ယင်းမာပင်က အမျိုးသမီးစစ်သည်ရဲ့ လိင်အကြမ်းဖက်ခံရမှုကို အရေးယူပေးဖို့ အဖွဲ့အစည်း ၁၄၉ ခုတိုက်တွန်း
ခင်ဘုန်းမို့ //ယင်းမာပင်//
အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ယင်းမာပင်ခရိုင်တပ်ရင်း (၂၀) အပါအဝင် သက်ဆိုင်ရာအစုအဖွဲ့တွေအနေနဲ့ ယင်းမာပင်ခရိုင်၊ တပ်ရင်း(၂၀)မှာ ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိထိရောက်ရောက် အရေးယူ ပေးဖို့ တော်လှန်ရေးအင်အားစု အဖွဲ့အစည်း ၁၄၉ ခုက တိုက်တွန်းကြောင်း ယနေ့ နေ့စွဲနဲ့ ထုတ်ပြန် လိုက်ပါတယ်။
တပ်ရင်းမှူး ရန်ရှင်းအောင်၊ မုဒိန်းမှုကျုးလွန်သူ အပါအဝင် အခြားကျုးလွန်သူတွေနဲ့ ပါဝင်ပတ်သက်သူ အားလုံးကို တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တရားစီရင်ရေးစနစ်အရ အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့လိုအပ်ပါက လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ကော်မရှင်ကတဆင့်စုံစမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် နစ်နာသူ အမျိုးသမီး၊ သူ့ရဲ့ခင်ပွန်းဖြစ်သူနဲ့ သမီးငယ်တို့ကို တပ်ရင်းရဲ့ ဖိအားပေးမှုတွေ ကင်းလွတ်တဲ့ ဘေးကင်းရာနေရာကို အမြန်ဆုံး ရွှေ့ပြောင်းစောင့်ရှောက်ပေးဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူဖြစ်ရပ်တွေကို ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့တဲ့အတွက် အခုလိုဖြစ်စဉ်မျိုးတွေ ထပ်ပြီးဖြစ်ပွားနေတယ်လို့ အဖွဲ့အစည်းတွေက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ တော်လှန်ရေးကာလ ၅နှစ်အတွင်း ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် တရားမျှတမှု၊ အရေးယူမှု အမြန်ဆုံး ဖော်ဆောင်ပေးပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတားဆီးရေးမူဝါဒတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းအတွင်း မည်သည့် ဘာသာဝင်၊ မည်သည့် လူမျိုးကိုမဆို ခွဲခြားဆက်ဆံခြင်းမပြုရေး မူဝါဒတွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့လည်းတိုက်တွန်းတောင်းဆိုထားပါတယ်။
ဒီထုတ်ပြန်ချက်ကို မြို့နယ်အသီးသီးက သပိတ်ဦးဆောင်အဖွဲ့တွေ အပါအဝင် တော်လှန်ရေး အင်အားစုပေါင်းစုံအပါအဝင် အဖွဲ့အစည်းပေါင်း ၁၄၉ဖွဲ့က လက်မှတ်ထိုးတောင်းဆို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
- ၁နှစ်အတွင်း ကသာစစ်ရှောင်ကိုယ်ဝန်ဆောင် ၁၀ဦးထက်မနည်း ကိုယ်ဝန်ပျက်ကျ ထိခိုက်သေဆုံးခဲ့
- ရခိုင်ပြည်နယ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် ယခုနှစ် ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၆၃ဦး သေဆုံးခဲ့
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို အပြစ်ပေးအရေးယူတဲ့ပုံစံမျိုးနဲ့ကျင့်သုံးတာဟာ စစ်တပ်က သုံးလာတဲ့ ပုံစံမျိုးဖြစ်ပြီး တော်လှန်ရေးမတိုင်ခင်တုန်းကလည်းက မြန်မာနိုင်ငံမှာ ခိုးမှုတွေ၊ ပြည့်တန်ဆာအမှု၊ ဓားပြမှုတွေ စတာတွေနဲ့ပတ်သက်ရင် အဖမ်းခံရတဲ့အခါ အချုပ်ထဲမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အမြဲတမ်း အပြစ်ပေးအရေးယူမှုအနေနဲ့ ကျင့်သုံးခဲ့တာရှိတယ်လို့ Politics For Women Myanmar ရဲ့တည်ထောင်သူ မလီလီယန်က Honest Information HI ကို ပြောပါတယ်။
“တော်လှန်ရေးအင်အားစုတွေကို မေးခွန်းထုတ်ရမယ့်ကိစ္စက ဘာကြောင့် သူတို့တော်လှန်နေတဲ့ စစ်အာဏာရှင်ရဲ့ ပုံစံမျိုးပြန်လုပ်နေတာလဲ၊ အကယ်လို့ လူတယောက်ကို စစ်ဆေးမေးမြန်းဖို့ပဲဖြစ်ဖြစ်၊ လူတယောက်ကို မသင်္ကာလို့ပဲ ဖမ်းဆီးဖို့ရှိလာတဲ့အခါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုလက်နက် အနေနဲ့မသုံးပဲနဲ့ တရားရေးဆိုင်ရာနဲ့သွားဖို့က အရေးအကြီးဆုံးကိစ္စဖြစ်တယ်”လို့ မလီလီယန်က ဝေဖန်ထောက်ပြပါတယ်။
ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)မှာတာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးရဲဘော်ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ချုပ်နှောင်နှိပ်စက်ညှင်းပန်းမှုတွေနဲ့ ဘာသာရေးအခြေခံ ခွဲခြားဆက်ဆံခံရမှုတွေကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွန်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့ ပူးပေါင်းစစ်ဆေးဆောင်ရွက်နေပြီး သံသယတရားခံကိုလည်း ထိန်းသိမ်းထားကာ စစ်ဆေးနေတယ်လို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီနေ့ နေ့လည်မှာ Honest Information HI ရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပါတယ်။
“အသေးစိတ်တွေကိုတော့ စစ်ဆေးမှုတွေပြီးတဲ့အခါ ထုတ်ပြန်ပါလိမ့်မယ်၊ စစ်ဆေးပေါ်ပေါက်မှုအပေါ် မူတည်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ သူကပြောပါတယ်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ ရဲ့ အိမ်ထောင်ရှိ၊ အရွယ်ငယ်ကလေးတဦးမိခင်ဖြစ်သူ ရဲမေကို ခွင့်ပြုချက်မရဘဲ အလှူငွေ ကောက်ခံတယ်ဆိုတဲ့ပြစ်မှုနဲ့ ခရိုင်ပလဖ အချုပ်ထောင်မှာ ထိန်းသိမ်းထားစဉ် မုဒိန်းမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲမေရဲ့ ခန္ဓာကိုယ်ကို ဓားနဲ့ခြစ်တာ၊ ကြိုးတုပ်ရိုက်နှက်တာတွေလည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့အလားတူပဲ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ တော်လှန်ရေးအဖွဲ့တွေကကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့ကြတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
ကန့်ဘလူက ကအဖအဖွဲ့ခေါင်းဆောင်က Non-CDM ကျောင်းသူကို အလိုအတူပဲ အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဉ်၊ ကျောက်ဆည်ခရိုင်တပ်ရင်း(၃)မှ CDM ဆေးမှူးရဲမေ ရိုက်နှက်ခံရမှု၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၆ တပ်ရင်းမှူးက ကိုယ်ဝန်ဆောင်အမျိူးသမီးကို ဖမ်းဆီးရိုက်နှက်ချုပ်နှောင်အဓမ္မပြုကျင့်မှုစတဲ့ ဖြစ်စဉ်တွေဟာ ထင်ရှားတဲ့ သာဓကတွေဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ စာရင်းအရ ၂၀၂၁ ကနေ ၂၀၂၄ အထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ပတ်သတ်လို့ ၂၅၆ မှု တိုင်ကြားချက်ရှိခဲ့ပြီး၊ စစ်တပ်ဘက်က ကျူးလွန်တဲ့ အမှု ၂၁၈ မှု၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ၊ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့အမှုက ၁၇ မှုနဲ့ အရပ်သားကျူးလွန်မှုက ၃၀ ဝန်းကျင်ရှိတယ်လို့ ဖော်ပြထားတယ်။
ဒီလို ဖြစ်စဉ်တွေထဲက ထက်ဝက်လောက်ကို ကူညီဖြေရှင်းပေးနိုင်ခဲ့တယ်လို့ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဝန်ကြီးဟောင်းက HI – Honest Information နဲ့ ၂၀၂၅ ခု၊ ဒီဇင်ဘာလလယ်က ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။










