ပါဝါအာဏာ/အင်အားနှင့်ထိန်းချုပ်မှုစက်ဝန်းကို နားလည်ခြင်း – လေးစားသမှုရှိသော ကူးလူး ဆက်ဆံရေး/အိမ်ထောင်ရေး
မြင့်မြင့်စန်း
အိမ်တွင်းအကြမ်းဖက်မှု၊ မိသားစုအကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဟာ ကမ္ဘာတဝှမ်းမှာ အကြမ်းဖက်ခံရသူများတင်သာမက သူတို့ရဲ့ အသိုင်းအဝိုင်းတွေကိုပါ အကြီးအကျယ်ဒုက္ခပေးနေတာတွေကို နေ့တဓူဝမြင်နေ၊ကြားနေကြရပါတယ်။ သြစတြေးလျမှာတော့ ကျမနေထိုင်တဲ့ဗစ်တိုးရီးယားပြည်နယ် Victoria (VIC) မှာ ပြည်နယ်အစိုးရက Royal Commission တစ်ခုကို ၂၀၁၅ ခုနှစ်မှာ ခေါ်ယူခဲ့ပြီး ဒီအရေး ပြဿနာကိုနားလည်အောင်၊ အကောင်းဆုံးတုံ့ပြန်နိုင်အောင် စုံစမ်းစစ်ဆေးမှုတခုကို ဆောင်ရွက်ခဲ့ တာရှိပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုကနေ ဒီအရေးပြဿနာကိုအကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အကြံပြုချက်ပေါင်း ၂၂၇ ခုကိုကော်မရှင်က အဆိုပြုခဲ့ပါတယ်။ အဲဒီကတည်းကဒီအရေးကိစ္စနဲ့ပတ်သက်လို့ ချိတ်ဆက်မိမိကူညီ ဆောင် ရွက်ပေးတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ လုပ်ဆောင်ချက်တွေ တိုးမြင့်တိုးတက်လာတာကိုတွေ့ရပါတယ်။
လင်မယား၊ စုံတွဲ၊ အတူနေထိုင်သူစုံတွဲများအနေနဲ့ တမိုးအောက်အတူနေနေကြရာကနေအကြမ်းဖက်မှုဖြစ် လာပြီဆိုရင် domestic violence (အိမ်တွင်းအကြမ်းဖက်မှု) ဆိုင်ရာအရေးကိစ္စကို အကူအညီပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကနေ ကူပေးသလို ရဲတပ်ဖွဲ့နဲ့လည်း အတူတကွ တွဲဖက်ဆောင်ရွက်လေ့ရှိပါတယ်။ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှုအမျိုးမျိုးထဲက ကိုယ်ထိလက်ရောက်စော်ကားတာ၊ ရိုက်နှက်တာမျိုး ဖြစ်လာရင် ရဲတပ်ဖွဲ့က ပါကိုပါလာကြပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် ကာယကံရှင် (အကြမ်းဖက်ခံရသူ၊ များသော အားဖြင့် ခံရသူများမှာ အမျိုးသမီးများဖြစ်လေ့ရှိသည်) ရဲ့ ဆန္ဒအပေါ်မူတည်ပြီး အကြမ်းဖက်သူကို သတိပေး တာမျိုး၊ ဆိုးဆိုးရွားရွားဖြစ်တယ်ဆိုရင် Intervention order (IVO) လို့ခေါ်တဲ့ တရားရုံးကနေအကြမ်းဖက်သူ ကို အကြမ်းဖက်ခံရသူအနား မသွားရဆိုတာနဲ့ အခြားလိုက်နာစောင့်ထိန်းရမဲ့ အချက်တွေကို အမိန့်စာထုတ် ပေးတာမျိုး လုပ်ဆောင်တတ်လေ့ရှိပါတယ်။ IVO ကို ချိုးဖောက်ရင်တော့ အရေးယူခံရပြီး ထောင်ဒဏ်ကျခံရ နိုင်ပါတယ်။
နောက်ပိုင်းမှာ domestic violence လို့ အမည်တပ်ယုံနဲ့မပြီးဘဲ family violence မိသားစုတွင်း အကြမ်း ဖက်မှုဆိုတဲ့အသုံးအနှုန်းကိုပါထည့်သွင်းပြီး ဥပဒေအရပါ အရေးယူဆောင်ရွက်ပေးတာတွေရှိပါတယ်။ ဒီလို လုပ်လာရတဲ့အကြောင်းရင်းက အကြမ်းဖက်မှုဖြစ်ပွားရာမှာ တအိမ်ထဲမှာ တမိုးအောက်မှာ အတူနေတဲ့သူ မဟုတ်တဲ့ အခြားမိသားစုတဦးဦးကနေ အကြမ်းဖက်တတ်၊ ဖက်လာနိုင်တာမို့ ‘အိမ်တွင်း’ ဆိုတဲ့စကားလုံးနဲ့ မလုံလောက် ဘဲ ‘မိသားစုတွင်း’ လို့ပါ ထည့်သွင်းလာတော့မှ မိသားစုအချင်းချင်း အကြမ်းဖက်ရင်လည်း ဥပဒေရေးရာအရ အရေးယူနိုင်အောင်ဘဲဖြစ်ပါတယ်။
အကောင်းဆုံးဥပမာပေးရရင် ကျမရဲ့ သူငယ်ချင်းတစ်ယောက်အကြောင်းဘဲ (မြန်မာနိုင်ငံသားမဟုတ်) ဖြစ်ပါတယ်။ သူ့အမျိုးသားက ဆရာဝန်တစ်ဦးပါ၊ သူ့အသိုင်းအဝိုင်းထဲမှာ လူဝင်ဆံ့သူတင်မကဘဲ အများက လိုလို လားလားလေးစားခံရသူဖြစ်ပါတယ်။ ကျမသူငယ်ချင်းကတော့ ဒုက္ခသုက္ခကြုံရသူ၊ အခြားသော ခိုလှုံခွင့်လာ တောင်းသူတွေ၊ သြစတြေးလျကိုရောက်ရှိလာပြီး အကူအညီ အကြီးအကျယ်လိုနေသူ၊ ရွှေ့ပြောင်းလာသူ တွေ၊ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးတဲ့အဖွဲ့မှာ ကျမနဲ့အတူ case manager (မန်နေဂျာ) အနေနဲ့ လုပ်နေခဲ့သူပါ။ ဖြစ်ချင်တော့ သူက သူ့အမျိုးသားနဲ့ မပေါင်းချင်တော့ဘူး၊ ကလေးတွေလည်း ရှိပေမဲ့ ဒီအိမ် ထောင်ရေးမှာ သူစိတ်မရှိတော့ဘဲ ဒီအိမ်ထောင်ထဲမှာလည်း ပိတ်မိမနေချင်ဘူးလို့ သူကရင်ဖွင့်လာပါတယ်။
သူငယ်ချင်းက မာနကြီးတတ်သူတယောက်မို့ သူဘာကြောင့်အိမ်ထောင်ကွာရှင်းချင်တာကိုမပြောပြသော် လည်းဘဲ အခြားအမျိုးသမီးတစ်ယောက်ကြောင့်ဆိုတာကို စကားအသွားအလာကိုကြည့်ပြီး ကျမကရိပ်မိပါ တယ်။
သူ့အမျိုးသားက မကွာရှင်းပေးပါဘူး။ သူတို့မှာ နောက်ထပ်မိန်းမတစ်ယောက်ယူတာက မထူးဆန်းဘူးဆိုတဲ့ ယဥ်ကျေးမှုရှိသော်လည်း ကျမသူငယ်ချင်းက လက်မခံနိုင်တာမို့ ကွာရှင်းပြတ်စဲမဲ့ကိစ္စကို ပြတ်ပြတ်သားသား နဲ့ တွန်းတွန်းတိုက်တိုက်လုပ်ပါတယ်။ အမျိုးသားနဲ့ အမျိုးသားဘက်က ဆွေမျိုးသားချင်းတွေက ဘာမှမပြော သော်လည်း ပြဿနာတက်ရတာက ကျမသူငယ်ချင်းရဲ့ အမေနဲ့အမ။ ဒီနှစ်ယောက်က သူ့မိသားစုနဲ့သူ၊ သူ့အိမ် နဲ့သူနေထိုင်သူများပါ။ သို့သော်လည်း သူငယ်ချင်းရှိရာ အိမ်ကိုရောက်လာပြီး “ငါတို့အမျိုးထဲမှာ တခုလပ် မရှိ ဘူး။ ငါတို့အသိုင်းအဝိုင်းမှာ အိမ်ထောင်ကွဲဆိုတာလည်း မရှိဘူး။ နင်ကွာခွင့်မရှိဘူး။ နင့်လင်ကလည်း မကွာ ဘူးပြောနေတယ်၊ နင်ဘာမှ လုပ်လို့မရဘူး” ဆိုလာတော့ သူငယ်ချင်းဖြစ်သူကလည်း နဂိုကတည်းကမှ စိတ်မာ၊ စိတ်ဆတ်ဆတ်သမားမို့ သားအမိ၊ညီအမတွေ စကားများရန်ဖြစ်ရာက အမေနဲ့ အမလုပ်သူက ကိုယ် ထိလက်ရောက်ပါးရိုက်တာမျိုး၊ တွန်းတာ၊ တိုက်တာမျိုးတွေ လုပ်လာတဲ့အခါ သူက အရေး ပေါ်နံပါတ်ဖြစ်တဲ့ သုံညသုံးလုံး (၀၀၀) ကို ခေါ်ပြီး ရဲကိုတိုင်၊ အဲဒီကနေ ရုံးကနားရောက်ပြီး သူ့အမေနဲ့ အမကို ရုံးက သူ့အနား မီတာ ၂၀၀ အထက်အဝေးမှာဘဲ နေရမယ်။ မကပ်ရဘူးဆိုပြီး အမိန့်စာထုပ်ပေးလိုက်တယ်။ သူနဲ့ သူ့အမျိုး သားလည်းနောက်ပိုင်းမှာတော့ ကွာရှင်းသွားတယ်။ ဆိုတော့ ဒါကမိသားစုအတွင်း အကြမ်းဖက်မှုဖြစ်ပါ တယ်။
အခုနောက်ဆုံးသိရတာကတော့ သြစတြေးလျနိုင်ငံရဲ့ အခြားပြည်နယ်တခုဖြစ်တဲ့ New South Wale (NSW) နယူးဆောက်သ် ဝေးပြည်နယ်မှာ sexual violence (SV) လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ထည့် သွင်းအရေးယူနိုင်အောင် ဆောင်ရွက်လာတယ်လို့ ကြားသိရပါတယ်။ အရင်က အကြင်လင်မယားမဟုတ်သူ၊ အတူနေထိုင်သူစုံတွဲမဟုတ်သူတွေကြားဖြစ်တဲ့ SV အမှုကိစ္စတွေဆိုရင် DV နဲ့ FV အရေးကူညီသူ အဖွဲ့ အစည်းတွေက အခြားသက်ဆိုင်ရာအဖွဲ့အစည်းများကို လှမ်းပြီး referral လုပ်ပေးတာမျိုးပါ။ ခုတော့ ဒီသုံးခု စလုံးကို အရေးတယူတာဝန်ယူဆောင်ရွက်ပေးလာတာကို တွေ့ရပါတယ်။
စစ်ဆင်ရေးအမားရော့ခ် (Operation Amarok) ကို ၂၀၂၃ ဇန်နဝါရီလကနေ ဒီနှစ် ၂၀၂၅ ခုနှစ် ပြီးခဲ့တဲ့လပိုင်း တွေအထိ NSW ပြည်နယ်အတွင်း အစိုးရနဲ့ ရဲတပ်ဖွဲ့က ထောက်လှမ်းရေးအေဂျင်စီအကူနဲ့ ရက်ရက်စက်စက် အကြမ်းဖက်တတ်တဲ့ အိမ်တွင်း/မိသားစုအတွင်း အကြမ်းဖက်မှုပြုသူတွေကို (အများစု အမျိုးသားများ) ဖမ်းဆီးအပြစ်ပေး ထောင်ချခဲ့တာရှိပါတယ်။ အတော်များများ ထောင်ချခံခဲ့ကြရပါတယ်။ ဒီလိုမျိုး စစ်ဆင် ရေးလုပ်ခဲ့တာ ခုဆိုရင် ၉ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။
ဘာ့ကြောင့် ဒီလိုအရေးတယူ လုပ်လာတာလဲဆိုရင် NSW ပြည်နယ်ရဲ့ လူသတ်မှုတွေထဲက တဝက်ကျော်ဟာ အိမ်တွင်းအကြမ်းဖက်မှု/မိသားစုအကြမ်းဖက်မှုကြောင့် လူသတ်မှုတွေဖြစ်လာတာကြောင့်ပါဘဲ။ ဖြစ်လာပြီ ဆိုရင်လည်း လင်နဲ့မယားကြား စုံတွဲကြားတင်မကဘဲ မွေးဖွားထားတဲ့ သူ့တို့ကိုယ်သူတို့ မကာကွယ်နိုင်တဲ့ ကလေးသူငယ်၊ သားသမီးလေးတွေကိုပါ သတ်ဖြတ်မှုဖြစ်တာမို့ ခုလိုအလေးအနက်ထားပြီးအရေးယူ ဆောင်ရွက်တာဖြစ်ပါတယ်။
ကျမတို့ မြန်မာနိုင်ငံမှာရော ဒီလိုအိမ်တွင်း/မိသားစုအကြမ်းဖက်မှု အခြေအနေတွေ ဘယ်လိုရှိနေလဲ၊ ဘယ် လောက်အထိ တရားဥပဒေက ကျူးလွန်သူကိုအရေးယူအပြစ်ပေးတာမျိုးတွေ လုပ်နေလဲ၊ အကြမ်းဖက်ခံရသူ၊ ကျူးလွန်ခံရသူတွေကိုရော ဘယ်လိုအကူအညီတွေ၊ ဘယ်လိုကုစားမှုတွေ လုပ်ပေးနေလဲဆိုတာ တစေ့တ စောင်းကြည့်ကြရအောင်ပါ။
မြန်မာနိုင်ငံမှာ ဒီလိုအရေးပြဿနာကို intimate partner violence (IPV) လက်တွဲဖော်အကြမ်းဖက်မှု (ဝါ) ကြင်ဖော်အကြမ်းဖက်မှုလို့ ခေါ်တာတွေ့ရပါတယ်။ သုတေသနပြုစုထားတဲ့ စာရွက်စာတမ်းတွေအရ မြန်မာ နိုင်ငံမှာရှိတဲ့ အမျိုးသမီး ၄ ဦးအနက် အနည်းဆုံး ၁ ဦးဟာ သူတို့ဘဝမှာ လက်တွဲဖော်ရဲ့အကြမ်းဖက်မှုကို ကြုံ တွေ့ခံစားရတယ်လို့ဆိုပါတယ်။
Journal of Family Violence က ၂၀၂၀ မှာရေးသားခဲ့ပြီး ၂၀၂၁ မှာ ထုတ်ဝေခဲ့တဲ့ စာတမ်းအရ မြန်မာ နိုင်ငံမှာရှိတဲ့ အသက် ၁၅ နှစ်နဲ့ ၄၉ နှစ်ကြားရှိတဲ့ အိမ်ထောင်သည် (ဝါ) ကြင်ဖော်ကြင်ဖက်ရှိသူ အမျိုး သမီး တွေရဲ့ ၂၀.၆ ရာခိုင်နှုန်းဟာ လက်တွဲဖော်ရဲ့ အကြမ်းဖက်မှုကို ခံရတယ်လို့ ဆိုပါတယ်။ ဒီရာခိုင်နှုန်းဟာ ဒေသတစ်ခုနဲ့တခု ပြည်နယ်/တိုင်းတစ်ခုနဲ့တစ်ခု မတူ၊ ကွဲပြားပါတယ်။ ရခိုင်ပြည်နယ်ကဆိုရင် အားလုံးထဲမှာ ဒီလိုအကြမ်းဖက်မှုကို ကြုံတွေ့ခံစားရတဲ့ အမျိုးသမီးပေါင်း ၄၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံရဲ့ IPV ဖြစ်ပွားမှု အမြင့်ဆုံးပြည်နယ်တစ်ခုအဖြစ် လေ့လာတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာ ဒီစာတမ်းကဘဲ လင် မယားတွေ၊ စုံတွဲတွေရဲ့ ပညာရေးနိမ့်ပါးလေလေ၊ သားသမီးမွေးဖွားမှုများလေလေ အကြမ်းဖက်မှုဖြစ်ဖို့ ကျိန်း သေလေလေဘဲလို့လည်း ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ လက်တွဲဖော်ရဲ့အကြမ်းဖက်မှုဟာ သူတို့ရဲ့ လူမှုစီးပွားဘဝနိမ့်ရင် IPV ဖြစ်ဖို့ရှိတယ်။ ‘သားကို သခင် လင်ကိုဘုရား’၊ ပြီးတော့ ‘အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တယ်’ ဆိုတဲ့ ရှေးရိုးစွဲ အ တွေး၊ တရားသမှုမဲ့တဲ့အတွေးအယူ၊ ခေတ်နောက်ဆွဲအတွေးတွေကြောင့်အပြင် ဂျန်ဒါတစ်ခုကို အခြားတစ်ခုထက် ဇောင်းပေးဆက်ဆံတတ်တဲ့ ယဥ်ကျေးမှုတွေကြောင့်လည်း IPV ဖြစ်ဖို့ရှိပါတယ်။ ဒါ့အပြင် ဒီလိုခေတ် မမှီရှေးရိုးစွဲ အတွေးအယူတွေကြောင့် လင်မယားအကြား၊ စုံတွဲအကြား၊ (ယုတ်စွအဆုံး သားသမီးများကိုပင်) ရိုက်နှက်အကြမ်းဖက်တာကို သဘာဝတရား၊ ဖြစ်လေ့ဖြစ်စဥ်တစ်ခုလို သဘောထားကြတာကြောင့်လည်း IPV တွေဖြစ်လာတာပါ။ ဒါတောင် ရှက်ကြောက်ပြီး မပြောရဲတာမို့ ခုနကပြောသွားတဲ့ စာရင်းဇယားထဲမပါတဲ့ နံပါတ်တွေ၊ အမျိုးသမီးတွေအများကြီးရှိနေမှာပါ။
ကျမအနေနဲ့ ဥပဒေရေးရာအထူးတလည် နားလည်သူမဟုတ်သော်လည်း IPV ဆိုတဲ့ အသုံးအနှုန်းဟာ ကမ္ဘာ့ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းကြီးတွေက သုံးနှုန်းနေသော်လည်းဘဲ ဥပဒေကြောင်းအရအရေးယူ တဲ့ အခါ အထက်ကကျမပေးခဲ့တဲ့ ကျမသူငယ်ချင်းဥပမာနဲ့ဆို အကျုံးမဝင်သလိုဖြစ်နေတာတော့ ရှိနေပါတယ်။
အကြမ်းဖက်ခံရသူတွေအတွက် အလုံးစုံရှိတဲ့ ဥပဒေအရ အရေးယူပေးနိုင်ဖို့အတွက်ဟာ စကားလုံး အသုံး အနှုန်းအခေါ်အဝေါ်တွေကိုပါ သေသေချာချာစဥ်းစားပြီးမှ သုံးနှုန်းဖို့လိုတယ်လို့ ထင်ပါတယ်။ အဲဒီလိုမှ မဟုတ် ရင် ဥပဒေကိုလက်တလုံးခြားလုပ်ဖို့လွယ်ကူနိုင်ပါတယ်။ ဒီကြားထဲမှာ Penal Code ဆိုတဲ့ပုဒ်မက ကိုယ်ထိ လက်ရောက်တိုက်ခိုက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အရေးယူဖို့ ပြဌာန်းထားပေမဲ့ ခုနက ပြော ခဲ့တဲ့ DV၊ FV၊ SV၊ နဲ့ IPV လိုအရေးပြဿနာတွေကို တိတိကျကျ အရေးယူပေးဖို့ ဥပဒေတွေ ဂဃနဏ ရှိမနေ တာကို တွေ့ရပါတယ်။ Prevention of Violence Against Women (PoVAW) လိုတရားဝင် ဥပဒေပြဌာန်းဖို့ ကြိုးစားခဲ့ကြပေမဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် အချည်းအနှီးတွေ ဖြစ်ခဲ့တာလည်း ရှိပါတယ်။
မြန်မာနိုင်ငံမှာ ဒီလိုအရေးပြဿနာတွေ ဖြစ်လာပြီဆိုရင် အမျိုးသမီးအဖွဲ့တွေ၊ လူထုအခြေပြုအဖွဲ့တွေကဘဲ အမျိုးသမီးတွေကို ကူညီပေးနေတာများပါတယ်။ အုပ်ချုပ်သူတွေက အခြားကိစ္စတွေနဲ့ အာဏာသိမ်းထားသူ ကလည်း အာဏာမြဲရေးတွေနဲ့ အလုပ်ရှုပ်နေကြတာတွေ့ရပါတယ်။ အမျိုးသမီးအဖွဲ့အစည်းတွေက အကြမ်း ဖက်ခံရသူတွေအတွက် ကျန်းမာရေး၊ လုံခြံရေးနဲ့ တခြားလိုအပ်ချက်တွေကို ဝန်ဆောင်မှုတွေလုပ်ပေးနေ တာ တွေ၊ အသိပညာပေးလုပ်နေတာတွေ၊ လုံခြုံအိမ်ယာတွေ ကူညီပေးနေတာတွေကို တွေ့ရပါတယ်။ ဒီလို အဖွဲ့အစည်းတွေတောင် အကြမ်းဖက်သူကို ဥပဒေအရ အရေးယူနိုင်ဖို့ကြိုးစားရာမှာ ခြိမ်းခြောက်ခံရတာတွေ အခက်အခဲတွေဖြစ်အောင် တမင်လုပ်တာတွေ၊ ကူညီပေးတဲ့ရှေ့နေကိုပါ ဒုက္ခပေးတတ်တဲ့ သာဓကတွေလည်း ရှိနေတာတွေ အစီရင်ခံစာတွေမှာ တွေ့မိဖတ်မိကြမှာပါ။ အုပ်ချုပ်သူနဲ့ အာဏာသိမ်းသူ ဘာမှတာဝန်ယူမှု မရှိ တဲ့အခါ အမျိုးသမီးတွေခံစားနစ်နာမှုကကြီးပါတယ်။
နောက်တစ်ခုက ကျမတို့မြန်မာနိုင်ငံသားတွေမှ မဟုတ်ပါဘူး၊ နိုင်ငံတော်တော်များများက လူတွေဟာကိုယ် ထိလက်ရောက် ရိုက်နှက်ထိုးကြိတ်မှအိမ်တွင်း/မိသားစုတွင်း အကြမ်းဖက်မှုလို့ ထင်ကြပါတယ်။ ကျမက လူမျိုးပေါင်းမြောက်မြားစွာကို ကူညီပေးဖူးလို့ သိတာပါ။ အမျိုးသမီးတွေဟာ သူတို့အတိဒုက္ခရောက်နေလို့ အကူအညီလိုချင်လို့ ဆက်သွယ်လာပေမဲ့ ပြောလေ့ပြောထရှိတဲ့စကားက “ဒါပေမဲ့ ငါ့ယောက်ျားက ကိုယ်ထိ လက်ရောက် ထိုးတာကြိတ်တာတော့ သိပ်မရှိဘူး။ ပါးစပ်ကြမ်းတာ၊ ဆဲတာဆိုတာ၊ သဝန်တိုလွန်းတတ်တာ၊ အိမ်မှာ စားဖို့သောက်ဖို့ စျေးဝယ်ထွက်တော့မယ်ဆိုရင် ပိုက်ဆံကိုလေ ကျစ်နေရောဘဲ၊ ထုတ်မပေးချင် တာ ဘဲရှိတယ်”လို့ ပြောတတ်ကြပါတယ်။ တချို့အမျိုးသမီးတွေဆို ငွေကြေးအရ သူတို့ယောက်ျားအပေါ်မှာ မှီခို နေရတာမျိုးတွေမို့ ကြိတ်ခံနေသူတွေအများကြီးပါ။ သြစတြေးလျမှာဆိုရင်တော့ ဗီဇာတွဲလျှောက်ရတဲ့ ပြဿ နာကလည်း သူတို့အတွက် အကူအညီမယူရဲတဲ့အကြောင်းဖြစ်ရပါတယ်။
အိမ်တွင်း/မိသားစုအကြမ်းဖက်မှုဆိုတာဟာ ကိုယ်ထိလက်ရောက်မှ မဟုတ်ပါဘူး။ ဆဲရေးတိုင်းထွာနေရင်၊ အမြဲနှိမ်နေရင်၊ စိတ်ပိုင်းဆိုင်ရာအရ စိတ်ဆင်းရဲအောင်လုပ်နေရင်၊ ငါနင့်ယောက်ျားဘဲ၊ ငါလိုချင်တဲ့အချိန် နင် ပေးရမယ် (သားလို၊မယားလို နေတာကိုဆိုလိုတာပါ)၊ နင်ဗိုက်ကြီးနေလဲမရ၊ နေမကောင်းခေါင်းကိုက်နေလဲ မရ၊ ငါလိုချင်ရင်ပေးလို့ အဓမ္မဆန်နေရင်၊ စိတ်ခံစားမှုဒဏ်ရာဖြစ်အောင်လုပ်ရင်၊ ဒါတွေက DV၊ FV၊ SV၊ IPV မြောက်ပါတယ်။
တချို့ကဆိုဘာသာရေးအရပါ ထိန်းချုပ်လာတာမျိုး၊ သူ့ဘာသာဘဲ ကိုးကွယ်ရမယ်၊ ကိုယ့်ဘာသာက အရေး မပါ။ မိစ္ဆာဒိဌိလို့ ပြောလာရင်၊ ကိုယ့်ယဥ်ကျေးမှုကိုမဖွယ်မရာပက်ပက်စက်စက်ပြောလာရင်၊ ငွေကြေးအရ ထိန်းချုပ်လာရင် ဒါတွေကလည်း အကြမ်းဖက်မှုတွေပါဘဲ။ ဒါတွေကိုအမျိုးသမီးတွေ (တချို့အမျိုးသားများ အပါအဝင်) က သည်းညည်းခံပေါင်းလေ့ရှိပါတယ်။ တကယ်တွေးကြည့်ရင် ဒီလိုမျိုးသာ ကျမတို့ကို တစိမ်း ဖြစ်သူကပြောရင် ကျမတို့ လက်ခံမလားဆိုတာ စဥ်းစားစရာပါ။ ကျိန်းသေတာကရဲတိုင်ရုံးရောက် မဖြစ် ရင်တောင်မှအနည်းဆုံးတော့စကားများရန်ဖြစ်ဖို့များတဲ့ စော်ကားမှုတွေပါ။ အိမ်ထောင်ဆိုတော့ အရမ်းကာ ရော သည်းသည်းခံကြတာကိုတွေ့နေမြင်နေရပါတယ်။
ကျမကူညီခဲ့တဲ့ အမျိုးသမီးတွေထဲမှာ တကယ်ဆို တော့ တချို့ဆိုရင် သူတို့က အလုပ်အကိုင်ကောင်း၊ ဝင်ငွေ ကောင်းသူတွေဖြစ်ကြသော်လည်းဘဲ သူတို့လင် ယောက်ျားက ငွေကိုထိန်းထားတာ၊ သုံးဖို့ပြုဖို့ဆိုရင် လင်ဖြစ် သူကဘဲဆုံးဖြတ်ချက်ချတာမျိုးတွေ ရှိပါတယ်။ ယောကျ်ားလုပ်စာစားရသူ၊ လုံးဝမှီခိုနေရသူ တချို့အမျိုးသမီး တွေရဲ့ အိမ်တွင်း/မိသားစုတွင်းအကြမ်းဖက်မှုအတွေ့အကြုံတွေဟာ ရင်ကွဲစရာပါ။
ဒီမှာစာဖတ်နေသူတွေက ပေးထားတဲ့ခေါင်းစဥ်ကတော့ ပါဝါအာဏာ/အင်အားနှင့် ထိန်းချုပ်မှုစက်ဝန်းကို နားလည်ခြင်း – လေးစားသမှုရှိသော ကူးလူးဆက်ဆံရေး/အိမ်ထောင်ရေး(Power and Control Wheel)လို့ ပြောထားပြီးတော့ ရေးနေတာတွေက အိမ်တွင်းအကြမ်းဖက်မှု၊ မိသားစုအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ လက်တွဲဖော်အကြမ်းဖက်မှုတွေကိုဘဲ ပြောနေတယ်လို့ တွေးနိုင်ပါတယ်။ အခုပြောချင်တဲ့ အချက်ကိုရောက်ပါပြီ။ ဒီစက်ဝန်းကို ပြောပြချင်တဲ့အကြောင်းက လူတဦးနဲ့ တဦးဆက်ဆံရေးမှာ အထူး သဖြင့်လင်မယား၊ စုံတွဲတွေအကြား (သမီးရည်းစားအပါအဝင်) ဆက်ဆံရေးမှာလေးစားသမှု၊ အပြန်အလှန် နားလည်မှုရှိဖို့ လိုအပ်ပါတယ်။
အဲဒီလိုမရှိတဲ့ ဆက်ဆံရေးတွေကိုကြည့်မယ်ဆိုရင် အခုပြောချင်တဲ့ပါဝါ အာဏာ/အင်အားနဲ့ ထိန်းချုပ်မှုစက် ဝန်းအတိုင်းစော်ကားမောက်မာမှု၊ ကိုင်တွယ်ထိန်းချုပ်မှု၊ မတရားသမှုပြုမှု၊ နှိမ့်ချမှု၊ ခြိမ်းခြောက်မှုတွေ ပြည့် နှက်နေတဲ့ဆက်ဆံရေးကိုတွေ့ရမှာဖြစ်ပါတယ်။ လေးစားသမှုရှိတဲ့ကူးလူးဆက်ဆံရေး/ အိမ်ထောင်ရေးလို့ ပြောတာတခြားကြောင့်မဟုတ်ပါဘူး။ ဒီစက်ဝန်းကိုစုံတွဲတွေ၊ လင်မယားတွေမှ မဟုတ်ဘူး။ လူတိုင်း လူတိုင်း အသုံးပြုနိုင်တာကြောင့် ကူးလူးဆက်ဆံရေးလို့ ဆိုထားတာပါ။ ဒါကြောင့် ကိုယ်တွေအကြားမှာရှိနေတဲ့ ဆက်ဆံရေးမှာကိုယ့်ကိုအကြမ်းဖက်သူ/စော်ကားသူက ဘယ်လိုနည်းနာတွေကို သုံးနေလဲဆိုတာ မြင်သာအောင် ဒီစက်ဝန်းကအကူဖြစ်ပါလိမ့်မယ်။

ဒီစက်ဝန်းကို အမေရိကန်နိုင်ငံ မင်နက်ဆိုတာပြည်နယ်မှာရှိတဲ့ အိမ်တွင်းအကြမ်းမှုပြဿနာကို ကူညီပေးတဲ့ Domestic Abuse Intervention Project က Duluth မြို့မှာစတင်တီထွင်ခဲ့တာမို့ Duluth Model လို့လည်း သိကြပါတယ်။ ဒီဆောင်းပါးမှာတော့ သြစတြေးလျမှာ အလုပ်လုပ်ကိုင်စဥ်က ကျမတို့ အကျွမ်းဝင်အောင် နား လည်အောင်သင်ကြားလေ့လာခဲ့ရတဲ့ စက်ဝန်းကို ဒီမှာတင်ပြမှာဖြစ်ပါတယ်။ ပုံစံသိပ်မကွာတဲ့ အခြား စက် ဝန်းပုံစံ အမြောက်အမြားရှိသော်လည်းဘဲ ကျမသိထားရင်းနှီးထားတဲ့ စက်ဝန်းနဲ့အနီးစပ်ဆုံး ဝက်ဘ်ဆိုက် တွေမှာပြန်ရှာလို့ရတဲ့ စက်ဝန်းကို ရှင်းလင်းတင်ပြလိုပါတယ်။ ဒီစက်ဝန်းက ကျမ ကနဦးက ပြောခဲ့သလိုဘဲ စော်ကားသူအကြမ်းဖက်သူဘက်က ကိုယ်ထိလက်ရောက်လုပ်မှ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာအရ၊ ငွေကြေးအရ၊ လူမှုရေးအရ သူတို့ရဲ့ ကြင်ဖော်၊ လက်တွဲဖော်၊ ဇနီး၊ ခင်ပွန်း၊ မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုး သားချင်းတို့ကို အပေါ်စီးကနေ ပါဝါအာဏာဘဲပြောပြော အင်အားဘဲပြောပြော သုံးပြီးတော့ ထိန်းချုပ်ဖို့ ချယ် လှယ်ဖို့ ကြိုးစားတာကိုဆိုလိုတာဖြစ်ပါတယ်။
ဒီစက်ဝန်းကို နားလည်ကျွမ်းဝင်တယ်ဆိုရင် ကိုယ့်အတွက်ရော၊ ကိုယ့်အသိုင်းဝိုင်းအတွက်ရော ကိုယ် အကူ အညီပေးချင်တဲ့လူအတွက်ပါအထူးအသုံးဝင်မှာဖြစ်ပါတယ်။ ကိုယ်ကူညီတဲ့အခါမှာ ကိုယ်ဘယ်လိုကူညီနိုင် မလဲ၊ အကြမ်းဖက်ခံရသူက ဒီဘဝကနေလွတ်မြောက်ဖို့မစဥ်းစားဘဲ ဒီအိမ်ထောင်ရေး၊ ဒီဆက်ဆံရေးထဲမှာဘဲ ဆက်နေချင်တယ်ဆိုရင်နောက်ထပ်အကြမ်းဖက်မှုတွေကို ဘယ်လိုကြိုတင်ကာကွယ်နိုင်မလဲဆိုတာတွေကို ထင်းထင်းလင်းလင်းသိလာနိုင်မှာပါ။ ကြမ်းတမ်းပြီးလက်ပါတဲ့ အိမ်ထောင်ရေး၊ ဆက်ဆံရေးဆိုရင်တော့ ဒီစက်ဝန်းကို နားလည်ယုံ၊ သုံးတတ်ယုံနဲ့မပြီးဘဲ အကူအညီလိုတာတွေ၊ အခြားဝန်ဆောင်မှုအဖွဲ့တွေကို အကူ အညီတောင်းတာတွေနဲ့ ကွာရှင်းပြတ်စဲရတာမျိုးတွေ ဖြစ်လာမယ်ဆိုတာတော့ သတိချပ်စေချင်ပါတယ်။ ဘာ လို့လဲဆိုတော့ လူတိုင်းလူတိုင်းမှာ ခံနိုင်ရည်စွမ်းက အကန့်အသတ်ရှိတတ်လို့ဖြစ်ပါတယ်။
ပုံထဲမှာ သူ့သက်ဆိုင်ရာ ခေါင်းစဥ်အောက်မှာ ရှင်းပြထားတာတွေကို မြန်မာလိုပြန်ရေးပေးရင်စာဖတ်သူတွေ အနေနဲ့ ရှင်းရှင်းလင်းလင်း မြင်သွားမှာပါ။ ဒီမှာ အကြမ်းဖက်ခံရသူကို ‘သူမ’ လို့ဘဲ ပြန်ပေးထားပါတယ်။ ဘာ လို့လဲဆို အကြမ်းဖက်ခံရသူအများစုဟာ ဘယ်နိုင်ငံမှာမဆို အမျိုးသမီးအများစုမို့ ခုလိုပြန်ပေးထားတာပါ။
ဖိအားပေးမှုနှင့် ခြိမ်းခြောက်မှု (Using Coercion and Threats)
- သူမအား နစ်နစ်နာနာဖြစ်စေမဲ့ ခြိမ်းခြောက်မှုတွေ လုပ်တာမျိုး
- သူ စွန့်ခွာမယ်၊ ထွက်သွားလိုက်မယ်လို့ မိန်းမဖြစ်သူကို ခြိမ်းခြောက်တာမျိုး
- မိန်းမထွက်သွားရင်၊ ကွဲကြကွာကြမယ်ဆိုရင် သူ့ကိုယ်သူ သတ်သေလိုက်မယ်လို့ ခြိမ်းခြောက်တာမျိုး (တချို့အမျိုးသားတွေဆိုရင် သားသမီးတွေကိုပါ ဘာလုပ်မယ်၊ ညာလုပ်မယ်လို့ ခြိမ်းခြောက်တဲ့အထိ ဖြစ်တာတွေ့ရပါတယ်)
- အစိုးရလူမှုဖူလုံရေးဌာနကိုသတင်းပို့တိုင်ကြားမယ်လို့ ခြိမ်းခြောက်တာမျိုး (လူမှုဖူလုံရေးငွေပြတ် သွားအောင် လုပ်မယ်လို့ ခြိမ်းခြောက်တာဖြစ်ပါတယ်)
- မိန်းမဖြစ်သူက သူ့ကို တရားစွဲထားတာဘဲဖြစ်ဖြစ်၊ အမှုရင်ဆိုင်နေရတာဘဲဖြစ်ဖြစ် အမှုကို ကြေအေး လိုက်ဖို့ တမျိုးမဟုတ်တမျိုးနဲ့ ဖိအားပေးတာမျိုး
- မိန်းမဖြစ်သူကို တရားမဝင်တဲ့အလုပ်တွေ၊အရာတွေလုပ်ဖို့ ဖိအားပေးတာမျိုး
ထိတ်လန့်ကြောက်ရွံ့အောင်လုပ်မှု (Using Intimidation)
- မိန်းမဖြစ်သူကို ကြောက်ရွံ့လာအောင် အကြည့်တွေနဲ့၊ လုပ်ပုံကိုင်ပုံတွေနဲ့၊ ခန္ဓာအမူအရာတွေနဲ့ ထိတ် လန့်ကြောက်ရွံ့အောင်လုပ်တာမျိုး
- အရာဝတ္ထုတွေ ရိုက်ခွဲဖျက်စီးပစ်တာမျိုး
- အိုးအိမ်ပစ္စည်း ပျက်စီးဆုံးရှုံးအောင် ရိုက်နှက်ချိုးဖျက်ပစ်လိုက်တာမျိုး
- အိမ်မွေးတိရစ္ဆာန်တွေကို နှိပ်စက်တာမျိုး
- လက်နက်တစ်ခုခုကို မြင်အောင်ပြသတာမျိုး (ဓါး၊ ဒုတ်၊ သေနတ်ပြတာမျိုးလုပ်တာမျိုးပါ)
စိတ်ခံစားမှုဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှု (Using Emotional/Psychological Abuse)
- မိန်းမဖြစ်သူကို တချိန်လုံး နှိမ့်ချပြောဆိုတာမျိုး
- မိန်းမဖြစ်သူ သူ့ကိုယ်သူ အကောင်းမြင်စိတ်စိတ်မဲ့လာအောင် လိုလားစိတ်မရှိအောင်လုပ်တာမျိုး (ငါကအသုံးမကျတဲ့မိန်းမဖြစ်မှာပါလို့ တွေးလာအောင် လုပ်တာမျိုး)
- အ,မနာပ ယုတ်ယုတ်ညံ့ညံ့ နာမည်တွေ ခေါ်တာမျိုး
- မိန်းမဖြစ်သူကိုရူးသွပ်နေတဲ့သူလို့ သူ့ကိုယ်သူထင်လာအောင် လုပ်တာမျိုး
- မိန်းမဖြစ်သူရဲ့ စိတ်ကို ဆွကာတမျိုး၊ ကြပ်ကာတဖုံ ကစားစရာတခုလို မထိတရိပြောဆိုတာမျိုး
- လူအများကြား အရှက်တကွဲအကျိုးနဲ စိတ်သိမ်ငယ်အောင်လုပ်တာမျိုး
- အပြစ်ရှိသလို ခံစားလာရအောင် ပြောဆိုလုပ်ကိုင်တာမျိုး
အထီးကျန်ဖြစ်အောင်လုပ်မှု (Using Isolation)
- မိန်းမဖြစ်သူ ဘာလုပ်နေတယ်၊ ဘာကြည့်နေတယ်၊ ဘယ်သူ့ကိုကြည့်တယ်၊ ဘာမြင်တယ်၊ ဘယ်သူ ဘယ်ဝါနဲ့ စကားပြောတယ်၊ ဘယ်လိုစာမျိုးဖတ်တယ်၊ ဘယ်နေရာကို သွားတယ်၊ လာတယ်ဆိုတာ တွေအကုန်လုံးကို ထိန်းချုပ်ထားတာမျိုး (တချို့က မိန်းမဖြစ်သူဘယ်မှာရှိနေလဲဆိုတာကို အချိန် ပြည့်ကြည့်နေလို့ရအောင် မိုဘိုင်းဖုန်းထဲမှာ ထရက်ကင်း tracking (ဝါ) နေရာရှယ်ထား ဖလှယ်ထား တာမျိုး location sharing ကို Google Map ထဲမှာပါ လုပ်ထားတာမျိုး)
- မိန်းမဖြစ်သူ အိမ်တွင်းကလွဲလို့ အိမ်ပြင်ပကိစ္စရပ်တွေမှာ ပါဝင်နိုင်မှု ကန့်သတ်ထားတာမျိုး (သူငယ် ချင်းတွေနဲ့ သွားတွေ့တာမျိုး၊ သူငယ်ချင်းတွေနဲ့ အလည်အပတ်ထွက်တာမျိုး၊ သူငယ်ချင်းတွေတွေ့လို့ ရပ်စကားပြောမိတာမျိုး၊ ရပ်ကွက်အသိုင်းအဝိုင်းဆိုင်ရာ လူမှုရေးဘာသာရေးဆိုင်ရာ အစည်းအဝေး တက်တာမျိုးအပါအဝင်)
- ချစ်လွန်းလို့ သဝန်တိုလို့ ဒီလိုလုပ်တာပါလို့အကြောင်းပြပြီး သူ့အပြုအမူ၊ သူ့လုပ်ရပ်ကို တရား ကြောင်း၊ မှန်ကြောင်း ဆင်ခြေပေးတာမျိုး
ဖြစ်ပျက်သမျှကိုပေါ့သေးသေးဖြစ်သလိုမျိုး ပြုမူပြောဆိုမှု၊ သူမလုပ်ဘူးလို့ ငြင်းဆိုမှုနဲ့တဖက်ခံရသူကိုပါ အပြစ်တင်ပြောဆိုမှု (Minimising, Denying and Blaming)
- နှိပ်စက်အကြမ်းဖက်တာကို ပေါ့သေးသေးအရာတစ်ခုလို ပြုမူတာမျိုး၊ အလေးအနက်မထားတာမျိုး
- နှိပ်စက်/အကြမ်းဖက်ပြီးတော့ သူတကယ်မလုပ်ခဲ့ဘူးလို့ ဗြောင်ညင်းတာမျိုး
- သူ့အနေနဲ့ ခုလို နှိပ်စက်/အကြမ်းဖက်ရတာဟာ မိန်းမလုပ်သူကြောင့် လုပ်ရတာလို့ပြေတာမျိုး
- သူခုလို အကြမ်းဖက်ရတာက မိန်းမလုပ်သူကိုယ်နှိုက်က ဖိတ်ခေါ်နေလို့သာ ဖြစ်တယ်လို့ ပြောတာမျိုး
သားသမီးတွေကို အသုံးချမှု (Using Children)
- သားသမီးတွေနဲ့ ပတ်သက်ပြီး အပြစ်ရှိသလိုခံစားရအောင် ပြုမူပြောဆိုတာမျိုး
- သားသမီးတွေကိုကြားမှာထားပြီး သူပြောချင်တဲ့အချက်တွေ စကားတွေကိုကလေးတွေကို ပြောခိုင်း တာမျိုး
- ကွဲကွာသွားပြီးတဲ့နောက်ပိုင်း သားသမီးတွေကိုတွေ့ဖို့ချိန်းဆိုတဲ့ကြရတဲ့အချိန်ကို အခွင့်ကောင်းယူ ပြီး မိန်းမဖြစ်သူကိုတွေ့တာနဲ့ အနှောင့်အယှက်ပေးတာမျိုး
- သားသမီးတွေကို မိန်းမဖြစ်သူဆီကနေ ခွဲထုတ်သွားမယ်လို့ ခြိမ်းခြောက်တာမျိုး
ယောက်ျားဖြစ်တာမို့ မြင့်မြတ်တယ်ဆိုတဲ့ပုံစံနဲ့ ဆက်ဆံပြောဆိုနေထိုင်မှု (Using Male Privilege)
- မိန်းမဖြစ်သူကို အိမ်ဖော်၊အိမ်စေတစ်ယောက်လို ဆက်ဆံပြောဆိုတာမျိုး
- အရေးတကြီးဆုံးဖြတ်ချက်မှန်သမျှ သူကဘဲလုပ်တာမျိုး
- သူ့ကိုယ်သူအိမ်ရဲ့အရှင်သခင်ပုံစံ၊ ဘုရင်လိုပုံစံနေထိုင်ပြောဆိုတာမျိုး
- မိန်းမတွေရဲ့အခန်းကဏ္ဍ၊ ယောက်ျားတွေရဲ့ အခန်းကဏ္ဍဘယ်လိုဘယ်ပုံဖြစ်ရမယ်ဆိုတာကိုသူကဘဲ သတ်မှတ်တာမျိုး (နင့်နေရာနင်နေ၊ ရောင့်တက်မလာနဲ့ဆိုတာမျိုး)
စီးပွားရေးအရ နှိပ်စက်မှု (Using Economic Abuse)
- အလုပ်လုပ်ခွင့်မပေး၊ အလုပ်မရအောင် ပိတ်ထားတာမျိုး
- အိမ်အသုံးစရိတ်ကို လက်ဖြန့်တောင်းရအောင် လုပ်တာမျိုး
- ပေးလာတဲ့ငွေကိုလည်း သူကဘဲအမြဲထောက်ပံ့နေရတယ်လို့ ပြောဆိုလုပ်ကိုင်နေထိုင်တာမျိုး
- မိန်းမဖြစ်သူရဲ့ ဝင်ငွေ၊ ပိုက်ဆံမှန်သမျှ သိမ်းယူတာမျိုး
- မိသားစုဝင်ငွေဘယ်လောက်ရတယ်၊ ဘယ်လောက်ရှိတယ်ဆိုတာ မိန်းမဖြစ်သူကိုအသိမပေးတာမျိုး
လေးစားသမှုနဲ့ တန်းတူညီမှုရှိတဲ့ အိမ်ထောင်ရေးနဲ့ ဆက်ဆံရေးတွေဟာ လူတစ်ယောက်ကို အင်အားဖြစ်စေ တဲ့အပြင် ဘယ်လောက်၊ ဘယ်လိုအကန့်အသတ်ရှိတယ်ဆိုတာကို ရဲရဲဝံ့ဝံ့ပြောဆိုပြသနိုင်အောင်လည်းစွမ်း ဆောင်ပေးတတ်ပါတယ်။ ဒါ့အပြင်ကိုယ်ပြောလိုက်တဲ့အတွက် လှည့်ဖျားခံရတာမျိုး၊ ပြန်လက်စားချေ တုံ့ ပြန်ခံရတာမျိုး၊ မှတ်ထားပြီးအချက်ဝင်လာရင် အပ်ကြောင်းထပ်ကာ ပြန်အသိပေးတာမျိုးတွေ လုပ်ခံရမှာကို ကြောက်ပြီး၊စိုးရိမ်ပြီး မပြောရဲမဆိုရဲဖြစ်တာမျိုးမဟုတ်ဘဲ ပွင့်လင်းပြီးရိုးသားတဲ့ဆွေးနွေးမှုတွေကို ဖန်တီး ပေးပါတယ်။
လေးစားသမှုရှိတဲ့ ကူးလူးဆက်ဆံရေးမှုနဲ့ အိမ်ထောင်ရေးတွေတည်ထောင်ဖို့ဆိုရင် တစ်ဦးနဲ့တစ်ဦးအပြန် အ လှန်လေးစားမှုထားဖို့ လိုပါတယ်။ စိတ်ရောကိုယ်ပါအပြင် လိင်ပိုင်းဆိုင်ရာဆက်ဆံမှုတွေမှာလည်း တဖက်နဲ့ တဖက်အလိုတူမှုရှိဖို့လိုပါတယ်။ အကြောက်တရားမရှိဘဲ ပြောဆိုဆက်ဆံရဲဖို့လည်း လိုပါတယ်။ ဒါ့အပြင် ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အတူတကွ တိုင်တိုင်ပင်ပင်ဆုံးဖြတ်တဲ့အခါ ကိုယ်တွေကြားက ပါဝါအာဏာ /အင်အားဟာလည်း ဘက်ညီသွားတယ်၊ မျှတသွားပါတယ်။
တစ်ဦးနဲ့တစ်ဦးဖေးဖေးမမကူညီပံ့ပိုးရင်းကနေ တစ်ဦးချင်းစီရဲ့ တိုးတက်မှုအပြင် နှစ်ယောက်တစ်ဘဝ၊ မိသား စုဘဝ၊ ဆွေမျိုးသားချင်းနဲ့ သူငယ်ချင်းပေါင်းသင်းမှုတွေကို တိုးတက်ထွန်းကားအောင်လုပ်နိုင်မှာဖြစ် ပါတယ်။ ဒီလိုဖြစ်ဖို့က ထိန်းချုပ်ချယ်လှယ်မှုထက် လွတ်လပ်စွာအတူတကွရှင်သန်ခြင်းက အားလုံးအတွက် အကျိုးရှိ မှာဖြစ်ပါတယ်။
ဒီပါဝါအာဏာ/အင်အားနဲ့ ထိန်းချုပ်မှုစက်ဝန်းကို နားလည်ခြင်းကနေ အိမ်ထောင်ရေး၊ ဆက်ဆံရေးတွေ ပြို ပျက်နေတာတွေကို မြင်လာအောင်ဆန်းစစ်နိုင်မှာဖြစ်တာမို့ ကျန်းမာဝပြောတဲ့ တစ်ဦးချင်းဘဝ၊ နှစ်ဦးဘဝ၊ မိသားစုဘဝတွေကို ဆောက်တည်နိုင်မှာဖြစ်ပါတယ်။ အကြမ်းဖက်ခံရသူတွေ၊ စော်ကားခံရသူတွေကိုလည်း သိက္ခာရှိတဲ့ အကောင်းဆုံး အထောက်အကူတွေ ပေးနိုင်မှာဖြစ်ပါတယ်။ လေးစားသမှုရှိတဲ့ ကူလူးဆက်ဆံ မှုတွေကို တည်ဆောက်ယူခြင်းကနေပြီးတော့ လူ့အသိုင်းအဝိုင်းအတွင်း အကြမ်းဖက်မှုတွေကို တားဆီးနိုင် သလို လုံခြုံစိတ်ချရတဲ့အသိုင်းအဝိုင်းတွေကိုလည်း ဖော်ဆောင်နိုင်မှာပါ။ အားလုံးလေးစားသမှု၊ နားလည် သမှုရှိတဲ့ ဆက်ဆံရေးတွေနဲ့ သာယာဝပြောတဲ့ဘဝတွေတည်ဆောက်နိုင်ကြပါစေ။