ဒီတခါတော့ ကျမကလေးလေးကို အသက်ရှင်စေချင်တယ်
ရှင်ငြိမ်း၊ ဒေဝီ
“ပထမတခါတုန်းကတော့ ကံမကောင်းလို့ပဲ ထင်ခဲ့တာ၊ ဒုတိယအကြိမ် ထပ်ဖြစ်တော့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိတယ်၊ ဒါပေမဲ့ တတိယအကြိမ်မြောက်မှာတော့…”
မမူးဖောတယောက် စကားကို ဆက်မပြောနိုင်ဘဲ ခဏရပ်လိုက်ပါတယ်။
ကိုယ်ဝန်ပျက်ကျမှု သုံးကြိမ်ဆက်တိုက် ကြုံခဲ့ရတဲ့ သူမအတွက် အဖြေမရတဲ့ မေးခွန်းတခုသာ ကျန်နေခဲ့ပါတယ်။
“ဘာကြောင့် ဒီလိုဖြစ်ရတာလဲ”
ဒီကာလတွေမှာ မမူးဖောရဲ့ ခင်ပွန်းဖြစ်သူဟာလည်း ကျန်းမာရေးချို့ယွင်းလာပါတယ်။ မူးဝေတာ၊ အော့အန်တာတွေ မကြာခဏဖြစ်ပေမယ့် သွေးတိုးလို့ပဲ ထင်မှတ်ခဲ့ကြပါတယ်။ မနှစ်က နှလုံးရောဂါနဲ့ဆုံးပါးသွားခဲ့တဲ့ သူမိခင်ကိုလည်း ကိုဗစ်ရောဂါခံစားခဲ့ရတဲ့ နောက်ဆက်တွဲကြောင့်လို့ မှတ်ယူခဲ့ကြပါတယ်။
မိသားစုထဲမှာ ကျန်းမာရေးချို့တဲ့လာတာတင်မက သူတို့ရွာက အသက် ၅ နှစ်အရွယ် ကလေးငယ်တဦး အသက်ရှုကြပ်ပြီး ရုတ်တရက် ဆုံးပါးသွားတာဟာလည်း သူတို့ရွာသားတွေအတွက်တော့ ရင်လေးစရာ မေးခွန်းတခုဖြစ်နေခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ ရောက်လာပြီး အသိပညာပေးတဲ့အချိန်မှာတော့ သူတို့ရွာသူရွာသားတွေ ဘိုးဘေးစဉ်ဆက် သောက်သုံးရေအဖြစ် အသုံးပြုခဲ့ကြတဲ့ သံလွင်မြစ်ရေဟာ သူတို့ဘဝကို တဖြည်းဖြည်း ဒုက္ခရောက်စေတဲ့ အဆိပ်ရည်တခု ဖြစ်လာနေပြီဆိုတာကို သိခွင့်ရလိုက်ကြပါတော့တယ်။
လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်ကစပြီး သံလွင်မြစ်ရေဟာ ပုံမှန်မဟုတ်ဘဲ နောက်ကျိလာခဲ့ပေမယ့် မြစ်နားနီး ရွာသူရွာ သားတွေ အတွက်ကတော့ အခြားရွေးချယ်စရာ မရှိခဲ့ကြပါဘူး။
မြစ်ရေဟာ အဆိပ်သင့်နေပြီမှန်း သိလိုက်ရတဲ့နေ့ကစလို့ ဘားအံမြို့နယ်၊ မိကရင်ကျေးရွာမှာနေထိုင်တဲ့ မမူးဖောအပါအဝင် သံလွင်မြစ်ကမ်းဘေးမှာရှိတဲ့ ရွာတိုင်းက အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝတွေဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအရ ပိုပြီးခက်ခဲပင်ပန်းလာပါတယ်။ အရင်ကထက် ၂ဆ၊ ၃ဆမက ပိုတဲ့ ဒုက္ခတွေကို ရင်ဆိုင်လာခဲ့ကြရ ပါတော့တယ်။
သူတို့ဟာ လက်တကမ်းမှာရှိတဲ့ မြစ်ရေကို မသုံးရဲတော့တာကြောင့် ဝေးလံတဲ့ စိမ့်စမ်းရေနဲ့ တောင်ကျရေတံခွန်တွေဆီ ရေသွားခပ်ကြရဖို့အတွက် အမျိုးသမီးတွေဟာ နေ့စဉ် တရက်ကို အနည်းဆုံး ၂နာရီ အချိန်ပေးနေကြရပါတယ်။
ရေခပ်ရတဲ့နေရာတွေက လူသူဝေးလံတဲ့ တောတောင်တွေထဲမှာ ရှိတာကြောင့် အမျိုးသမီးတွေအတွက် လုံခြုံရေးက အမြဲတမ်း စိုးရိမ်စိတ်ဖြစ်နေရသလို၊ ရေပုံးတွေကို ထမ်းပိုးပြီး မတ်စောက်တဲ့ တောင်တက်တောင်ဆင်းလမ်းတွေကို ဖြတ်သန်းရတာကြောင့် ခါးနာ၊ ဒူးနာတာ တွေအပြင် အရိုးအဆစ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း ကြုံတွေ့လာကြတယ်။
အထူးသဖြင့် မမူးဖောတို့လို ကိုယ်ဝန်ဆောင်မိခင်တွေအတွက်တော့ ဒီလိုအလုပ်ကြမ်းတွေက သန္ဓေသားအပေါ် ထိခိုက် နိုင်ခြေရှိသလို အစာအာဟာရ ပြည့်ဝအောင် မစားနိုင်တဲ့ကြားက အားအင်ကုန်ခမ်းမှုဒဏ်ကို ထပ်မံခံစားရစေပါတယ်။
ဒါပေမယ့် ရှေ့က ရင်သွေး ၃ယောက်ကို ဆုံးရှုံးခဲ့ဖူးတဲ့သူက အခု စတုတ္ထမြောက်ရင်သွေးငယ်ကို ထပ်ပြီးဆုံးရှုံးရမှာ အကြောက်ဆုံးပဲလို့ ဆိုပါတယ်။
“ဒါကြောင့် မြစ်ရေကို လုံးဝ မသုံးတော့ဘူး၊ တောင်ကျရေကိုပဲ သောက်တယ်၊ ဒါပေမဲ့ ရေခပ်ရတာက ကိုယ်ဝန်ဆောင် အတွက် မလွယ်ဘူး၊ ရေပုံးတွေကို ထမ်းပြီး တောင်တက်တောင်ဆင်း လမ်းလျှောက်ရတာ”လို့ သူက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းလွန်းရွာက မနန်းမိုးကတော့ သူတို့အတွက် အသက်သွေးကြောဖြစ်တဲ့ ဒီမြစ်ရေဟာ အာဆင်းနစ်အဆိပ်သင့်နေတယ်ဆိုတာ လွန်ခဲ့တဲ့ ၃နှစ်က သူတို့ကြုံလာရတဲ့ ရုပ်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေကနေ စတင်သိလာခဲ့ပါတယ်။
“ရေချိုးလိုက်ရင် တကိုယ်လုံး ယားယံတာ၊ အဖုအပိမ့်ထွက်တာတွေ ခံစားရတယ်၊ ရေက သစ်သားတို့၊ သံတိုင်တွေကိုတောင် ခဏလေးနဲ့ စားပစ်တာတွေ့တော့မှ ဒါအန္တရာယ်ရှိမှန်းသိတာ”လို့ ပြောပြပါတယ်။
မမူးဖောလိုပဲ မိခင်တယောက်ဖြစ်တဲ့သူ့အတွက် အကြီးမားဆုံးသောကကလည်း ကလေးငယ်တွေအတွက်ဖြစ်ပါတယ်။
“အာဆင်းနစ်က ကင်ဆာတင်မကဘူး၊ ကလေးတွေရဲ့မှတ်ဉာဏ်ကို ထိခိုက်စေတယ်ဆိုတော့ မိခင်တယောက်အနေနဲ့ ရင်တထိတ်ထိတ်ပဲ၊ ဒါပေမဲ့ အစားထိုးစရာ ရေအရင်းအမြစ်မှမရှိတာ၊ ရေခပ်ဖို့၊ အနည်ထိုင်အောင်စောင့်ဖို့နဲ့ ကျိုချက်ဖို့ အတွက် တနေ့ကို ၃ နာရီ၊ ၄ နာရီလောက် ကုန်သွားတော့ အိမ်အလုပ်လည်း မနိုင်တော့ဘူး၊ အဆိပ်ရှိမှန်း သိသိကြီးနဲ့ ကိုယ့်ကလေးတွေကို ဒီရေပဲ တိုက်နေရတဲ့ဘဝက တကယ်ကို ခါးသီးလွန်းပါတယ်”လို့ သူက ဆိုပါတယ်။
ရေခပ်ဖို့အတွက် အချိန်အများကြီး ပေးလိုက်ရတာကြောင့် အမျိုးသမီးတွေဟာ အိမ်မှုကိစ္စတွေကို နိုင်နင်းအောင် မလုပ် နိုင်တော့သလို၊ မိသားစုကို ဂရုစိုက်ဖို့ အချိန်တွေလည်း နည်းသွားရတယ်။ ပိုဆိုးတာကတော့ မိသားစုဝင်ငွေရဖို့ တခြား အလုပ်အကိုင်တွေ (ဥပမာ- ရက်ကန်းရက်တာ၊ ဈေးရောင်းတာ)ကို မလုပ်နိုင်တော့တဲ့အတွက် သူတို့ရဲ့စီးပွားရေးကို ထိခိုက်လာစေပါတယ်။
ဒီလိုအခက်အခဲတွေက ရေရှားမှုတခုတည်းမဟုတ်ဘဲ စစ်ရေးပဋိပက္ခရှိတဲ့ ဒေသတွေမှာဆိုရင် တောထဲတောင်ထဲ သွားလာရင်း မတော်တဆ မိုင်းအန္တရာယ်နဲ့ ကြုံရမှာ ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ထိပ်တိုက်တိုးမှာကို နေ့တိုင်း ရင်တထိတ်ထိတ်နဲ့ သွားနေရသလို၊ ခပ်လာတဲ့ တောင်ကျ ရေတံခွန်နဲ့ စိမ့်စမ်းရေတွေမှာကော အဆိပ်တွေ ပါမလားဆိုတဲ့ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု၊ သံသယစိတ်နဲ့ စိတ်ဖိစီးမှုတွေက မမူးဖောတို့ မိကရင်ရွာဒေသခံတွေကို လွှမ်းမိုးနေပါတယ်။
ဒီလို ခက်ခဲတဲ့ အခြေအနေတွေကြားထဲမှာပဲ ဒေသခံအမျိုးသမီးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အကောင်းဆုံး ဖြစ်အောင် ရုန်းကန်နေထိုင်ကြပါတယ်။
လုံခြုံရေးအရ တယောက်တည်းမသွားဘဲ ရွာထဲက အမျိုးသမီးအချင်းချင်း စုပေါင်းပြီးမှ ရေခပ်သွားလေ့ရှိတယ်။ ဒါဟာ အချင်းချင်း ကူညီစောင့်ရှောက်ရာ ရောက်သလို လမ်းခရီးပင်ပန်းတာကိုလည်း စကားပြောရင်း ဖြေဖျောက်နေကြရတာလို့ သူတို့က ဆိုပါတယ်။
တောတောင်စိမ့်စမ်းတွေက ခပ်လာတဲ့ရေကိုတောင် စိတ်မချတာကြောင့် အိမ်ရောက်ရင် အနည်ထိုင်အောင် စောင့်တာ၊ မီးသွေးနဲ့ ရေစစ်တာ၊ သေချာကျိုချက်သောက်တာမျိုးတွေနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အန္တရာယ်ကင်းအောင် ကြိုးစားနေကြရတယ်လို့ မမူးဖောက ရှင်းပြပါတယ်။
အမျိုးသမီးတွေဟာ ရေကို အလဟဿ မဖြစ်အောင် အိမ်မှာ သေသေချာချာ စီမံကြပါတယ်။ ဥပမာ- ဟင်းသီးဟင်းရွက် ဆေးထားတဲ့ရေကို အိမ်သာမှာ ပြန်သုံးတာ ဒါမှမဟုတ် ခြေလက်ဆေးပြီးသားရေကို အပင်လောင်းတာမျိုးတွေနဲ့ ရေချွေတာရေးကို လက်တွေ့ ကျကျ ကျင့်သုံးနေကြတယ်လို့ ဆိုပါတယ်။
အိမ်က အမျိုးသားတွေနဲ့ ကလေးတွေကလည်း ရေပုံးတွေကို တတ်နိုင်သလောက် ကူသယ်ပေးကြပေမယ့် အမျိုးသား တွေက ဝမ်းရေးအတွက် အပြင်ထွက်အလုပ်လုပ်ရတာကြောင့် အမျိုးသမီးတွေကပဲ ဒီတာဝန်ကို အဓိက ထမ်းပိုးနေရဆဲ ဖြစ်တယ်လို့လည်း မမူးဖောက ရှင်းပြပါတယ်။
အခုလို နွေရာသီရောက်ရင် စိမ့်စမ်းရေတွေ ခမ်းခြောက်တတ်လို့ သန့်ရှင်းတဲ့ ရေရရှိရေးဟာ သူတို့အတွက် အသက်ရှင် သန်ရေး တိုက်ပွဲတခုလိုဖြစ်နေပါတယ်။ မမူးဖောအတွက် အဆိုးရွားဆုံး သောကနဲ့ အိပ်မပျော်စေတဲ့ အရာကတော့ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုထက် မြစ်ရေက ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။
မိခင်တွေ ဒီလိုစိုးရိမ်ထိတ်လန့်စိတ်နဲ့ ရုန်းကန်နေရတဲ့နောက်ကွယ်မှာ သံလွင်မြစ်ရေ ဘာကြောင့် အခုလိုပြောင်းလဲ လာရသလဲ ဆိုတဲ့အဖြေက သယံဇာတတူးဖော်ရေး လုပ်ငန်းတွေဆီမှာ ရှိနေပါတယ်။ ဒီအချက်ကို Clean Mountains အဖွဲ့ တည်ထောင်သူ မဥဥက အခုလို ထောက်ပြပါတယ်။

သူက “သံလွင်မြစ်ကြောင်းတလျှောက်မှာ ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ ပိုများလာတယ်၊ စစ်ရေးတင်းမာမှု ကြာလေလေ၊ စစ်ရေး ဘတ်ဂျက်အတွက် သဘာဝသယံဇာတတွေကို ပိုသုံးစွဲလာလေလေပဲ၊ တချို့က ကိုယ့်အိတ်ကပ်ဖောင်းဖို့ လုပ်ကြ တယ်၊ ဒါဟာ ပြည်သူလူထုကို ဘယ်လောက်ထိခိုက်တယ်ဆိုတာကို သူတို့ မသိကြဘူး”လို့ ရှင်းပြပါတယ်။
မဥဥရဲ့အမြင်အရ ရေကိုမသုံးဖို့ တားမြစ်ရုံနဲ့ မလုံလောက်ဘဲ အဆိပ်အတောက် လျှော့ချရေးနဲ့ စနစ်တကျ စီမံခန့်ခွဲမှုတွေ လိုအပ်နေပြီ ဖြစ်ပါတယ်။
“ရေချိုရေသန့်ရဖို့ထက် ရေရဖို့ကိုတောင် တော်တော်ရှားပါးနေတာ၊ ဒါဟာ ပြည်နယ်အချင်းချင်း၊ နိုင်ငံအချင်းချင်း ပူးပေါင်း ဖြေရှင်းရမယ့် ကိစ္စပါ”လို့ သူက အကြံပြုပါတယ်။
မြစ်ဖျားပိုင်းက ညစ်ညမ်းမှုတွေဟာ မြစ်ကြောင်းတလျှောက်က လူတွေကို ဒုက္ခပေးနေသလို၊ သတ္တုတူးဖော်ရေးလုပ် ကွက်တွေနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ မော်ချီးဒေသက ဒေါ်လှမြင့်အတွက်လည်း မြစ်ရေဟာ ရေမဟုတ်တော့ဘဲ ခဲသတ္တု တူးဖော်မှုများလာလို့ အရောင်ပြောင်းလာတဲ့ အဆိပ်ရည်လို ဖြစ်နေပါတယ်။ ရေကြောင့်မှန်းမသိဘဲ သောက်သုံးမိခဲ့ရာကနေ ယားနာဖြစ်လာတာ၊ ဗိုက်နာတာတွေကို သာမာန်ပဲလို့ သူတို့ ထင်ခဲ့ကြပါတယ်။
ဒေါ်လှမြင့်က “အခုတော့ စိုက်ထားတဲ့ အပင်တွေကိုတောင် ရေမလောင်းရဲတော့ဘူး၊ သွားတွေဆိုလည်း ဒီရေနဲ့ ထိတွေ့တာ များလို့ ကျိုးပဲ့ကုန်ပြီး ဘာမှမဝါးနိုင်တော့ဘူး”လို့ ဆိုပါတယ်။
ဒီအမျိုးသမီးတွေရဲ့ စိုးရိမ်ထိတ်လန့်မှုတွေဟာ အခြေအမြစ်မရှိတာတော့ မဟုတ်ပါဘူး။
၂၀၂၆၊ နှစ်စပိုင်းမှာ ထွက်ပေါ်လာတဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ရဲ့ထုတ်ပြန်ချက်အရ သံလွင်မြစ်နဲ့ မိုလိုချောင်းအတွင်းက ရေနမူနာတွေမှာ အာဆင်းနစ် (Arsenic) အဆိပ်သင့်မှုပမာဏ အဆမတန် မြင့်မားနေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

သံလွင်မြစ်နဲ့ မြစ်ထဲကိုစီးဝင်တဲ့ မိုလိုချောင်းအတွင်းက ရေတွေမှာ အာဆင်းနစ်နဲ့ Heavy Metal ခေါ်တဲ့ သတ္တုဓာတ်တွေ ပါဝင်မှုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်ရဲ့ အကူအညီနဲ့ စစ်ဆေးတဲ့အခါ အာဆင်းနစ်ဓာတ်က ပုံမှန်ထက် ၄ ဆ ကနေ ၉ ဆအထိ မြင့်တက်နေတာ တွေ့ရပြီး၊ အထူးသဖြင့် မော်ချီးဒေသက မိုလိုချောင်းဟာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် အဆိပ်သင့်မှု အမြင့်ဆုံးဖြစ်နေတယ် လို့ IEC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြစ်ရေကို ထိတွေ့သောက်သုံးမိရင် မူးဝေတာ၊ ပျို့အန်တာတွေကနေ ရေရှည်မှာ ကင်ဆာနဲ့ အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာ ရောဂါတွေအထိ ဖြစ်ပွားစေနိုင်တယ်လို့ IEC က အသိပေးထားပါတယ်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဦးဗညားက “မြစ်ရေကို ထိတွေ့ပြီးရင် သန့်ရှင်းတဲ့ရေနဲ့ ပြန်ဆေးဖို့၊ မြစ်ထဲက ငါးတွေကိုစားရင် ဦးခေါင်းနဲ့ ကလီစာတွေကို ဖယ်စားဖို့ ကျနော်တို့ နှိုးဆော်ထားပါတယ်၊ ဒါပေမဲ့ မိုလိုချောင်းထဲက ရေနေသတ္တဝါတွေကိုတော့ လုံးဝမစားဖို့ တားမြစ်ထားတယ်”လို့ HI – Honest Informaation ကို ရှင်းပြပါတယ်။
တချိန်က သံခွင်မြစ်ရေဟာ မြစ်တဖက်တချက်စီမှာ မှီတင်းနေထိုင်ကြတဲ့ ဒေသခံတွေအတွက် အသက်သွေးကြော ဖြစ်ခဲ့ပေမယ့် အခုတော့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့အိမ်မက်ဆိုးနဲ့ ကလေးငယ်တွေရဲ့အနာဂတ်ကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်တခု ဖြစ်လာနေပါတယ်။
မမူးဖောကတော့“ကျမတို့က ဒီမြစ်ကို ချစ်တယ်၊ ဒီမြစ်ကပေးတဲ့ ရေကိုသောက်ပြီး ရှင်သန်လာကြတာ၊ ကိုယ့်ကလေးကို ရေတခွက် တိုက်လိုက်တိုင်း ဒါဟာ အဆိပ် မဟုတ်ဘူးဆိုတာ ယုံကြည်စိတ်ချရမယ့်နေ့ကိုပဲ မြင်ချင်တာပါ”လို့ ပြတ်သားတဲ့လေသံနဲ့ ဆိုပါတယ်။
မမူးဖောအတွက် သန့်ရှင်းတဲ့ ရေတပေါက် ရရှိရေးဆိုတာ အခြေခံလူ့အခွင့်အရေးတခုထက် ပိုနေပါတယ်။ ဒါဟာ သူရဲ့ စတုတ္ထမြောက် ရင်သွေးလေးကို အသက်ရှင်သန်ခွင့်ပေးနိုင်ဖို့နဲ့ သံလွင်မြစ်ကမ်းဘေးမှာ လူသားပီပီသသ ဆက်လက် နေထိုင်နိုင်ဖို့အတွက် တခုတည်းသော မျှော်လင့်ချက် တံခါးပေါက်ပဲ ဖြစ်တယ်။
သူရဲ့လုံးဝိုင်းနေတဲ့ ဝမ်းဗိုက်ကလေးကို ပွတ်သပ်ရင်း မမူးဖောတယောက် သူ့ဆန္ဒတခုကို အခုလိုဖွင့်ဟပါတယ်။
“ဒီတခါတော့ ကျမကလေးလေးကို အသက်ရှင်စေချင်တယ်၊ အဆိပ်မရှိတဲ့ ကမ္ဘာလေးမှာပေါ့”





