လိုင်းကားတွေပေါ်မှာ အမျိုးသမီးခရီးသည်တွေကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာစော်ကားတဲ့အပြင် ဗီဒီယိုခိုးရိုက်ပြီး ပြန်ရောင်းစားနေ
ခင်ဘုန်းမို့
ရန်ကုန်က အများပြည်သူသုံး လိုင်းကားတွေပေါ်မှာ အမျိုးသားတချို့ဟာ ခရီးသည်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုလုပ်နေတဲ့ဗီဒီယိုကို ခိုးရိုက်ပြီး တယ်လီဂရမ်ချန်နယ်မှာ ပြန်ရောင်းစားတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ Against Sexual Violence အဖွဲ့က Telegram Report Team ရဲ့ Leader တဦးဖြစ်တဲ့ ကိုဘီလီ (Billy) က HI – Honest Information ကိုပြောပါတယ်။
အရင်က ခရီးသည်အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို သူတို့ရဲ့ အမျိုးသားလိင်အင်္ဂါနဲ့ ထောက်တာမျိုးတွေ ရှိပေမမယ့် အခုဖြစ်စဉ်တွေက အမျိုးသမီးတွေရှေ့မှာ သူတို့လိင်အင်္ဂါကိုထုတ်ပြီး အမျိုးသမီးတွေရဲ့ မျက်နှာတွေကိုပါ ဗီဒီယိုရိုက်တဲ့ ပုံစံမျိုးတွေကို ရုံးဆင်း၊ ရုံးတက် ကားကြပ်တဲ့အချိန်တွေသာမက ကားချောင်တဲ့အချိန်တွေမှာတောင် ပေါ်ပေါ် တင်တင်ရိုက်ကူးတာတွေလည်းရှိနေတယ်လို့ ကိုဘီလီထံက သိရပါတယ်။
သူက “အရင်ကဆို ရှေ့ကလမ်းလျှောက်နေတဲ့ မိန်းကလေးတွေကို ဗီဒီယိုရိုက်တာ၊ ဓာတ်ပုံရိုက်ပြီး ပြန်တင်တာတွေလည်း ရှိခဲ့တယ်၊ အခု ဒါကြီးကတော့ လက်ရဲဇက်ရဲနိုင်ပြီး တော်တော်ကို ဆိုးဆိုးဝါးဝါးပဲ၊ လူမကြပ်သေးတဲ့အချိန်မှာ ထုတ်ပြပြီးရိုက်တာမျိုးက တခြားသူတွေလည်းမြင်နိုင်တယ်၊ အရမ်းရဲတင်း လွန်းတယ်ထင်တယ်”လို့ ဆိုပါတယ်။
ဒီလိုရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ဝင်ကြေးဘယ်လောက်သတ်မှတ်ထားပြီးတော့ ပြန်တင်ကြတာ ရှိသလို တခြားလိင်မှုဆိုင်ရာဗီဒီယိုတွေတင်တဲ့ချန်နယ်တွေကို ပြန်ရောင်းစားကြတာမျိုးတွေလည်း ရှိတယ်လို့ ကိုဘီလီကရှင်းပြပါတယ်။
“တဏှာလည်းရူးရတယ်၊ ပိုက်ဆံလည်းရတယ်ဆိုတဲ့ ပုံစံမျိုးလုပ်နေကြတာ”လို့ ကိုဘီလီက မှတ်ချက်ပြုပါတယ်။
ဒီလိုဖြစ်စဉ်တွေကိုတင်တဲ့ ချန်နယ်တွေအပါအဝင် ၂၀၂၆ ဇန်နဝါရီလ အတွင်း Local Leak Telegram Channel (အမျိုးသမီးတွေရဲ့ လိင်မှု ဗီဒီယိုတွေကို တယ်လီဂရမ်မှာ ဝင်ကြေးကောက်ခံပြီး ပြန်တင်နေတဲ့စာမျက်နှာ) ၁၇၈ ခုကို ဖြုတ်ချနိုင်ခဲ့တယ်လို့ ASV ရဲ့စာရင်းတွေအရ သိရပါတယ်။
YBS ပေါ်မှာ လိင်ပိုင်းဆိုင်ရာထိပါးမှုကိုကြုံခဲ့ဖူးတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တဦး ဖြစ်သူမဒါဒါက မိန်းကလေးတွေသာမက၊ ယောကျ်ားလေးတွေကိုပါ ထိပါးတာမျိုးလည်း မြင်တွေ့ဖူးပြီး၊ ဒီလိုဗီဒီယိုရိုက်ကူးမှုတွေက ဘေးပတ်ဝန်းကျင်တွေက မဆိုင်သလို နေရာကနေဖြစ်လာတဲ့ ရဲတင်းမှုဖြစ်တယ်လို့ ပြောပြပါတယ်။
သူက ဆက်လက်ပြီး “ခါးပိုက်နှိုက်ရန်ကြောက်လို့ နောက်ဆုံးဘက်တိုးစီးပြီး မတ်တပ်ရပ်ရာကနေ နောက်ကနေ တမင်တကာ လိင်အင်္ဂါနဲ့ထောက်ပြီး ထိပါးခံထိရတာပါ၊ အစက လူကြပ်လို့ဆိုတဲ့အတွေးနဲ့ နေခဲ့ပေမယ့် ပိုရဲတင်းလာလို့ ထီးနဲ့ခြေထောက်ကို ထိုးခဲ့တယ်”လို့ဆိုပါတယ်။
ခေတ်အခြေအနေအရ ဈေးဝယ်စင်တာတွေဝင်တဲ့အခါ ဒါမှမဟုတ် စစ်ကောင်စီဘက်က လုံခြုံရေးအရ စစ်ဆေးတဲ့အခါ ဓားတွေ၊ ကတ်ကြေးတွေက ကိုယ့်အတွက် အန္တရာယ်ပြန်ဖြစ်လာနိုင်တဲ့အတွက် အဲဒါတွေအစား ဆံထိုး၊ အပ်သေးသေးလေးတွေ၊ Spray လေးတွေ ဆောင်ထားသင့်တယ်လို့ မဒါဒါက အကြံပြုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း လူမှုစီးပွားကြပ်တည်းမှုနဲ့ တရားဥပဒေစိုးမိုးမှု မရှိတဲ့ကာလမှာ ပြည်သူတွေဟာ ခါးပိုက်နှိုက်ရန်ကိုလည်း အများဆုံးခံစားနေကြရသလို၊ အမျိုးသမီးတွေဟာလည်း ဒီလို လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု၊ အမြတ်ထုတ်မှုတွေကို ရင်ဆိုင်နေကြရတယ်လို့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရသိရပါတယ်။
တချို့အမျိုးသမီးငယ်တွေကတော့ YBS တွေပေါ်မှာ လိင်ပိုင်းဆိုင်ရာထိပါးခံရရင် ကျူးလွန်သူကို ဓာတ်ပုံပြန်ရိုက်ပြီး အွန်လိုင်းပေါ်တင်တာမျိုး၊ ကားပေါ်မှာ ပြန်ပြောပြီးခုခံတာမျိုးတွေလည်းရှိတာကို တွေ့ရပါတယ်။
ဒါနဲ့ပတ်သက်ပြီး မဒါဒါက “ကျူးလွန်သူဓာတ်ပုံကိုယူထားပြီး YBS Group တွေ တင်လဲခဏပဲ၊ လိင်ပိုင်းဆိုင်ရာထိပါးမှုက ပိုပြီးမျက်နှာပြောင်တိုက်လုပ်လာကြမှာ၊ Social Punishment က ဒီလိုမျိုးပေါ်တင် လိင်ပိုင်းဆိုင်ရာထိပါးခံရတဲ့နေရာမှာ ခဏသာပဲအသုံး၀င်မှာပါ၊ ထိရောက်မှုရှိတဲ့ အရေးယူ ဖြေရှင်းပေးနိုင်တဲ့ အဖွဲ့အစည်းတွေ ရှိလာစေချင်တယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် YBS အသုံးပြုသူတဦးဖြစ်တဲ့ အသက် ၃၀ အရွယ် မစန္ဒာက ဒီလို လိင်ပိုင်းဆိုင်ရာထိပါးမှုတွေဟ ရုံးတက်ရုံးဆင်းချိန်လို လူကြပ်တဲ့ အချိန်တွေမှာတော့ အဖြစ်များပြီး မိန်းကလေးတွေ အမူအယာပျက်ရင် အဲ့မိန်းကလေးကို ထိုင်ဖို့နေရာ ဖယ်ပေးလိုက်တာတို့၊ ဒီဘက်တိုးရပ်ဆိုပြီး နေရာရွှေ့ပေးတာမျိုးတွေရှိတယ်လို့ ပြည်သူအချင်းချင်း ကူညီပေးကြပုံကို ပြောပြပါတယ်။
သူက ဆက်လက်ပြီး “အခု ဗီဒီယို ရိုက်တာကတော့ သေချာမသိပေမယ့် မိန်းကလေးတွေ သတိထားရမယ့် ကိစ္စလို့ထင်တယ်၊ အခုနောက်ပိုင်းက တခုခုဆို အကူအညီတောင်းဖို့ ခက်လာတယ်၊ လူတိုင်းက ပြဿနာမဖြစ်ချင်ကြတော့ တော်ရုံဆို မသိချင်ယောင်ဆောင်နေကြတော့ ဘယ်သူ့ကို အကူအညီတောင်းရမလဲ မသိဘူးပေါ့၊ ငယ်ရွယ်တဲ့ မိန်းကလေးတွေဆိုလည်း ဒီလိုအလုပ်ခံရရင် ရှက်တော့ တုန့်ပြန်ဖို့ ခက်မယ်ထင်တယ်”လို့ သူကဆိုပါတယ်။
ဒီလိုမျိုးကြုံလာခဲ့ရင် ကားဒရိုင်ဘာကို အကူအညီတောင်းတာမျိုး ဘေးလူတွေကို ပြောပြီး အကူအညီတောင်းတာတော့ လုပ်သင့်တယ်၊ ကူညီတာမကူညီတာတပိုင်းအပြင် ဒီလိုလုပ်နေတာ ဘေးလူတွေသိပြီး တခုခုတုံ့ပြန်မှုဖြစ်ဖြစ်ရလာရင်လည်းအမြတ်လို့ မစန္ဒာက အကြံပြုပါတယ်။
တရားဥပဒေစိုးမိုးတဲ့အခြေအနေမှာ ဒီလိုကျူးလွန်မှုတွေကို ဥပဒေကြောင်းအရ အရေးယူမယ်ဆိုရင် “ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၅၄ အရ မည်သူမဆို မိန်းမတဦး၏ ကာယိန္ဒြေပျက်စီးရန် အကြံဖြင့်သော်လည်းကောင်း၊ ကာယိန္ဒြေပျက်စီးစေတန်ရာကို သိလျက်နှင့်သော်လည်းကောင်း၊ ထိုမိန်းမကို လက်ရောက်မှု ကျူးလွန်လျှင်၊ သို့တည်းမဟုတ် ပြစ်မှုမကင်းသော အနိုင့်ထက်ပြုမှုကိုပြုလျှင် ထိုသူအား ၂နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်၂ရပ်လုံးဖြစ်စေ ချမှတ်ရမည်” လို့ဖော်ပြထားပါတယ်။











