လေကြောင်းဗုံးသံတွေကြားက မီးဖွားပြီးစနေ့ရက်များ
ဒေဝီ
ဝေဟင်ကနေကြဲချလိုက်တဲ့ အသံကျယ်ကြီးကြောင့် ကလေးမီးဖွားထားတာ ရက်ပိုင်းသာရှိသေးတဲ့ မဒေးဒေးတယောက် ကြောက်ရွံ့စိတ်နဲ့အတူ ဘေးနားမှာရှိနေတဲ့ မွေးကင်းစ သားကလေးကိုဖက်ပြီး မျက်စိစုံမှိတ်နေလိုက်တယ်။
လေကြောင်းကကြဲလိုက်တဲ့ ဗုံးဟာ ကံကောင်းစွာနဲ့ သူတို့သားအမိကို ထိခိုက်မှုမရှိခဲ့လို့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
“ဗုံးခိုကျင်းထဲသွားဖို့လည်း ပြေးမထနိုင်ဘူး၊ သေရင်သေပါစေတော့ဆိုပြီး ကလေးဖက်ပြီးပဲ အိပ်ယာထဲ နေရတယ်”လို့ အသက် ၂၇နှစ်အရွယ် ဒေးဒေးက လွန်ခဲ့တဲ့ တနှစ်ကျော်ကလေးမွေးပြီးစ သွေးနုသားနု အချိန်တုန်းက အတွေ့အကြုံကိုပြန်ပြောင်း ပြောပြပါတယ်။
မဒေးဒေးဟာ မီးတွင်းကာလ၊ အိမ်မှာတယောက်တည်းဖြစ်နေတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လွန်းလို့ ထိတ်လန့်နေရပေမယ့် သူ့အနားမှာ ကူညီနှစ်သိမ့်ပေးမယ့်သူ မရှိခဲ့ပါဘူး။
အမျိုးသမီးတွေဟာ မီးဖွားပြီးနောက်ပိုင်းခန္ဓာကိုယ်အပြောင်းအလဲနဲ့အတူ စိတ်ခံစားမှုအပြောင်းအလဲပါ ကြုံရလေ့ရှိပြီး စိတ်အတက်အကျမြန်တဲ့ကာလ (Baby Blue Period) ဖြစ်စဉ်နဲ့ မီးဖွားပြီးစိတ်ကျဝေဒနာ (Postpartum Depression- PPD )ဖြစ်စဉ်တွေကြုံရလေ့ရှိတယ်။ မီးဖွားပြီးစ သားသည်မိခင်တွေဟာ ဝမ်းနည်းတာ၊ စိတ်အားငယ်တာ၊ ဒေါသဖြစ်တာစတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုပြဿနာတွေက နေရာ ဒေသမရွေးက အမျိုးသမီးတိုင်းခံစားရလေ့ရှိပါတယ်။
WHO ရဲ့ အစီရင်ခံစာတွေအရ ကမ္ဘာနဲ့အဝှမ်း ပဋိပက္ခဖြစ်ပွားရာဒေသက မိခင်၅ဦးမှာ ၁ဦးက ပြင်းထန်တဲ့ စိတ်ကျန်းမာရေးပြဿနာ ခံစားနေရပြီး မိသားစုနဲ့လူမှုအသိုင်းအဝန်း ကူညီပံ့ပိုးမှု ရရှိဖို့မလွယ်ကူတာက မိခင်တွေ စိတ်ပိုင်းဆိုင်ရာ ပြိုလဲရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာလည်း အာဏာသိမ်းပြီးနောက် စစ်ပွဲတွေပြင်းထန်လာပြီး ဘဝရပ်တည်ရေး မရေရာမှု တွေနဲ့အတူ မိခင်တွေ မှာလည်း မီးဖွားပြီး ကျန်းမာရေးစောင့်ရှောက်မှုမရတာ၊ ဆေးဝါးနဲ့ သန့်ရှင်းတဲ့ရေ မရှိတာ၊ ကလေးအတွက် စိတ်ပူပန်နေရတဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို ကြုံနေကြရပါတယ်။
မဒေးဒေးက အဲဒီအမျိုးသမီးတွေထဲမှာ တယောက်အပါအဝင်ဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူက စားဝတ်နေရေးအတွက် လယ်ထဲ ပဲနှုတ်၊ ကောက်ရိတ် သွားရချိန်ဆိုတော့ လက်နက်ကြီးသံတွေ လေကြောင်းသံတွေကြားတိုင်း ထိတ်လန့်မှု၊ အားငယ်မှု၊ ကလေးနဲ့အတူ ဖြစ်ချင်တာဖြစ်ပါစေတော့ဆိုတဲ့ အတွေးစိတ်နဲ့ နေ့စဉ်ဖြတ်သန်းခဲ့ရတယ်လို့ ကရင်နီဒေသမှာနေထိုင်တဲ့ သူကပြောပါတယ်။
ပဋိပက္ခဒေသမှာရှိတဲ့ မီးဖွားပြီးစ မိခင်တွေမှာ ဒီလိုစိတ်ခံစားချက်တွေအပြင် စစ်ဘေးကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးရတာ၊ မိသားစုဝင်တွေနဲ့ ဝေးကွာဆုံးရှုံးရတာ၊ မိခင်ရောကလေးပါ ကျန်းမာရေး စောင့်ရှောက်မှုမရတာတွေကပါ ထပ်ဆင့်ခံစားရတဲ့ အခါ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုရင်ဆိုင်ရလေ့ ရှိတယ်လို့ စိတ်ပညာနယ်ပယ်က ကျွမ်းကျင်သူတွေက ဆိုပါတယ်။
မဒေးဒေးဆိုလည်း စစ်ဘေးကြောင့် မိဘလက်ငုတ်လက်ရင်းတွေလည်းဆုံးရှုံးခဲ့ရသလို၊ ကိုယ်ဝန် ဆောင်ချိန်တလျှောက်လုံးရော၊ မီးဖွားပြီးနောက်မှာရော အစားအသောက် အဟာရပြည်ပြည့်ဝဝ မစားရတာ၊ ရေရှည်ဘယ်လိုနေထိုင်ရမလဲ၊ ကြီးပြင်းအောင် စောင့်ရှောက်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေနဲ့ အမြဲတစေ မွန်းကြပ်နေတဲ့ သားသည်မိခင်တဦးဖြစ်ပါတယ်။
ယာယီစစ်ရှောင်ရင်း နေထိုင်နေရတဲ့ မီးတွင်းကာလမှာလည်း ဆွေမျိုးသားချင်းလည်းမရှိသလို၊ ပတ်ဝန်းကျင်မှာလည်း စကားပြောဖော်မရှိတာကြောင့် သူတယောက်တည်း နေ့စဉ် အတွေးများ နေရသူဖြစ်ပါတယ်။
ညနေခင်ပွန်းပြန်လာချိန်ဆိုရင် စကားပြောဖော်၊ ကူညီပေးမယ့်သူရှိတဲ့အတွက် စိတ်သက်သာပေမယ့် ကျန်အချိန်တွေ မှာတော့ တလတောင်မပြည့်သေးတဲ့ ရက်သားအရွယ်ကလေးနဲ့ နေ့စဉ်ရက်ဆက် ကူဖော်လောင်ဖက်မရှိဘဲ နေရတဲ့အခါ ရှေ့ဆက်ဘယ်လိုနေရမလဲ၊ ဒီလိုပဲ ဘာမှမလုပ်နိုင်ဘဲ နေရတော့ မလားဆိုတဲ့အတွေးတွေက အမြဲဖိစီးနေတယ်လို့ သူကပြောပါတယ်။
“တခါတလေ ယောကျာ်းနဲ့ ကလေးအကြောင်း၊ အနာဂတ်အကြောင်း ပြောချင်ပေမယ့် ဘာမှပြောစရာ မရှိခဲ့ဘူး”လို့ ဒေးဒေးကပြောတယ်။
ဒေးဒေးလို မိခင်တွေက ပဋိပက္ခဒေသတွေမှာ အများအပြားပါ။ ပဋိပက္ခဇုန်ထဲက မိခင်တွေဟာ စစ်ဘေးစစ်ဒဏ်အပြင် မီးဖွားပြီးစ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ပါ ရုန်းကန်နေကြရပါတယ်။
လသားအရွယ်ကလေးငယ်အပါအဝင် ကလေး ၃ဦးမိခင်ဖြစ်တဲ့ ဒီးမော့ဆိုဒေသက စစ်ရှောင် အမျိုးသမီး ဒေါ်ရွက်ထုက စစ်ဘေးသင့်ဒေသတွေက မိခင်အများစုဟာ တိုက်ပွဲကြား ဆုံးရှုံးမှုများစွာနဲ့ ရှင်သန်နေရသလို ပျော်ရွှင်စရာ၊ လုပ်ကိုင်စရာ အလုပ်အကိုင်ရယ်လို့ များများစားစား မရှိဘဲ ကလေးကြည့်ရှု စောင့်ရှောက်ရင်း၊ ဝမ်းနည်းစရာရှိလည်း အချင်းချင်းအား ပေးရင်း ကြံကြံ့ခံဖြတ်သန်း နေရတာလို့ ပြောပါတယ်။
အမျိုးသမီးအချို့မှာ စစ်ပွဲကြောင့် ခင်ပွန်းဆုံးပါးသွားပြီး ကိုယ်ဝန်နဲ့ ကျန်ခဲ့တာ၊ မွေးလာတဲ့ကလေး ကိုလည်း တကိုယ်တည်း စောင့်ရှောက်နေရတာ၊ ကလေးတွေနောင်ရေး မျှော်လင့်ချက်မဲ့တာစသဖြင့် စိတ်ခံစားချက်တွေ ကိုယ်စီရှိကြတယ်လို့ သူကပြောတယ်။
သူကိုယ်ကိုယ်တိုင်လည်း စစ်ရှောင်နေရချိန် အလုပ်အကိုင်မရှိတာကြောင့် ငွေကြေးအဆင်မပြေမှု၊ ၉နှစ်နဲ့ ၅နှစ်ကျော် ကလေးကြီး ၂ယောက်မှာလည်း ကျောင်းနေအရွယ်ရောက်ပေမယ့် ကျောင်းသေချာ မတက်ရသေးတော့ ပညာရေးအတွက် စိတ်ပူရတာ၊ မွေးဖွားထားတဲ့ လသားကလေးငယ်ကိုလည်း စိတ်မချဖြစ်တာနဲ့ မျှော်လင့်စရာမရှိတဲ့ဘဝမှာ နေထိုင်နေရသူ ဖြစ်ပါတယ်။
“တခါတလေကျရင် ထမင်းတောင်မစားချင်ဘူး၊ ညဘက်တွေလည်းအိပ်မပျော်ဘူး၊ တခုခုဆို ဒီကလေးတွေ ဘယ်ခေါ်သွားရမလဲမသိဘူး” လို့ ကလေး ၃ဦးမိခင် ဒေါ်ရွက်ထုက ညည်းတွားပါတယ်။
အလားတူ ကရင်ပြည်နယ်က စစ်ဘေးရှောင်ကူညီသူတဦးဖြစ်တဲ့ မဝင့်ဝါက ပဋိပက္ခဒေသက မိခင်တွေဟာ မူလနေရပ်အသီးသီးကိုစွန့်ခွာပြီး စစ်ဘေးရှောင်ရ၊ နေထိုင်တဲ့ နေရာကလည်း လုံခြုံမှုမရှိတော့ အသက်ရှင်ရပ်တည်ဖို့ခက်ခက်ခဲခဲ ကြိုးစားနေထိုင်နေရတာ၊ မီးဖွားပြီး မိခင်တွေမှာလည်း ကလေးငယ်ငယ်ပိုက်လို့ စစ်ပြေးရတာ၊ ကလေးကျန်းမာရေး၊ လုံခြုံရေး၊ ကိုယ်တိုင်နဲ့ ခင်ပွန်း၊ မိဘညီကိုမောင်နှမတွေရဲ့ လုံခြုံရေးတွေကအစ စိုးရိမ်ပူပန်နေရတဲ့အတွက် မီးဖွားပြီးစိတ်ကျတာတွေ၊ စိတ်အားငယ် ပင်ပန်းတာတွေ ခံစားရရင်တောင် သတိပြုမိသူ ရှားမယ်လို့ သူကဆိုပါတယ်။
အုပ်ထိန်းသူ မိခင်တွေရဲ့ စစ်ပွဲအပေါ်ကြောက်ရွံ့ထိတ်လန့်မှု၊ စိုးရိမ်ပူပန်မှုတွေ၊ ငွေကြေးနဲ့ စီးပွားရေး အဆင်မပြေမှုတွေက ကလေးတွေအပေါ် တိုက်ရိုက်သက်ရောက်နေတာကြောင့် မိခင်တင်မက ကလေးငယ်တွေမှာပါ ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိတယ်လို့ သူကဆိုတယ်။
“လူကြီးတွေ အထူးသဖြင့် မိခင်တွေပေါ့၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အားငယ်မှုတွေကြောင့်ပဲဖြစ်မယ်၊ အမေကိုယ်တိုင်က စိတ်မရှည်တာ၊ ရိုက်တာတွေရှိသလို ကလေးတွေလည်း စိတ်ကြမ်းကြမ်းတမ်းတမ်း ဖြစ်တာလည်း သတိထားမိတယ်”လို့ မဝင့်ဝါကပြောပြပါတယ်။
စစ်ပွဲတွေပြင်းထန်တဲ့နေရာဖြစ်တာကြောင့် ငွေရေးကြေးရေးပြဿနာ၊ အိမ်ထောင်ရေး အဆင်မပြေမှု၊ စီးပွားရေး စသဖြင့် အခက်အခဲပေါင်းစုံ ကြုံတွေ့နေရတာကြောင့် မိခင်တွေမှာ စိတ်အတက်အကျ မြန်ကြပေမယ့် ကိုယ့်နည်းကိုယ်ဟန်နဲ့ ကျော်ဖြတ်နေကြရတယ်လို့ အညာဒေသ ရဲဘော်တဦးဖြစ်တဲ့ ကိုရဲကပြောပါတယ်။
“ကျွန်တော်ထင်တယ် သူတို့မှာ စိတ်အဆင်မပြေမှုတွေရှိပေမယ့်လည်း ကြာကြာထားမယ်မထင်ဘူး၊ တခြားဟာတွေထက် စစ်ပွဲကြောင့်ဖြစ်တဲ့ စိတ်ဒဏ်ရာတွေ၊ ကြောက်ရွံ့မှုတွေကသာ သူတို့အတွက် အကြီးမားဆုံး စိတ်ထိခိုက်မှုဖြစ်မယ်”လို့ သူက ပြောပါတယ်။
မိခင်တွေမှာလည်း ကလေးမွေးထားလို့ဆိုပေမယ့် အိမ်မှာအေးအေးသက်သာ မနေရသလို ဒရုန်းသံ ကြားရင်ကို ကလေးရင်ခွင် ပိုက်ပြီး အသက်ဘေးလွတ်ဖို့ ပြေးရှောင်ကြရတာတွေကြောင့် အချို့ မိခင်တွေမှာ ကြောက်ရွံ့စိတ်ကြီးစိုးပြီး ဝမ်းနည်း ငိုကြွေးတာ၊ မိခင်နို့မထွက်တော့တာတွေတော့ ကြားသိရတယ်လို့ သူကပြောပါတယ်။
မီးဖွားပြီးစ မိခင်တွေမှာကြုံရလေ့ရှိတဲ့ စိတ်အတက်အကျမြန်တဲ့ဖြစ်စဉ်က မီးဖွားပြီးစ အမျိုးသမီး ၈၀ ရာခိုင်နှုန်းလောက် ကြုံတွေရတဲ့ ဖြစ်စဉ်ဖြစ်ပြီး အထူးတလည်ကုသစရာမလိုဘဲ လပိုင်းအတွင်း သက်သာပေမယ့် တချို့အမျိုးသမီးတွေမှာ မသက်သာဘဲ မီးဖွားပြီးစိတ်ကျဝေဒနာ (Postpartum Depression – PPD) အဆင့်ထိ ရောက်ရှိနိုင်တယ်လို့ ကျန်းမာရေးနယ်ပယ်က သူတွေက ရှင်းပြပါတယ်။
ကလေးမီးဖွားပြီးနောက် မိခင်တွေဝမ်းနည်းတာ၊ စိတ်အားငယ်တာ၊ ဒေါသဖြစ်တာနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုပြဿနာတွေက နေရာဒေသမရွေးက အမျိုးသမီးတိုင်းခံစားရလေ့ရှိပြီး၊ မြို့ပြလို ပဋိပက္ခမရှိတဲ့ သာမန်အရပ်ဒေသက မိခင်တွေမှာတောင် ဒါကို သာမန်ဖြစ်ရိုးဖြစ်စဉ်လိုရှုမြင်ကြတဲ့အတွက် ပဋိပက္ခ ဒေသတွေက မိခင်တွေအဖို့ ဒီလိုအခြေအနေနဲ့ပတ်သက်ပြီး လက်လှမ်းမှီဖို့ ပိုဝေးတယ်လို့ စိတ်ကျန်းမာရေး နှစ်သိမ့်ဆွေးနွေးသူ ဖြစ်တဲ့ မိုင်းဂျာကဆိုတယ်။
အများစုဟာ ဒီလိုမသိရှိကြတဲ့အပြင် စစ်ဘေးစစ်ဒဏ်က အရေးပိုကြီးနေတဲ့အခါ စိတ်မကျန်းမာနေတဲ့ မိခင်အပေါ် နားလည်ကူညီပေးဖို့ ခက်ခဲသလို၊ နားလည်ပေးဖို့ရော၊ ပံ့ပိုးကူညီပေးဖို့ရော လိုအပ်ချက် ရှိနေတယ်လို့ သူကမှတ်ချက်ပြုပါတယ်။
စစ်ပွဲဖြစ်ပွားရာဒေသမှာ ကြီးပြင်းခဲ့တဲ့ မိုင်းဂျာလည်း သူ့မိခင်ကိုယ်တိုင်က စစ်ပြေးရင်း သူ့ကိုမွေးဖွားခဲ့ရ သလို သူလည်း ငယ်စဉ်ကတည်းကနေအရွယ်ရောက် အိမ်ထောင်ကျပြီး ကလေးမီးဖွားသည်အထိ ပဋိပက္ခဒေသမှာပဲ နေထိုင်ခဲ့ရတာဖြစ်တာကြောင့် မိခင်ရဲ့ ထိတ်လန့်စိုးရိမ်မှုတွေက ကလေးဖြစ်တဲ့ သူ့ဆီ လက်ဆင့်ကမ်းပါလာတယ်လို့ သူက ထင်မြင်ယူဆနေပါတယ်။
“အမေကစစ်ပြေးရင်း ကျမကိုလမ်းမှာမွေးတယ်၊ ကလေးဘဝကနေ အခုထိမကြိုက်တာက တခုခုဆို Panic (ကြောက်စိတ်ဝင်) ဖြစ်တာ၊ ကြောက်စရာ၊ တုန်လှုပ်စရာဖြစ်ရင် တည်တည်ငြိမ်ငြိမ်ဖြစ်အောင် လုပ်ဖို့လိုတာလည်း သိတယ်၊ ကြိုးစားလည်း စစချင်းကြုံလာတဲ့အခါ ကြောက်စိတ်က ထိန်းမရ Panic Attack ဖြစ်တယ်”လို့ မိုင်းဂျာက သူကြုံတွေ့ရပုံကို ပြောပါတယ်။
ကိုယ်ဝန်ဆောင်ကာလနဲ့ ကလေးမွေးဖွားပြီးနောက်ပိုင်းတွေမှာ မိခင်တွေက ဟော်မုန်းပြောင်းလဲမှု၊ ခန္ဓာကိုယ် ပြောင်းလဲမှုကြုံရလေ့ရှိသလို အိပ်ရေးပျက် ပင်ပန်းတာတွေကြောင့်လည်း စိတ်ပိုင်းဆိုင်ရာက ပိုထိခိုက်အားနည်းလွယ်လေ့ ရှိကြပါတယ်။
မီးတွင်းကာလ နွေးနွေးထွေးထွေးနဲ့ သက်တောင့်သက်သာနေထိုင်ရမယ့်အချိန်မှာ စစ်ပြေးနေရတာ၊ လက်နက်ကြီး သံတွေကြောင့် ထိတ်လန့်တုန်လှုပ်ရတာတွေရှိတဲ့အပြင် မငြိမ်မသက်အခြေအနေတွေမှာ မိခင်ကို ကူညီဖေးမမှု မပြုနိုင်တာကြောင့် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေကို ပိုခံစားရနိုင်တယ်လို့ စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာလင်းလူ က ပြောပါတယ်
လူတိုင်းကိုယ်စီ အသက်ရှင်သန်ရေး ကိုယ်တိုင်ရုန်းကန် နေရချိန်မှာ အခြားသူတဦးကို အမြဲတစေ ဂရုစိုက်ကြည့်ရှုဖို့ အပြည့်အဝ မလုပ်ပေးနိုင်တဲ့အတွက် မီးဖွားထားတဲ့ မိခင်ရဲ့ လိုအပ်ချက် အဝဝကို ဖြည့်ဆည်းပေးဖို့ဆိုတာလည်း လိုအပ်ချက်ရှိနေမှာပါ။
ဒီလိုအခြေအနေတွေအပြင် မိခင်နဲ့ ကလေးတွေ မဖြစ်မနေယူရမယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ကလည်း ရရှိမှာမဟုတ်တဲ့အတွက် မိခင်တွေမှာ စိတ်ကျန်းမာရေး ပိုထိခိုက်ခံစားရနိုင်ခြေရှိတယ်လို့ ဒေါက်တာလင်းလူကဆက်ပြောပါတယ်။
ကိုယ့်ကိုယ်ကိုယ်တောင် ဂရုစိုက်ဖို့ခက်ခဲ နေချိန်မှာ ကလေးအပေါ် ဂရုတစိုက် စောင့်ရှောက်မှု ပျက်ကွက်တာ၊ ကလေးအပေါ် တွယ်တာ ချစ်ခင်စိတ်မရှိတာ၊ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပြင်းထန်ပြီး ကလေးကို အန္တရာယ်ပေးနိုင်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ စိတ်ပညာနယ်ပယ်ကသူတွေက ပြောပါ တယ်။
တယောက်ထဲခံစားနေတာထက် နီးစပ်တဲ့ မိသားစု မိတ်ဆွေတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုတာ၊ တယ်လီကျန်းမာလို အွန်လိုင်းကနေအခမဲ့ စိတ်ကျန်းမာရေး ဆွေးနွေးလို့ရတဲ့ နေရာတွေမှာ စောင့်ရှောက်မှု ရယူတာမျိုးတွေ လုပ်ဆောင်သင့်တယ် လို့ ဒေါက်တာလင်းလူက အကြံပြုပါတယ်။
လက်ရှိမှာ စစ်ရေးမတည်ငြိမ်တဲ့ ပဋိပက္ခဒေမှာ နေရတဲ့အတွက် ကိုယ့်အတွက်ဖြစ်စေ၊ ကလေးအတွက် ဖြစ်စေ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး လိုအပ်ချက်ရှိတာ၊ ဘဝတက်လမ်းအတွက် မျှော်လင့်စရာ လုပ်ဆောင်စရာမရှိတာစတဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေ ရှိနေပေမယ့် ဒီအခြေအနေမှာ စိတ်ဓာတ် ကျဆင်းစရာ အတွေးအမြင်တွေအစား အကောင်းဘက်ဖြစ်စေတဲ့ အရာတွေကို စဉ်းစားတွေးတော သင့်တယ်လို့လည်း ဒေါက်တာလင်းလူက အကြံပြုပါတယ်။
စိတ်ကျန်းမာရေးနဲ့ပတ်သတ်လို့ တယ်လီကျန်းမာ၊တိုင်ပင်ဖော်၊ Call Me Today လို အွန်လိုင်းကနေ အခမဲ့ ဆွေးနွေးနိုင်တဲ့ စိတ်ကျန်းမာရေး အစီအစဉ်တွေရှိပေမယ့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတဲ့ ပဋိပက္ခဒေသလိုနေရာမျိုးက ပြည်သူတွေအတွက် လက်လှမ်းမီဖို့ ခက်ခဲတာလည်း ကြုံနေကြရပါတယ်။
အမျိုးသမီးအရေးကူညီဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေလည်း စစ်ဘေးစစ်ဒဏ်ကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ကြရတဲ့အခါ မြေပြင်မှာ အကူအညီတွေကို ထိထိရောက်ရောက် ကူညီပေးနိုင်တဲ့ အသင်းအဖွဲ့တွေလည်း မရှိသလောက်အားနည်းနေတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
ဒီအခြေအနေမျိုးမှာ နဂိုရှိပြီးသား ရပ်ရွာဓလေ့အရ မီးဖွားပြီးစမိခင်ကို ကြည့်ရှု့ပေးရင်း လိုအပ်တာ ကူညီတာ၊ ခွန်အားပေးစကားပြောတာ၊ ကလေးကြည့်ပေးတာလို အချင်းချင်းဝိုင်းဝန်းကူညီ လုပ်ဆောင်မှုတွေကသာ မိခင်ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် ခွန်အားဖြစ်စေမယ်လို့ မိုင်းဂျာကဆိုတယ်။
“ပဋိပက္ခဒေသမှာရှိတဲ့ အမျိုးသမီးတွေ တော်တော်လေးခံနိုင်ရည်ရှိတယ်လို့ မြင်တယ်၊ သဘာဝတရား ကပဲ အဲ့ဒီလိုဖြစ်စေလား တော့မသိဘူး၊ လူတိုင်းကတော့ အရမ်းကိုကြံ့ကြံ့ ခံပြီး ကျော်ဖြတ်တာတော့ တွေ့ရတယ်”လို့ မိုင်းဂျာကဆက်ပြောပါတယ်။
မဒေးဒေးနဲ့ ဒေါ်ရွက်ထုလို မိခင်တွေအတွက် ကိုယ်တိုင်ရော ကလေးအတွက်ပါ စိုးရိမ်သောကတွေ၊ အနာဂတ်ဘဝ မရေရာမှုတွေနဲ့ မတည်ငြိမ်မှုတွေကြားမျှော်လင့်ချက်ကင်းမဲ့စွာနေကြရပါတယ်။
ဒီလိုမိခင်တွေအဖို့ တခြားရွေးချယ်စရာ အခွင့်အရေးမရှိတဲ့အခြေအနေမှာ ဒီလိုကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြတ်သန်းနေကြရတာဖြစ်ပြီး၊ မိခင်နဲ့ ကလေးတွေအတွက် ရုပ်ပိုင်းစိတ်ပိုင်း ကျန်းမာတဲ့ အသိုက်အဝန်းဖြစ်ဖို့ ပိုလုံခြုံတဲ့ အနာဂတ်တခုကို မျှော်လင့်တောင့်တနေကြရဆဲဖြစ်ပါတယ်။











