်ကျရောဂါဖြစ်နိုင်ချေ ပိုမြင့်ပါတယ်၊ ရိုးရာအလေ့အထကို လေးစားပေမယ့် အမျိုးသမီးကို တယောက်တည်း ခွဲထားဖို့ မလိုအပ်တော့ပါဘူး”လို့ ဒေါ်ခင်ခင်မော်က ပြောပါတယ်။
ဒါပေမယ့် တချို့မြိုတိုင်းရင်းသားတွေဟာ သူတို့ရဲ့ ရိုးရာဓလေ့ထုံးလမ်းစဉ်လာတွေ ပျောက်ကွယ်သွားမှာကို စိုးရိမ်မှုတွေရှိနေသေးတာကို တွေ့ရပါတယ်။
ဘယ်သူတွေဘယ်လို စိုးရိမ်နေပါစေ၊ အကူအညီအလိုအပ်ဆုံး သွေးနုသားနုကာလမှာ မိသားစုနဲ့ ခွဲခွာပြီး ကလေး ၂ဦးမိခင် မပလော်လီကတော့ “နောက်ထပ် ကလေးမွေးရင် မိသားစုနဲ့ လုံးဝခွဲမနေချင်တော့ဘူး” လို့ ပြောပါတယ်။











