သံလွင်ခက်သတင်းဌာန၏ အမျိုးသမီးသတင်းထောက်အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ သဘောထားရပ်တည်ချက်

အာရက္ခပြည်အတွင်း သတင်းသမားအဖြစ် လူထုအား သတင်းတင်ဆက်နေသည့် အမျိုးသမီး သတင်းထောက် မခင်သရဖီဦးအား အွန်လိုင်းမှတဆင့် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ပြုမည်ဟု ခြိမ်းခြောက်ခြင်းနှင့် သတင်းတင်ဆက်မှုများ ရပ်တန့်စေရန် ဖိအားပေးခြင်းများ ဖြစ်ပွားခဲ့သည်။ ဤဖြစ်ရပ်သည် တဦးချင်းအပေါ် တိုက်ခိုက်မှုသာမက သတင်းလွတ်လပ်ခွင့်ကို ထိခိုက်စေသည့်အပြင် အမျိုးသမီးများ၏ လူ့ဂုဏ်သိက္ခာနှင့် လုံခြုံရေးကို ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်ခြင်းဖြစ်သည်။

ဤကဲ့သို့သော လိင်ပိုင်းဆိုင်ရာ ပစ်မှတ်ထားတိုက်ခိုက်မှုများသည် ယခုမှသာ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ မြန်မာ့မီဒီယာလောကတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သည့် ပြဿနာတရပ်လည်းဖြစ်သည်။

အထူးသဖြင့် ပဋိပက္ခဒေသများတွင် လူထုသတင်းမှန်ရရှိရေးအတွက် အန္တရာယ်များကြားမှ လုပ်ကိုင်နေကြသည့် အမျိုးသမီးသတင်းထောက်များသည် ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်များနှင့်အတူ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက် မှုများကိုပါ နှစ်ထပ်ကွမ်း ရင်ဆိုင်နေရသည်မှာ အလွန်စိုးရိမ်ဖွယ် ဖြစ်သည်။

ထိုကြောင့် မိမိတို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အနေဖြင့် မြေပြင်သတင်းသမား မခင်သရဖီဦးတို့နှင့်အတူ ခိုင်မာစွာ ရပ်တည်ကြောင်း ထုတ်ဖော်ကြေညာလိုသည်။

ထို့ပြင် တာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့် သတင်းထောက်များ၏ လုံခြုံရေးကို အာမခံပေးရန်၊ ကျူးလွန်သူများကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း တိုက်တွန်းမေတ္တာရပ်ခံပါသည်။

    အလားတူ မီဒီယာအဖွဲ့အစည်းများနှင့် လူထုအနေဖြင့် အမျိုးသမီးသတင်းထောက်များအပေါ် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို “ဝေဖန်မှု” အဖြစ် မမြင်ဘဲ “ရာဇဝတ်မှု” အဖြစ် သဘောထားကာ ဝိုင်းဝန်းကာကွယ်ရန် လိုအပ်သည်။

    နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်လည်း မြန်မာအမျိုးသမီးသတင်းထောက်များ ရင်ဆိုင်နေရသော ဒစ်ဂျစ်တယ်နှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအန္တရာယ်များကို အလေးထား ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အလေးအနက် တောင်းဆိုပါသည်။