တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
မေလ ၂၃ ရက်ကနေ ၂၉ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာ တွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။
ဒီတပတ် အမျိုးသမီးသတင်းတွေထဲမှာ လူပြောအများဆုံးနဲ့ စိတ်အနာကျင်ရဆုံး သတင်းတခုကတော့ ရန်ကုန်၊ အင်းစိန် မြို့နယ်မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တဦး အကြိမ်ကြိမ် အဓမ ပြုကျင့်ခံရမှုကို ရဲစခန်းက အမှုဖွင့်အရေးယူပေးတာ မရှိဘူးဆိုတဲ့ သတင်းဖြစ်တယ်။
ဒီဖြစ်စဉ်မှာဆိုရင် စွပ်စွဲခံရသူက ကျူးလွန်ကြောင်း ဝန်ခံထားပြီး မျက်မြင်သက်သေ ၁၇ ဦးအထိ ရှိနေပေမဲ့ လက်ရှိအချိန်ထိ ဖမ်းဆီးအရေးယူတာ မရှိတဲ့အပြင်၊ ရပ်ကွက်အာဏာပိုင်တွေကပါ နစ်နာသူဘက်က ကိုယ်ချင်းစာပေးမယ့်အစား “ကိုယ့် တူမ ကိုယ့်ဘာသာထိန်း၊ မနိုင်ရင် ကြိုးတုပ်ထား” ဆိုပြီး တာဝန်မဲ့ ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ပြည်သူတွေကို အကာ အကွယ်ပေးရမယ့် ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်းက တရားဥပဒေစိုးမိုးရေးကို မျက်ကွယ်ပြုပြီး နစ်နာသူမိသားစုမှာ ငွေကြေး မရှိလို့ အထက်ကို ဆက်မတိုင်နိုင်တဲ့အချက်က ကြားသိရ သူတိုင်းကို စိတ်နာစေသလို၊ ခေတ်ပျက်ထဲမှာ သာမန် ပြည်သူတွေ တရားမျှတမှုရဖို့ ဘယ်လောက်အထိ အလှမ်းဝေးနေလဲဆိုတာကို မီးမောင်းထိုးပြနေပါတယ်။
အခုလို တရားဥပဒေစိုးမိုးမှု လုံးဝပျက်ပြားနေပြီး ငွေမရှိရင် တရားဥပဒေရဲ့ အကာအကွယ်ကို မရနိုင်တော့တဲ့ လူ့အဖွဲ့ အစည်းမှာ အမျိုးသမီးငယ်တွေရဲ့ လုံခြုံရေးအတွက် ဘယ်သူက တာဝန်ယူပေးမှာလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်။
နောက်ထပ် လူထုကြား စိတ်ဝင်စားမှုမြင့်တက်ပြီး စိုးရိမ်မှု မြင့်တက်ေစခဲ့တဲ့ သတင်းတပုဒ်ကတော့ မန္တလေးမြို့မှာ အမျိုးသမီးတဦး က အွန်လိုင်း (Social Media) ကတဆင့် လူငယ်အမျိုးသားတွေကို ချိန်းဆိုပြီး စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ တွေထံ စစ်မှုထမ်းအဖြစ် ငွေကြေးယူကာ ရောင်းစားနေတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာဆိုရင် ကျူးလွန်သူ အမျိုးသမီးဟာ Telegram အကောင့်တွေကို အသုံးပြုပြီး လူငယ်တွေကို မုန့်စားဖို့၊ တွေ့ဖို့ ချိန်းဆိုကာ စစ်တပ်လက်အောက်ခံတွေနဲ့ပေါင်းပြီး ကားနဲ့ ဖမ်းဆီးခေါ်ဆောင် သွားတာ ဖြစ်တယ်။
ဒါဟာ အွန်လိုင်းလူမှုကွန်ရက်တွေကတဆင့် ဖန်တီးထားတဲ့ ထောင်ချောက်တွေက လူငယ်တွေရဲ့ ေန့စဉ်ဘဝ လံုခြံုမှုနဲ့ အသက်အန္တရာယ်ကို စိန်ခေါ်နေတဲ့ ဖြစ်စဉ်လို့ ဆိုရမှာပါ။
နောက်ထပ် အလွန်ရင်နင့်ဖွယ်ကောင်းပြီး ဝေဖန်မှု အပြင်းထန်ဆုံးဖြစ်ခဲ့ရတဲ့ သတင်းကတော့ ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်ပြေးတဦးက အသက် ၃ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို လူမရှိခိုက် နေအိမ်နောက် ဖေးမှာ အဓမ္မပြုကျင့်ခဲ့တဲ့ သတင်းပဲ ဖြစ်တယ်။
ဒီဖြစ်စဉ်မှာ ကျူးလွန်ခံရတဲ့ ကလေးငယ်ဟာ ဒဏ်ရာပြင်းထန်လွန်းတာကြောင့် ရန်ကုန်ကလေးဆေးရုံကြီးအထိ ပို့ဆောင် ကုသခဲ့ရပြီး သားအိမ်ထုတ်လိုက်ရတဲ့အထိ ဖြစ်ရပ်က ဆိုးရွားလွန်းလှပါတယ်။ ကျူးလွန်သူဟာ စစ်တပ်ထဲ ရောင်းစားခံရ ပြီးနောက် ပြန်ပြေးလာသူဖြစ်ကာ ရွာထဲမှာ တရားမဝင် ပုန်းအောင်းနေသူ ဖြစ်ပါတယ်။
မိဘတွေက တောထဲ၊ ကိုင်းထဲမှာ ရုန်းကန်နေရတဲ့ အလွန်ဆင်းရဲတဲ့ မိသားစုဖြစ်ပြီး ကလေးအတွက် ဆေးကုသ စရိတ်ကိုတောင် ရွာက ဝိုင်းဝန်းစုေဆာင်းပေးနေရတဲ့ အခြေအနေက လူထုကို ပိုမိုစာနာစိတ် ဝင်စေသလို၊ တရားဥပဒေမဲ့ လွတ်မြောက်နေတဲ့ ရာဇဝတ်ကောင်တွေရဲ့ အန္တရာယ်က လူ့အဖွဲ့အစည်းထဲ ဘယ်လောက်ထိ ခြိမ်းခြောက်နေလဲဆိုတာ မြင်သာစေပါတယ်။
အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ကျူးလွန်တဲ့ သက်ငယ်မုဒိမ်းမှုတွေက လက်ရှိ ပဋိပက္ခကာလ အတွင်း နေ့စဉ် သတင်းတွေမှာ မကြာခဏ ပါဝင်နေပြီး၊ ကလေးသူငယ်တွေဟာ မိမိတို့ရဲ့ နေအိမ်တွေမှာတင် လုံခြုံမှုမရှိဘဲ ဖြစ်နေရတဲ့ အတွက် ဒီလိုရာဇဝတ်မှုတွေကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းပေးဖို့ လူမှုအဖွဲ့အစည်းအသီးသီးက အပြင်းအထန် တောင်းဆိုနေကြတာ ဖြစ်တယ်။
ဒီသတင်းတွေအပြင် သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီး နဲ့သက်ဆိုင်တဲ့ အခြားသော သတင်း ၁၄ ပုဒ်ကို ပြန်လည်စုစည်းဖော်ပြအပ်ပါတယ်။
– နော်ဝေကပေးတဲ့ Stefanus လူ့အခွင့်အရေးဆုကို မြန်မာကရရှိ
– အင်းစိန်မှာ အသက်မပြည့်သေးသူ အမျိုးသမီးငယ် အဓမ္မပြုကျင့်ခံရမှု တိုင်ကြားပေမဲ့ အမှုဖွင့်မပေး
– ကျောက်ဖြူမှာ စစ်ရှောင်အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတွေ အရေးပေါ်လိုအပ်နေ
– မိုးညိုမှာ စစ်ပြေး ၁ ဦးက ၃ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်
– ဘုတလင်မှာ မိုင်းနင်းမိလို့ မိသားစု ၃ ဦးသေဆုံး
– ကျိုက်ဒုံမြို့နယ်ထဲ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
– ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ပြသဖို့ အစာအငတ်ခံဆန္ဒဖော်ထုတ်ပွဲ လန်ဒန်က မြန်မာသံရုံးရှေ့ပြုလုပ် မယ်
– ထောင်အာဏာပိုင်တွေရဲ့ လိင်အမြတ်ထုတ်မှုကို အန်တုနေတဲ့ အမျိုးသမီး
– မန္တလေးမှာ အမျိုးသမီးတစ်ဦးက လူငယ်တွေကိုချိန်းပြီး စစ်မှုထမ်းအဖြစ်ရောင်းစားနေ
– ဘန်ကောက်မှာ ကလေးငယ်တွေကို ညှဉ်းပန်းပြီး ပန်းရောင်းခိုင်းတဲ့မြန်မာ အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦးကို ရဲဖမ်း
– ကသာမှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၇ လသားအရွယ်နဲ့ အမျိုးသမီး တစ်ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
– ဘန်ကောက်ရထားတိုက်မှုမှာသေဆုံးတဲ့တဲ့မအေးအေးမြင့်ရဲ့ဈာပနပြုလုပ်
– ဇလပ်ထော်ရေလှောင်တမံအတွင်း ရေဆင်းကူးတဲ့ မိန်းကလေးငယ် ၃ ဦး ရေနစ်သေဆုံး
– ပဋိပက္ခနယ်မြေက ရဲမေများ၏ တိုက်ပွဲဝင်ချီးမြှင့်ငွေများ တပ်ရင်းများက ထုတ်ယူသုံးစွဲ
– မန္တလေးကျုံးတွင် အမျိုးသမီးငယ် ၁ ဦး ရုပ်အလောင်းတွေ့
နော်ဝေကပေးတဲ့ Stefanus လူ့အခွင့်အရေးဆုကို မြန်မာကရရှိ
Source – BBC
လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်အတွက် ထူးချွန်အောင်ဆောင်ရွက်နိုင်သူတွေကိုချီးမြှင့်တဲ့ Stefanus ရဲ့ ဒီနှစ်အတွက်ဆုကို မြန်မာက ဂျာဆန်အင် ရရှိပြီး မနေ့က နော်ဝေနိုင်ငံ၊ အော်စလိုမှာ ဆုပေးပွဲ ပြုလုပ်ခဲ့ပါတယ်။
“ကျွန်မရဲ့ မျှော်လင့်ချက်တွေကို လက်မလျှော့သေးပါဘူး။ ကမ္ဘာကြီးက မြန်မာကို လာကယ်တင်မယ်လို့လည်း ကျွန်မမယုံတော့ဘူး။ စစ်အာဏာရှင်တွေထိန်းချုပ်လို့မရတဲ့ တရားမျှတတဲ့လူ့ဘောင်အဖွဲ့အစည်းကို မြန်မာမှာတည်ဆောက်ပြီးတော့ ကမ္ဘာကြီး နိုးကြားလာ အောင် ကိုယ်တိုင်လုပ်ရမယ်။ ကျွန်မတို့ရဲ့ ဖြစ်တည်မှုအပေါ်ခြိမ်းခြောက်ခံရမလားဆိုတဲ့ အကြောက်တရားတွေရပ်သွားတဲ့နေ့၊ အိပ်မက်တွေအကောင်အထည်ပေါ်မယ့်နေ့ကို ကျွန်မ စောင့်မျှော်နေပါတယ်” လို့ ဂျာဆန်အင် က ဆုပေးပွဲမှာပြောပါတယ်။
ဆုရွေးချယ်ရေးကော်မတီအစား Bishop Ingeborg Midttømme က ဆုချီးမြှင့်ပေးခဲ့ပြီး “အနိုင်ကျင့်ခံရတဲ့ ဖြစ်ရပ်တွေရဲ့ အထောက်အထားတွေကို စုဆောင်းပေးနိုင်ခဲ့သလို နိုင်ငံတကာ ဖိုရမ်တွေမှာလည်း မြေပြင်မှာဘာတွေဖြစ်နေလည်းဆိုတာ ပြောပြပေးနိုင်ခဲ့တယ်။ ဒီအခြေအနေရဲ့ အလယ်မှာ ပေါင်းကူးတံတားအဖြစ်ဆောင်ရွက်နိုင်ခဲ့တယ်” လို့ ထည့်ပြောခဲ့ပါတယ်။
Stefanus နိုင်ငံတကာမဟာမိတ်အဖွဲ့ကနေ ၂၀၀၅ ခုနှစ်ကစလို့ နှစ်နှစ်တကြိမ် ဆုရွေးချယ် ချီးမြှင့်လေ့ရှိပြီး ဒါဟာ မြန်မာကနေ ဒုတိယအကြိမ်ရရှိတာလည်းဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် တုန်းက ချင်းတော်လှန်ရေးမှာပါဝင်တဲ့ ဗစ်တာ ဘိုက်ခ် လျန် က ဒီဆုကို ရရှိခဲ့ပါတယ်။
ဂျာဆန်အင်ဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွေကို တက်ရောက်ပြီး မြန်မာမှာ ကြုံတွေ့ရတဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအကြောင်း ထုတ်ဖော်ပြောကြားတာတွေလည်း လုပ်ဆောင်ခဲ့ ပါတယ်။ ဒါ့အပြင် Politics for Women Myanmar အဖွဲ့ရဲ့ ၂၀၂၄ ခုနှစ်မှာထုတ်ဝေတဲ့ “ခေတ်သမိုင်းကို ပုံဖော်နေသော အမျိုးသမီးများ” ဆိုတဲ့ စာအုပ်မှာလည်း ထည့်သွင်းဖော်ပြခံခဲ့ရပါတယ်။
အင်းစိန်မှာ အသက်မပြည့်သေးသူ အမျိုးသမီးငယ် အဓမ္မပြုကျင့်ခံရမှု တိုင်ကြားပေမဲ့ အမှုဖွင့်မပေး
Source – မဇ္ဈိမ
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ၁၀ မိုင် စော်ဘွားကြီးကုန်းမှာ အသက်မပြည့်သေးသူ အမျိုးသမီးငယ်တဦး အဓမ္မပြုကျင့်ခံရ မှုအား ပြီးခဲ့တဲ့ မေလ ၂၂ ရက်က အင်းစိန်မြို့မ ရဲစခန်းကို သွားရောက်တိုင်တန်းပေမဲ့ အရေးယူဖြေရှင်းပေးတာမရှိဘူးလို့ သိရပါတယ်။
ဒီအမျိုးသမီးက ပြီးခဲတဲ့ ဧပြီလမှ စတင်ကာ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခံရတာဖြစ်တယ်လို့ လိုက်ပါကူညီပေးသူ က ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စွပ်စွဲခံရသူ အသက် ၄၀ ကျော်အရွယ် ဦးစိုးမိုးကို အရေးယူပေးဖို့ မေလ ၃ ရက်က ရာအိမ်မှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားပေမဲ့ ဖြေရှင်းပေးတာမရှိလို့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်တယ်။
“အဲဒီလူက မြှူဆွယ်ဖျားယောင်းပြီး အချိုရည်တွေထဲမှာ စိတ်ကြွဆေးနဲ့ အရက်တွေ ထည့်တိုက်ပြီး အဓမ္မပြု ကျင့်တယ်။ မျက်မြင်သက်သေတွေလည်း ရှိတယ်။ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေကို သတင်းပို့ပြီး ဒါဖြေရှင်း ပေးပါဆိုတော့ ရာအိမ်မှူးက ကိုယ့်တူမ ကိုယ့်ဘာသာကိုယ်ထိန်း၊ မနိုင်ရင် ကြိုးတုပ်ထားပေါ့ဆိုပြီး သားသမီးချင်း ကိုယ်ချင်းမစာ ပြောတယ်” လို့ ဖြစ်စဉ်ကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။
စွပ်စွဲခံရသူက ကျူးလွန်မိကြောင်း ဝန်ခံထားပြီး မျက်မြင်သက်သေ ၁၇ ဦးအထိ ရှိနေပေမဲ့ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်း သိမ်း အရေးယူတာ တစုံတရာ မရှိသေးဘူးလို့ သူက ပြောပါတယ်။ လက်ရှိအချိန်မှာ နစ်နာသူဘက်မှ မိသားစုဝင်တွေဟာ ငွေကြေးအခက်အခဲရှိလို့ အထက်ကို အဆင့်ဆင့် ဆက်လက်တင်ပြ ဖို့ အခက်အခဲ တွေ့ကြုံနေရတယ်လို့ သိရပါတယ်။
ကျောက်ဖြူမှာ စစ်ရှောင်အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတွေ အရေးပေါ်လိုအပ်နေ
Source – Western News
ရခိုင်ပြည် ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ် လို့ စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့တွေထံမှ သိရပါတယ်။
တိုက်ပွဲတွေကြောင့် ကျောက်ဖြူဒေသခံ ၅ သောင်းနီးပါးမှာ စစ်ဘေးရှောင်နေကြရပြီး ၃၂၀၀၀ ကျော်က ကျောက်ဖြူမြို့ နယ်အတွင်း တိမ်းရှောင်နေရကြောင်းနဲ့ ကျန်စစ်ဘေးရှောင် ၁၅၀၀၀ ကျော်မှာ ရမ်းဗြဲ၊ တောင်ကုတ်နဲ့ အမ်းမြို့နယ်တို့မှာ တိမ်းရှောင်နေကြရတာဖြစ်တယ်။
စစ်ဘေးရှောင်ပြည်သူများမှာ လိုအပ်ချက်များပြားပြီး အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်း အခက်အခဲရှိနေကြောင်း ကျောက်ဖြူအရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့ ERG-KPU က ပြောပါတယ်။
“အဓိကတော့ အဝတ်စုတ်တွေကို အသုံးပြုနေရတာက စိတ်လုံခြုံမှု မရှိဘူး။ သန့်ရှင်းတဲ့ လစဉ်သုံးပစ္စည်းတွေကို အသုံးပြု ဖို့ လိုအပ်နေပါတယ်။ ကျန်းမာရေး ထိခိုက်မှာကို အမျိုးသမီးတွေက အရမ်းစိုးရိမ်နေကြတာပါ။ ပိုက်ဆံရှိရင်တောင် ဝယ်ဖို့ နေရာမရှိဘူး။ ထွက်ပြေးနေရတာဆိုတော့လေ။ ပြီးတော့ အများစုက ဝယ်ဖို့ ပိုက်ဆံမရှိကြဘူး။ လူချည်းပဲ ထွက်ပြေးလာရ တာဆိုတော့လေ”လို့ ကျောက်ဖြူစစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တပ်တို့ကြား တိုက်ပွဲဖြစ်ပြင်းထန်မှုကြောင့် ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာ တိမ်းရှောင်ရမှု နေ့စဉ်မြင့်တက်လျက်ရှိနေပြီး အကူအညီတွေမှာလည်း အရေးကြီးလိုအပ်နေတာ ဖြစ်တယ်။
မိုးညိုမှာ စစ်ပြေး ၁ ဦးက ၃ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်
Source – မြေလတ်အသံ
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျားကျွန်းကျေးရွာက အသက် ၃ နှစ်ကျော် မိန်းကလေးငယ်ကို စစ်ပြေး ၁ ဦးက အဓမ္မပြုကျင့်ခဲ့ပြီး ကျူးလွန်သူကိုဖမ်းမိထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၁၉ ရက် မနက်ပိုင်းမှာ ဝဲကြီးကျေးရွာဇာတိ အသက် ၃၀ အရွယ် အောင်စိုး (ခ) ရွှေလရောင် ဆိုသူဟာ အသက် ၃ နှစ် ၉ လ အရွယ် မိန်းကလေးငယ်ကို အဲ့ဒီမိန်းကလေးငယ်ရဲ့ နေအိမ်မှာ ဘယ်သူမှမရှိချိန် အိမ်အနောက်ဘက်ရှိ ထင်းစင်မှာ အဓမ္မပြုခဲ့တာလို့ ဆိုပါတယ်။
အဖွားဖြစ်သူပြန်ရောက်ချိန် ကလေးငယ်ရဲ့ပြန်လည်ပြောဆိုမှုကြောင့် အခြေအနေကိုသိရှိပြီး မိုးညိုမြို့နယ် ဆေးခန်းကို ပို့ဆောင်ပြီးနောက် ရဲကိုတိုင်ကြားခဲ့ကာ မိုးညိုမြို့နယ်၊ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက အဲ့ဒီနေ့ည ၇ နာရီခွဲဝန်းကျင်မှာ ဖမ်းဆီးခဲ့တယ်လို့ ကျားကျွန်းကျေးရွာ ဒေသခံကပြောပါတယ်။
အဲ့ဒီနောက် ကျူးလွန်သူကို ရဲစခန်းမှာ ရိုက်နှက်စစ်ဆေးခဲ့တာကြောင့် ဒဏ်ရာပြင်းထန်ရပြီး လက်ရှိအချိန်ထိ မိုးညိုဆေးရုံ မှာ တင်ထားရတယ်လို့လည်း ဆိုပါတယ်။ မိန်းကလေးငယ်ရဲ့မိဘတွေက ကိုင်းထဲမှာနေထိုင်ရင်း အလုပ်လုပ်နေကြသူတွေဖြစ်တာကြောင့် အဖိုးအဖွားတွေနဲ့ အတူ နေထိုင်နေသူဖြစ်ကာ အိမ်မှာ ၁ ယောက်တည်း ကျန်ခဲ့ချိန် အခုလိုကြုံခဲ့ရတာဖြစ်ပြီး ကလေးအတွက်ဆေးကုသစားရိတ် လည်း လိုအပ်နေတယ်လို့ ဝဲကြီးကျေးရွာဒေသခံက ပြောပါတယ်။
“သူ့(ကျူးလွန်သူ)ကို သူ့မိဘတွေက ဆိုးလွန်းလို့ စစ်တပ်ကိုရောင်းစားထားတာ။ ပြန်ပြေးလာပြီး (အခင်း)ဖြစ်တဲ့ အိမ်မှာ ရှောင်နေတာ။ ၁ နှစ်လောက်ရှိပြီ။ သူအိမ်ကတော့ ဝဲကြီးမှာ။ သူတို့ (ကျူးလွန်ခံရသူ) တွေက ဆင်းရဲ တယ်။ ဖုန်းလည်း မသုံးကြဘူး။ ကလေးဆေးဖိုးတောင် ရွာတွေကဝိုင်းစုပေးနေကြတာ”လို့ ဝဲကြီးကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
ကလေးငယ်ကို မိုးညိုမြို့နယ်ဆေးရုံကတဆင့် သာယာဝတီခရိုင်ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် မသက်သာတဲ့ အတွက် ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်လ်ပင်)ကို ပို့ဆောင်ဆေးကုသပေးနေရပြီး ဒီဆေးရုံမှာပဲ သားအိမ် ထုတ်လိုက်ရတယ်လို့ ကျားကျွန်းကျေးရွာ ဒေသခံက ပြောပါတယ်။
ဘုတလင်မှာ မိုင်းနင်းမိလို့ မိသားစု ၃ ဦးသေဆုံး
Source – မြေလတ်အသံ
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကံသစ်ကျေးရွာမှာ မိုင်းနင်းမိလို့ မိသားစုဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ မုံရွာမြို့နယ်ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။ မေ ၂၂ ရက်မနက် ၇ နာရီခန့်မှာ စစ်ရှောင်ရာကနေ ရွာထဲပြန်ဝင်လာကြတဲ့ ရွာခံမိသားစု ၃ ဦးဟာ ရွာလမ်းပေါ်မှာ မိုင်းနင်းမိခဲ့တာလို့ မုံရွာမြို့နယ်ပကဖ တာဝန်ရှိသူ တဦးက ပြောပါတယ်။
မိုင်းနင်းမိတာကြောင့် အသက် ၅ နှစ်အရွယ် သမီးဖြစ်သူနဲ့အသက် ၃၀ ကျော်ဝန်းကျင် အရွယ် မိဘ ၂ ဦးတို့ နေရာမှာတင် သေဆုံးခဲ့ပြီး အလောင်းတွေကိုတော့ ရွာခံတွေကပင်ကျေးရွာသုဿာန်မှာ သင်္ဂြိုဟ်လိုက်ကြ တယ်လို့ ဆိုပါတယ်။
မေလ ၂၁ ရက်မှာ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ကံသစ်ရွာကိုရောက်လာပြီး တပ်စွဲ နေထိုင်နေတာ ကြောင့် ကျေးရွာနေပြည်သူအားလုံးဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပြီး စစ်ကြောင်း ပြန်ထွက်သွားပြီးနောက် ရွာထဲပြန် ဝင်နေကြပြီလို့ သိရပါတယ်။
ကျိုက်ဒုံမြို့နယ်ထဲ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
Source – ရွှေဖီမြေ
ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်ထဲ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU က ထုတ်ပြန်လာပါတယ်။ မနေ့ မေလ ၂၄ ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ ကျိုက်ဒုံမြို့ရဲ့ တစ်ဖက်ကမ်း နို့တကောဘက်ကို ဂျက်ဖိုက်တာ တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး အသက် ၁၆ နှစ်အရွယ် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နေအိမ် ၂ လုံးနဲ့ အိမ်စီးကားတစ်စီးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ပြသဖို့ အစာအငတ်ခံဆန္ဒဖော်ထုတ်ပွဲ လန်ဒန်က မြန်မာသံရုံးရှေ့ပြုလုပ်မယ်
Source – BBC
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ပြသဖို့ တောင်းဆိုတဲ့အစာအငတ်ခံဆန္ဒဖော်ထုတ်ပွဲတစ်ခုကို လန်ဒန်မြို့က မြန်မာသံရုံးရှေ့မှာ ဗြိတိန်စံတော်ချိန် ဇွန်လ ၁၈ ရက် ညနေ ၃ နာရီကစလို့နောက် တစ်ရက်အထိ ၂၄ နာရီကြာ ပြုလုပ်ဖို့ရှိ တယ်လို့ ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူတွေက ပြောပါတယ်။
နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာထားတယ်ဆိုတာမျိုး တိတိကျကျ သက်သေမပြတာနဲ့ အသက် ၈၁ နှစ် ပြည့်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြသဖို့ ကမ္ဘာတလွှား ဆန္ဒဖော်ထုတ်မှုရဲ့ တစ်စိတ် တစ်ပိုင်းအဖြစ် လန်ဒန်မြို့မှာ ပြုလုပ်မှာဖြစ်ပါတယ်။
ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှုကို တောင်းဆိုတဲ့အနေနဲ့ အကြမ်းမဖက်ဆန္ဒဖော်ထုတ်မှုကို ပါဝင်ကြဖို့ကိုလည်း ဒီပွဲကို ဦးဆောင်တဲ့ ဗြိတိန်ရောက် မြန်မာနွယ်ဖွားတွေက တိုက်တွန်းပါတယ်။ နေပြည်တော်မှာ ဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံရတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ ရှေ့နေတွေက တောင်းဆိုနေသလို သားအငယ်ဖြစ်တဲ့ ကင်မ်အဲရစ်ကလည်း သူ့မိခင်ကို မိသားစုနဲ့အဆက်အသွယ် ပြုလုပ်ခွင့်ပေးဖို့၊ မိခင် သက်ရှိထင်ရှားရှိနေ သေးတယ်ဆိုတာကို နေပြည်တော်ဘက်က သက်သေပြဖို့ တောင်းဆိုနေပါတယ်။
မြန်မာမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာ့အရေးအတွက်ဆိုပြီး ထွက်ပေါ်လာခဲ့တဲ့ အာဆီယံ အထူးကိုယ်စားလှယ် တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရရေးအတွက် နေပြည်တော်ကို အကြိမ်ကြိမ် ကြိုးပမ်းတောင်းဆိုခဲ့ပါတယ်။ နေပြည်တော်ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်မှုတွေနဲ့ အကျဉ်းကျခံရသူဖြစ်တာကြောင့် ပြည်ပဧည့်သည်နဲ့ တွေ့ဆုံပိုင်ခွင့် မရှိဘူးဆိုတဲ့သဘောသက်ရောက်တဲ့ ထုတ်ပြန်ပြောဆိုချက်တွေကို ပြီးခဲ့တဲ့နှစ်တွေအတွင်း ထုတ်ပြော ခဲ့ပါတယ်။
ထောင်အာဏာပိုင်တွေရဲ့ လိင်အမြတ်ထုတ်မှုကို အန်တုနေတဲ့ အမျိုးသမီး
Source – DVB
ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်က ထောင်အာဏာပိုင်တချို့ဟာ အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ ခြိမ်းခြောက်ဖိအားပေးမှုတွေ လုပ်ခဲ့တယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးက ပြောပါတယ်။
အင်းစိန်အကျဉ်းထောင်ရဲ့ ဒုတိယထောင်ပိုင် မင်းဝင်းခိုင် (ခေါ်) ပြည့်ဖြိုးထွန်းနဲ့ ထောင်ပိုင်ဟောင်း ဇော်လင်းအောင် တို့ရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို ခံစားခဲ့ရတဲ့ လူငယ်အမျိုးသမီးက သူရင်ဆိုင်ခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ပြောပြပါတယ်။
“အလုပ်ထွက်ထားတဲ့အချိန်မှာပဲ ဖြစ်တာမို့လို့ ကံကောင်းတယ်ပဲ ပြောရမလား မသိဘူးပေါ့နော်။ အလုပ်သွားရရင်တော့ ရူးသွားမလားမသိဘူး။ အဲဒီလိုလည်း တွေးမိတယ်။ ပြီးတော့ ဘာဆက်လုပ်ရမလဲတော့ သေချာတော့မသိဘူး။ ဝေဝေဝါးဝါးပဲ။ အကယ်၍သာ သူသာပြန်မစဘူးဆိုရင် အမှန်တိုင်းပြောရရင် ဒါတွေအကုန်လုံးက ညီမ သေတဲ့အထိ သယ်သွားဖို့ အတွေးရှိ တယ်ပေါ့နော်။ ဘယ်သူ့မှလည်း မပြောဘူး။ ညီမ အရင်းနှီးဆုံး အတူတူနေ အတူတူအိပ်နေပါတယ်ဆိုတဲ့ ညီမရဲ့ ဝမ်းကွဲအစ်မ ကိုတောင် မပြောခဲ့ဘူးပေါ့နော်။ မပြောလည်း မပြောချင်ဘူးပေါ့။ နာတယ်ပေါ့၊ ပြောတိုင်း နာတယ်။ အဲဒါကြောင့် မပြောဘူး။ ဒါပေမဲ့ သူက ပြန်စလာတယ်၊ ခြိမ်းခြောက်တယ်၊ ညီမက ဂရုမစိုက်ဘူး၊ နင်တို့ ကြိုက်သလိုလုပ်ဆိုပြီး ခပ်တင်းတင်း နေပေမဲ့ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတယ်။ ညီမကောင်လေးကို ငွေညှစ်တယ်၊ ညီမကောင်လေးရဲ့ ပို့စ်အောက်မှာ comment လာမန့် တယ်၊ အဲလိုမျိုးတွေလုပ်တယ်။”
၂၀၁၉ ခုနှစ်တုန်းက ပြည့်ဖြိုးထွန်းက အသက် ၁၈ နှစ်အရွယ် ဒီအမျိုးသမီးငယ်ကို စတင် ချဉ်းကပ် ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ သမီး ရည်းစားဖြစ်ခဲ့ကာ နောက်ပိုင်းမှာ ပြည့်ဖြိုးထွန်းက တခြားသူတွေနဲ့အတူ အိပ်ခိုင်းတာတွေအပြင် ဆိုးဝါးတဲ့ လိင်ပိုင်းဆိုင်ရာ အခြေအနေတွေ၊ ဖိအားပေးတာတွေ လုပ်လာ ခဲ့တယ်လို့ သူက ပြောပြပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာတော့ အမျိုးသမီးရဲ့ တော်လှန်ရေးအစက ဆန္ဒပြပုံတွေ စစ်တပ်ထောက်ခံသူတွေရဲ့ တယ်လီဂရမ်မှာ တက် လာခဲ့တဲ့နောက်မှာ “ဒုက္ခမရောက်အောင် ကာကွယ်ပေးခဲ့တယ်” လို့ဆိုကာ ထောင်ပိုင် ဇော်လင်းအောင်နဲ့ အတူအိပ်ဖို့ ဖိအား ပေးခဲ့တာလို့ ဆိုပါတယ်။
“ငါနဲ့မှ လာမအိပ်တာ၊ နင်က စကားနားမထောင်ဘူးလေ။ ငါနဲ့မအိပ်ချင်ဘူးဆို နောက်လကျရင် ငါ့သူငယ်ချင်း တယောက် လာမယ်၊ သူနဲ့သွားအိပ်လိုက်၊ အဲ့လို၊ အဓိက သူဆက်ဆံတဲ့ပုံစံက လက်ခုပ်ထဲက ရေလိုမျိုး ဆက်ဆံတာပေါ့နော်။ အဲလိုပုံစံမျိုး ဆက်ဆံတဲ့အချိန်မှာ ညီမအနေနဲ့ ကျတော့ ပုံမှန်ဆိုရင် ငိုမှာပေါ့နော်။ ညီမ အရင်တုန်းကလည်း ငိုခဲ့ဖူးတယ်ပေါ့နော်။ အဲ့လို ငိုတယ်၊ ဘာမှမစားနိုင် မသောက်နိုင်နဲ့ အဲ့လို ငိုတယ်ပေါ့။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တဲ့အခါမှာ ညီမ မခံစားနိုင်ဘူးပေါ့နော်။ ညီမ ဒီတခေါက် ထပ်ပြီးတော့ မပြောဘဲနဲ့ ထပ်သည်းခံလိုက်ရင် ပိုဆိုးသွားမယ်လို့လည်း ညီမထင်တယ်ပေါ့နော်။ ပြီးတော့ ညီမ တယောက်တည်းလို့လည်း ညီမ မထင်ဘူး။”
သမီးရည်းစားတုန်းက ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေကို အခုနှစ်ထဲမှာ အကောင့်အတုတွေနဲ့ “ကျပ် သိန်း ၈၀ မပေးရင် ညစ်ညမ်း ရုပ်သံ တယ်လီဂရမ်ချန်နယ်တွေမှာ တင်မယ်” လို့ ခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။
ခြိမ်းခြောက်ခံရသူ အမျိုးသမီးက ငွေမပေးတာကြောင့် ဗီဒီယိုတဖိုင်ကို တယ်လီဂရမ် ချန်နယ်တခုမှာ တင်ခဲ့ပြီး တခြားဖိုင်တွေ မတင်စေချင်ရင် ငွေ ဒါမှမဟုတ် တခြားသူတွေနဲ့ အတူနေဖို့ ထပ်မံ ဖိအား ပေးခဲ့တာ ဖြစ်ပါတယ်။
Sisters 2 sisters အဖွဲ့မှ မသဉ္ဇာရွန်းလဲ့ရည်က “ဒီလိုဖြစ်ရပ်တွေ ကြုံလာခဲ့တဲ့ ဘယ်ညီမမှ မဆို တယောက် တည်း မရင်ဆိုင်ပါနဲ့၊ ကျမတို့ အများကြီး အစုအဖွဲ့တွေ ရှိနေကြတယ်။ အထူးသဖြင့် ကိုယ့်ရပ်ရွာ ဒေသမှာရှိတဲ့ ဘယ်အမျိုးသမီးကိုမဆို ကိုယ်ယုံကြည်ရတဲ့သူကို ရင်ဖွင့်ပါ။ ပြီးရင် ဒီဖြစ်ရပ်တွေအပေါ်မှာ မှတ်တမ်းယူဖို့ ကြိုးစားပါပေါ့နော်။ မှတ်တမ်းမှတ်ရာ သက်သေသာဓကတွေ ခိုင်မာအောင် စုဆောင်းပါ။
နောက် Stop Online Harm လို အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားချင်တဲ့ လုပ်ရပ်တွေကိုလည်း ရပ်တန့်ဖို့အတွက် ကျမတို့ စုပေါင်းကြိုးစားနေကြတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
မန္တလေးမှာ အမျိုးသမီးတစ်ဦးက လူငယ်တွေကိုချိန်းပြီး စစ်မှုထမ်းအဖြစ်ရောင်းစားနေ
Source – People’s Spring
မန္တလေးမြို့မှာ အမျိုးသမီးတစ်ဦးက အွန်လိုင်းကတဆင့် လူငယ်တွေကို ချိန်းဆိုပြီး စစ်တပ်လက်အောက်ခံ ပျူစောထီးတွေ ထံ စစ်မှုထမ်းအဖြစ် ရောင်းစားနေကြောင်း Voice of Mandalay အဖွဲ့က ပြောပါတယ်။
မန္တလေးမြို့မှာ အမျိုးသမီးတစ်ဦးဟာ အွန်လိုင်းကနေ လူငယ်အမျိုးသားတွေကို စကားတွေပြောဆိုပြီး အပြင်မှာတွေ့လို့ ချိန်းကာ ပျူစောထီးအဖွဲ့ထံ ငွေကြေးယူပြီး ရောင်းစားနေတာဖြစ်ကြောင်း Voice of Mandalay အဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ တစ်လခန့်က မန္တလေးတက္ကသိုလ်အနီး၊ ၇၃ လမ်းနဲ့ ၇၄ လမ်းကြားက မုန့်ဆိုင်တန်းမှာ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးကို ချိန်းဆိုကာ ပျူစောထီးအဖွဲ့ထံ ရောင်းစားပြီး ကားနဲ့ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Voice of Mandalay အဖွဲ့က ဆိုပါတယ်။
“ဒီမိန်းမက ယောက်ျားလေးတွေကို မုန့်စားချင်တယ် တွေ့ဖို့ပြောပြီး ပျူတွေနဲ့ပေါင်းပြီး ရောင်းစားနေတာ ၅ ယောက်ထက် မနည်းတော့ဘူးတဲ့”လို့ Voice of Mandalay အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ Voice of Mandalay အဖွဲ့က ဒီအမျိုးသမီးရဲ့ ဓါတ်ပုံ ၂ပုံနဲ့တကွ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဓါတ်ပုံတစ်ပုံမှာ ပျူစောထီးတွေဝတ်တဲ့ ဘောင်ဘီရှည်ဝတ်ထားတာကိုလည်းတွေ့ရပါတယ်။
၎င်းအမျိုးသမီးဟာ Telegram မှာ @yoonmaythaw774747 အကောင့်အမည်နဲ့ လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။
ဘန်ကောက်မှာ ကလေးငယ်တွေကို ညှဉ်းပန်းပြီး ပန်းရောင်းခိုင်းတဲ့မြန်မာ အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦးကို ရဲဖမ်း
Source – BBC
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပတ်ဝန်းကျင်က စားသောက်ဆိုင်၊ အရက်ဆိုင်တွေမှာ ကလေးတွေကို ပန်းနဲ့ သကြားလုံးရောင်း ခိုင်းပြီး ဂိုဏ်းအသွင်လုပ်နေတဲ့မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က မေ ၂၇ ရက်မှာ ဖမ်းဆီးလိုက်တယ်လို့ ထိုင်း သတင်းဌာနတွေကနေ ရေးသားဖော်ပြပါတယ်။
အသက် ၆ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်ကို လက်ကျိုးတဲ့အထိ ရိုက်နှက်ခံရတဲ့သတင်းကို ထိုင်းရဲဌာနတွေက သိရှိပြီး ကလေးငယ်ကို ဝင်ရောက် ကယ်ဆယ်ရာကနေ ကလေးငယ်တွေကို အခုလို စေခိုင်းနေတဲ့မြန်မာ ၃ ဦးကို ဖမ်းမိတာ လို့ သတင်းတွေက ဆိုပါတယ်။ ဖမ်းဆီးခံရသူဟာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ဖြစ်ပြီး ဆွန်လွမ်နယ်မြေထဲက တိုက်ခန်းတစ်ခုကနေ ဖမ်းမိခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းဌာနက ရေးပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဌာနက အာဏာပိုင်တွေ ပူးပေါင်းပြုလုပ်တဲ့ အခု ဖမ်းဆီးရှာဖွေ မှုအတွင်း တိုက်ခန်းထဲမှာ ပိတ်မိနေတဲ့ နောက်ထပ်အရွယ်မရောက်သေးတဲ့ မိန်းကလေး ၅ ဦးကိုပါ ကယ်ဆယ်ခဲ့တယ်လို့ လည်း သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကလေးတွေကို မနက် ၃ နာရီကနေ ညနေ ၃ နာရီအထိ ခိုင်းစေပြီး သတ်မှတ်ထားတဲ့ ငွေပမာဏ မရရင် အစားအစာမကျွေးဘဲ ထားတာ၊ ရိုက်နှက်တာတွေ လုပ်ပြီး ကလေးတွေဆီကနေ အမြတ်ထုတ်တာကို ကနဦး သိရှိရတဲ့အကြောင်းကိုလည်း ရဲတပ်ဖွဲ့ကို ကိုးကားကာ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ဘန်ကောက်မြို့မှာ လူစည်ကားတဲ့နေရာတွေနဲ့ ဘတ်စ်ကားမှတ်တိုင်တွေမှာ တောင်းရမ်းစားသောက်သူတွေ ရှိနေတာကို မြို့တော်ရဲတပ်ဖွဲ့က ဖမ်းဆီးတာတွေ၊ ပညာပေးတာတွေ လုပ်နေချိန်မှာပဲ အခုဖြစ်ရပ်ထွက်ပေါ် လာတာဖြစ်ပါတယ်။ ထိုင်းသတင်းတွေမှာတော့ ကျူးလွန်ခံရတဲ့ကလေးတွေဟာ တိုင်းရင်းသားနယ်မြေတွေ ကနေ ခေါ်ဆောင်ခံခဲ့ရတာလို့ ဖော်ပြပါတယ်။
ကျူးလွန်သူလို့ဆိုတဲ့ မြန်မာနိုင်ငံသား ၃ ယောက်ကို လူကုန်ကူးမှု တားဆီးရေးဥပဒေ၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဥပဒေ၊ တောင်းရမ်းမှု ထိန်းချုပ်ရေး ဥပဒေတွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။
ကသာမှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၇ လသားအရွယ်နဲ့ အမျိုးသမီး တစ်ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
Source – DVB
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ နလယ်အင်းရွာကို စစ်တပ်က မေ ၂၃ ရက် ညနေ ၄ နာရီလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၇ လအရွယ် ကလေးငယ်တယောက် အပါအဝင် စစ်ရှောင် ၂ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာ ရတယ်လို့ ကသာမြို့နယ် ပအဖ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံ ပြည်သူ တယောက် က “မနေ့ညနေ ၄ နာရီလောက်က (–)ပစ်တဲ့ လက်နက်ကြီးကြောင့် ကသာနယ် နလယ်အင်း ကျေးရွာအနီး စစ်ရှောင်နေတဲ့ မိသားစု ၂ စုက အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်ဗျ၊ ဒဏ်ရာရတဦးကတော့ အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ်၊ ၇ လသားအရွယ် သမီးမိန်းကလေး တဦးနဲ့ ၁၆ နှစ်ခန့် အမျိုးသမီးငယ်လေးတဦး ကတော့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်၊ အဲဒီမိသားစု ၂ စုက ကသာမြို့၊ ရပ်ကွက် ၈ က စစ်ရှောင်မိသားစုတွေ ဖြစ်တယ်” လို့ ပြောပါတယ်။
ဒီလက်နက်ကြီးကို ကသာမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်က ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။ စစ်တပ်ဘက် က ကသာ၊ အင်းတော်၊ မဘိန်း၊ ထီးချိုင့်၊ မိုးညှင်း စတဲ့မြို့နယ်တွေကို ထိန်းချုပ်နိုင်ဖို့ မြေပြင်စစ်ကြောင်းတွေ အပါအဝင် လေကြောင်းတိုက်ခိုက်မှု ပစ်ကူတွေပါ အသုံးပြုပြီး ထိုးစစ်ဆင်နေကာ ဒေသတွင်း တော်လှန်ရေးအဖွဲ့ အပါ အဝင် KIA အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ဘန်ကောက်ရထားတိုက်မှုမှာသေဆုံးတဲ့တဲ့မအေးအေးမြင့်ရဲ့ဈာပနပြုလုပ်
Source – BBC
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရထားနဲ့ ဘတ်စ်ကားတိုက်မှုမှာ သေဆုံးခဲ့တဲ့ မအေးအေးမြင့်ရဲ့ နောက်ဆုံးဈာပန အခမ်း အနားကို ဘန်ကောက်မြို့၊ ဒင်းဒန်းမြို့နယ်မှာ မေလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ် မအေးအေးမြင့်ဟာ မေလ ၁၆ ရက်ညနေပိုင်းမှာ ဖြစ်ခဲ့တဲ့ ဘန်ကောက်မှာ ရထားနဲ့ ဘတ်စ်ကား တိုက်မှုမှာ သေဆုံးခဲ့သူ ၈ ဦးထဲက တစ်ဦးဖြစ်ပါတယ်။ သူဟာ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ကျုံဖဲကျေးရွာက ဖြစ်ပြီး မေလ ၁၆ ရက်မှာ အလုပ်ကနေ အိမ်ကို အပြန် သူစီးလာတဲ့ ဘတ်စ်ကားကို ရထားတိုက်မိခဲ့ပြီး ဘတ်စ်ကား မီးလောင်ချိန် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
မအေးအေးမြင့်ရဲ့ကျန်ရစ်သူမိသားစုကတော့ ကျုံဖဲကျေးရွာက စာရွက်စာတမ်းတွေ လိုအပ်နေတာကြောင့် ထိုင်းအစိုးရက ပေးတဲ့ ဘတ် ၂ သန်းကျော်ကို ထောက်ပံ့ကြေးကို မရရှိသေးဘူးလို့ ပြောပါတယ်။
ဇလပ်ထော်ရေလှောင်တမံအတွင်း ရေဆင်းကူးတဲ့ မိန်းကလေးငယ် ၃ ဦး ရေနစ်သေဆုံး
Source – မြေလတ်အသံ
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝါးမရမ်းကျေးရွာအုပ်စု၊ ဆပ်ပြာကျင်းကျေးရွာအနီးရှိ ဇလပ်ထော် ရေလှောင်တမံထဲ ရေဆင်းကူးတဲ့ မိန်းကလေးငယ် ၃ ဦးနဲ့ ၁၀ နှစ်အရွယ်ယောက်ျားလေးတစ်ဦး ရေနစ်သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရေနစ်သေဆုံးသူတွေဟာ ပဲခူး အမှတ် ၆ ရပ်ကွက်နေ အသက် ၁၀ နှစ်အရွယ် မောင်ဖြိုးဇာနည်လင်း (G 4 EC ကိုယ်ပိုင် အထက်တန်းကျောင်း)၊ အသက် ၁၁ နှစ်အရွယ် မပိုးဝတီ (G 5 အလက ၈)၊ အသက် ၁၃ နှစ်အရွယ် မစုပုံချစ် (G 6 အလက ၁၀)၊ အသက် ၁၀ နှစ်အရွယ် မသဒ္ဒါရွှန်းလဲ့ (G 4 အထက ၁) တို့ ဖြစ်ပြီး မေလ ၂၂ ရက် နေ့လယ် ၁ နာရီကျော် မှာ ရေနစ်သေဆုံးတာဖြစ်တယ်။
ကျန်ခဲ့တဲ့ကလေးငယ်က ဘေးပတ်ဝန်းကျင်ကိုအကူအညီတောင်းရာမှာ မြို့ခံလူမှုကူညီရေးအသင်းတွေနဲ့ မြို့နယ်မီးသတ် အဖွဲ့တွေ ဝိုင်းဝန်းရှာဖွေရာက အလောင်းတွေပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။
ပဋိပက္ခနယ်မြေက ရဲမေများ၏ တိုက်ပွဲဝင်ချီးမြှင့်ငွေများ တပ်ရင်းများက ထုတ်ယူသုံးစွဲ
Source – DVB
ရွေးကောက်ပွဲ မဲပေးလက်မှတ်က အချက်အလက်တွေကို ရယူကာ စစ်ရေးပဋိပက္ခနယ်မြေမှာရှိတဲ့ စစ်သည်တွေရဲ့ ဇနီး၊ ရဲမေတွေအား လစဉ်ပေးတဲ့ တိုက်ပွဲဝင်ချီးမြှင့်ငွေကို တပ်ရင်းမှူးတွေက မပေးဘဲ ထုတ်ယူနေတယ်လို့ တပ်မိသားစုဝင်တွေ ဆီက သိရပါတယ်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ မိုးကောင်းမြိုနယ် နန်းမားဒေသမှာရှိတဲ့ ခမရ ၃၈၆ မှာ တပ်ရင်းမှူးက ရဲမေေ တွကို လစဉ်ထောက်ပံ့တဲ့ တိုက်ပွဲဝင်ချီးမြှင့်ငွေ ၁ သိန်းကို ထုတ်မပေးဘဲ မိမိဘာသာထုတ်ယူတယ်လို့ ခမရ ၃၈၆ နဲ့ နီးစပ် သူတယောက်က ပြောပါတယ်။
“တပ်ထဲမှာ စစ်သည်တွေရဲ့ဇနီးတွေကို ရဲမေ လို့ခေါ်တယ်။ စစ်ဖြစ်လာရင် ရဲမေတွေလည်း ယောကျ်ားတွေနဲ့ ရင်ပေါင်တန်း ပြီး တိုက်ရတာ။ ပြီးခဲ့တဲ့နှစ်က ပဋိပက္ခဒေသမှာရှိတဲ့ ရဲမေတွေအတွက် တိုက်ပွဲဝင်ချီးမြှင့်ငွေ ၁ သိန်းပေးတယ်။ ဒါပေမဲ့ ရဲမေတွေမရဘူး၊ တပ်ရင်းမှူးက ထုတ်ပြီးသုံးတယ်။”
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ မကွေးတိုင်း မြိုင်မြို့နယ်အခြေစိုက် ခလရ ၂၃၅ ခြေလျင်တပ်ရင်း မှာတော့ တပ်ရင်းမှူးက ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ မဲပေးလက်မှတ်ကို အခြေခံကာ ရဲမေတွေကိုယ်စား ထုတ်သုံးတယ်လို့ တပ်မိသားစုဝင်တယောက်က ပြောပါတယ်။
၂၀၂၄ ခု ဧပြီကစပြီး ၆ လမှ တနှစ်အတွင်း စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်ဆိုပါက ၅၀,၀၀၀ ကျပ်၊ ၁ နှစ်မှ ၂ နှစ်အတွင်း ၈၀,၀၀၀ ကျပ်နဲ့ ၂ နှစ်အထက် ၁၁၀,၀၀၀ ကျပ် လစဉ်ပေးခဲ့ပြီး စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ဒေသက ရဲမေတွေအတွက် လစဉ် တိုက်ပွဲဝင်ချီးမြှင့်ငွေ ၁ သိန်းပေးခဲ့တာပါ။
မန္တလေးကျုံးတွင် အမျိုးသမီးငယ် ၁ ဦး ရုပ်အလောင်းတွေ့
Source – DVB
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးကျုံး အရှေ့ဘက်ခြမ်း ၆၆ လမ်း၊ ၁၇ လမ်းနဲ့ ၁၈ လမ်းအနီး နန်းမြို့ကျုံး ထဲမှာ သေဆုံးအမျိုးသမီးငယ်တယောက်ရဲ့ ရုပ်အလောင်းကို မေ ၂၆ ရက် မနက် ၇ နာရီခန့်က တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
ရေနစ်သေဆုံးလျက် တွေ့ရှိရတဲ့ အမျိုးသမီးငယ်ရဲ့ ရုပ်အလောင်းအနီး ဝန်းကျင်မှာ ဖုန်းတလုံး၊ မှတ်ပုံတင် ၂ ခု၊ ငွေကျပ် ၂၀,၀၀၀၊ ပိုက်ဆံအိတ်တလုံးနဲ့ ဖိနပ်တရံတို့ကိုပါ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
တွေ့ရှိရတဲ့ သက်သေခံပစ္စည်းတွေအရ သေဆုံးသူဟာ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်ဖြစ်ပြီး ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာမှာ နေထိုင်သူဖြစ်ပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အမျိုးသမီးက ရေထဲခုန်ချ အဆုံးစီရင်သွားတာလို့ ယူဆပါတယ်။ မနေ့ ၂၅ ရက်က တည်းက အဆုံးစီရင်သွားတာ ဖြစ်တယ်။ သေဆုံးအလောင်းကို သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက ဆယ်ယူပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်” လို့ ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးငယ်ရဲ့ ရုပ်အလောင်းကို နန်းတော်ရှေ့ လူမှုရေးကူညီရေးအသင်းက မော်တော်ယာဉ်နဲ့ မန္တလေး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။





