“သေသွားရင်တောင် အလောင်းဘေးထိ လာတောင်းမယ်”

ရှင်ငြိမ်း

“’နင် သေသွားရင်တောင် အလောင်းဘေးထိ လာတောင်းမယ်’ တဲ့။ သူတို့က ပိုက်ဆံတောင်းတာ မဟုတ်ဘူး၊ ကျမဘဝကို အစိမ်းလိုက် သတ်နေတာ”

ဒါက အသက် ၃၄ နှစ်အရွယ် မကျော့ခိုင်ရဲ့  သူ့ဘဝမှာ ၆လတာလောက် ဖြတ်သန်းခဲ့ရတဲ့ ငရဲခန်းတခုအကြောင်းကို ဖွင့်ဟ ပြောပြလိုက်တဲ့ စကားလုံးတွေပဲဖြစ်ပါတယ်။  

ညညဆို ဖုန်းကနေတဆင့် ခြိမ်းခြောက်အကြွေးတောင်းတဲ့ အသံတွေကြောင့် “ဖုန်းမြည်သံ ကြားတာနဲ့ ရင်တွေတုန်ပြီး ညဆို ကျမ အိပ်လို့မရတော့ဘူး” လို့ မကျော့ခိုင်က ဆိုပါတယ်။

ဒီဖြစ်စဉ်ဟာ ၃ နှစ်ကျော် ကြာမြင့်ခဲ့ပြီဆိုပေမဲ့၊ သူ့အဖို့ ပြင်းပြင်းထန်ထန်ဝမ်းနည်းထိခိုက် ခံစားခဲ့ရတာကြောင့် ပြန်ပြောပြ တိုင်းမှာ တုန်လှုပ်ခြောက်ခြားနေဆဲလို့ ဆိုပါတယ်။  

မကျော့ခိုင်ရဲ့ အတွေ့အကြုံဟာ သူတယောက်တည်း ရင်ဆိုင်နေရတဲ့ လူမသိသူမသိ သီးခြားဖြစ်ရပ် တခုတော့ မဟုတ်ပါ ဘူး။ အိမ်နီးချင်း အိန္ဒိယ၊ ထိုင်းနဲ့ ကမ္ဘောဒီးယား အပါအဝင် နိုင်ငံတကာမှာပါ နည်းပညာအခြေပြု အုပ်စုဖွဲ့ ကျူးလွန်နေကြ တဲ့ ဒစ်ဂျစ်တယ်ရာဇဝတ်မှုကြီးတွေထဲ သားကောင်အဖြစ် ပါဝင်နေကြသူတွေရဲ့ အတွေ့အကြုံတွေထဲက တခုမျှသာဖြစ်ပါ တယ်။

မကျော့ခိုင်တယောက် ကြုံတွေ့ခဲ့ရတာကတော့ အဲဒီလို ဒစ်ဂျစ်တယ်ရာဇဝတ်မှုကြီးတွေရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ တရားမဝင် Loan App (အွန်လိုင်းငွေချေး လုပ်ငန်း) တွေရဲ့ ထောင်ချောက်ပါ။  

ဖုန်းမျက်နှာပြင်ပေါ်က ခလုတ်တချက်နှိပ်ရုံနဲ့ အလွယ်တကူရတဲ့ ငွေကြေးနောက်ကွယ်မှာ တရားမဝင် Loan App တွေဟာ နည်းပညာကို အသုံးချ၊ ငွေချေးသူတွေရဲ့ ကိုယ်ရေး အချက်အလက်ကို ရယူပြီး လူတွေရဲ့ ငွေကြေးအကြပ်အတည်းကို အခွင့်ကောင်းယူရုံတင်မက လူ့အဖွဲ့အစည်းထဲက ဂျဲန်ဒါအမြင်တွေကို လက်နက်လို အသုံးချနေတာ ဖြစ်ပါတယ်။ လူတွေရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကို ဓားစာခံလုပ်ပြီး  အရှက်ခွဲ၊ ခြိမ်းခြောက်၊ ငွေညှစ်နေတဲ့ Digital Gender-Based Violence ပုံစံတခုလည်း ဖြစ်နေတာကို တွေ့ရပါတယ်။   

ဒီလို နည်းပညာအခြေပြု အွန်လိုင်း အကြမ်းဖက်ခံရမှုတွေရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ မကျော့ခိုင်တို့ဇနီးမောင်နှံဟာ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ပေါ် ရပ်ကွက်တခုမှာ အခြေချနေထိုင်ပြီး ရုန်းကန်နေကြတဲ့ သာမန် လက်လုပ်လက်စား မိသားစု ဖြစ်ပါတယ်။ သူတို့မှာ အသက် ၇ နှစ်အရွယ် ပထမတန်းတက်နေတဲ့ သမီးလေးတယောက်နဲ့ အသက် ၄ နှစ်အရွယ် သားလေးတယောက် ရှိပါတယ်။

ခင်ပွန်းဖြစ်သူ ကိုထွန်းဟာ ကုမ္ပဏီတခုမှာ လခစား ဝန်ထမ်းအဖြစ် လုပ်ကိုင်သလို၊ တဖက်ကလည်း အိမ်တွင်းဝင်ငွေ တိုးအောင် နေ့စားအလုပ်တွေ သွားလုပ်ပါသေးတယ်။

မကျော့ခိုင်ဟာ  မိသားစုဝင်ငွေ တဖက်တလမ်းက အဆင်ပြေအောင် အိမ်မှာ ကုန်စုံဆိုင်လေးဖွင့်နိုင်ဖို့ လိုအပ်တဲ့ အရင်းအနှီး ကို  အွန်လိုင်း ပေါ်မှာတွေ့တဲ့ တရားမဝင်ငွေချေးလုပ်ငန်း (Loan App) တခုမှာ ငွေချေးဖို့အတွက် စုံစမ်းလိုက်ပါတယ်။  သူတို့ ရှင်းပြတာက အတိုးလည်းသိပ်မများသလို၊ ပေးနိုင်သလောက် မှန်မှန်ခွဲဆပ်လို့ရတယ်လို့ ဆိုတဲ့အတွက် ခင်ပွန်းဖြစ်သူ မသိအောင် ငွေကျပ် ၁၀သိန်း စတင်ချေးယူခဲ့ပါတယ်။  

“ငွေချပေးပြီးတာနဲ့ သူတို့အရင်ပြောတာတွေက ဘာတခုမှ မဟုတ်တော့ဘူး”လို့ မကျော့ခိုင်က ဆိုပါတယ်။

ငွေချေးလိုသူက အွန်လိုင်းချေးငွေအပလီကေးရှင်းကနေ ငွေပမာဏတခုကို ချေးယူလိုက်ပေမယ့် လက်ထဲကို အဲဒီပမာဏ အပြည့်အဝ မရောက်လာဘဲ ဝန်ဆောင်ခနဲ့ အတိုးဆိုပြီး ၃၀% ကနေ ၄၀% အထိ ကြိုတင်ဖြတ်တောက်ပါတယ်။ ဒါပေမဲ့ ပြန်ဆပ်ရမယ့် အချိန်ကျမှာတော့ မူရင်းချေးငွေ ပမာဏအပြည့်ကို အတိုး ၃၀ရာခိုင်နှုန်းနဲ့အတူပြန်ဆပ်ကြရမှာဖြစ်ပါတယ်။ ဒီနေ့ပေးရမှာ မနက်ဖြန်မှ ပေးရင် သူယူထားတဲ့ငွေအမောင့်ပေါ်မူတည်ပြီး တရက်ကျော်လို့ တရက်ကို ၅ ထောင်၊ ၁သောင်း နေ့တိုင်း တိုးတောင်းတာမျိုး လုပ်ပါတယ်။

ငွေချေးထားသူဟာ သူတို့ရက်ချိန်းပြည့်လို့မဆပ်နိုင်ရင် သူတို့ဝန်ထမ်းတွေကပဲ  “ဒီ App က အကြွေးကို ဆပ်နိုင်ဖို့ ဟောဒီ နောက်ထပ် App တခုကနေ ထပ်ချေးပြီး ဆပ်လိုက်ပါ”လို့ ညွှန်းပေးပါတယ်။ ငွေဆပ်ရမဲ့ရက် မတိုင်ခင် ၁ ရက်၊ ၂ ရက် အလိုကတည်းက ဖုန်းတွေ အဆက်မပြတ်ဆက်ပြီး စိတ်အနှောင့်အယှက်ပေးတာမျိုးတွေ လုပ်လေ့ရှိပါတယ်။

ဒါတင်မကဘဲ ငွေချေးယူစဉ်က App ရဲ့ စည်းကမ်းချက်တွေအရ ငွေချေးလိုသူက ဖုန်းထဲမှာရှိတဲ့ အဆက်အသွယ် (ဖုန်းနံပတ်)နဲ့ ဓာတ်ပုံတွေ ကို သူတို့ကိုရယူသုံးစွဲခွင့် ပေးရမယ်လို့ ဖော်ပြထားတဲ့အတွက် ပြန်ဆပ်ရမယ့်ရက်လွန်ပြီဆိုတာနဲ့ ပေးထားတဲ့ Contact List ထဲက နံပါတ်တွေလိုက်ဆက် အရှက်ခွဲတာမျိုးတွေကို ကျူးလွန်ပါတော့တယ်။

ထောင်ချောက်မှန်းမိသိဘဲ တိုးဝင်မိတဲ့ မကျော့ခိုင်ဟာ သူက ငွေချေးတုန်းက ၂ လယူမယ်ပြောခဲ့ပါတယ်။ တကယ်လို့ အကျေမဆပ်နိုင်သေးရင် ဈေးရောင်းရတဲ့ငွေကို  အေးဆေးခွဲဆပ်မယ်လို့ သူစဉ်းစားခဲ့ပါတယ်။  

အဲဒီ Loan App တွေဟာ ငွေချေးပြီးတာနဲ့ အတိုးကို ရက်အတိအကျလှမ်းတောင်းချိန်မှာ လုပ်ငန်းအစမို့ ချက်ချင်း အဆင်မပြေလို့ ၁၀ရက်လောက် ခဏစောင့်ဆိုင်းဖို့ ပြောပြချိန်မှာ “နင်စကားမတည်ဘူး၊ ငါ့ပိုက်ဆံတွေ မနက်ဖြန် ပြန်ပေး၊ မပေးရင် နင့်ပုံတွေ လိုင်းပေါ်တင် အရှက်ခွဲမယ်”လို့ တဖက်က စတင်ခြိမ်းခြောက်လာပါတယ်။

“ကြောက်တာနဲ့ တခြား(နောက် Loan App တခု) ကနေ ယူပေးလိုက်တာ၊ အဲ့မှာ ဒုက္ခရောက်ကုန်တာပဲ” လို့  ရက်ပိုင်း အတွင်းမှာပဲ မတန်တဆ တက်လာတဲ့ အတိုးတွေကို မီအောင်ဆပ်နိုင်ဖို့အတွက် အကြွေးသံသရာထဲ နွံနစ်ခဲ့ရပုံကို သူက ပြောပြပါတယ်။

သတ်မှတ်ရက်ထက် ၃ ရက်မျှ နောက်ကျရုံနဲ့ ပထမအပတ်မှာတင် တနေ့ကို ဖုန်းအကြိမ်ပေါင်း ၄၀ ကျော်၊ စာတို (SMS) အစောင် ၁၀၀ မက ပို့ပြီး ဆဲဆို ခြိမ်းခြောက်ခဲ့သလို၊ ရက်ပေါင်း ၉၀ နီးပါး ဖုန်းနံပါတ်အမျိုးမျိုး၊ အကောင့်တုမျိုးစုံနဲ့ နေ့ရောညပါ ၂၄ နာရီပတ်လုံး တောက်လျှောက် အရှိန်မြှင့် နှောင့်ယှက်ခဲ့ပါတယ်။  

ဖုန်းပိတ်ထားရင်လည်း သူ့မသားစုဝင်တွေဆီ တနေ့ကို အကြိမ်ပေါင်းများစွာ ဖုန်းဆက်ပြီး စိတ်ဒုက္ခပေး ပါတယ်။ “ငွေရရင်ပြီးရော”ဆိုတဲ့စိတ်နဲ့ သတိမထားဘဲဖုန်းထဲကအချက်အလက်တွေ သုံးခွင့်ပြုပေးခဲ့ မိတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မကျော့ခိုင်တယောက် ဆက်တိုက်ရင်ဆိုင်ခဲ့ရပါတော့တယ်။ 

Facebook Profile ပုံတွေ၊ မိသားစုပုံတွေကို Screenshot ရိုက်ယူပြီး ညစ်ညမ်းစာသားတွေ၊ “ပိုက်ဆံရရင် ဘာမဆို လုပ်မယ့် မိန်းမ” ၊ “ယောက်ျားနောက်ကွယ်မှာ ဖောက်ပြန်နေသူ” စတဲ့ မကျော့ခိုင်ရဲ့ အမျိုးသမီး ဖြစ်တည်မှုကို ပစ်မှတ်ထားပြီး လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ မှတ်ချက်တွေကို သူတင်သမျှ ပို့စ်တိုင်းမှာ အကောင့်တုတွေအများကြီးနဲ့ လိုက်ပြီးရေးသားကြတယ်။

Friend List ထဲက ယောက်ျားဖြစ်သူ၊ ယောက္ခမတွေအပြင် အလုပ်က လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေကိုပါ ရှာဖွေပြီး သူတို့ရဲ့ Messenger Box ထဲအထိ “ဒီမိန်းမက အိမ်ထောင်ရှိလျက်နဲ့ ငွေလိမ်စားနေတယ်၊ လာရှင်းပေးကြ” ဆိုပြီး လှုံ့ဆော် စာတွေ ပေးပို့ခဲ့တယ်။

ခင်ပွန်းဖြစ်သူ ကိုထွန်းဟာ အွန်လိုင်း Loan App တွေရဲ့ စနစ်တကျ ငွေညှစ်အရှက်ခွဲတဲ့ သဘာဝကို နားမလည်ဘဲ၊  “လိုင်းပေါ်က အကောင့်တုတွေနဲ့ ဇနီးဖြစ်သူ ပတ်သက်နေတယ်” ဆိုတဲ့ စွပ်စွဲချက်အပေါ်မှာဒေါသပေါက်ကွဲပြီး “နင့်ကို ငါတို့က ထမင်းငတ်ထားလို့လား၊ အိမ်မှာ အေးအေးဆေးဆေး မနေဘဲ ဘာလို့ လင်နောက်ကွယ်မှာ လိုင်းပေါ်က ကောင်တွေ နဲ့ ရှုပ်ပြီး အကြွေးတွေ တောင်းခံနေရတာလဲ၊ ငါ့လုပ်ငန်းခွင်ထဲထိ ဖုန်းဆက်ဆဲလို့ ငါမျက်နှာမပြရဲတော့ဘူး၊ ငါ ရှက်တာနဲ့ သေတော့မယ်”လို့ ဇနီးသည်ကို ပြောဆိုရင်း လင်မယားရန်ပွဲတွေ စတင်ခဲ့ပါတော့တယ်။   

Loan App ဝန်ထမ်းတွေဟာ မကျော့ခိုင်ရဲ့ မျက်နှာကို ညစ်ညမ်းပုံရိပ်တွေနဲ့ ဓာတ်ပုံအတုတွေ ပြုပြင်ဖန်တီးပြီး Facebook ပေါ်က ‘ငွေချေးသူများ သတိပြုရန်’ ဆိုတဲ့ Group တွေထဲမှာတင်ပြီး လူသိရှင်ကြား သိက္ခာချခဲ့ကြပါတယ်။ ဒါဟာ ရက်ပိုင်း အတွင်း ပြီးသွားတာ မဟုတ်ဘဲ လနဲ့ချီပြီးကြာမြင့်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပါတယ်။

“ကြာတော့ အကြောက်လွန်ပြီး လူက ကြောင်တောင်တောင် ဖြစ်သွားတယ်၊ ၆ လလုံးလုံး ဖုန်းသံကို ကြောက်ခဲ့ရတာ၊ သူတို့ က ပိုက်ဆံတောင်းတာထက်ပိုပြီး လူတယောက်ရဲ့ စိတ်ရောလူရော သတ်ချင်တာမျိုး ဖြစ်နေတယ်၊ အဲ့ဒီကာလတွေက ကျမက သေလူလို ဖြစ်ခဲ့ရတာပါ”လို့ မကျော့ခိုင်က ရင်ဖွင့်ပါတယ်။

ပတ်ဝန်းကျင်မှာ လူရာမဝင်စေရဘူး၊ အိမ်ထောင်ဘက်နဲ့ ကွာရှင်းရတဲ့အထိလုပ်ပစ်မယ်၊ သေသွားရင် အလောင်းနားအထိ လိုက်တောင်းမယ်၊ အလှူရက်လည်တဲ့အထိ လာအရှက်ခွဲမယ်ဆိုတဲ့ စကားလုံးတွေကြောင့် မကျော့ခိုင်ဟာ  သွေးတိုးတာ၊ စိတ်ကျရောဂါတွေ ခံစားခဲ့ရပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ ၂ကြိမ်ထက်မနည်း ကြိုးစားတဲ့အထိ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါ တယ်။

အွန်လိုင်းငွေချေးလုပ်ငန်းတွေနဲ့ ပတ်သက်မိတဲ့ မကျော့ခိုင်ဟာ  လနဲ့ချီတဲ့ အိမ်တွင်း အကြမ်းဖက်မှုတွေ သံသရာလည်ပြီးတဲ့ နောက်၊ ခင်ပွန်းဖြစ်သူက ကွာရှင်းဖို့ အပြတ်ပြောပြီး  အဝတ်တထည်ကိုယ်တခုနဲ့ အိမ်ပေါ်က နှင်ချတာကို ခံခဲ့ရပါတယ်။ 

မောင်နှမလည်းမရှိ၊ ငယ်စဉ်ကတည်းက မိဘမဲ့တဦးဖြစ်တဲ့ မကျော့ခိုင်ဟာ အိမ်ပေါ်က ဆင်းလာတဲ့နေ့ကတည်းက သူငယ်ချင်းဖြစ်သူ သီလရှင်ထံမှာ ခိုနားရင်း ကျောင်းဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးရင်း ရှင်သန်နေထိုင်ရပါတယ်။

မိသားစုအဆင်ပြေရေးအတွက် တဖက်တလမ်းက ကူညီဖို့ ကြိုးစားခဲ့တဲ့ မကျော့ခိုင်ဟာ  ကလေး ၂ယောက်ရဲ့ အနာဂတ်ကို ပါ ဖျက်ဆီးလိုက်သလို ဖြစ်သွားခဲ့တယ်လို့ ခံစားရပြီး သူအကြောင်းဆုံးက ကလေးတွေက သူ့ကို မုန်းသွားမှာကိုပါပဲလို့ ထုတ်ပြောပါတယ်။

“ယောက္ခမကလည်း ‘အကျင့်မကောင်းတဲ့အမေ’ ဆိုပြီး ကလေးတွေနဲ့ ပေး မတွေ့တော့ သမီးလေးနဲ့ သားလေးကို ခွဲရတဲ့ အချိန်က ကျမဘဝမှာ သေရတာထက် ပိုဆိုးပါတယ်၊ အခုတော့ ကျမ အိမ်ထောင်လည်းပျက်၊ ကလေးတွေနဲ့လည်း ဝေးပြီး လမ်းဘေးရောက်ခဲ့ရပြီ”လို့ မကျော့ခိုင်က ကြေကြေကွဲကွဲ ပြောပြပါတယ်။

ဒီလိုရင်ဆိုင်ရတာဟာ မကျော့ခိုင် တယောက်တည်းလားဆိုတော့ မဟုတ်ပါဘူး။

မကျော့ခိုင်လိုပဲ အသက် ၂၈ နှစ်အရွယ် မသော်တာတယောက်လည်း မိသားစုဝင်တဦးရဲ့ ကျန်းမာရေး အရေးပေါ် ဖြစ်လာ ချိန်၊ လက်ထဲမှာ ငွေမရှိတဲ့အဆုံး ငွေကျပ် ၂သိန်းကို စတင်ချေးယူခဲ့ရာကနေ ဒစ်ဂျစ်တယ်ထောင်ချောက်ထဲ ကျရောက်ခဲ့ရပါတယ်။

ငွေတိုးပေးရမယ့်သတ်မှတ်ရက်ထက် တရက်လောက်နောက်ကျရုံနဲ့တင် ဝန်ထမ်းတွေက ဖုန်းဆက်ဆဲဆိုတာ၊ ဓာတ်ပုံတွေကို ပြုပြင်ပြီး အပြာစာမျက်နှာတွေပေါ် တင်မယ်လို့ ခြိမ်းခြောက်တာ၊ ဖုန်းအဆက်အသွယ်တွေထဲက အလုပ်ရှင်နဲ့ သူငယ်ချင်း တွေဆီကို  ‘ဒီမိန်းမက ပိုက်ဆံလိမ်ပြေးနေတဲ့ ပြည့်တန်ဆာ’ ဆိုပြီး ဓာတ်ပုံတွေ၊ စာတွေ လိုက်ပို့ခဲ့တာကြောင့် သူဟာ စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး စကားပြန်အလုပ်ကနေ ချက်ချင်း နှုတ်ထွက်ခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့အထိ အကြိမ်ကြိမ်တွေးမိပေမဲ့ မိဘတွေရဲ့ မျက်နှာကြောင့်သာ မလုပ်ဖြစ်ခဲ့ဘဲ၊ အခန်းထဲမှာတင် တလနီးပါး အောင်းနေခဲ့ရတယ်။ နောက်ပိုင်းမှာတော့ ခြိမ်းခြောက်စာပို့တာ၊ နှောင့်ယှက်တာတွေရပ်တန့်သွားတယ်လို့ မသော်တာက ဆိုပါတယ်။

Loan App ဝန်ထမ်းတွေဟာ အဆမတန်အမြတ်ထုတ်ထားတဲ့ ငွေကြေးတွေကိုရဖို့အတွက် လူ့အဖွဲ့အစည်းရဲ့ “အမျိုးသမီး ကောင်း” ဆိုတဲ့ စံနှုန်းကို လက်နက်လုပ်ပြီး မကျော့ခိုင်နဲ့ မသော်တာတို့ရဲ့ လူမှုရေးဆက်ဆံရေးကို တစစီ ဖြိုခွဲခဲ့တာ ဖြစ်ပါ တယ်။

ဒါဟာ သာမာန်ငွေကြေးအငြင်းပွားမှုတခုမဟုတ်ဘဲ၊ လူ့အဖွဲ့အစည်းရဲ့ သတ်မှတ်ချက်တခု ဖြစ်တဲ့ အမျိုးသမီးတွေရဲ့ အရှက် နဲ့ ဂုဏ်သိက္ခာဟာ အရေးအကြီးဆုံး ဆိုတဲ့အားနည်းချက်ကို အလွဲသုံးစားပြုပြီး နည်းပညာကို လက်နက်လို အသုံးချ ကျူးလွန်တဲ့ Gender-Based Violence (ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု) ဖြစ်တယ်လို့  အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မဖြူက ထောက်ပြပါတယ်။

ဒီလို ခြိမ်းခြောက်မှုတွေဟာ အမျိုးသမီးတွေကိုသာမက အမျိုးသားတွေအပေါ်သတ်မှတ်ထားတဲ့ အိမ်ထောင်ဦးစီး  ဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့ Gender Norms တွေကို လက်နက်အဖြစ် အသုံးချကြပါတယ်။

စစ်ကိုင်းတိုင်းကနေ စစ်ရှောင်လာရင်း ရန်ကုန်မြို့ဆင်ခြေဖုံး ရပ်ကွက်တခုမှာ အခြေချပြီး ရုန်းကန်နေရတဲ့ အသက် ၃၁ နှစ် အရွယ် ကိုမင်းမင်းဟာ သမီးလေး ၂ ယောက်ရဲ့ ကျောင်းစရိတ်၊ အိမ်စရိတ်စတဲ့ အခက်အခဲတွေကြောင့် ငွေကျပ် ၅ သိန်းခွဲကို Loan App တခုကနေ စတင်ချေးယူခဲ့ရာကနေ ၄ လအတွင်း App ပေါင်း ၅ ခုအထိ အကြွေး သံသရာလည်ခဲ့ ပါတယ်။

ငွေတောင်းဝန်ထမ်းတွေဟာ အလှဆင်ကျောက်ပြားရောင်းတဲ့ဆိုင်က မန်နေဂျာဖြစ်တဲ့ ကိုမင်းမင်းကို “ဒီကောင်က ယောက်ျားဖြစ်ပြီး ငွေမဆပ် နိုင်လို့ ရှောင်နေတဲ့ကောင် ငွေလိမ်သမား” ဆိုပြီး အရှက်ခွဲခဲ့သလို၊ Facebook ပေါ်မှာလည်း “ဒီကောင်ဟာ ယောက်ျား အဝတ်အစား ဝတ်ထားပေမဲ့ သူတောင်းစားလို လိုက်လိမ်နေသူ” ဆိုပြီး အလုပ်ရှင်နဲ့ ဆွေမျိုးတွေ ဆီကို ဖုန်းဆက်ပုံဖျက်ခဲ့ကြပါတယ်။  

 ဒါတင်မက ဇနီးဖြစ်သူဆီပါ ဖုန်းဆက်ပြီး ရုန့်ရင်းကြမ်းတမ်းစွာ နှောင့်ယှက်ခဲ့တာကြောင့် နောက်ဆုံးမှာ အလုပ်ကနေ ထွက်စာတင်လိုက်ရသလို၊ ဇနီးဖြစ်သူကလည်း မခံနိုင်တော့တဲ့အဆုံး သမီးတွေကိုခေါ်ပြီး အိမ်ကနေ ဆင်းသွားခဲ့ပါတယ်။

 “အခု ကျနော့်မှာ အလုပ်လည်းမရှိ၊ မိသားစုလည်းမရှိ၊ ဘဝက ဇောက်ထိုးမိုးမျှော်နဲ့ လမ်းပျောက်ခဲ့ရတယ်၊ ငွေချေးတယ် ဆိုတာ အလွယ်တကူတော့ လက်ထဲ ရလိုက်တာမှန်ပေမဲ့၊ ပေးဆပ်လိုက်ရတဲ့ ဘဝကတော့ မတန်ဘူးဗျာ” လို့ ကိုမင်းမင်းက ရင်ဖွင့်ပါတယ်။

လက်ရှိ တိုင်းပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အလုပ်အကိုင်တွေ ရှားပါး၊ ကုန်ဈေးနှုန်းတွေက အဆမတန် တက်လာတဲ့အခါ မိသားစုတစု ဆန်အိုးမပြတ်ဖို့အရေးဟာ နေ့စဉ် ရုန်းကန်နေရတဲ့ စစ်ပွဲတခုလိုဖြစ်နေတာကို သူတို့ဘဝတွေ ကနေတဆင့် တွေ့ရပါတယ်။

အဆိုးဆုံးကတော့ အခုလို သားကောင်တွေရဲ့ ဘဝတခုလုံးကို ဖျက်ဆီးပစ်ပြီးတဲ့နောက်မှာ ဒီငွေညှစ်ဝန်ထမ်းတွေဟာ သူတို့ သုံးခဲ့တဲ့ ဖုန်းဆင်းကတ်တွေ၊ Facebook အကောင့်တွေကို အစဖျောက်ဖျက်ပစ်လိုက်ကြတာမို့ ဘယ်သူဘယ်ဝါမှန်း လိုက်လံအရေးယူဖို့ လုံးဝမဖြစ်နိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်နေတာပါပဲ။

အွန်လိုင်းပေါ်က လိင်အမြတ်ထုတ်တာမျိုးတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတချို့ဆိုရင် IP Address တွေ၊ Server တွေကို ရင်းမြစ် (Source Code) ထိ လိုက်ပြီး တန်ပြန်ခြေရာခံဖို့ ကြိုးစားတာမျိုးတွေရှိကြပေမယ့် ဒီ Loan App တွေ ကျတော့ သူတို့ကွန်ရက်က အရမ်းကျယ်ပြန့်တဲ့အပြင် Server တွေကိုလည်း နိုင်ငံခြားမှာ အခြေစိုက်ထားတာ၊ VPN တွေ သုံးထားတာမျိုးတွေကြောင့် ဒစ်ဂျစ်တယ်ခြေရာခံ လမ်းကြောင်းတွေကို လုံးဝ ဖြတ်တောက်ပစ်တာမျိုးရှိနေတယ်လို့ အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီတခုမှာ လက်ရှိ လုပ်ကိုင်နေတဲ့ ပညာရှင်ကိုသိန်းဇော်ကရှင်းပြပါတယ်။ 

ဒီအပေါ်မှာ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူ ကိုမျိုးကလည်း”ကျွမ်းကျင်သူတွေဘက်က တန်ပြန်တိုက်ခိုက်ဖို့ နည်းလမ်းရှာ နိုင်ရင်တောင်မှ၊ တဖက်က ရာဇဝတ်ဂိုဏ်းတွေက နည်းပညာကို အချိန်နဲ့အမျှ အဆင့်မြှင့်ပြီး အစဖျောက်နေတာ၊ အဲ့တော့ လက်ရှိမှာ သူတို့ကို အမြစ်ပြတ်တားဆီးနိုင်မယ့် ထိရောက်တဲ့ နည်းပညာဆိုင်ရာ အဖြေတော့လုံးဝ မရှိသေးဘူး” လို့ မှတ်ချက်ပြုပါတယ်။

ဒါကြောင့် အခုလို ဖြစ်စဉ်တွေအတွက် ဥပဒေတရပ် အရေးတကြီး လိုအပ်နေပြီ ဖြစ်ပေမဲ့လည်း လက်ရှိတိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေတွေအရ ဥပဒေရှိရင်တောင်မှ ထိထိရောက်ရောက် အရေးယူပေးဖို့က အခက်အခဲတွေ အများကြီး ရှိနေဦးမယ်လို့  တရားလွှတ်တော်ရှေ့နေတဦးက သုံးသပ်ပါတယ်။

လူတွေရဲ့ ခက်ခဲကြပ်တည်းမှုနဲ့ အရေးပေါ်ငွေလိုနေသူတွေရဲ့ အားနည်းချက်တွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းငွေချေး လုပ်ငန်းတွေအနိုင်ရစေတဲ့ အဓိကသော့ချက်က  “လူတယောက်ကို လူသိရှင်ကြား သိက္ခာချလိုက်တဲ့အပေါ်  ပတ်ဝန်းကျင်က ဘယ်လောက်အထိ ယုံကြည်သွားသလဲ” ဆိုတဲ့အချက်ပေါ်မှာ ရာနှုန်းပြည့် မူတည်နေတာကို တွေ့ရပါတယ်။

အွန်လိုင်းပေါ်မှာ ‘ဒီမိန်းမက ပိုက်ဆံလိမ်ပြေးနေတဲ့ ပြည့်တန်ဆာ’ ဆိုတဲ့ ညစ်ညမ်းစာသားတွေ၊ ပုံဖျက်ထားတဲ့ ဓာတ်ပုံတွေ ကို တွေ့လိုက်ရတဲ့အခါ လူ့ပတ်ဝန်းကျင်အနေနဲ့ ဒါကို ရုတ်တရက် အမှန်လို့ တန်းယုံလိုက်သင့်သလား၊ ဒါမှမဟုတ် ဒီလူဟာ နစ်နာသူတယောက် ဖြစ်နေနိုင်ပါသလား။

ဒီအပေါ်မှာ လူမှုဗေဒ လေ့လာသုံးသပ်သူ ဒေါ်တင်တင်ဝင်းကတော့ “ကျမတို့ လူ့အဖွဲ့အစည်းက ကောလာဟလတခု ဒါမှ မဟုတ် သိက္ခာချတဲ့ ပို့စ်တခုကို မြင်ရင် အချက်အလက် မှန်/မမှန် မစိစစ်တော့ဘဲ ချက်ချင်း ဝိုင်းပြီး တံဆိပ်ကပ် လိုက်ကြ တာများတယ်၊ တကယ်တော့ လူတယောက် အရှက်ကွဲပြီး ဘဝပျက်သွားတာဟာ လိုင်းပေါ်က ငွေညှစ်တဲ့ သူကြောင့်တင် မဟုတ်ဘူး၊ အဲဒါကို အမှန်လို့ မျက်စိမှိတ်ယုံကြည်ပြီး ဝိုင်းပယ်လိုက်တဲ့ ပတ်ဝန်းကျင်ရဲ့ အမြင်စောင်းမှုတွေ ကြောင့်လည်း ပါတယ်” လို့ စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

ဒါကြောင့် ဖုန်းမျက်နှာပြင်ပေါ်မှာ မြင်လိုက်ရတဲ့ တိုက်ခိုက်မှုတိုင်းကို အမှန်လို့ မသတ်မှတ်ဘဲ၊ ဒီလူဟာ စနစ်တကျ ငွေညှစ် အရှက်ခွဲခံနေရတဲ့ ‘ဓားစာခံ’ သာ ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးမျိုးနဲ့ ဝိုင်းဝန်းကာကွယ်ပေးဖို့ တကယ်ကို လိုအပ်တယ် လို့ သူက ဆိုပါတယ်။

ဒီအချက်နဲ့ ပတ်သက်ပြီး စိတ်ပညာရှင် ဒေါက်တာ အောင်က အွန်လိုင်း ငွေညှစ်သူတွေရဲ့ အဓိက လက်နက်ဟာ ဓားစာခံ တွေရဲ့ ‘အရှက်တရား’ နဲ့ ‘ကြောက်ရွံ့မှု’ ဖြစ်ပြီး၊  အဲဒီအရှက် ကြောင့်ပဲ ကိုယ့်ကိုကိုယ် အဆုံးစီရင်တာတွေ၊ မိသားစုဘဝ ပျက်စီးတာတွေ ကြုံလာရတဲ့အခါ အခန်းအမှောင်ထဲမှာ ပုန်းအောင်းနေတာမျိုး ဒါမှမဟုတ် အရှုံးပေးလိုက်တာမျိုး မဖြစ်စေဖို့ အကြံပြုပါတယ်။  

ဘယ်သူမဆို ဒီလို ကြုံလာရရင် ရှောင်ပြေးတာ၊ ဖုံးကွယ်ထားတာမျိုး လုံးဝ မလုပ်ဘဲ၊ မိသားစု၊ မိတ်ဆွေတွေကို လူသိရှင်ကြားချပြပြီး ‘ငါဟာ လိမ်လည်ငွေညှစ်တဲ့ App ရဲ့ ဆိုက်ဘာတိုက်ခိုက်မှုကို ခံနေရတာ ဖြစ်တယ်’ ဆိုတာ တည့်တည့်ရင်ဆိုင်ပြီး ရှင်းပြလိုက်တာက အကောင်းဆုံး ခွန်အားပဲလို့ သူက ဆိုပါတယ်။

 “ကိုယ်က ရာဇဝတ်ကောင် မဟုတ်ဘူး၊ ဓားစာခံ ဖြစ်တယ်ဆိုတာကို ရဲရဲဝံ့ဝံ့ ဖွင့်ချလိုက်တဲ့အခါ တဖက်က ခြိမ်းခြောက်သူ တွေမှာ ကိုယ့်ကို ဓားစာခံလုပ်စရာ လက်နက် မရှိတော့ဘူး”လို့ ဒေါက်တာအောင်က အားပေးစကားဆိုပါတယ်။

တကယ်တော့ မကျော့ခိုင်၊ မသော်တာနဲ့ ကိုမင်းမင်းတို့ ဆုံးရှုံးခဲ့ရတာက ငွေကြေးတခုတည်း မဟုတ်ပါဘူး။ အိမ်ထောင်ရေး၊ အလုပ်အကိုင်၊ လူမှုဆက်ဆံရေးနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေပါ တစစီ ပြိုကွဲသွားခဲ့တာပါ။ ဥပဒေအရ အရေးယူနိုင်ဖို့ မလွယ်ကူတဲ့အခြေအနေမှာ  အခုလို အွန်လိုင်းရာဇဝတ်မှု၊ အကြမ်းဖက်မှုတွေဟာ ပုံစံမျိုးစုံနဲ့ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ဒီလို ဒစ်ဂျစ်တယ်ငွေညှစ်မှုတွေ ဆက်ပြီးအောင်မြင်နေဦးမယ့် အကြောင်းရင်းက နည်းပညာကြောင့်တင် မဟုတ်ဘဲ၊ လိုင်းပေါ်က စွပ်စွဲချက်တွေကို အချက်အလက်မစိစစ်ဘဲ ယုံကြည်လိုက်တဲ့ ပတ်ဝန်းကျင်နဲ့  လူတယောက်ရဲ့ သိက္ခာကို အလွယ်တကူ တံဆိပ်ကပ်လိုက်တဲ့ အမြင်စောင်းမှုတွေလည်း ပါဝင်နေပါတယ်။

အဲဒီကြောင့် အွန်လိုင်းပေါ်မှာ “အရှက်ခွဲခံရသူ” တယောက်ကို မြင်လိုက်ရတိုင်း သူဟာ အမှားကျူးလွန်သူလား၊ ဒါမှမဟုတ် စနစ်တကျ ဒစ်ဂျစ်တယ်အကြမ်းဖက်ခံနေရတဲ့ သားကောင်တယောက်လားဆိုတာ ပြန်စိစစ်ဖို့ လိုအပ်ပါတယ်။  

ဒီခေတ်ရဲ့ အန္တရာယ်အကြီးဆုံး ဒစ်ဂျစ်တယ်သားသတ်သမားတွေဟာ ဖုန်းမျက်နှာပြင်နောက်ကွယ်မှာ အရေးယူလို့မရအောင် ပုန်းအောင်းနေနိုင်စေတဲ့ သူတို့ရဲ့ အစွမ်းထက်ဆုံး လက်နက်ကတော့ လူတွေရဲ့ အရှက်ကို ကြောက်ရွံ့တဲ့စိတ်နဲ့ ပတ်ဝန်းကျင် ရဲ့ တံဆိပ်ကပ်မှုတွေ ဖြစ်နေလို့ပါပဲ။