အညှီအဟောက်လား၊ အကြမ်းဖက်မှုလား
မဘီး
ဒီကနေ့ ဆိုရှယ်မီဒီယာခေတ်မှာ သတင်းတွေဟာ စက္ကန့်နဲ့အမျှ ပြန့်လွယ်နှံ့လွယ် ဖြစ်နေပါတယ်။ ဆိုရှယ်မီဒီယာဟာ သတင်းတွေ၊ အကြောင်းအရာတွေကို တမဟုတ်ခြင်း လူအာရုံစိုက်ခံရစေနိုင်တဲ့ ပလက်ဖောင်းတခု ဖြစ်တာနဲ့အမျှ တရားမျှတမှုပျောက်ဆုံးနေတဲ့ လူထုအတွက် တရားမျှတမှု ရှာဖွေရာ ဟစ်တိုင်တခုလဲ ဖြစ်နေပါပြီ။
ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အစရှိတဲ့ သတင်းတွေကလဲ မကြားချင်မှ အဆုံးပါပဲ။ ဒီလို စက္ကန့်မလပ် တက်လာနေတဲ့ သတင်းတွေ၊ အကြောင်းအရာတွေထဲမှာ လူအာရုံစိုက်ခံရဆုံးကတော့ လိင်ကိစ္စ၊ ချစ်သူသမီးရည်းစားကိစ္စနဲ့ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ ကိစ္စတွေက ထိပ်ဆုံးကပါဝင်နေပါတယ်။
ဒီလိုကိစ္စ အွန်လိုင်းပေါ်တက်လာပြီဆို အရေးကြီးတဲ့ သတင်းတွေကို ဖုံးသွားတာကြောင့် ဝေဖန်တဲ့သူတွေရှိသလို၊ အုပ်စုခွဲပြီး အမှန်အမှား ရပ်တည်ကြတဲ့ လူအုပ်ကြီးလဲ ပေါ်လာပါတယ်။ တခု ရှိတာက ဆိုရှယ်မီဒီယာပေါ်တက်လာတဲ့ ကိစ္စရပ်တိုင်းကို ကျမတို့က ကာယကံရှင်တွေ၊ ပတ်သက်ရာ အသိုက်အဝန်းတွေထက် ပိုမသိနိုင်ဘူးဆိုတာပါပဲ။ သာမာန် လိင်ကိစ္စ၊ သမီးရည်းစားကိစ္စနဲ့ အိမ်ထောင်ရေးကိစ္စတွေမှာ ဝင်ပါခြင်း၊ မပါခြင်းဟာ ဆိုရှယ်မီဒီယာ အသုံးပြုသူတဦးချင်းရဲ့ ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ ဝင်ရောက်စွက်ဖက်လို့ မရပါဘူး။
ဒါပေမဲ့ သာမာန်ပြဿနာထက်ပိုတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ဂျဲန်ဒါအကြမ်းဖက်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေကိုတော့ “အညှီအဟောက်” ၊ “ပေါ်ပင်” ဆိုပြီး ရောချ၊ လျှော့ချ လိုက်တာဟာ ဖြစ်သင့်ရဲ့လားလို့ မေးခွန်းထုတ်စရာရှိပါတယ်။
ငါးပွက်ရာငါးစာချကြတဲ့ အညှီအဟောက် သတင်းတွေ၊ အတင်းတွေရဲ့ ကြားထဲမှာ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု၊ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေဟာ ရောထွေးပါဝင်နေပါတယ်။ ဒီလို အကြမ်းဖက်မှု ဖြစ်စဥ်တွေကို ဆိုရှယ်မီဒီယာမှာ ခပ်စိပ်စိပ်တွေ့လာနေ ရတာဟာ သာမာန်လူတဦးချင်းစီရဲ့ ပြဿနာမဟုတ်တော့ပါဘူး။ ဒီအဖြစ်အပျက်တွေဟာ ထပ်ခါ တလဲလဲ ဖြစ်ပျက်လာနေပြီဆိုရင် ကျမတို့နေထိုင်တဲ့ လူ့အဖွဲ့အစည်းမှာ ယိုယွင်းမှုတခုခု ရှိနေပြီ ဆိုတာကို သတိပေးအချက်ပြနေတာပါ။
ဆိုရှယ်မီဒီယာဟစ်တိုင်
ဒီလိုဖြစ်စဥ်တွေကို လူကြားထဲ၊ ဆိုရှယ်မီဒီယာပေါ် ဖွင့်ထုတ်လာကြရတဲ့ နောက်ခံ အကြောင်း အရင်းအများစုထဲမှာ ကျူးလွန်ခံရသူတွေဟာ တရားမျှတမှုကို သာမာန်နည်းလမ်းနဲ့ မရနိုင်ဘူးလို့ ယူဆ တာကြောင့် ဖြစ်ပါတယ်။ တရားစီရင်ရေးနဲ့ ဥပဒေကြပ်မတ်ရေး မဏ္ဍိုင်တွေရဲ့ လျော့ရဲမှုကို ဒီလို ဆိုရှယ်မီဒီယာက ထုတ်ဖော်မှုတွေက မီးမောင်းထိုးပြနေတာပါ။ လူတွေက ဝန်းရံပံ့ပိုးကြရင် တရားမျှတမှုကို ရရှိနိုင်မယ်လို့ မျှော်လင့်ကြတာဖြစ်ပါတယ်။
တကယ်က ဒီလို လူသိရှင်ကြားထုတ်ဖော်ပြောဆိုဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ထုတ်ဖော်ပြောကြားလိုက်တဲ့အတွက် ခြိမ်းခြောက်ခံရတာ၊ အသရေဖျက်မှု၊ ဆက်သွယ်ရေးပုဒ်မတို့နဲ့ တန်ပြန်တရားစွဲခံရနိုင်ချေတောင် ရှိနေပါသေးတယ်။ အချို့သော ကျူးလွန်ခံရသူတွေဟာ ဒီလို ထုတ်ဖော်ပြောကြားတဲ့အခါ အသက်အန္တရာယ်၊ အရှက်အန္တရာယ် ခြိမ်းခြောက်ခံရတာကြောင့် တရား မျှတမှုကို လက်လျှော့လိုက်ရတဲ့ သာဓကတွေလဲ အများကြီးပါပဲ။ ဒီ အန္တရာယ်တွေကို အရဲစွန့်ပြီး ထုတ်ဖော် ပြောကြားရတယ်ဆိုတာ ကျူးလွန်ခံရသူအတွက်တော့ နောက်ဆုံးကောက်ရိုးတမျှင် ဖြစ်နေနိုင်ပါတယ်။
ဖြစ်စဥ်ကို လေ့လာခြင်း
အထက်ကပြောခဲ့သလို ပြဿနာတွေ အွန်လိုင်းပေါ်တက်လာပြီဆိုရင် အင်တာနက် အသုံးပြုသူ တွေ ပထမဆုံး ဆန်းစစ်ရမှာက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု (ဒါမှမဟုတ်) ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှု စတဲ့ အကြမ်းဖက်မှု တမျိုးမျိုး ပါဝင်နေလို့ အကူအညီ တောင်းတာလား၊ သာမာန်သမီးရည်းစား၊ လင်မယားပြဿနာလား ဆိုတာပါ။ ဖြစ်စဥ်က အကြမ်းဖက်မှုဟုတ်နေတယ်ဆိုရင်တော့ ကျမတို့က ကျူးလွန်ခံရသူနဲ့အတူ ရပ်တည်ယုံကြည်ပေးပြီး ဖေးမတတ်တဲ့ ဆိုရှယ်မီဒီယာရပ်ဝန်းတခု ဖြစ်သင့်ပါတယ်။ ဒါမှသာ ကျမတို့က လူပီသတဲ့ အသိုက်အဝန်း ဖြစ်လာမှာ မဟုတ်ပါလား။
ဆိုရှယ်မီဒီယာရဲ့ ဘေးထွက်ဆိုးကျိုး
ဆိုရှယ်မီဒီယာပေါ်မှာ တက်လာတဲ့ သတင်းမို့ ယုံသင့်၊မယုံသင့် ၊ နောက်ကွယ်မှာ ဘာအကြောင်း တွေရှိမလဲ စသဖြင့် တွေးတောဆင်ခြင်စရာတွေလဲ ရှိတာ အမှန်ပါပဲ။
အများစုရဲ့ အတွေးမှာတော့
“ငါတို့က ဝိုင်းရပ်တည်ပေးပြီး မှ လုပ်ကြံဇာတ်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
“သူက သူ့ယောကျာ်းနဲ့ ပြန်ပေါင်းသွားရင်ကော”
“ငါတို့က ခင်မို့မို့အေး ဖြစ်မှာလား”
စသဖြင့် ရှိတတ်ကြပါတယ်။
ကျမတို့က အွန်လိုင်းပေါ်တက်လာတဲ့ ပြဿနာရပ်တွေကို တကယ်ပဲ သက်သေမှန်ကန်ကြောင်း နီးစပ်ရင်တောင် အလွယ်တကူ ကောက်ချက်ချလို့မရပါဘူး။ ဒါပေမဲ့ သက်သေတွေ၊ ဓာတ်ပုံတွေ၊ အသံဖိုင်တွေနဲ့ တကွတက်လာတဲ့ သတင်းအချက်အလက်တွေမှာတော့ အကြမ်းဖက် မှု မှန်ကန်ကြောင်း အရိပ်အမြွက်အားဖြင့် သိနိုင်တာတွေ ရှိပါတယ်။
ဒီနေရာမှာ အရေးကြီးတာက ကျူးလွန်ခံရသူအတွက် ကျမတို့ ရဲ့ ယုံကြည်ပေးမှု၊ ရပ်တည် ပေးမှု က အဓိပ္ပါယ် မရှိတော့ရင် ဘာဆိုးကျိုး ဖြစ်နိုင်ပြီး၊ ကျမတို့က မယုံကြည်ပေးရင် ကျူးလွန်ခံရ တဲ့သူ တယောက်အတွက် ဘယ်လိုဆိုးကျိုး များနိုင်တယ်ဆိုတာကို တွက်ဆဖို့ပါ။ တကယ်တော့ ကျမတို့ က ရပ်တည်ဖေးမပေးလိုက်လို့ ၊ ဖြစ်စဥ် ဇာတ်လမ်းက မမှန်ကန်ခဲ့ရင်တောင် ကျမတို့မှာ ဘာထိခိုက် နစ်နာမှုမှ ကြီးကြီးမားမား ဖြစ်မှာမဟုတ်ပါဘူး။ အကယ်၍များ ဒီလို အသံထွက်ခြင်း၊ မတရားမှုကို ထုတ်ဖော်ခြင်းက ကျူးလွန်ခံရသူအတွက် ကောက်ရိုးတမျှင်ဖြစ်ခဲ့ရင် ဒါကို လျစ်လျူရှုမိခြင်းက လူတယောက် အသက်ဆုံးရှုံးသည်အထိ၊ ဘဝပျက်သည်အထိ၊ အကြမ်းဖက်မှုထဲမှာ အဆုံးတိုင် နစ်မွန်းစေသည်အထိ ထိခိုက်ဒဏ်ရာကြီးမားစေနိုင်ပါတယ်။
ဒါကြောင့် အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရပ်တည်ပြီး ကျူးလွန်ခံရသူနဲ့အတူ ဖေးမပေးခြင်း၊ အသံထွက်ပေးခြင်းက ဖြစ်စဥ်၊ နောက်ခံအကြောင်းအရာများ မမှန်ကန်ခဲ့သည်တိုင်အောင် ကျမတို့ လုပ်ရပ်မှားတာမဟုတ်ပါဘူး။ ရပ်တည်ပေးကြသူများဟာ မှန်ကန်တဲ့လုပ်ရပ်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး ကျန်တဲ့အကြောင်းတရားတွေဟာ သူတို့သဘော သူတို့ဆောင်တာသာဖြစ်ပါတယ်။
ကျူးလွန်ခံရသူကို ဗဟိုပြုရမယ့် ရှုထောင့်
ဒီလို အကြမ်းဖက်မှုတွေမှာ ကျူးလွန်ခံရသူက တရားမျှတမှု ရယူဖို့ လက်လျှော့လိုက်သည် ဖြစ်စေ၊ ခွင့်လွှတ်ကြေအေးပေးသည်ဖြစ်စေ ကျမတို့က သူ့နေရာမှာ မရှိနေတဲ့အတွက် အကဲဖြတ် ပိုင်ခွင့်၊ ဝေဖန်ခွင့်မရှိနေပါဘူး။ အချို့သော ကျူးလွန်ခံရသူတွေဟာ သူတို့ စိတ်အေးချမ်းဖို့ကို ဦးစားပေးရွေးချယ်ကြပြီး၊ အချို့သော ကျူးလွန်ခံရသူတွေကတော့ မညီမျှတဲ့ ဖိအားတွေကြောင့် အန္တရာယ်ကျော့ကွင်းထဲ ပြန်ခုန်ဆင်းသွားတတ်ကြပါတယ်။ ဒါတွေဟာ သူတို့ ဖြတ်သန်းရတဲ့ တိုက်ပွဲ၊ သူတို့ဘဝခရီးမို့ သူတို့ခံစားရတဲ့ အခက်အခဲစိန်ခေါ်မှုတွေ သူတို့ကိုယ်တိုင်သာ အသိဆုံးဖြစ်ပါတယ်။
မြေပြင်က အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဥ်တွေ တော်တော်များများ (၉၀ ရာခိုင်နှုန်းခန့်) မှာ အမျိုးသမီးတယောက်ဟာ ဒီအကြမ်းဖက်မှု သံသရာစက်ကွင်းထဲက ပထမကြိမ်ထဲနဲ့ ရုန်းထွက်နိုင်တာ ရှားပါတယ်။ အချို့အိမ်ထောင်ရှင်မတွေဆို နှစ်ပေါင်းဆယ်ချီ ကြာပြီးမှ လွတ်မြောက်ဖို့ ဆုံးဖြတ်နိုင်ကြ တာမျိုးပါ။ အချို့အမျိုးသမီးတွေဆို နှစ်နဲ့ ချီပြီး စိတ်ပိုင်းဆိုင်ရာထူထောင်ရေးလုပ်ပြီးမှ အပြီးတိုင် ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချနိုင်ကြပါတယ်။ ဒါတွေဟာ တကယ့်လက်တွေ့ ဘဝထဲက အကြမ်းဖက်မှု ဖြစ်စဥ်တွေပါ။ အလားတူ ဖြစ်စဥ်မျိုး၊ အကူအညီတောင်းခံမှုမျိုး ရရှိတဲ့ အချိန်တိုင်းအချိန်တိုင်းမှာ အမျိုးသမီးတွေ အချင်းချင်း၊ (ဒါမှမဟုတ်) လက်ခံနားလည်ပေးတဲ့အသိုက်အဝန်း ရှိနေဖို့လိုပါတယ်။
ဒါကြောင့် ဆိုရှယ်မီဒီယာမှာ အလားတူအကြမ်းဖက်မှုတွေ ကြုံရတဲ့အခါ ကျူးလွန်ခံရသူကို မဝေဖန်ပဲ အကြိမ်တိုင်း အကြိမ်တိုင်းမှာ နားလည်ရပ်တည်မှု၊ ဝန်းရံမှုကို ပြသဖို့လိုပါတယ်။ အဲ့ဒီအစား ကျမတို့က အကြမ်းဖက်မှုတွေကို အခြားသော ပေါ်ပင်သပုတ်လေလွင့်သတင်း၊ အညှီအဟောက်တွေနဲ့ ရောချလိုက်မယ်ဆိုရင် ကျမတို့လူမှုဝန်းကျင်မှာ မတရားမှုတွေဖြစ်ပေါ်တဲ့အခါ လူတွေဟာ ဖွင့်ဟဖို့ မရဲတော့ပဲ အသံတွေတိတ်သွားပါလိမ့်မယ်။ အမျိုးသမီးအရေးကိစ္စတွေ ဒီလို အသံကျယ်ကျယ် လောင်လောင်ဖြစ်လာတဲ့အပေါ်၊ အမြင်ပွင့်လာတဲ့အပေါ် သဘောမကျပဲ၊ အမြင်မကြည်ဖြစ်ကာ “အညှီအဟောက်”၊ “ပေါ်ပင်”၊ “အတင်းအဖျင်း” စသဖြင့် ရောချကြဖို့ ကြံနေသူတစုကိုလဲ သတိထားမိပါရဲ့။
အကယ်၍ ဒီလိုဖွင့်ဟ ပြောဆိုတာတွေ၊ ရပ်တည်ပေးတာတွေသာ မရှိတော့ဘူးဆိုရင် ကျူးလွန် ခံရသူတွေအတွက် ကောက်ရိုးတမျှင်စာ မျှော်လင့်ချက်ဟာလည်း သေဆုံးသွားမှာ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ပြောရရင်တော့ သမီးရည်းစား၊ အိမ်ထောင်ရေး ပြဿနာတိုင်းက ကျမတို့ ဝင်ရောက် စွက်ဖက်ရမယ့် ကိစ္စမဟုတ်ပေမယ့်၊ အကြမ်းဖက်မှုတွေပါဝင်နေတယ်ဆိုရင်တော့ ဒါကို ဝိုင်းဝန်း ဆန့်ကျင်ပြီး ကျူးလွန်ခံရသူနဲ့အတူ ရပ်တည်အသံထွက်ပေးတာဟာ အမြဲတမ်းအတွက် လူသားဆန်တဲ့ လုပ်ရပ်၊ မှန်ကန်တဲ့လုပ်ရပ် ဖြစ်ကြောင်း ထပ်လောင်း ပြောကြားပါရစေ။









