တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇူလိုင် ၅ရက်ကနေ ၁၁ ရက်နေ့အထိတစ်ပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

အမျိုးသမီးတွေကို တရုတ်ဇနီးမယားလုပ်ဖို့ရောင်းချတဲ့ပွဲစားအမျိုသမီးနှစ်ဦးကိုလူကုန်ကူးပုဒ်မနဲ့‌‌ထောင်ဒဏ်ချမှတ်ခဲ့

        အမျိုးသမီးတွေကို တရုတ်အမျိုသားနဲ့ပေါင်းသင်းဖို့ စည်းရုံးရောင်းချခဲ့တဲ့ ပွဲစားအမျိုးသမီးနှစ်ဦးကို လူကုန်ကူး ပုဒ်မတွေနဲ့ အရေးယူထောင်ချခဲ့တယ်လို့သိရပါတယ်။

     ပဲခူးမြို့က အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်ကို သိန်း၅၀ ပေးပြီးတရုတ်အမျိုးသားတစ်ဦးနဲ့ ရက်တိုပေါင်းသင်းဖို့ စီစဥ်ရောင်းချခဲ့သလို ယင်းအမျိုးသမီးငယ်လေးအသက်ပြည့်ပြီးပါက တရားဝင်ငွေကျပ်သိန်း ၁၅၀ နဲ့ တင်တောင်းပြီး တရုတ်နိုင်ငံကို ခေါ်ဆောင်ကာ တရုတ်အမျိုးသားက ထောက်ပံ့မယ်ဆိုတဲ့ မက်လုံးပေးခဲ့တဲ့ ပွဲစားအမျိုးသမီးကို လူကုန်ကူးပုဒ်မနဲ့ ထောင်ဒဏ်နှစ် ၂၀ ကျခံဖို့ ဇွန် ၃၀ ရက်မှာ ပဲခူးခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

     ဇွန် ၃၀ ရက် တစ်ရက်တည်းမှာပဲ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် က အသက် ၂၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တရုတ်ဇနီးမယားအဖြစ်ရောင်းချခဲ့တဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်က ပွဲစားအမျိုးသမီးကို လူကုန်ကူးပုဒ်မအရ မြစ်ကြီးနားခရိုင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

        လူကုန်ကူးမှုကျူးလွန်ခဲ့တဲ့ အမျိုးသမီးဟာ တရုတ်အမျိုးသားကို ယူပါက ငွေကျပ်သိန်း ၆၀ ရမှာဖြစ်ပြီး ကလေးတစ်ဦးမွေးပေးပြီးပါက မြန်မာနိုင်ငံကို ပြန်လာနိုင်ကြောင်းမက်လုံးပေးစည်းရုံးပြီး မြစ်ကြီးနားက တဆင့် တရုတ်ကိုရောင်းချဖို့ ပြင်ခဲ့တာလို့ အမှုမှတ်တမ်းက ဖော်ပြပါတယ်။

        “မိန်းကလေးတွေကို တရုတ်ဇနီးလုပ်ဖို့ရောင်းတာက ပေါ်ပေါ်ထင်ထင်ဖြစ်လာတယ်၊အထူးသဖြင့် မိန်းကလေးငယ်လေး တွေကို ပစ်မှတ်ထားတာ၊အခုဆို တစ်တော့မှာ ပိုဆိုးတယ်”လို့ ဒဂုံမြို့နယ်က အသက်၂၂နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတစ်ဦးကပြောပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေက တရုတ်နယ်စပ်နဲ့နီးတဲ့ဒေသတွေက တိုင်းရင်းသူတွေအများစုလောက်ပဲ တရုတ်မယားအဖြစ် ရောင်းစားခံရပေမဲ့ အခုနောက်ပိုင်းမှာ တရုတ်မယားလုပ်ဖို့ Tiktok ပေါ်မှာစျေးကွက်တစ်ခုအနေနဲ့ ပေါ်ပေါ်တင်တင် ပြောဆိုစည်းရုံးကြပြီးတရုတ်အမျိုးသားနဲ့ လက်ထပ်ပြီးကလေးမွေးဖွားပေးနိုင်ရင် တင်တောင်းငွေ ကျပ်သိန်း ၁၀၀ ရာကျော်နဲ့ တခြားအကျိုးခံစားခွင့်တွေရမယ်ဆိုတဲ့ မက်လုံးပေးကြော်ငြာတွေက လူမှုကွန်ရက် TikTok ၊ဖေ့ဘွတ်ခ်နဲ့ ဝီချက်တွေမှာ ပျံ့နှံ့နေပါတယ်။Source – BBC

မင်းလှမြို့နယ်မှာစစ်ကောင်စီက လူသားဒိုင်းအဖြစ်ဖမ်းဆီးသွာတဲ့ အမျိုးသမီးငါးဦး ပြန်မလွတ်သေး

 လနဲ့ချီကြာအောင်ပျောက်ဆုံးနေတဲ့ လူရည်ချွန် နှစ်ထပ်ကွမ်းဆုရှင် G12 သမီးငယ်ရဲ့သတင်းပေးနိုင်သူကို ဆုငွေ ကျပ်သိန်း ၂၀၀ ပေးမယ်လို့မိခင်ကြေငြာ

      ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကနေ ရန်ကုန်မြို့၊ လှည်းကူးမြို့မှာ ကျောင်းလာတက်ရင်း လနဲ့ချီကြာအောင်ပျောက်ဆုံးနေတဲ့ လူရည်ချွန် နှစ်ထပ်ကွမ်းဆုရှင် G12 သမီးငယ်ရဲ့သတင်းပေးနိုင်သူကို ဆုငွေ ကျပ်သိန်း ၂၀၀ ပေးမယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

     အသက် ၁၇ ကျော်အရွယ် မဆုရတနာအောင်က ကျောက်ဖြူမြို့ကနေမငြိမ်သက်တဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ရန်ကုန်မြို့ကို ပြောင်းရွှေ့လာပြီးလှမ်းကူးမြို့က ဘော်ဒါဆောင်မှာပညာသင်ကြားနေကာ ဧပြီ ၂၄ ရက်မှာ မုန့်ထွက်ဝယ်စားရင်း ပျောက်သွားခဲ့တာကြောင့်  ဆုကြေးထုတ်ရတာလို့ မိခင် ဒေါ်စမ်းစမ်းအေးက လူမှုကွန်ရက်မှာရေးပါတယ်။

      မိခင်ဖြစ်သူက သတင်းပေးနိုင်မယ့်သူကို ဆုကြေး သိန်းရာချီ ပေးမယ်လို့ ထုတ်ပြောနေချိန်မှာပဲ ဘော်ဒါကျောင်းက ဆရာမတစ်ယောက်ကလည်း မဆုရတနာအောင်ဟာ ဘော်ဒါကနေ ပျောက်သွားတာမဟုတ်ဘဲ သူတည်းတဲ့ နေအိမ်ကနေ ပျောက်သွားတာလို့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။

     မဆုရတနာအောင် ပျောက်ဆုံးတာကို နေ့စဉ်ထုတ် သတင်းစာတွေမှာ လူပျောက်ကြော်ငြာနဲ့ ရှာဖွေနေပြီး ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေကိုလည်း တိုင်ကြားထားပါတယ်။ ယခုနှစ်အတွင်းမှာ ကလေးငယ်တချို့ အပါအဝင် ဆယ်ကျော်သက် မိန်းကလေး၊ ယောက်ျားလေးတွေ၊ လူငယ်တွေ ပျောက်ဆုံးတာတွေကိုလည်း လူပျောက်ကြေညာတာ တွေကနေ တွေ့ရပါတယ်။Source – BBC

အိုမန်ရောက် မြန်မာအိမ်အကူလုပ်သားက မြန်မာအေးဂျင့်ရုံးထိုင်အမျိုးသမီးကို ဓါးဖြင့်ထိုးသတ်မှုဖြစ်ပွား

      အိုမန်နိုင်ငံ၊ ဆိုဟာရ် ဝီလာယတ်မြို့တွင် အိုမန်ရောက် အိမ်အကူမြန်မာအမျိုးသမီးလုပ်သားက မြန်မာအလုပ်သမား အကျိုးဆောင်ဝန်ဆောင်မှုလုပ်ငန်း ရုံးပိုင်းဆိုင်ရာလုပ်ဆောင်သူ မြန်မာအမျိုးသမီးကိုဓါးနဲ့ ထိုးသတ်ခဲ့တယ်လို့ အိုမန်ရောက် မြန်မာလုပ်သားတွေထံမှ သိရပါတယ်။

        ပြစ်မှုကျူးလွန်တယ်လို့ ယူဆရသူ ဒေါ်လွင်မာမြင့် က အိုမနနိုင်ငံ ကို အိမ်အကူလုပ်သားအဖြစ်လုပ်ကိုင်ဖို့ ဇူလိုင်၁ရက်မှ ရောက်ရှိခဲ့ပြီး ဇူလိုင် ၆ရက် နေ့လည်ပိုင်းမှာ အိုမန်ရောက်မြန်မာလုပ်သားအကျိုးဆောင် ဝန်ဆောင်မှု ရုံး မှ မယုနန္ဒာ နဲ့ ရုံးအတွင်း စကားအချေတင်များရာ မှ ဓါးဖြင့် ထိုးခဲ့တာဖြစ်ပါတယ်။

     လက်ရှိမှာ ပြစ်မှုကျူးလွန်တယ်လို့ယူဆရသူ မြန်မာအမျိုးသမီး အိမ်အကူ လုပ်သားကိုဖမ်းဆီးပြီးစစ်ဆေးနေတယ်လို့ အိုမန်တော်ဝင်ရဲတပ်ဖွဲ့က (ROP)ရဲ့ ထုတ်ပြန်ထားပါတယ်။

      အိုမန်ရောက် မြန်မာအိမ်အကူလုပ်သားတွေ မှာ လုပ်သားအခွင့်အရေး ချိုးဖောက်ခံရတာတွေ အိမ်ရှင်ရဲ့မတရား ဖိနှိပ်ဆက်ဆံခံရတာတွေအစားအသောက် ဝလင်အောင် မကျွေးတာတွေစတဲ့ အလုပ်သမားအခွင့်ရေးဆုံးရှုံးတာတွေရှိတဲ့ အတွက် မိမိကိုပို့ဆောင်ပေးတဲ့ အိုမန်ရှိ မြန်မာအလုပ်သမားအကျိုးဆောင်ဝန်ဆောင်မှုလုပ်ငန်း ရုံးများမှ တာဝန်ရှိသူတွေကို တင်ပြ အကူညီတောင်းခံတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။ Source – Myanmar Labour News

   အမျိုးသမီးတဦးကိုမုဒိမ်းပြုကျင့်ရိုက်နှက်ခဲ့သူနှစ်ဦးကို ရွာသားတွေကဖမ်းဆီးခဲ့

    ပဲခူးမြို့ ရွှေပန်းကျေးရွာမှာ ဇူလိုင် ၄ ရက် ညပိုင်းက လေဖြတ်နေတဲ့ မိခင်နဲ့အတူနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတယောက်ကို တရွာတည်းနေ အမျိုးသား ၂ ယောက်က ရိုက်နှက် ပြီး မုဒိမ်းကျင့်ခဲ့တာကြောင့်  ရွာသားတွေကဖမ်းပြီး ရဲစခန်းကို အပ်နှံလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

   ယင်းအမျိုးသားနှစ်ဦးမှာ ညဘက် လူနာလာမေးတဲ့ပုံစံနဲ့ အိမ်ထဲ ဝင်လာကာအမျိုးသမီးကို ရိုက်နှက် မုဒိမ်းကျင့်တာဖြစ်ပြီး ယင်းဖြစ်စဉ်ကို ရွာကလူတွေက သိရှိရာမှ နောက်တနေ့ ဇူလိုင် ၅ ရက်မှာ ရဲတွေနဲ့ ရွာခံတွေက လိုက်လံရှာဖွေပြီး နေ့လယ် ပိုင်းမှာ ကျူးလွန်သူတွေကို ဖမ်းမိတာကြောင့် ရဲစခန်းကို အပ်ခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

  လက်တလောမှာ ပြစ်မှုကျူးလွန်သူတွေကို ပဲခူးမြို့မရဲစခန်းက အမှုဖွင့်လှစ်နိုင်ရေးအတွက် စစ်ဆေးနေတယ်လို့ သိရပါတယ်။ Source –  DVB

ကလော၊ နန့်ပန်တက်ဂိတ်တွင် PSMS စနစ်ဖြင့် စစ်ပြီး ခရီးသွားအမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့

  ရန်ကုန်မှ တောင်ကြီးမြို့သို့ မောင်းနှင်လာတဲ့ Elite ခရီးသည်တင်ယာဉ်ပေါ်ပါ ခရီးသည်များအားလုံးကို        ကလောမြိုနယ်၊ နန့်ပန်တက် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ PSMS(Software)စနစ်ဖြင့် စစ်ဆေးပြီးနောက် အမျိုးသမီးတစ်ဦးအား စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ ခရီးသွားတစ်ဦးထံက သိရပါတယ်။

    အဖမ်းခံရသူမှာ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်နေ အသက် ၂၉ နှစ်အရွယ်ရှိ မသက်ထားသူဇာ ဖြစ်ပြီး ထောက်ကြန့်နယ်‌မြေရဲစခန်းမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)ဖြင့် အမှုဖွင့်ထားခံရသူဖြစ်ကြောင်း စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။

       စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေမှာ PSMS(Person Scrutinization and Monitoring system)လို့ခေါ်တဲ့ လူပုဂ္ဂိုလ်စီစစ်စောင့်ကြည့် စနစ်ကို အသုံးပြုပြီး စစ်ဆေးဖမ်းဆီးမှုတွေကို မေလမှစတင်ကာ လုပ်ဆောင်လာခဲ့ တာပဲဖြစ်ပါတယ်။ Source –  MPA

မိုးကောင်းကျေးရွာ ကျောင်းထိုင်ဘုန်းကြီး အဓမ္မပြုကျင့်ရန် ကြိုးစားမှုဖြင့် မောင်းထုတ်ခံရ

     ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ မိုးကောင်းကျေးရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော် ဘန္ဒတဇာဂရက အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦးအား မဖွယ်မရာထိတွေ့မှုများပြုလုပ်ပြီး အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့တာကြောင့် ရပ်မိရပ်ဖတွေက ဇူလိုင် ၇ ရက်မှာ မဲခွဲဆုံးဖြတ်ကာ ယင်းဆရာတော်အား ရွာမှထွက်ခွာစေခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။

    အသက် ၄၁ နှစ်အရွယ်ရှိ ဆရာတော် ဘန္ဒတဇာဂရ သည် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ဇာတိဖြစ်ပြီး၊ ၎င်းဇာတိသို့ ဇူလိုင် လပထမအပတ်အတွင်း ရပ်မိရပ်ဖများ၊ကျေးရွာနေသူအချို့နဲ့အတူ အလည်ခရီးထွက်ခဲ့ရာထိုခရီးစဉ်အတွင်း ထမ်စမ်းဂူတွင် လူစုကွဲပြီး လူပြတ်ချိန် ဆရာတော်က မိန်းကလေးငယ်အား ပါးဖက်နမ်းခြင်းပြုလုပ်ခဲ့တယ်လို့စွပ်စွဲခံရသလို၊ နောက်ရက်တွင် လည်း ကားပေါ်မှာလူမရှိချိန် မဖွယ်မရာထိတွေ့မှုများပြု လုပ်ခဲ့တယ်လို့ဆိုတယ်။

    စွပ်စွဲခံရသူ ဘုန်းကြီးဘက်မှလည်း မိန်းကလေးအား လိင်အဓမ္မရယူရန် ကြိုးစားခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံထား ပြီး၊ယခုဖြစ်စဉ်မတိုင်မီ ကျောင်းတွင် ဝေယျာဝစ္စလုပ်နေစဉ် လူပြတ်ချိန်တွင် မိန်းကလေးငယ်အား ခန္ဓာကိုယ်ထိတွေ့မှုများ ပြုလုပ်ခဲ့တယ်လို့မိသားစုနဲ့နီးစပ်သူတွေကဆိုတယ်။  

     ဆရာတော်က မိုးကောင်းကျေးရွာဘုန်းကြီးကျောင်းမှာ သီတင်းသုံးတာ ကိုးလခန့်သာရှိသေးပြီး၊ တရား ဟောပြောမှုကောင်းမွန်တာကြောင့် ကျေးရွာနေသူတွေက ယုံကြည်ကိုးကွယ်ကြပါတယ်၊ ယခုဖြစ်စဉ်အပြီးတွင် ဆရာတော်ကို ရွာမှမောင်းထုတ်ရုံသာ ဆောင်ရွက်ခဲ့ပြီး၊ အခြားတရားဥပဒေအရ အရေးယူမှုမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

    မိန်းကလေးငယ်ရဲ့ မိသားစုဝင်တွေက အမှုတိုင်ကြားရန် ငွေကုန်အချိန်ကုန်မည်ဖြစ်တဲ့အတွက် ဆရာတော်အား ရွာမှထွက်ခွာပြီး ပြန်မလာရန်သာ လိုလားတယ်လို့ဆိုပါတယ်။ယင်းကျောင်းထိုင်မှာယခင်ကလည်း အွန်လိုင်းလူမှုကွန်ရက် မှတဆင့် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ပြုလုပ်ခဲ့တယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့အမျိုးသမီးနှစ်ဦးက မဇ္ဈိမကို အတည်ပြုပြောထားပါတယ်။ Source – Mizzima

အဆိုတော်သံသာဝင်း နိုင်ငံရေးပုဒ်မနဲ့ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရ

    အဆိုတော်သံသာဝင်းကို စစ်ကောင်စီက နိုင်ငံရေးပုဒ်မတွေတပ်ပြီး ဖမ်းဆီးထားတာ ၂ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပြီး ယခုလထဲမှာပဲ နိုင်ငံရေးပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူဆီက သိရပါတယ်။

    နိုင်ငံကျော်အဆိုတော် နွဲ့ယဉ်ဝင်းရဲ့သမီးဖြစ်သလို အဆိုတော် အနဂ္ဂရဲ့ ဇနီးလည်းဖြစ်တဲ့ သံသာဝင်းနဲ့ အစ်ကိုဖြစ်သူတို့ကို  စစ်ကောင်စီက ၂၀၂၃ ခုနှစ် ကတည်းက နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဇူလိုင်လထဲမှာ အစ်ကိုဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပေမယ့် သံသာဝင်းကိုတော့ နိုင်ငံရေးပုဒ်မတွေတပ်ပြီး နှစ်ရှည်ထောင်ချခဲ့လိုက်တာဖြစ်ပါတယ်။

     အဆိုတော်သံသာဝင်းကို ပုဒ်မ ၅၀၅ (က) ၊ ၅၀ (ည) တွေနဲ့ ထောင် အနှစ် ၂၀ ထိချမှတ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ထောင်ဒဏ်အတိအကျကိုတော့ DVB က သီးခြား အတည်ပြုဖို့ ကြိုးစားနေ ဆဲဖြစ်ပါတယ်။

     အဆိုတော် အနဂ္ဂကိုတော့ စစ်ကောင်စီက စစ်အာဏာသိမ်းစအစောပိုင်းကာလကတည်းက ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်း ထုတ်ခဲ့တာကြောင့် တိမ်းရှောင်နေရတာဖြစ်ပြီး အဲဒီကာလမှာတော့ အဆိုတော်သံသာဝင်းကို ဝရမ်းထုတ်ထားတာ မရှိခဲ့ ပါဘူး။

   အဆိုတော် အနဂ္ဂနဲ့ သံသာဝင်းတို့ ဇနီးမောင်နှံဟာ ၂၀၂၀ ရွေးကောက်ပွဲကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအောင်နိုင်ရေးသီချင်းတွေ သီဆိုဖန်တီးခဲ့သူတွေဖြစ်လို့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပစ်မှတ်ထားဖမ်းဆီး ခဲ့တာ ဖြစ်တယ်။ Source – DVB

အဖွဲ့ဝင်အမျိုးသမီးကိုလိင်အဓမ္မရယူရန်ကြိုးပမ်းသည့် ဗကသ ကျောင်းသား၂ ဦးကို ထုတ်ပယ်

   ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) (ABSFU) အဖွဲ့ဝင်ဖြစ်တဲ့ ကိုမျိုးမောင်မောင်နဲ့ ကိုမျိုးညီညီ တို့နှစ်ဦးက အဖွဲ့ဝင်အမျိုးသမီးတဦးကိုလိင်အဓမ္မရယူရန်ကြိုးပမ်းတဲ့အတွက် အဖွဲ့ချုပ်မှထုတ်ပယ်ပြီး ရှေ့ဆက်လုပ် ဆောင်မယ့်လုပ်ငန်းစဉ်တွေကိုကာကယံရှင်ဖြစ်သူ အမျိုးသမီးနဲ့ ဆက်လက် တိုင်ပင်နေတယ်လို့ ဗကသ တာဝန်ရှိသူက ပြောပါတယ်။

    ပြီးခဲ့သတဲ့ ဇွန်လအတွင်း ၎င်းတို့နှစ်ဦးက ဗကသ အဖွဲ့ဝင် အမျိုးသမီးတဦးတည်းနေထိုင်ရာနေရာကို ညဉ့်နက်ချိန်တွင် ရောက်လာခဲ့ပြီး အမျိုးသမီးရဲဘော် အကြိမ်ကြိမ် ငြင်းဆိုတဲ့ကြားမှ လိင်မှုကိစ္စရယူရန် အနုနည်းဖြင့်သော်လည်းကောင်း၊ အကြမ်းနည်းဖြစ်သော်လည်းကောင်း အကြိမ်ကြိမ် တောင်းဆို ကြိုးစားခဲ့တယ်လို့ ဗကသ အဖွဲ့ချုပ်က ဇူလိုင်လ ၆ ရက်နေ့ကထုတ်ပြန်ပါတယ်။

     ဗကသများအဖွဲ့ချုပ်ရဲ့ စစ်ဆေးမေးမြန်းချက်အရ အမျိုးသမီးရဲဘော်က လက်မခံတဲ့ကြားမှ လိင်ပိုင်းဆိုင်ရာ အဓမ္မရယူရန် အကြိမ်ကြိမ် ကြိုးစားခဲ့မှုမှာ မှန်ကန်ထင်ရှားသော်လည်း ကျူးလွန်သူနှစ်ဦးကလိင်မှုကိစ္စရယူရန် ရည်ရွယ်ချက်နဲ့ ထိုအမျိုးသမီးရဲဘော်နေရာသို့ ရောက်ရှိခဲ့တယ်ဆိုတာကိုသာဝန်ခံပြီး ပြစ်မှုအလုံးစုံကိုဖြစ်စေ၊ တစိတ်တပိုင်းဖြစ်စေ ငြင်းဆိုထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

   လက်ရှိမှာ ၎င်းတို့ကို ဗကသများအဖွဲ့ချုပ် မှ ပေးအပ်ထားတဲ့ တာဝန်အားလုံး ပြန်လည်ရုပ်သိမ်းကာ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ထားပြီး ဗကသ များအဖွဲ့ချုပ်အနေဖြင့်လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုမှန်သမျှကို အပြင်းအထန်ရှုတ်ချကြောင်းလည်း ဆိုထားပါတယ်။ Source –    Mizzima

အမျိုးသမီးလုပ်သားတွေကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်နေတဲ့ တရုတ်နိုင်ငံသားကိုအရေးယူပေးဖို့တောင်းဆို

    ရန်ကုန် ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် ၄ ရှိ CMP (လက်ခစားစနစ်) စက်ရုံ Sunrise Myanmar Fashion Garment က အလုပ်သမားတွေကို အချိန်ပို ဆက်တိုက်ခိုင်းစေနေသလို လုပ်ငန်းခွင်တွင်း နည်းပညာရှင် တရုတ်နိုင်ငံသား က အမျိုးသမီးလုပ်သားတွေကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

    အဆိုပါ တရုတ်နိုင်ငံသားမှာ စက်ရုံသူဌေး၏ တူဟု သိရပြီး လုပ်ငန်းခွင်မှ အမျိုးသမီးတွေရဲ့ ဖုန်းများကို ထိကပါးရိကပါး စာများပို့ကာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု ရှိနေကြောင်း၊ အထက်သို့ တင်ပြတိုင်ကြားထားသော်လည်း အရေးယူမှု တစုံတရာမရှိတဲ့အတွက်လက်ရှိကြုံတွေ့နေရတဲ့ အချိန်ပိုအလွန်အကျွံဆင်းခိုင်းခြင်းနဲ့ထိပါးနှောင့်ယှက်ပြောဆိုမှုတွေကို စက်ရုံအနေဖြင့် ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကဆိုတယ်။

        အလုပ်သမားတွေက အချိန်ပိုကို စက်ရုံမှ ပုံမှန်သတ်မှတ်တဲ့ ည ၇နာရီအထိသာ ခေါ်ရန်၊ အရေးကြီးပါက အလှည့်ကျအဆိုင်းစနစ်ဖြင့် ခေါ်ရန်၊ လုပ်ငန်းခွင်တွင်း အလုပ်သမားအခွင့်အရေး အကြိမ်ကြိမ်ချိုးဖောက်နေတဲ့ စက်ရုံ အား သက်ဆိုင်ရာများနဲ့အော်ဒါအပ်သော အထည်အမှတ်တံဆိပ်များမှ အရေးယူပေးရန်၊ အမျိုးသမီး အလုပ်သမားများ အပေါ် ဖုန်းနံပါတ်တောင်း၍ စာပို့ကာ ချစ်ကြိုက်ကြောင်းပြောနေသော တရုတ်နိုင်ငံသားနဲ့ ပါဝင်ပတ်သက်သူ ကြီးကြပ်ရေးမှူးတွေကို အရေးယူပေးရန် တောင်းဆိုထားပါတယ်။ Source – The Irrawaddy

  မြန်မာရွှေ့ပြောင်းအလုပ်သမားတဦး ထိုင်းအလုပ်ရှင်ရဲ့ အဓမ္မပြုကျင့်ခံရ

    ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်းနာယုဒ်ခရိုင်၊ ပါက်ဖလီမြို့နယ်၊ ကော်ဖိုးထိရပ်ကွက်၊ ဆုဝန်နဆွန်လမ်းထဲမှာ ဇူလိုင် ၇ ရက် မွန်းလွဲ ၁ နာရီကျော်က မြန်မာရွှေ့ပြောင်းအလုပ်သမတယောက် ထိုင်းအလုပ်ရှင်ရဲ့ အဓမ္မပြုကျင့်ခံရတယ်လို့ ချန်နယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

    အမျိုးသမီးတဦးလိင်ပိုင်းဆိုင်ရာြပုကျင့်ခံရတယ်လို့ သတင်းပေးပို့ချက် ရတဲ့အတွက် ချန်နယ်လ် ၇ ရဲ့ နယ်မြေခံ သတင်းထောက်ဟာ အဆိုပါနေရာကို သွားရောက်ခဲ့ရာ အခင်းဖြစ်တဲ့နေရာမှာ မိန်းကလေး ၃ ယောက် ကြောက်လန့်တကြား ငိုကြွေးနေပြီး အဲဒီမိန်းကလေးတွေက စားသောက်ဆိုင်တဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်ကာ အလုပ်ရှင်ရဲ့ အဓမ္မပြုကျင့် စော်ကားခံရလို့ ကြောက်လန့်ပြီး ထွက်ပြေး လာကြတာလို့ ဆိုပါတယ်။

      သတင်းထောက်က ရဲစခန်းကို ဖုန်းဆက်ခဲ့ရာ တာဝန်ရှိသူတွေရောက်လာပြီး ကျုးလွန် သူကို ပါက်ဖလီနယ်မြေ ရဲစခန်းကို ခေါ်ဆောင်သွားသလို၊အမျိုးသမီးတွေကို ဆရာဝန်ဆေးစစ်ချက်အရ မုဒိမ်းကျင့်ခံရတာ မှန်ကန်တယ်လို့ ဆိုပါတယ်။

     အဓမ္မကျင့်ကြံတဲ့ အလုပ်ရှင်မှာ တပ်ကြပ်အဆင့်ရှိ ကြာကျင့်ဆိုသူ စစ်မှုထမ်းဟောင်းတယောက် ဖြစ်ပြီး ဒီမတိုင်ခင်က လည်း အလားတူ မိန်းကလေးတွေကို အဓမ္မပြုကျင့်ခဲ့တဲ့ ပြစ်မှု ၃ မှု ကျူးလွန်ခဲ့ဖူးတာကြောင့် ရဲစခန်းက သူ့ကို ဖမ်းဝရမ်း ထုတ်ထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ Source – DVB

ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး

     လူ့အခွင့်အရေးချိုးဖောက်မှုများကိုနည်းမျိုးစုံနဲ့ကျုးလွန်နေတဲစစ်ကောင်စီကြောင့် ဇွန်လအတွင်းမှာ ဆယ်ကျော်သက် ၄ဦးအပါအဝင် အမျိုးသမီး ၃၄ ဦးသေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ- BWU ကဇူလိုင်၁၀ရက်နေ့ ကထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့မှ ၃၀ရက်အထိ အမျိုးသမီး ၃၄ဦးအသက်ဆုံးရှုံးခဲ့ရာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက် မှူကြောင့် ၁၈ဦး၊လက်နက်ကြီးအစထိမှန်မှုကြောင့် ၁၁ဦး၊ ကျည်ထိမှန်မှုကြောင့် ၂ဦး၊ သတ်ဖြတ်ခံရမှုကြောင့် ၁ဦး၊ မြေမြုပ်မိုင်းကြောင့် ၂ဦး သေဆုံးခဲ့ ပြီး အသက်ဆုံးရှုံးခဲ့တဲ့အမျိုးသမီး၃၄အနက် ၄ဦးမှာ အသက်၁၈နှစ်အောက်အရွယ်များဖြစ်ပါတယ်။

   အသက်ဆုံးရှုံးရသူတွေထဲ  စစ်ကိုင်းတိုင်း ဒေသကြီးက ၇ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်ခဲ့ကာ၊ မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှ ၅ဦးစီပါဝင် ခဲ့ပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသမီး၃၀ဦး၊လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၄ဦး၊ကျည်ထိမှန်မှုကြောင့် ၂ဦး၊မြေမြုပ်မိုင်းကြောင့် ၁ဦး၊ ရိုက်နှက်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် ၁ဦးစီနဲ့ စုစုပေါင်း အမျိုးသမီး၄၉ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ် Source -HI

မြန်မာနိုင်ငံက နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် သြစတြေးလျ အစိုးရက ဒေါ်လာ ၄ သန်းကူညီ

      မြန်မာနိုင်ငံက နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် သြစတြေးလျ အစိုးရက ကူလသမဂ္ဂလူဦးရေနှင့် ရန်ပုံငွေအဖွဲ့ (UNFPA)ကတဆင့်  ဒေါ်လာ ၄ သန်းကူညီမယ်လို့ ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

      ဒီအကူအညီတွေကို အမျိုးသမီးတွေအတွက်  ကျန်းမာရေး၊ ကျား-မအခြေပြုအကြမ်းဖက်မှု၊ စိတ်ကျန်းမာရေး အထောက်အကူတွေ ပေးနိုင်ရေးအတွက် အသုံးပြုသွားမှာဖြစ်ပြီးသဘာဝဘေးအန္တရာယ်တွေအတွက် ပြင်ဆင်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အင်ဒို-ပစိဖိတ်ဒေသအတွင်းမှာ လုပ်ဆောင်နေတဲ့ Red Cross အဖွဲ့တွေနဲ့ ဒေသခံ NGO တွေကို လည်း သြစတြေးလျက ဒေါ်လာ ၆ သန်း စုစုပေါင်း ၁၀သန်းကူညီသွားမှာဖြစ်ပါတယ်။

      သြစတြေးလျအစိုးရအနေနဲ့ သူတို့ရဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေခံမူတွေ အတိုင်းထပ်တိုး အကူအညီတွေပေးအပ်တာဖြစ်ပြီး ဆက်လက်ကူညီထောက်ပံ့သွားမယ်လို့လည်း ဆိုထားပါတယ်။ Source – DVB

Author: