ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသမီးနိုင်ငံရေးခရီးလမ်း

ထနောင်းမေ

“ကျမဟာ ကျမကိုယ်တွင်းကနေ ယောကျာ်းတစ်ယောက်ထွက်ပေါ်လာအောင် မကြိုးစားဘူး။ နိုင်ငံရေး သမားတစ်ယောက်အနေနဲ့ ထိရောက်မှု ရှိအောင်လို့ ယောကျာ်းတစ်ယောက်ပုံစံဖြစ်လာဖို့ လိုအပ်တယ် လို့ ကျမမထင်ဘူး” ဟု Nilanjana Sengupta ရေးသားထားသည့် The Female Voice Of Myanmar Khin Myo Chit To Aung San Suu Kyi စာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည်၏အပြောကို ကိုးကားဖော်ပြထား သည်။

မြန်မာပြည်သူ့တို့ကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဦးဆောင်လမ်းညွှန်ပေးခဲ့သူ၊ မြန်မာပြည်သူများ၏ အနှိုင်းမဲ့ယုံကြည်အားကိုးမှုကို ရရှိထားသူ၊ အမည်ကြားရုံဖြင့်  လူပေါင်းများစွာ၏ နှလုံးသည်းပွတ်ကို ကိုင်လှုပ်နိုင်သူလည်းဖြစ်သည်။

အသက်(၄၃)နှစ်အရွယ်ကစကာ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် ပါဝင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာပြည်၏ထူးခြားသော အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ် သမိုင်းစာမျက်နှာများ ထက်ဝယ် နေရာယူခဲ့သည်။ မြန်မာအမျိုးသမီးများ၏ နိုင်ငံရေးစံပြပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

အမျိုးသမီးဖြစ်ခြင်းကြောင့် တိုက်ခိုက်ခံရ

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးခရီးလမ်းကို စတင်လျှောက်လှမ်းခဲ့သည့်နောက်တွင် အမျိုးသမီး ဖြစ်ခြင်းဟူသည့် ဖြစ်တည်မှုကြောင့် များစွာသော ဝေဖန်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသည်။

ဖိုဝါဒကြီးစိုးမှုနှင့် ခေတ်အဆက်ဆက် စစ်အုပ်ချုပ်ရေးစနစ်၏ ကျင်လည်ကျင့်သားရမှုအောက်တွင် ကြီး ပြင်းခဲ့ရသည့်  ပြည်သူများထဲမှ တချို့သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမျိုးသမီးတစ်ဦးအနေဖြင့် နိုင်ငံရေးကို မည်မျှနားလည်မည်နည်းဟူသည့် သံသယစိတ်များ ကနဦးက ရှိခဲ့ကြသည်။

ခင်ပွန်းဖြစ်သူက နိုင်ငံခြားသားဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့်လည်း  ရှေးရိုးစွဲသူများ အစွန်း ရောက် အမျိုး၊ ဘာသာ၊ သာသနာ(မဘသ)အဖွဲ့များ၏ ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပုံဖျက်မှုများကို ရင်ဆိုင်ခဲ့ ရသည်။

ပြိုင်ဘက်နိုင်ငံရေးသမားများသည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခံယူချက်နှင့် ရပ်တည်ချက်၊ နိုင်ငံအတွက် စွမ်းဆောင်ချက်များကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ အမျိုးသမီးဖြစ်တည်မှု၊ ပုဂ္ဂိုလ်ရေး ဘဝများကို ဦးတည်တိုက်ခိုက်ခဲ့ကြသည်။

အမျိုးသမီးတဦး၏ ဦးဆောင်မှုနောက်တွင် မနာခံလိုမှု၊ အမျိုးသမီးဖြစ်သည့်အတွက် နိုင်ငံရေးနှင့်မဆိုင် ဟူသည့် ‌ရှေးရိုးစွဲအမြင်များဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ငြင်းဆန်ခဲ့ကြသည်။

“ကြက်မတွန်လို့ မိုးမလင်း”၊ “တိုင်းပြည်၏ စီးပွားရေးအင်အားနှင့် အချုပ်အခြာအာဏာကို ခြိမ်းခြောက် နေသည့် သစ္စာဖောက်မိန်းမတစ်ဦး”၊ မိန်းမမာယာများဖြင့် ဘာမှမဟုတ်သည့် မနာလိုဝန်တိုမှုနှင့် နိုင်ငံ တော်ခိုင်မာတည်တံ့မှုအား ပျက်စီးစေမည့် ခေတ်သစ်စုဖုရားလတ်” ဆိုပြီး တံဆိပ်ကပ်ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုမှ တိုက်ခိုက်မှုများသည် စစ်အစိုးရလက်ထက် နိုင်ငံပိုင်သတင်းစာ များမှ ဒစ်ဂျစ်တယ်ခေတ် လူမှုကွန်ရက်ခေတ်အထိ ပုံစံပြောင်းလဲခြင်း မရှိခဲ့ပေ။ အထူးသဖြင့် အမျိုးသမီး ဖြစ်တည်မှု၊ အမျိုးသမီးဖြစ်ခြင်းကြောင့်ဟူသည့် တံဆိပ်ကပ်တိုက်ခိုက်မှုများက အများဆုံးဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံရေးခေါင်းဆောင်အမျိုးသမီးအဖြစ် တည်ရှိနေခြင်းသည် နိုင်ငံရေးတွင် အမျိုးသမီးများအ‌ပေါ် ကန့်သတ်မှုများ၊ ကျား၊မစံနှုန်း ကန့်သတ်ချက်များကို ကျိုးပျက်စေခဲ့ ခြင်းလည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသမီးများ၏ဖြစ်တည်မှုများကို လေးစားတန်ဖိုးထားခဲ့ပြီး   အမျိုးသမီး များ၏ စွမ်းရည်ကို ထုတ်ဖော်ပြသရန် ခွန်အားပေးခဲ့သူလည်းဖြစ်သည်။

ရှေးရိုးစွဲအယူအဆများကို ဆန့်ကျင်သူ

၁၉၉၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်နေ့ Beijing တွင် ကျင်းပသည့် NGO Forum on Women အခမ်းအနားတွင် ဗီဒီယိုမှတဆင့်ပြောကြားခဲ့သော မိန့်ခွန်းတွင် အမျိုးသမီးများ၏စွမ်းရည်များ၊ အမျိုးသမီးများ၏ ငြိမ်းချမ်း ရေးတွင်အရေးပါမှု၊  အမျိုးသမီးများအတွက် တရားမျှတမှုနှင့် မြန်မာနိုင်ငံ၏အမျိုးသမီးအခြေအနေများ၊ မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးပါဝင်မှုအခြေအနေများကို ဦးတည်ပြောကြားခဲ့သည်။

“ အမျိုးသမီးတွေ စတင်ခဲ့တဲ့ စစ်ပွဲဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါ” လို့ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ အခမ်းအနားတွင်ပြောကြားခဲ့သည်။

ထို့အပြင် “ကြက်မတွန်လို့ မိုးမလင်း” ဟူသည့်စကားပုံနှင့် ပတ်သက်၍လည်း အဆိုပါ အခမ်းအနားတွင် အောက်ပါအတိုင်း တုန့်ပြန်ပြောဆိုခဲ့သည်။

“အမျိုးသမီးတွေအနေနဲ့လည်း လူ့အဖွဲအစည်းအတွက် လိုအပ်သောပြောင်းလဲမှုနဲ့ တိုးတက်မှုတွေမှာ ပါဝင်နိုင်တာကို လက်မခံလိုတဲ့ အမျိုးသားတွေ ပြောဆိုနေဆဲဖြစ်တဲ့ “ကြက်မတွန်လို့ မိုးမလင်း” ဆိုတဲ့ ခေတ်နောက်ကျနေတဲ့ မြန်မာစကားပုံတစ်ခုရှိပါတယ်။ ဒီနေ့ခေတ်မှာ မြန်မာလူမျိုးတွေအနေနဲ့ မိုးလင်း ခြင်းနဲ့ ညနေဆည်းဆာဝင်ရောက်ခြင်းရဲ့ သိပ္ပံနည်းကျဖြစ်ရပ်အကြောင်းတွေကို ကောင်းစွာသိရှိကြပါ တယ်။ ဉာဏ်ရှိတဲ့ကြက်ဖဟာ မိုးလင်းမှသာ တွန်ခြင်းဖြစ်ပြီး ကြက်ဖတွန်၍ မိုးလင်းသွားခြင်း မဟုတ် ကြောင်းကို သေချာပေါက်သိပါတယ်။ ညရဲ့မှောင်မိုက်မှုကို ဖယ်ရှားပြီး ရောက်ရှိလာတဲ့ အလင်းရောင်ကို ကြိုဆိုဖို့ တွန်ခြင်းဖြစ်တယ်။ ကမ္ဘာသို့ အလင်းဆောင်ကြဉ်းပေးရန်မှာ အမျိုးသားတစ်မျိုးတည်းရဲ့အလုပ် မဟုတ်ပေ”  ဟူ၍ပြောကြားခဲ့သည်။

နိုင်ငံရေးခရီးကြမ်းကို လျှောက်လှမ်းပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူပြီး နောက်တွင်လည်း အမျိုးသမီးများကို ခွဲခြားဆက်ဆံမှုများနှင့်ပတ်သက်၍ ဝေဖန်ခဲ့သည်။

“အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးမြတ်တယ်လို့ ယူဆကြတာတွေရှိပါတယ်။ ကျမအနေနဲ့ လက်မခံနိုင်တဲ့ မြန်မာဆိုရိုးစကားတခွန်းရှိပါတယ်။ “သားကိုသခင်၊ လင်ကိုဘုရား” ဆိုတဲ့ဆိုရိုးစကားပါပဲ။ ဒါကို ကျမအနေနဲ့ သဘောမတူနိုင်သလို အမျိုးသမီးတွေကလည်း သဘောတူမယ်လို့ မထင်ပါဘူး” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူပြီးနောက် တက်ရောက်ခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က မနီလာမြို့တွင် ကျင်းပခဲ့သည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး တွင် ပြောကြားခဲ့သည်။

ထို့အပြင် အမျိုးသမီးများကို တန်ဖိုးထားရန်လည်း စိတ်အားထက်သန်ခဲ့သည်။

အမျိုးသမီးများအား တန်ဖိုးထားကာ တန်းတူအခွင့်အရေးများ ရရှိလာကြစေရေးအတွက် မိသားစုများ အတွင်းမှ စတင်ကြရန်  ၂၀၁၈ ခုနှစ်က နေပြည်တော်တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့သည်။

“ကျွန်မတို့ရဲ့ မြန်မာနိုင်ငံမှာ ဆိုလို့ရှိရင် ယဉ်ကျေးမှုအရ မိန်းကလေးတွေကို တန်ဖိုးထားတယ်ဆိုတာ မိဘ ကို အလုပ်အကျွေးပြုဖို့၊ မိဘစကားနားထောင်တဲ့ မိန်းကလေးတွေကနေပြီး တာဝန်ကျေတယ်ဆိုပြီး တန်ဖိုးထားပေမယ့်လည်း သားယောကျ်ားလေးတွေ ဦးစားပေးတဲ့ အလေ့အကျင့်ဟာ အခုထက်ထိ မပျောက်သေးတဲ့ နေရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မိုလို့ ဒါဟာ မိသားစုထဲက စရမှာပါ” ဟုတိုက် တွန်းပြောဆိုခဲ့ သည်။

“သမီးတွေနဲ့ သားတွေနဲ့ တန်းတူရည်တူ တန်ဖိုးထားဖို့ပါပဲ။ တန်းတူရည်တူ အခွင့်အရေးလို့ ကျွန်မ မပြော ချင်ဘူး။ အခွင့်အရေးဆိုတာကတော့ သူ့ရဲ့လိုအပ်ချက်အရ ဖြစ်လာတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် တန်းတူရည်တူတော့ တန်ဖိုးထားစေချင်ပါတယ်။ မိခင်များက ဒီဟာကိုစမှ ကျွန်မတို့နိုင်ငံမှာ တကယ့်ကို အမျိုးသမီးတွေနဲ့ အမျိုးသားတွေကြားမှာ တန်းတူရည်တူမှုဆိုတာ ရှိလာမှာပါဖြစ်ပါတယ်” ဟု ပြောကြား ခဲ့သည်။

မြန်မာပြည်ရဲ့ ယဉ်ကျေးမှုအရ ယောက်ျားတွေဟာ မိန်းကလေးတွေထက် မွေးကတည်းက အခွင့်အရေး ပိုရတဲ့အကြောင်း၊ အစားအသောက်၊ အဝတ်အထည်၊ စတာတွေအပြင် ပညာရေးမှာပါ အမျိုးသားတွေက အခွင့်အရေး ပိုမိုရရှိကြောင်း၊ ၂၀၁၃ ခုနှစ်အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်နေ့ နေပြည်တော်တွင် “နိုင်ငံ ရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု”  ခေါင်းစဉ်ဖြင့်ကျင်းပခဲ့သည့် ညီလာခံတွင်ပြောကြားခဲ့သည်။

အဆိုပါပြောဆိုမှုများကို  ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသမီးများအပေါ် ခွဲခြား ထားသည့် ရှေးရိုးစွဲအယူအဆများ၊ အမျိုးသမီးများအပေါ်ဖိနှိပ်မှုများကို လက်မခံသူဖြစ်ကြောင်း သုံးသပ် နိုင်သည်။

အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်ရန် တိုက်တွန်း

၂၀၁၀ခုနှစ် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာပြီးနောက် ပထမဆုံးလူထုဟောပြောပွဲတွင် အမျိုးသ မီးများနှင့် နိုင်ငံရေးသက်ဆိုင်ပုံကို အောက်ပါအတိုင်းပြောကြားခဲ့သည်။

“ ကျမတို့ရဲ့ ကြိုးပမ်းအားထုတ်မှု စ၊ လယ်၊ ဆုံး သုံးခုလုံးမှာ လုံ့လဝီရီယရှိဖို့ လိုအပ်တယ်။ ရှင်တို့ဟာ နိုင်ငံ ရေးနဲ့မပတ်သက်ဘူးလို့ ရှင်တို့ပြောကောင်းပြောနိုင်တယ်။ ဒါပေမယ့် နိုင်ငံရေးကတော့ ရှင်တို့ တယောက် ချင်းစီနဲ့ ပတ်သက်လာမှာပဲ၊ အိမ်မှာချက်ပြုတ်နေတဲ့ အိမ်ထောင်ရှင်မကလည်း နိုင်ငံရေးပဲ၊ ကျမတို့ ကလေးတွေကို ကျောင်းပို့တာလည်း နိုင်ငံရေးပဲ” ဟူ၍ဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် အမျိုးသမီးခေါင်းဆောင်နည်းပါးမှုအခြေအနေနှင့် နိုင်ငံရေးတွင် အမျိုးသမီး များပါဝင်နိုင်ရန်လည်းတိုက်တွန်းပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်တွေ ဘာကြောင့်နည်းပါးနေသေးသလဲဆိုရင် နှစ် ၅ဝ လောက် စစ်အာဏာရှင်စနစ်အောက်မှာ နေခဲ့ရလို့ဖြစ်ပါတယ်၊ စစ်အာဏာရှင် အစိုးရလက်ထက်က အန် အယ်လ်ဒီအပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို အမြဲတမ်းလို ဖမ်းဆီးထိန်းသိမ်းထားခဲ့တာကြောင့် မိသားစုအိမ်ထောင်ရေးကိစ္စတွေကို အမျိုးသမီးတွေကပဲ ဦးဆောင်တာဝန်ယူဆောင်ရွက်နေခဲ့ကြရတာ ဟာ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်” ဟု ၂၀၁၃ ခုနှစ် အောက်တိုဘာ ၄ ရက်၊ နေပြည်တော်တွင် ကျင်းပခဲ့သည့် “နိုင်ငံရေးတွင် အမျိုးသမီးများ ဦးဆောင်မှုဆွေးနွေးပွဲ” တွင်ပြောကြားခဲ့သည်။

မြန်မာပြည်၏ နိုင်ငံရေးကဏ္ဍတွင် အမျိုးသမီးများ ယခုထက် ပိုမိုပါဝင်ကြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

“အမျိုးသမီးတွေကို နိုင်ငံရေးကဏ္ဍမှာ ပိုမိုပါဝင်စေချင်ပါတယ်။ အမျိုးသမီးတွေမှာ စွမ်းရည်အပြည့် ရှိပါ တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်နေ့ နေပြည်တော်မှ “နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် ညီလာခံတွင် ပြောကြားခဲ့ သည်။

တခြားစီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရွေ့ပြောင်းအလုပ်သမားအရေး စသည့်ကဏ္ဍအသီးသီးက အမျိုးသမီးများကိုလည်း စွမ်းရည်မြှင့်တင်ရန် အားပေးခဲ့သည်။

အမျိုးသမီးဦးဆောင်မှုမြှင့်တင်

အမျိူးသမီးများအား နိုင်ငံရေးတွင် ပါဝင်ရန်လည်း အားပေးခဲ့သလို ပါတီတွင်းတွင်လည်း အမျိုးသမီးများ ကို ဦးစားပေးသည့် အလေ့အထကို ကျင့်သုံးခဲ့သည်။

ရွေးကောက်ပွဲအတွက် NLD  ၏ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အရည်အချင်းကို အဓိက ထားဆုံးဖြတ်သွားမည်ဖြစ်ပြီး အရည်အချင်း ကွာခြားမှု မရှိပါက အမျိုးသမီးများကို ဦးစားပေးမည်ဆိုသည့် မူဝါဒကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီမူဝါဒအဖြစ် သတ်မှတ်ခဲ့သည်။

ထို့အပြင် အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးအသံများအပါအဝင် ပါတီအကျိုးပြုလုပ်ငန်းများလည်း လုပ် ဆောင်မည်ဟုဆိုကာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် အမျိုးသမီးအဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံရေးကဏ္ဍတွင် အမျိုးသမီးများအချိုးကျ(ကိုတာ)စနစ်ဖြင့် ထည့် သွင်းခြင်းထက် အရည်အသွေးမြင့်မားအောင် စွမ်းရည်မြှင့်ပြီး ထည့်သွင်းရန်  ပိုမိုလိုလားခဲ့သည်။

အမျိုးသမီးအရေးဆောင်ရွက်မှုများ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတာဝန်ယူပြီးနောက်ပိုင်း လွှတ်တော်တွင်းအမျိုးသမီးပါဝင်မှု ရာခိုင် နှုန်း ယခင်ကထက် များလာသလို ရပ်ကျေးအဆင့် အုပ်ရေးနေရာများတွင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်း ပိုများလာခဲ့သည်ကို တွေ့ရသည်။

အမျိုးသမီးများအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးခဲ့သည်။ သက် ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုကောင်းမွန်လာ စေခဲ့သည်။ အိမ်တွင်းအကြမ်းဖက်မှု၊ လူကုန်ကူးမှုစသည့် အသိပညာပေးမှုများလည်း ဆောင်ရွက်ခဲ့သည်။

သို့သော် NLD အစိုးရဦးဆောင်သည့်အစိုးရအဖွဲ့တွင် အမျိုးသမီးဝန်ကြီးနည်းပါးခြင်း၊ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များတွင် အမျိုးသမီးပါဝင်မှုနည်းပါးခြင်း စသည့်အချက်များကြောင့် အမျိုးသမီးအ‌ရေး ဆောင်ရွက် သူများမှ အားမရမှုများလည်း ရှိခဲ့သည်။

ရိုဟင်ဂျာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး တုံ့ပြန်မှုနည်းခြင်းကြောင့်လည်း နိုင်ငံ တကာ အမျိုးသမီးအရေး‌ဆောင်ရွက်သူများ၏ ဝေဖန်မှုများလည်း ရှိခဲ့သည်။

မြန်မာအကျီရင်စေ့ (သို့မဟုတ်) ရင်ဖုံးနှင့် ထဘီကို လိုက်ဖက်ညီစွာ ဝတ်ဆင်လေ့ရှိပြီး သေသပ်စွာ ထုံးဖွဲ့ ထားသည့် ဆံထုံးထက်တွင် လှပသောရောင်စုံပန်းများကို အမြဲတစေပန်ဆင်လေ့ရှိသည့် အမျိုးသမီးကြီး သည်  ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့တွင် အသက်(၈၀)ပြည့်ခဲ့ပြီဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ပုဂ္ဂုလိက မိခင်ဘဝကို ကျောခိုင်းကာ တိုင်းပြည်အတွက် မျက်နှာမူခဲ့သည့် အသက် (၈၀)ပြည့် အမျိုးသမီးကြီးသည် ပြည်သူပြည်သားများ၏ “အမေ”အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

တေးရေးဆရာကိုနေဝင်း၏ “ခွန်အားဖြည့်မိငယ်” သီချင်းသံကြားတိုင်း ထိုအမျိုးသမီးကြီး၏ ပုံရိပ်များက စွဲထင်လာသည်အထိ လွှမ်းမိုးထားဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ပန်းပန်သည့် အမျိုးသမီးများကို ဖမ်းဆီးအရေးယူသည့် ဖြစ်ရပ်များက စစ်အုပ်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ လက်ရှိအချိန်အထိ အထိမခံ၊ ကြောက်လန့်မှုကြီးမားစွာ ရှိနေဆဲဖြစ်ကြောင်း သက်သေခံနေပါသည်။

မတရားမှုများကို အံတုလျက် အကျဉ်းထောင်အတွင်း ကြံ့ကြံ့ခံရပ်တည်နေသည့် အသက်(၈၀)ပြည့်မွေး နေ့ရှင်အတွက် ယခုနှစ် ဇွန်လအတွင်း မြန်မာပြည်သူလူထု၏ ဆု‌တောင်းသံများက ဆိုရှယ်မီဒီယာများ ထက်မှ မိုးထက်မြေပြင်အနှံ့  မွှေးကြိုင်ပျံ့လွှင့်လျက်ရှိနေပေသည်။

ကိုးကားချက်များ –

  • The Female Voice Of Myanmar Khin Myo Chit To Aung San Suu Kyi (Nilanjana Sengupta)
  • NGO Forum on Women – Aug. 31, 1995, Beijing, China, Aung San Suu Kyi
Author: