အပစ်ရပ်ထားကြတဲ့ဧပြီလအတွင်း စစ်ပွဲကြောင့် အမျိုးသမီးသေဆုံးမှု ပိုမိုမြင့်တက်
အင်အားပြင်းငလျင်ကြောင့် တော်လှန်ရေးအင်အားစုအသီးသီးနဲ့ စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲရေးတွေ အပြိုင်အဆိုင်ကြေညာထားစဉ်ကာလ ဧပြီလအတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ သေဆုံးမှု ဆက်လက်မြင့်တက်နေကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က မေလ ၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ အမျိုးသမီး ၆၆ ဦးသေဆုံးခဲ့သလို မတ်လမှာလည်း ၆၆ ဦး ထပ်မံသေဆုံးခဲ့ရပါတယ်။ အပစ်ရပ်ထားတဲ့ဧပြီလမှာလည်း စစ်ကောင်စီလက်ချက်နဲ့ အမျိုးသမီး ၇၁ ဦးသေဆုံးခဲ့ရတဲ့ထိ မြင့်တက်လာတာဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ် ကြုံနေရတဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေကို ယခင်လ တွေထက် ပိုမိုအသုံးပြုခဲ့တာကို လေ့လာတွေ့ရှိရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ပြောပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုမှာ ကလေးငယ်တွေနဲ့အမျိုးသမီးတွေ သေဆုံးရတာကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ခံထားပြီး “ရှောင်လွှဲလို့မရဘူး။ ဒါက စစ်ပွဲရဲ့သဘောပဲ”လို့ တုံ့ပြန်ခဲ့ကြောင်း Myanmar Now ရဲ့ သတင်းမှာဖော်ပြထားပါတယ်။
အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ နော်မာရီကတော့“အမျိုးသမီးသေဆုံးမှုကတော့ များနေမှာပဲ။ ဘာလို့ဆို အပစ်မှ တကယ်မရပ်တာလေ။ မန်းလေးက အမျိုးသမီးတွေ ငလျင်နဲ့ဒုက္ခရောက်နေချိန် ဗုံးလာကြဲလို့ စစ်ပြေးနေရ တယ်။ ကျမကတော့ ဒီစစ်တပ်ရဲ့လုပ်ရပ်အပေါ်မှာ အပြင်းအထန်ရှုတ်ချပါတယ်”လို့ ပြောပါတယ်။
အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ငလျင်သင့်ဒေသတွေ ကူညီ နိုင်ရေးအတွက် ဧပြီလ ၂ ရက်မှ ၂၀ ရက်အထိ ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာထားတာဖြစ်ပါတယ်။
ဒါကို မလိုက်နာဘဲ အပြစ်မဲ့ပြည်သူတွေကို လေကြောင်းသာမက မြေပြင်မှာလည်း လက်နက်ကြီးတွေနဲ့ နေ့တိုင်း လိုလို ပစ်ခတ်နေတာကြောင့် စစ်ကိုင်းတိုင်းမှာ နှစ်ရက်အတွင်း ပြည်သူ ၁၃ ဦးသေဆုံးခဲ့ရကြောင်း ဒေသကာ ကွယ်ရေးတပ်တွေက ပြောပါတယ်။
မှတ်တမ်းများအရ ဧပြီ ၁၉ နဲ့ ၂၀ ရက်မှာ စစ်ကောင်စီလေတပ်က တိုင်းနဲ့ ပြည်နယ် ၄ ခုကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်တွေအပါအဝင် ၄၀ ဦးထက်မနည်း သေဆုံးပြီး ၆၀ ဦးထက် မနည်း ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ဧပြီလ ၁၉ ရက်မှာ မန္တလေးတိုင်း၊ မြင်းမူမြို့နယ်၊ ကန်တော်ရွာမှ ၅ ဦး၊ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် သင်တော ကျေးရွာမှ ၆ ဦး၊ ရွှေဘိုမြို့ ကွန်ဆိပ်ကျေးရွာမှ ၂ ဦးသေဆုံးခဲ့ရပါတယ်။
ဧပြီလ ၂၀ ရက်မှာ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာမှ ကလေးတွေအပါအဝင် အရပ်သား ၂၄ ဦး၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောရွာဘုန်းကြီးကျောင်းမှ အမျိုးသမီး ၂ ဦးနဲ့ ကိုရင် ၁ ပါး၊ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာမှ မြေးအဖိုး ၂ ဦး၊ စုစုပေါင်း ၂၉ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ် တွေထံမှ သိရပါတယ်။
BWU ရဲ့ထုတ်ပြန်ချက်မှာ ဧပြီလအတွင်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၉ ဦး၊ လက် နက်ကြီးပစ်ခတ်မှုကြောင့် ၇ ဦးနဲ့ စစ်တပ်ရဲ့သတ်ဖြတ်မှုကြောင့် ၅ ဦး သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ဒီသေဆုံးခဲ့တဲ့ အမျိုးသမီး ၇၁ ဦးထဲမှာ အသက် ၁၈ နှစ်အောက် ၁၃ ဦးပါဝင်ပြီး သေဆုံးသူ အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ် တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်း ဧပြီလ ၃ ရက်မှာ ယာယီအပစ်အခတ်ရပ်စဲခြင်းကို မြန်မာ့တပ်မတော်ဘက်ကလည်း လိုက်နာဖို့လိုအပ်ကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ သတိပေးခဲ့ ပါတယ်။
- မီးဖွားပြီးစ စိတ်ကျဝေဒနာ ခံစားရတဲ့ မိခင်တွေကို တာဝန်ခွဲဝေယူပေးဖို့လိုအပ် - 20/05/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 17/05/2025
- ငလျင်အိပ်မက်ဆိုးထဲက အမျိုးသမီး သူရဲကောင်းများ - 16/05/2025