“ဒါနင့်ပုံလား”ဆိုတာက စတင်တဲ့ အွန်လိုင်းခြိမ်းခြောက်မှုတွေ
ရှင်ငြိမ်း
“ဒါ နင့်ပုံလား” ဆိုပြီး ပို့လာတဲ့ Link တခုကို နှိပ်ကြည့်လိုက်တဲ့အခါ ဇင်ဇင်တယောက် “အမလေး”လို့ လန့်အော်ရင်း ဖုန်းကို လွှတ်ချလိုက်မိတဲ့ထိ တိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။
အဲဒီ Link ထဲမှာ ဇင်ဇင်တွေ့လိုက်ရတာက “ဒီကောင်မလေးက ရည်းစားနဲ့ပြတ် သွားလို့ အဖော်ရှာနေတယ်၊ လိပ်စာလိုရင် လာခဲ့” ဆိုတဲ့စာသားနဲ့အတူတွဲတင်ထားတဲ့ ရေကူးဝတ်စုံအနီနဲ့ ကောင်လေးနဲ့ နမ်းနေဖက်နေတဲ့ ဓာတ်ပုံတပုံ ပဲဖြစ်ပါတယ်။
ဒီဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ ၂နှစ်ခန့်က ပြတ်စဲသွားခဲ့တဲ့ သူ့ရည်းစားဟောင်းနဲ့ ခရီးသွားစဉ် ရိုက်ကူးထားတဲ့ပုံတွေဖြစ်သလို၊ ရည်းစားဘဝက အပျော်သဘော ပြောဆိုထားတဲ့ Sex Chat တွေနဲ့ Nude (ကိုယ်လုံးတီး) ပုံတွေလည်း အတူပါဝင်နေပါ တယ်။
Sex Chat ဆိုတာက လူတဦးနဲ့ တဦး အွန်လိုင်း၊ ဖုန်းကတဆင့် လိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို အာသာဖြေဖို့အတွက် ပြောဆိုကြတာမျိုးကို ခေါ်တာပါ။
ရည်းစားဟောင်းကို မေးကြည့်တော့ သူရဲ့ဖုန်းကလည်း လုယူခံလိုက်ရတာက တနှစ်လောက်ရှိပြီဖြစ်လို့ ဖုန်းပြန်ဝယ်သူ မဟုတ်ရင် လုယူသူတွေက အချက်အလက်တွေကို တခြားကိုရောင်းစားခဲ့တာလည်းဖြစ်နိုင်တယ်လို့ သူတို့က သုံးသပ်ကြ ပါတယ်။
ဇင်ဇင်တယောက် ပထမတော့ “နင်တို့ မဖျက်ရင် ရဲတိုင်မယ်လို့” ပြန်ပြောလိုက်ပါတယ်။ အဲဒီအခါ လင့်ပို့ပေးလာသူက “နင်ဘာဖြစ်သွားမလဲသိချင်ရင် တိုင်လိုက်တဲ့”လို့ဆိုပြီး ဇင်ဇင်တက်သမျှသင်တန်းတွေ၊ မိဘတွေရဲ့ အလုပ်အကိုင်နဲ့ အသေးစိတ်အချက်အလက်တွေကို ပေးပို့လာပြီး ခြိမ်းခြောက်တာ ခံရပါတော့တယ်။
ဇင်ဇင်ရဲ့မိဘနှစ်ပါးလုံးဟာ ကုမ္ပဏီတခုရဲ့ အရာရှိဝန်ထမ်းတွေဖြစ်တာကြောင့် ရန်ကုန်မြို့ဧရိယာထဲက မြို့သစ်မှာ ကိုယ်ပိုင် အိမ်လေးနဲ့နေထိုင်နိုင်သူတွေဖြစ်တယ်။ ဇင်ဇင်ရဲ့ ညီမဖြစ်သူကတော့ ကိုယ်ပိုင်အထက်တန်းကျောင်းတခုမှာ ကျောင်းအိပ် ကျောင်းစားနေပါတယ်။
ဇင်ဇင်ကတော့ တက္ကသိုလ် ဒုတိယနှစ်နဲ့ ဆက်မတက်တော့ဘဲ ကိုရီးယားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ သင်တန်းတက်နေ သူဖြစ်ပြီး မိဘတွေရဲ့ ဝန်ထမ်းလစာနဲ့ မိသားစု ၄ ယောက် အေးချမ်းစွာနေထိုင်ကြသူတွေပါ။
မထင်မှတ်ဘဲ ရည်းစားဟောင်းကို ပို့ထားဖူးတဲ့ အဲဒီအချက်အလက်တွေ မဖြန့်စေချင်ရင် ငွေကျပ် ၁၀သိန်းပေးရမယ်လို့ အွန်လိုင်းကနေ လင့်ပို့လာသူက ဆိုလာတဲ့အခါမှာ ဇင်ဇင်အတွက် အခက်တွေ့ခဲ့ရတယ်။ မိဘတွေက သင့်တင့်ငွေကြေး ရှိတယ်ဆိုပေမယ့် ၁၀ သိန်းဆိုတဲ့ ပမာဏကို ကိုင်သုံးခွင့် ပေးမထားပါဘူး။
မိသားစုဂုဏ်သိက္ခာကို ငဲ့ကွက်ပြီး ဝတ်ထားတဲ့ ရွှေထည်တခုရောင်းချ ဖြေရှင်းခဲ့ပေမယ့် နောက်တပတ်မှာ ကျပ်သိန်း ၅၀ ထပ်မံ တောင်းခံလာချိန်မှာတော့ ဇင်ဇင်တယောက် ပေးစရာမရှိတော့ပါ။ အဲဒီအချိန်မှာ ခြိမ်းခြောက်သူတွေဟာ ငွေကြေးအစား သူတို့အစကနဦး ရည်ရွယ်ချက်ဖြစ်ပုံရတဲ့ လိင်ဖျော်ဖြေရေးလုပ်ပေးဖို့ အကြပ်ကိုင်လာခဲ့ပါတော့တယ်။
“ပထမတော့ အဝတ်မပါဘဲ Sex Dance ရိုက်ပို့ခိုင်းတယ်၊ သူတို့ပို့ပေးတဲ့ ဗီဒီယိုအတိုင်း ကပေးရတယ်၊ နောက်ပိုင်းကျတော့ တပတ်ကို တကြိမ် အင်္ဂါနေ့တိုင်း Sex Chat လုပ်ပေးရတယ်”လို့ ဇင်ဇင်က ရင်ဖွင့်ပါတယ်။
Sex Dance ဆိုတာက ကြည့်ရှုသူရဲ့လိင်စိတ်ဆန္ဒကို နှိုးဆွပေးရတာဖြစ်လို့ သီချင်းသံစဉ်နဲ့အညီကပြရင်း အဝတ်အစား တွေကို တလွှာချင်းစီ ချွတ်ကာ ကပြရတာမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ကတဲ့အချိန်မှာ မျက်နှာထုတ်မပြရပါဘူး။
ဒီလို Sex Dance တွေ၊ Sex Chat တွေလုပ်ပေးရတဲ့အတွက် ပေးတဲ့အခကြေးငွေကလည်း အတိအကျသတ်မှတ်ထားတာ မဟုတ်ဘဲ လူကြည့်များရင် ၅ သောင်းလောက်ပေးပေမယ့် လူကြည့်နည်းရင်တော့ ၂ သောင်းဝန်းကျင်သာ ပေးပါတယ်။ ဒီ ထဲကမှ ပေးရမယ့် သိန်း ၅၀ ကို ဆပ်ပေးနေရတာဖြစ်ပါတယ်။
ဇင်ဇင်က“အဲ့ငွေကိုတော့ သူတို့က အကောင့်တခုကနေ ပထမတော့ လွှဲပေးတယ်၊ ကျမ အဲ့ငွေ မယူပါဘူး၊ အကြွေးပဲ မြန် မြန်ကျေအောင် ဆပ်ဖို့လုပ်ခဲ့တာ၊ မိဘတွေက အလုပ်တွေသွားတော့ ဒါတွေလုပ်နေတာ မသိခဲ့ကြဘူး”လို့ ပြောပါတယ်။
ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ စိတ်ဆန္ဒမပါဘဲ Sex ဗီဒီယိုတွေရိုက်ရတိုင်း Sex Chat လုပ်ရတဲ့အချိန်တိုင်း စိတ်ဖိစီးမှု အကြပ်ကိုင်ခံရတဲ့ဒဏ်နဲ့ စက္ကန့်နဲ့အမျှ သေသွားရင်ကောင်းမယ်လို့ အကြိမ်ကြိမ်တွေးမိတဲ့အထိ ဇင်ဇင်တယောက် စိတ်ဒဏ်ရာတွေ ရလာခဲ့ပါတယ်။
“နေ့စဉ်အသက်ရှင်နေရတာ အဓိပ္ပါယ်မဲ့လာသလိုခံစားရတယ်၊ လူသေကြီးလိုပဲ”လို့ ဇင်ဇင်က ပြောပါတယ်။
၅လလောက်ကြာလာတော့ ရပ်ကွက်တခုထဲနေ ငယ်သူငယ်ချင်းကို အရဲစွန့်ဖွင့်ပြောပြခဲ့ပါတယ်။ ဇင်ဇင်သူငယ်ချင်းမှာ သူနဲ့အားကစားအတူလေ့ကျင့်တဲ့ အမျိုးသမီးမိတ်ဆွေတယောက်ရှိပါတယ်။ အဲဒီအမျိုးသမီးမိတ်ဆွေရဲ့မောင်ဖြစ်သူက အခုလိုငွေကြေးလိမ်လည်တာ၊ ငွေညှစ်ခံရတာတွေကိုလည်း ကူညီပေးနေသူဖြစ်ပါတယ်။
ဒီလိုနဲ့ ဇင်ဇင်ဟာ ကိုခန့်ဆိုတဲ့ နည်းပညာကျွမ်းကျင်သူ မိတ်ဆွေအသစ်တယောက် ထပ်ရလာပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းကာလမှာ ကိုခန့်ဟာ ငွေလိမ်တဲ့နည်းတွေကို စိတ်ဝင်တစားလေ့လာရာကနေ သားကောင်ဖြစ်ရ သူတွေကို စာနာစိတ်နဲ့ လွတ်မြောက်အောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။
ကိုခန့်က“ကျနော်က အရမ်းကြီးသိလို့ တတ်လို့လုပ်ပေးတာမဟုတ်ဘူး၊ မိန်းကလေးတွေကို အဲ့လိုခြိမ်းခြောက်ငွေညှစ်နေတဲ့ ကောင်တွေကို ပြန်လုပ်လို့ရတယ်ဆိုတာ သိစေချင်လို့ပဲ”လို့ ပြောပါတယ်။
ကိုခန့်ဟာ ပထမဆုံးအနေနဲ့ ဇင်ဇင်ကို ငွေလွှဲပေးနေတဲ့အကောင့်ရဲ့ Call Center ကို ဆက်သွယ်ပြီး ဇင်ဇင်ကို ငွေညှစ် ခြိမ်းခြောက်နေကြောင်းရေးသားပြီး Mail ပို့တိုင်ကြားခဲ့တာဖြစ်ပါတယ်။
“သူက မလုပ်တတ်တော့ စာရေးတာလည်း ကျနော်အကြံပေးပြီး ကျနော်သုံးလေ့မရှိတဲ့ Mail တခုနဲ့ စာပို့လိုက်တယ်၊ စာပို့ တိုင်ကြားထားကြောင်း Ss (Screenshot)ရိုက်ပြီး အဲ့ဒီကောင်ကို ပြခိုင်းလိုက်တယ်”လို့ ကိုခန့်က ဆိုပါတယ်။
ဇင်ဇင်က သူတိုင်ထားကြောင်း Ss ပြတဲ့အခါ “နင်က ငါ့ကိုသွားတိုင်တယ်ပေါ့၊ အေး .. တွေ့မယ်၊ နင်တို့တမိသားစုလုံး အရှက်ဗြန်းဗြန်းကွဲစေရမယ်”လို့ ခြိမ်းခြောက်သွားပေမယ့် အဲ့ဒီနောက်ပိုင်း ထပ်မဆက်သွယ်လာတော့ပါဘူး။
ဒီနောက်မှာ ဇင်ဇင်လည်း သူတို့နဲ့ဆက်သွယ်ခဲ့တဲ့ ဖုန်းနဲ့ ဆင်းကဒ်ကို တခါထဲအပြီးတိုင် ဖျောက်ဖျက်ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၅ လကျော်ကြာ ခံစားခဲ့ရတဲ့စိတ်ဒဏ်ရာကတော့ ယခုထိတိုင်အိပ်မက်ဆိုးအဖြစ်ရှိနေဆဲလို့ ဆိုပါတယ်။
ဒါပေမဲ့ ဇင်ဇင်ဟာ အွန်လိုင်းကနေ ငွေနဲ့ လိင်ပိုင်းဆိုင်ရာကို ခြိမ်းခြောက်အမြတ်ထုတ်သူတွေလက်ကနေ လွတ်မြောက် လာပေမယ့် နောက်ထပ်သားကောင်ဖြစ်လာနိုင်တဲ့ အခြားအမျိုးသမီးငယ်တွေ အတွက်လည်း စိုးရိမ်ပူပန်မှုရှိနေပါတယ်။
“ကျမ လွတ်မြောက်လာတယ်ဆိုပေမယ့် ဒါဟာ တကယ်တမ်းတော့ ထွက်ပြေးခဲ့ရတာပါ၊ သူ့ကို ဥပဒေနဲ့ အပြတ်အသတ် အရေးယူပြီး ထောင်ထဲပို့ချင်တာပေါ့၊ ဒါပေမဲ့ သူက ဘယ်သူမှန်း ကျမ မသိဘူး၊ ကျမမိသားစုရဲ့ အချက်အလက်တွေက သူ့လက်ထဲမှာ၊ အဲဒီတော့ ကျမကပဲ ရှုံးနိမ့်သူတယောက်လို အရာအားလုံးကို ဖျက်ဆီးပြီး ပုန်းခဲ့ရတယ်၊ သူကတော့ အခုထိ လွတ်လွတ်လပ်လပ်နဲ့ နောက်ထပ် မိန်းကလေးတယောက်ကို ထပ်ပြီး ခြိမ်းခြောက်နေဦးမှာပဲလို့ တွေးမိတိုင်း အရမ်းနာကျင် ရပါတယ်”လို့ ဇင်ဇင်က ပြောပါတယ်။
နောက်ထပ် ဖြစ်စဉ်တခုမှာ ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သူကတော့ အသက် ၂၁ နှစ်အရွယ် အက်စတာ ဖြစ်ပါတယ်။ သူ့ရဲ့ဖြစ်စဉ် ကတော့ ဇင်ဇင်လို Link ပို့ခံရတာမျိုးမဟုတ်ဘဲ ချစ်သူရည်စားဟန်ဆောင်ပြီး လိင်အမြတ်ထုတ်ဖို့ ကြိုးစား ခံခဲ့ရတာလို့ ဆိုပါတယ်။
အက်စတာကြုံခဲ့ရတဲ့ဖြစ်ရပ်မှာ အွန်လိုင်းကနေတဆင့် ချစ်သူဖြစ်ခဲ့ရာကနေ စတင်ခဲ့တာပါ။ မန္တလေးတိုင်းက နယ်မြို့လေး တခုမှာ နေထိုင်တဲ့ အက်စတာဟာ ရန်ကုန်ကလို့ အမည်ခံထားတဲ့လူငယ်တဦးနဲ့ အွန်လိုင်းမှာ ၂ နှစ်နီးပါးတွဲခဲ့ပါတယ်။
ယုံကြည်မှု တည်ဆောက်ပြီးနောက်မှာ တဖက်လူက လွမ်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ Sex Chat လုပ်ဖို့နဲ့ Nude ပုံတွေ ပို့ပေးဖို့ တောင်းဆိုလာပါတယ်။ အချစ်ကို ဦးစားပေးခဲ့တဲ့ အက်စတာဟာ ဒါတွေကို သာမန်ပဲလို့ထင်မှတ်ပြီး မကြာခဏပို့ ပေးဖြစ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ချစ်သူက လောင်းကစားကြောင့် အကြွေးတင်လာတဲ့အခါ အက်စတာဆီကနေ ငွေကြေးတောင်းလာပါ တော့တယ်။ တတ်နိုင်သရွှေ့ပေးနေပေမယ့် နောက်ပိုင်းမပေးနိုင်တဲ့အခါမှာတော့ အရင်က ပို့ထားတဲ့ပုံတွေကို အသုံးပြုပြီး “ငွေမပို့ရင် ဒါတွေကို ဆိုရှယ်မီဒီယာမှာဖြန့်မယ်၊ ရောင်းစားမယ်”ဆိုပြီး ခြိမ်းခြောက်လာပါတော့တယ်။
အက်စတာက“အဲ့လိုခြိမ်းခြောက်လာတော့ ဘာလုပ်ရမှန်းမသိဘူး၊ အဲ့အချိန်မှာ ကိုယ့်ကိုကိုယ်သတ်သေဖို့ပဲ တွေးတယ်၊ သေဖို့ကြိုးစားမလို့လုပ်တုန်း ငယ်သူငယ်ချင်း PDF ကောင်လေးက V-Callလာတော့ ဒီအကြောင်းတွေပြောဖြစ်သွားတယ်၊ သူက ညီမအကောင့်ကို တောင်းပြီး ညီမကိုတော့ ဒီအကောင့်ဆက်မသုံးဖို့ပြောတယ်”လို့ ရှင်းပြပါတယ်။
၅ရက်လောက်နေတော့ သူငယ်ချင်းကောင်လေးက “ငါ ရှင်းလိုက်ပြီးပြီ၊ သူလုပ်ရဲတော့မှာမဟုတ်ဘူး၊ စိတ်ချချင်ရင်တော့ သူနဲ့ဆက်သွယ်ထားတာတွေ အားလုံးဖျက်ပစ်လိုက်”ဆိုတာကြောင့် ငွေလွှဲပေးဖူးတဲ့အကောင့်နဲ့ ဆိုရှယ်မီဒီယာအကောင့်ပါ ပိတ်ပစ်ခဲ့ပါတယ်။
နောက်ပြီး ဖုန်းထဲပါ အချက်အလက်အကုန်ဖျက်ကာ အဟောင်းဈေးနဲ့ ရောင်းထုတ်ခဲ့တယ်။ ၃ လကြာတဲ့ထိ အခြေအနေ တခုကို စောင့်ကြည့်ခဲ့ပေမယ့် ဘာမှထူးခြားမလာတာကြောင့် ဒီအိပ်မက်ဆိုးကနေ နိုးထနိုင်ခဲ့တာဖြစ်တယ်လို့ အက်စတာက ဆိုပါတယ်။
အက်စတာအနေနဲ့ ချစ်သူလို့ ယုံကြည်ခဲ့တဲ့သူက သူ့ကိုပြန်ပြီး ဒုက္ခပေးတဲ့အခါ ဥပဒေရဲ့အကာအကွယ်ကို ရယူချင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ရေးပဋိပက္ခရှိနေတဲ့ သူနေထိုင်ရာမြို့လေးမှာ သွားရောက်တိုင်ကြားဖို့ကလည်း မဖြစ်နိုင်ခဲ့ပါ။
“နောက်ဆုံးတော့ ဘယ်သူမှန်းမသိတဲ့ လူတယောက်ကို ကြောက်ပြီး ကိုယ့်အကောင့်ကို ကိုယ်ဖျက်၊ ကိုယ့်ဖုန်းကိုကိုယ် ရောင်းပြီး အမှောင်ထဲမှာ ငြိမ်နေခဲ့ရတယ်၊ တရားမျှတမှုဆိုတာထက် ဘေးကင်းဖို့ကိုပဲ အောက်ကျို့ပြီး ရွေးခဲ့ရတာပါ”လို့ အက်စတာက ပြောပါတယ်။
ဇင်ဇင်တို့၊ အက်စတာတို့လိုမဟုတ်ဘဲ အလုပ်အကိုင် အခွင့်အလမ်းကို ခုတုံးလုပ်ပြီး အကြပ်ကိုင်ခံရသူကတော့ အသက် ၂၀ နှစ်အရွယ် မိသဇင်ပါ။ မွန်ပြည်နယ်ဇာတိဖြစ်တဲ့ မိသဇင်ဟာ အသားဖြူဖြူ၊ မေးသွယ်သွယ်၊ မျက်လုံး မျက်ခုံးကောင်းပြီး လှပရှည်လျားတဲ့ ဆံနွယ်တွေလည်း ပိုင်ဆိုင်ထားသူပါ။ မြင်သူတိုင်းကလည်း သူ့ကို လှပချောမောသူလို့ မှတ်ချက်ပြုလေ့ရှိ ပါတယ်။ သူဟာ အွန်လိုင်းကနေ အလုပ်ရှာဖွေရင်း ဒီလို ထောင်ချောက်ထဲကို ကျရောက်ခဲ့ရသူဖြစ်တယ်။
ကိုဗစ်ကာလနဲ့ တိုင်းပြည်မငြိမ်သက်မှုကြောင့် ဝင်ငွေမရှိ အလုပ်အကိုင်တွေ ရှားပါးနေတဲ့အချိန်မှာ အိမ်မှာနေရင်း အပို ဝင်ငွေရမယ့် အလုပ်တွေကို ရှာဖွေရာကနေ “အဝတ်အစား Model” အလုပ်ခေါ်စာတခုကို တွေ့ခဲ့ပါတယ်။
မိသဇင်က“ညီမက အစထဲကမော်ဒယ်ဖြစ်ချင်တာ၊ ကျောင်းပြီးမှ မော်ဒယ်လုပ်ရမယ်လို့ အမေတို့က ပြောထားလို့ အခု ကျောင်းကမပြီးတော့ မော်ဒယ်က ဘယ်တော့ဖြစ်မယ်မှန်းမသိဘူး၊ ဒီအလုပ်တွေ့တော့ ဝမ်းသာပြီး လျှောက်လိုက်တာ”လို့ ပြောပါတယ်။
နောက်ရက်မှာ အင်တာဗျူးဖြေဖို့ဆိုပြီး Video Call ခေါ်ကာ ခန္ဓာကိုယ် အချိုးအစား ကြည့်ရှုစစ်ဆေးဖို့အတွက် အတွင်းခံ တွေ ချွတ်ခိုင်းခဲ့ပါတယ်။ ကြည့်ရှုစစ်ဆေးမယ့်သူတွေက သက်လတ်ပိုင်းအမျိုးသမီးတဦးနဲ့ သူတို့မိတ်ဆက်ပေးတဲ့ မော်ဒယ် ဆိုသူတယောက်လည်း ပါဝင်ပါတယ်။
ဒါဟာ အလုပ်အတွက် လိုအပ်ချက်လို့ ယုံကြည်ခဲ့တဲ့ မိသဇင်ဟာ သူတို့ခိုင်းတဲ့အတိုင်း လုပ်ဆောင်ခဲ့မိပါတယ်။ အဲ့ဒီလို စစ်ဆေးကြည့်ရှုပြီး ၃ ရက်အကြာမှာ သူကိုစစ်ဆေးထားတဲ့ Video Record တွေနဲ့အတူ ခြိမ်းခြောက်မှု စတင်လာပါတယ်။
“သူတို့ခိုင်းတဲ့အတိုင်း မလုပ်ရင် ဒီVideo တွေကို မိဘတွေဆီပို့မယ်၊ Social Media မှာ တင်မယ်”လို့ ဆိုပြီး အကြပ်ကိုင်ခဲ့ ပါတယ်။ မိသဇင်ရဲ့မိဘတွေဟာ နွမ်းပါးသူတွေဖြစ်တာကြောင့် သူတို့တောင်းတဲ့ငွေကြေးကို မပေးနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ မိသဇင်ဟာ တခြားသူတွေကြုံခဲ့သလို သူတို့ခိုင်းတဲ့အတိုင်းလိုက်မလုပ်ခဲ့ဘဲ အရင်က အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတယောက်ဖြစ်ခဲ့တဲ့ သူငယ်ချင်းရဲ့အမဖြစ်သူအကူအညီနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။
အဲဒီအစ်မက မိသဇင်ကိုခြိမ်းခြောက်နေသူတွေဆီဆက်သွယ်ပြီး “နင်တို့ခြိမ်းခြောက်တဲ့စာတွေ၊ မှတ်တမ်းတွေကို အကုန် Ss ရိုက်ပြီးလို့ ငါ့ရွာသားတွေကို ပြထားပြီးပြီ၊ နင်တို့ ကြိုက်တဲ့ဆီပို့လို့ရတယ်၊ ငါက ဒီရွာကို အုပ်ချုပ်သူပဲ၊ ထပ်ခြိမ်းခြောက်ရင် ရဲစခန်းတိုင်မှာလို့ ပြောတော့၊ ဘာမှပြန်မပြောတော့ဘဲ အကောင့်ပါဖျက်သွားတယ်”လို့ မိသဇင်က ပြောပြပါတယ်။
ရဲစခန်းတိုင်မယ်လို့သာပြောနေပေမယ့် အဲ့ဒီအချိန်က တိုင်ကြားဖို့ဆိုတာထက် သူရဲ့ဗီဒီယိုတွေ ပျံ့သွားမှာကိုပဲ မိသဇင်အနေနဲ့ တချိန်လုံး ပူပန်နေခဲ့ရတာဖြစ်ပါတယ်။
“သူတို့က အကောင့်တုတွေနဲ့ဆိုတော့ ဘယ်သူမှန်းလည်း မသိနိုင်ဘူး၊ ကျမတို့လို မိန်းကလေးတွေအတွက်က ဥပဒေက အဝေးကြီးမှာ ရှိနေသလိုပဲ၊ ကိုယ့်ဘက်က အရာအားလုံး စတေးပြီး ဒီအတိုင်း ငြိမ်ခံလိုက်ရတာဟာ အနိုင်ရတာမဟုတ်ဘဲ အရှုံးပေးလိုက်ရတာလို့ ခံစားရတယ်”လို့ မိသဇင်က ဖွင့်ဟပါတယ်။
ဇင်ဇင်၊ အက်စတာနဲ့ မိသဇင်တို့ရဲ့ဖြစ်ရပ်တွေဟာ နည်းပညာကို အလွဲသုံးစားပြုပြီး အမျိုးသမီးငယ်တွေရဲ့ဘဝကို ဖျက်ဆီးဖို့ ကြိုးပမ်းနေတဲ့ အွန်လိုင်းအကြပ်ကိုင်မှုရဲ့ကြောက်မက်ဖွယ်ရာအခြေအနေတွေဖြစ်ပါတယ်။
ဒီဖြစ်စဉ်မှာဆိုရင် ကျူးလွန်သူတွေဟာ သားကောင်တွေရဲ့ကြောက်ရွံ့စိတ်နဲ့ အရှက်သိက္ခာကို လက်နက်သဖွယ် အသုံးချပြီး ငွေကြေးနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို လုပ်ဆောင်ခဲ့တာကိုတွေ့ရပါတယ်။
အကြောက်တရားအောက်မှာ ခေါင်းငုံခံတဲ့သူရှိသလို မကြောက်မရွံ့ ယုံကြည်ရသူထံဖွင့်ဟအကူအညီတောင်းပြီး တိုင်ကြား တာ၊ တန်ပြန်ခြိမ်းခြောက်တာတွေ လုပ်ဆောင်နိုင်ခဲ့တာက လွတ်မြောက်ဖို့အတွက်တခုတည်းသော နည်းလမ်းဖြစ်တာကို လည်း သူတို့အတွေ့အကြုံတွေအရ တွေ့ရပါတယ်။
အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကြားဝင်ကူညီပေးနေတဲ့ Against Sexual Violence (ASV)အဖွဲ့ရဲ့ တာဝန်ရှိသူတဦးကတော့ အခုလိုလုပ်နေသူ တော်တော်များများကတော့ ကျားဖြန့်(ငွေလိမ်ဂိုဏ်း)တွေပါလို့ပြောပါတယ်။
(ASV)အဖွဲ့က အမျိုးသမီးတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ လိင်ပိုင်းဆိုင်ရာတွေ ပေါက်ကြားပြီးတော့ အဖျက်ခံရတာတွေ၊ ခြိမ်းခြောက်အကြပ်ကိုင်ခံရတာတွေကို တားဆီးပေးပြီး ဥပဒေအရ သာမက တခြားသုံးနိုင်တဲ့ နည်းလမ်းပေါင်းစုံအသုံးပြု လုပ်ဆောင်ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။
အထူးသဖြင့် Social Punishment လုပ်တယ်။ Black List လုပ်တယ်။ နောက်သမီး ရည်းစားကြားခြိမ်းခြောက်တဲ့သူတွေ အထူးသဖြင့် ဗီဒီယိုဖိုင်တွေ ဖြန့်နေတဲ့သူတွေ အချက်အလက်ရတာနဲ့ နည်းလမ်းပေါင်းစုံသုံးပြီး တားဆီးပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
ကိုယ့်ပုံမဟုတ်ဘဲ ခြိမ်းခြောက်တာများတဲ့အတွက်ကြောင့် အကြောက်မလွန်ဖိုနဲ့၊ ကိုယ်က Sex Chat ထားဖူးခဲ့တာကြောင့် ဒီပုံတွေနဲ့ ခြိမ်းခြောက်တာလားဆိုတဲ့ ကြောက်စိတ်ကြောင့် တဖက်တောင်းဆိုသမျှ မလိုက်လျောမိဖို့လိုတယ်လို့လည်း (ASV)အဖွဲ့က အကြံပြုထားပါတယ်။
ASV ရဲ့စာရင်းတွေအရ ၂၀၂၆ ဇန်နဝါရီလတစ်ခုထဲ Local Leak Telegram Channel (အမျိုးသမီးတွေရဲ့ လိင်မှု ဗီဒီယိုတွေ ကို တယ်လီဂရမ်မှာ ဝင်ကြေးကောက်ခံပြီး ပြန်တင်နေတဲ့စာမျက်နှာ) ၁၇၈ ခုနဲ့ စီမံခန့်ခွဲနေတဲ့ အကောင့်တခုကိုပါ ဖြုတ်ချ နိုင်ခဲ့တယ်လို့ သိရပါတယ်။
အွန်လိုင်းကနေ ခြိမ်းခြောက်ငွေညှစ်ခံရပြီး ရှင်သန်လွတ်မြောက်လာတဲ့အမျိုးသမီးတွေဟာ ကြောက်ရွံ့မှုနဲ့အတူ ‘ပတ်ဝန်းကျင်က ငါ့ကိုဘယ်လို မြင်မလဲ’ ဆိုတဲ့ အရှက်တရားဒဏ်ကိုပါ ထပ်ဆင့်ခံစားရပြန်ပါတယ်။
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ နော်မာရီက “ကျမတို့ပတ်ဝန်းကျင်မှာ အွန်လိုင်းကနေ ခြိမ်းခြောက် ငွေညှစ်ခံရတဲ့ မိန်းကလေးတွေကိုတွေ့ရင် ပြစ်တင်ဝေဖန်တာအပြင် အတင်းအဖျင်းပါပြောတာ၊ အဲ့လိုတွေလုပ်တာက တကယ့်အန္တရာယ်ကြီးလို့ သူတို့ မသိကြဘူး၊ သူတို့ရဲ့ဝေဖန်မှုက အဲ့ဒီမိန်းကလေးကို သေတွင်းတွန်းနေတာနဲ့အတူတူပဲ”လို့ သတိပေးပါတယ်။
အပြစ်တင်ဝေဖန်တာကို ရပ်ပြီး စာနာနားလည်ပေးခြင်းနဲ့ ဝိုင်းဝန်းကူညီကြမယ်ဆိုရင် ဒီလို အိပ်မက်ဆိုးတွေကြားက အမျိုးသမီးငယ်တွေကို ကျမတို့အတူတူ ကယ်ထုတ်နိုင်လိမ့်မယ်လို့လည်း သူက အသိပေးထားပါတယ်။
အွန်လိုင်းခြိမ်းခြောက်မှုအိပ်မက်ဆိုးနဲ့ ၅လကျော်ရင်ဆိုင်ခဲ့ရတဲ့ ဇင်ဇင်ဟာ လက်ရှိကာလမှာ စိတ်ဒဏ်ရာတွေကို ကုစားရင်း သူ့လိုတခြားအမျိုးသမီးငယ်တွေ သားကောင်မဖြစ်စေဖို့ အခုလိုသတိပေးစကားဆိုပါတယ်။
“တကယ်လို့ တခုခု ဖြစ်လာခဲ့ရင်လည်း ကြောက်ပြီး ငြိမ်မခံနေပါနဲ့၊ ယုံကြည်ရတဲ့သူကို ဖွင့်ပြောပါ၊ အကြောက်တရားကို အသုံးချပြီး ကိုယ့်ကို ထိန်းချုပ်ခွင့်မပေးလိုက်ပါနဲ့၊ အချိန်မီ အကူအညီတောင်းတာက ကိုယ့်ဘဝကို အမှောင်ထဲကနေ ပြန်လည် ဆယ်တင်နိုင်တဲ့ တခုတည်းသော နည်းလမ်းပါ”











